← Chapters

Chapter 23

Vol. 2 Ch. 23

Chapter 23

Vol. 2 Ch. 23

ကျိယန်နှင့် ကျိသော်တို့ ဆွေးနွေးခဲ့သည့် အကြောင်းအရာကို ဘယ်သူမှ မသိသော်လည်း ကျိသော်က မြန်မြန်လှည့်ပြန်လိုက်ပြီး လင်းချောင်ကို အဓိပ္ပာယ်ရှိသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ လင်းချောင်က ထိုအကြည့်၏ ဆိုလိုရင်းကိုနားမလည်နိုင်သေးမီတွင် ကျိယန်ကပါ ရှက်သလိုပုံစံဖြင့်ပြန်ရောက်လာပြီး သူမဘက်သို့ လှည့်ကြည့်လိုက်ပြန်သည်။ လင်းချောင်ကတော့ သူတို့၏စကားဝိုင်းက သူမနှင့်ဆိုင်ကြောင်းမသိလျှင် မိုက်မဲသူဖြစ်နေလိမ့်မည်။ သို့သော် သူမ အဆင်ပြေသည်။ ထိုသို့ တိတ်တဆိတ်ဆွေးနွေးရသည့် အကြောင်းအရာက ဘာဖြစ်နိုင်မှာလဲ။ ဒါ့အပြင် လျှို့လျှို့ဝှက်ဝှက် ပြောဆိုနေကြသေး၏။

လင်းချောင်က မကြာသေးမီက နှစ်ရက်အတွင်း ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်သုံးသပ်လိုက်သည်။ ယဲ့မင်းရှူးကို ရင်ဆိုင်ခဲ့ရသည်မှလွဲ၍ သူမက အခြားဘာမှ မလုပ်ခဲ့။

ကျိယန်က ပွင့်လင်းပြီးစိတ်သဘောထားကြီးသူဖြစ်၍ ယဲ့မင်းရှူးနှင့်လည်း သင့်မြတ်ခြင်းမရှိ။ ထို့ကြောင့် သူမအနေဖြင့် ကျိသော်ကို ဤကိစ္စအထူးတလည် ပြောဆိုမည်မဟုတ်သလို ကျိသော်သိသွားသည်ကိုလည်း လင်းချောင်မစိုးရိမ်ပေ။

စိတ်ပူစရာမရှိဟု ယုံကြည်သောကြောင့် လင်းချောင်လည်း ရွှီလီနှင့်သာ စကားဆက်ပြောနေခဲ့သည်။

ကျိသော်တွင် လက်ထပ်အားလပ်ရက် သုံးရက်သာရှိသည်။ ယနေ့ ကျိယန်ကို ပို့ပြီးလျှင် သူတို့လည်း ပြန်လာကြမည်။ ရွှီလီက သူတို့၏ပစ္စည်းများကို ထုပ်ပိုးရန် ကူညီပေးနေ၏။

"ဒီမင်္ဂလာဖယောင်းတိုင်တွေကို ယူသွားပြီး အိမ်နီးချင်းတွေနဲ့ မျှဝေလိုက်ပါ။ ပြီးတော့ ဒါက မင်္ဂလာဆောင်နေ့က ရိုက်ထားတဲ့ဓာတ်ပုံတွေရဲ့ ပြေစာလေ။ ရှောင်ဇယ်ကက ဓာတ်ပုံဆိုင်ကို ပို့ထားပြီးပြီ။ လဝက်လောက်ဆိုရင် ဓာတ်ပုံတွေ အသင့်ဖြစ်နေပါလိမ့်မယ်။"

ရှောင်ဇယ်တွင် အပေါင်းအသင်းများစွာရှိသည်။ ကျိသော်နှင့် လင်းချောင် လက်ထပ်သည့်နေ့တွင် သူက အရောင်ဓာတ်ပုံ ကင်မရာတစ်လုံးကို ငှားခဲ့သည်။ မင်္ဂလာဆောင်ပြီးနောက် တပ်ထဲသို့ပြန်သွားသော်လည်း ဖလင်ကို ဓာတ်ပုံဆိုင်သို့ ပို့ခဲ့သည်။ သို့သော် ဤခေတ် ကင်မရာများတွင် ကြိုတင်ကြည့်ရှုနိုင်သည့်စနစ်မရှိသဖြင့် ဓာတ်ပုံများ အဆင်ပြေမပြေတော့ မသိရသေးပေ။

အသက်ကြီးသူများက အသေးစိတ်ကိစ္စများကို ဂရုစိုက်တတ်သည်။ တစ်ခုခုမေ့နေမလားဆိုသည်ကို စိုးရိမ်သောကြောင့် ရွှီလီက အဖိုးကြီးကို မေးလိုက်သည်။

"တစ်ခုခု မေ့နေသေးလား?"

"ငါဘယ်လိုသိမလဲ?"

အဖိုးကြီးကျိက စိတ်မရှည်သလို ဖြေလိုက်သည်။ ရွှီလီမေးလိုက်ပြီးနောက် သူက စာကြည့်ခန်းသို့ ထွက်သွားလိုက်သည်။ သူ့တွင် အပြင်ကိစ္စများကို ယောက်ျားများက ကိုင်တွယ်၍ အိမ်တွင်းကိစ္စများကို အမျိုးသမီးများက စီမံ ဆိုသည့် အစဉ်အလာစိတ်ထားရှိသဖြင့် ဤအသေးအဖွဲများကို ဂရုမစိုက်ပေ။ ရွှီလီကတော့ သူ၏သဘောထားကို နားလည်သည်။

သို့သော် ကျိသော်ကပြောလိုက်၏။

"ဒီလောက်အများကြီး ယူစရာမလိုပါဘူး။ ပိတ်ရက်တွေ ပြန်လာမှာပါ။"

သူမလည်း ချက်ချင်းဆိုသလို မေ့နေသည့်အရာများရှိမည်ကို စိုးရိမ်စိတ်များ ပျောက်ကွယ်သွားတော့သည်။ သူမ ပြုံးရင်း ပြောလိုက်သည်။ "ကောင်းပြီ။ အဒေါ်ကျန်းကို အရသာရှိတဲ့ဟင်းတွေ ချက်ခိုင်းလိုက်မယ်။"

လူကြီးများက အသက်ကြီးလာသည်နှင့်အမျှ စည်ကားသောအချိန်များကို ပိုနှစ်သက်လာသည်မှာ ထင်ရှားသည်။ ရိုးရှင်းသော စကားတစ်ခွန်းကပင် သူတို့ကို ပျော်ရွှင်စေနိုင်သည်။ ဒါကြောင့် ကျိသော်နှင့် လင်းချောင်တို့ ကျိယန်ကို လိုက်ပို့ရန် ထွက်သွားသောအခါ လူကြီးနှစ်ယောက်လည်း ထွက်လာပြီးလိုက်ပို့ကြသည်။ ရွှီလီက တံခါးဝတွင် ရပ်နေကာ ကားထွက်သွားသည်အထိ ကြည့်နေပြီးမှ အိမ်ထဲပြန်ဝင်လိုက်သည်။

"အမေက ရှင့်ကို မကြာခဏ အိမ်လာစေချင်နေတယ်။"

လင်းချောင်က ကျိသော်ကိုပြောလိုက်၏။

အနားကောင်းကောင်းယူထားသည့်အတွက် သူမ၏ တောက်ပသည့်မျက်ဝန်းနှင့် နှင်းဆီရောင်မျက်နှာက သူမ အခြားသူများကို ဘယ်လောက်ထိဒုက္ခပေးနေမိသည်ကို မသိရှိကြောင်း ဖော်ပြနေသည်။

ကျိသော်က သူမ၏မျက်နှာကိုအနည်းငယ်ကြာမြင့်စွာ စိုက်ကြည့်နေပြီး "အင်း" ဟု နက်ရှိုင်းသောအသံဖြင့် ဖြေလိုက်၏။

ဘာလို့သူက ပုံမှန်ထက် ပိုပြီးထူးဆန်းနေတာလဲ။ သူက ပုံမှန်ထက်တောင် စကားပြောနည်းနေတယ်။

လင်းချောင်က သူ့ဘက်သို့ လှည့်ကြည့်သော်လည်း ပုံမှန်အတိုင်း စိတ်ခံစားမှုမပြသော မျက်နှာဖြစ်၍ ဘာကိုမှ ဖတ်မရခဲ့ပေ။ ဒါကြောင့် စိတ်မပူတော့ဘဲ ရှေ့ခန်းမှကျိယန်နှင့် စကားစမြည်ပြောရန် လှည့်လိုက်သည်။

ထိုအမျိုးသားက ခရီးတစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သည်။ လုံခြုံရေးစစ်သည့်နေရာ ရောက်သောအခါ သူက ကျိယန်၏ လက်ဆွဲအိတ်ကို ဘေးချပေးပြီး ဘာမှမပြောဘဲ ထွက်သွားရန်လုပ်လိုက်သည်။

"ငါက မေးခွန်းတစ်ခုပဲ မေးတာပါ။ ဟုတ်ရင်ဟုတ်တယ် မဟုတ်ရင် မဟုတ်ဘူးပေါ့။ ဒီလိုဖြစ်နေစရာ လိုလို့လား။"

ကျ်ိယန် ပြောစရာစကားပင် မရှိတော့ပေ။ ကျိသော်က သူမကိုစိုက်ကြည့်လိုက်တော့ သူမက စကားလမ်းကြောင်းပြောင်းကာ လင်းချောင်ဘက်လှည့်လိုက်၏။

"အခု သွားတော့မယ်။ ပြန်ရောက်ရင် အသုံးဝင်မဲ့ ပစ္စည်းကောင်းလေးတွေ ပို့လိုက်မယ်။ ပစ္စည်းထုပ် စောင့်နေနော်။"

ဒါက သူမပြောသည့် ဒုတိယအကြိမ်ဖြစ်သည်။ လင်းချောင်က ပြုံးပြီးပြောလိုက်၏။

"ဘေးကင်းတဲ့ခရီးဖြစ်ပါစေ။"

ကျိယန်ကို ပို့ပြီးနောက် သူတို့နှစ်ယောက်က တပ်စခန်းသို့ တိုက်ရိုက်သွားကြသည်။ လင်းချောင်ကို ရှောင်ဖန်း ကားမောင်းပို့ဖူးသည်မှာ ဤတစ်ကြိမ်က ပထမဆုံးမဟုတ်။ သူမကို သူမောင်းပို့သည့်အခါတိုင်း လင်းချောင်၏ အဆင့်အတန်းက ပြောင်းလဲသွားလေ့ရှိသည်။

အစကတော့ ကပ္ပတိန်ကျိကို ရပ်တန့်ခဲ့သည့် ရဲရင့်သော သူစိမ်းတစ်ဦး၊ နောက်ပိုင်းတွင် ကျိမိသားစုနှင့် ဆက်စပ်မှုရှိသည့် လူငယ်တစ်ဦး၊ ယခုတော့ ကပ္ပတိန်ကျိ၏ ဇနီးတစ်ဦးအဖြစ်—အဆင့်သုံးဆင့် ခုန်တက်လာခြင်းဖြစ်သည်။

ကံကောင်းစွာဖြင့် ရှောင်ဖန်းသည် ယုံကြည်စိတ်ချရသူဖြစ်ပြီး လူတစ်ဦး၏ အဆင့်အတန်းနှင့်ပတ်သက်၍လည်း သဘောထားပြောင်းလဲခြင်းမရှိပေ။ မဟုတ်လျှင် သူကဒီအလုပ်ကို ဘယ်လိုကိုင်တွယ်ရမည်ကို မသိနိုင်လောက်ပေ။

သူတို့၏အိမ်သစ်သို့ ရောက်သောအခါ၊ ဗိုလ်မှူးကြီးလျန်၏အိမ်ဘေးတွင်လည်း ကားတစ်စီးရပ်နေသည်။ အသက်ငါးဆယ်ခန့်ရှိ ခန့်ညားသော အမျိုးသမီးတစ်ဦးက ကားထဲမှ အိတ်များကို ထုတ်ယူနေသည်။ ယာဉ်မောင်းလာမကူညီမီ သူမသည် ကြီးမားသောအိတ်ကို ပခုံးပေါ်သို့တင်ကာ အတွင်းသို့ဝင်သွားခဲ့သည်။

“မရီး" ဟု ကျိသော်က သူမကို နှုတ်ဆက်လိုက်သည်။

"ရှောင်ကျိ"

အမျိုးသမီးက သူ့ကို သဘောကျပုံရသည်။ မျက်လုံးများကို မှိတ်လျက် ပြုံးနေခဲ့၏။ လင်းချောင် ကားပေါ်မှဆင်းလာတော့ သူမမေးလိုက်၏။

"ဒါက?"

"ကျွန်တော့်ဇနီးပါ။"

ကျိသော်က ခြံဝင်းတံခါးကို လက်ညှိုးထိုးပြလ်ိုက်၏။

"ကျွန်တော်တို့ အခုပဲပြောင်းလာတာလေ။"

ထိုအမျိုးသမီးက လင်းချောင်ကို ခေါင်းအစခြေအဆုံးကြည့်လိုက်၏။ သူမ၏ အပြုအမူက ကျိသော်ကိုဆက်ဆံသလို မနွေးထွေးသည့်တိုင် ယဲ့မင်ရှူးကဲ့သို့တော့မဟုတ်ခဲ့။ လင်းချောင်လည်း လူတိုင်းကို စိတ်ကျေနပ်အောင် မလုပ်ပေးနိုင်သည်ကို သ်ိသဖြင့် ပြောလိုက်၏။

"ယောက်မ"

ထိုအမျိုးသမီးက သူမကို လစ်လျူမရှုခဲ့ပေ။

"ငါက ဘေးအိမ်မှာနေတာလေ။ လိုတာရှိရင် လာရှာလို့ရတယ်နော်။"

"ဒါက ဗိုလ်မှုးကြီးလျန်ရဲ့ ဇနီးလေ။ မင်းသူ့ကို ယောက်မလို့ခေါ်လို့ရသလို အစ်မလျိုလို့လည်း ခေါ်လို့ရတယ်။"

ထိုအမျိုးသမီး အိမ်ထဲဝင်သွားတော့ ကျိသော်က လင်းချောင်ကို အသံတိုးတ်ိုးဖြင့် ရှင်းပြလိုက်၏။

လင်းချောင်က ခေါင်းညိတ်လိုက်ပြီး ရှောင်ဖန်းကို စာအိတ်အနီတစ်အိတ်ပေးလိုက်၏။

"ဒါက မင်းအတွက်။"

ရှောင်ဖန်းက စာအိတ်နီရရန် မမျှော်လင့်ထားသဖြင့် အလျင်အမြန် ငြင်းရန်လုပ်လိုက်၏။

လင်းချောင်က ရှေ့ခန်းထိုင်ခုံတွင် တင်ပေးလိုက်သည်။

"အများကြီးမဟုတ်ပါဘူး။ ပျော်ရွှင်မှုမျှဝေတဲ့ သဘောလောက်ပါပဲ။"

သူမက ပြုံး၍ ကားတံခါးပိတ်လိုက်၏။

တကယ်တော့ ထိုစာအိတ်နီများက လက်မထပ်ရသေးသည့် အငယ်များကို ပေးသည့် အရာဖြစ်ပြီး တန်ဖိုးမကြီးသော်လည်း အဓိပ္ပါယ်လေးနက်သည်။

ရှောင်ဖန်းလည်း ထပ်မငြင်းတော့ပေ။ သူက ကားထဲမှထွက်ပြီး လင်းချောင်နှင့်ကျိသော်တို့ကို ပစ္စည်းများ ကူသယ်ပေးခဲ့သည်။

မင်္ဂလာပွဲမတိုင်မီကပဲ အိမ်ပြင်ပြီးသားဖြစ်သလို အသင့်ပြောင်းနေရုံသာဖြစ်သည်။ လင်းချောင်က အဝတ်အစားများကို ဘီရိိုထဲထည့်ပြီး သူမ၏ ကျောင်းလွယ်အိတ်ကို ခုံပေါ်တင်လိုက်သည်။ မင်္ဂလာပွဲ ပြင်ဆင်မှုများလုပ်နေရင်း ရွှီလီက သူမကို အိတ်သစ်ဝယ်ပေးခဲ့သည်။

သာမန်အိတ်ဆိုသော်လည်း အရင်အဟောင်းထက်တော့ သာလွန်သည်ယ သို့သော်လည်း လင်းချောင်က ပစ္စည်းဟောင်းများသဘောကျသဖြင့် အိမ်မှယူလာသော ပစ္စည်းများနှင့် ဖတ်မည့်စာအုပ်များကိုတော့ ထိုကျောင်းလွယ်အိတ်ထဲ ထည့်ထားသေး၏။

ဒါကိုမြင်တော့ ကျိသော်က ရုတ်တရက်မေးလိုက်၏။

"မင်းသာ ကျောင်းသွားမယ််ဆိုရင် ဘယ်ဘာသာကို သင်မှာလဲ။"

ယခင်က လင်းချောင် အလုပ်ရှာခဲ့ဖူးပြီး သူမအလိုချင်ဆုံးမှာ အစားထိုးဆရာမဖြစ်သည်။ အလုပ်က တာဝန်မပိဘဲ နောက်နှစ်ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် ပြင်ဆင်ရန်သူမ၏ အားလပ်ချိန်များကို အသုံးချနိုင်သည်။ ဒီနှစ် စာမေးပွဲက နှစ်လပဲ လိုတော့ပြီး အစကနေစပြီးလုပ်လျှင် အောင်ဖို့ အခွင့်အလမ်းနည်းသည်။ သို့သော် သူမ၏ ပညာသင်ကြားမှုကလည်း နိမ့်ပါးပြီး ဒေသဆိုင်ရာ အိမ်ထောင်စုစာရင်းလည်းမရှိခဲ့သည့်အတွက် ကျောင်းတက်ဖို့ နေနေသာသာ အလုပ်တောင် ရရန်ခက်သည်။

၁၉၈၀ ခုနှစ်များ၏ အစောပိုင်းတွင် တရုတ်နိုင်ငံက ပြန်လည်ထူထောင်ကာလ စတင်ခါစဖြစ်ပြီး ယခုအချိန်သည် အစားအသောက်နှင့် အဝတ်အစားများ ရိက္ခာကူပွန်များ လိုအပ်သည့်အချိန်ဖြစ်သည်။ အိမ်ထောင်စုစာရင်းမရှိလျှင် အစားအသောက်တောင် မဝယ်နိုင်ပေ။ အခု အိမ်ထောင်ကျပြီး အိမ်ထောင်စုစာရင်းရပြီဖြစ်သည့်အတွက် အလုပ်ရှာနိုင်ပြီဖြစ်သည်။ ကျိသော်၏ မေးခွန်းအရ သူ့စိတ်ထဲမှာ တစ်ခုခုရှိနေသည့်ပုံပင်။

စစ်တပ်အိမ်ထောင်ဖက်များအား ယခင်အလုပ်နှင့် သက်ဆိုင်သည့် ရာထူးများတွင် အများအားဖြင့် အလုပ်များ စီစဉ်ပေးနိုင်ကြောင်း လင်းချောင် သတိရမိသည်။ အလုပ်အကိုင်မရှိသော ကျေးလက်မှလာသည့်အမျိုးသမီးများကို စားသောက်ဆိုင်များ၊ ဈေးဆိုင်များ၊ သို့မဟုတ် အခြားထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာဌာနများ၏ လိုအပ်သောရာထူးများတွင် ထားပေးနိုင်၏။

သူမက အနည်းဆုံးအထက်တန်းပညာရေးနှင့် ကျောင်းတွင်သင်ကြားနိုင်သောကြောင့် အခြားသူများထက်တော့ သာလွန်သည်။ ဒါပေမဲ့ သူမကို စစ်တပ်မှာ အလုပ်တစ်ခုလုပ်ဖို့ စီစဉ်ပေးမယ်ဆိုရင် ကျိသော်က မကြာခင် စစ်တပ်ကထွက်ဖို့ အစီအစဉ်မရှိဘူးဆိုတဲ့သဘောလား။

လင်းချောင်က လေးလေးနက်နက် တွေးပြီးဖြေလိုက်သည်။

“ကျွန်မ အလယ်တန်း သင်္ချာ၊ အင်္ဂလိပ်၊ ဓာတုဗေဒ နဲ့ အထက်တန်း ဓာတုဗေဒ သင်ပေးနိုင်ပါတယ်။"

ကလေးများသည် စီမံခန့်ခွဲရခက်သောကြောင့် မူလတန်းကျောင်းကိုတော့ မသင်လိုပေ။ ထို့အပြင် သူမက ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်နေသည့်အတွက် အချိန်တစ်နှစ်တည်းနှင့် ကလေးများကို ဆရာအသစ်ဖြင့် ထားခဲ့၍မရပေ။

အလယ်တန်းနှင့် အထက်တန်း ဓာတုဗေဒ ဘာသာရပ်တွေကို သင်ပေးနိုင်တယ်လို့ ကြားတော့ ကျိသော်က သူမကို ကြည့်ပြီးမေးလိုက်၏။

"မင်းက ဓာတုဗေဒ ကျွမ်းတာလား။"

လင်းချောင် မငြင်းပေ။

"ဓာတုဗေဒက ကျွန်မအကြိုက်ဆုံး ဘာသာရပ်ပါ။"

သူမက ကောလိပ်နှင့် အထက်တန်းကျောင်းများတွင် ဓာတုဗေဒဘာသာရပ်ကို သင်ယူခဲ့သည်။ အခြားအထက်တန်းကျောင်း သင်ခန်းစာတွေကို ပြန်လည်လေ့လာဖို့ လိုအပ်ပေမဲ့ ဓာတုဗေဒဘာသာရပ်ကိုတော့ ဘယ်တုန်းကမှ လေ့လာမှုမရပ်ခဲ့ပေ။

ကျိသော်က ခေါင်းညိတ်ပြီးပြောလိုက်၏။

"ကိုယ် ဟင်းချက်စရာသွားဝယ်လိုက်မယ်"

"ခဏလေး၊ ဟင်းချက်စရာ?"

လင်းချောင်က သူ့ကိုလှမ်းခေါ်ပြီး အရေးကြီးသောမေးခွန်းမေးလိုက်၏။

"ရှင် ဟင်းချက်နိုင်လား။"

ကျိသော်က သူမပြောချင်သည့်အရာကို ချက်ချင်း သိလိုက်သည်။

"မင်း မချက်နိုင်ဘူးပဲ။"

"မချက်နိုင်တာတော့ မဟုတ်ပါဘူး။"

လင်းချောင်က ပြောလိုက်၏။

"အနည်းဆုံးတော့ ကျွန်မ အဆိပ်မဖြစ်ဘဲ စားသုံးလို့ရတဲ့အရာတစ်ခုခုလုပ်နိုင်ပါတယ်"

ဒါပေမဲ့ သူမ အရသာကောင်းမည်ဟုတော့ အာမမခံနိုင်ပေ။ သူမက အနီးနားတွင် ကျောင်းကန်တင်းများ စားသောက်ဆိုင်များရှိသည့် အဆောင်များတွင်သာ အမြဲနေထိုင်ခဲ့၏။ ဟင်းမချက်ချင်ဘူးဆိုလျှင်လည်း သွားဝယ်၍ရသည်။ အဆောင်များတွင်လည်း ကြီးမားသောအသုံးအဆောင်ပစ္စည်းများ အသုံးပြုမှုကိုလည်း ကန့်သတ်ထားသောကြောင့် သူမဤခေတ်သ်ို့ ကူးပြောင်းမလာမီ ဤမရှိမဖြစ် လိုအပ်သောကျွမ်းကျင်မှုကို မတတ်မြောက်ခဲ့ပေ။

မူလ လင်းချောင်က ချက်ပြုတ်နိုင်သော်လည်း သူမကတော့ ကျွမ်းကျင်မှုမဟုတ်ဘဲ မှတ်ဉာဏ်များကိုသာရထားခဲ့ခြင်းဖြစ်သည်။

၂၁ ရာစုတွင်တောင် အမျိုးသမီးတစ်ဦးသည် သူမ၏ အသက်မွေးဝမ်းကြောင်းတွင် မည်မျှပင်အောင်မြင်ပါစေ ခင်ပွန်းနှင့်သားသမီးများကို ကောင်းစွာ ဂရုမစိုက်ပါက သူမ၏ တာဝန်များကို ကျေပွန်မည်မဟုတ်ဟု အတွေးအခေါ် မတိုးတက်သေးသူအချို့က ယုံကြည်ဆဲဖြစ်သည်။ အခုခေတ်သာဆိုရင် ဘယ်လောက်တောင်တွေးကြမလဲ။

ကျိသော်က သူမကို စကားမပြောဘဲ ကြည့်နေတာကိုမြင်တော့ လင်းချောင်က အပြစ်ကင်းသော မျက်လုံးများဖြင့်ကြည့်လိုက်၏။

"ကျွန်မ ကြိုးစားကြည်မယ်လေ။"

သူက ရှေးရိုးဆန်သူဟုတ်သည်ဖြစ်ဖြစ် မဟုတ်သည်ဖြစ်ဖြစ် သူတို့အကြား ပူးပေါင်းဆောင်ရွက်မှုက စတင်ပြီးသားဖြစ်နေသည့်အတွက် သူနောင်တရရန် အချိန်နှောင်းသွားခဲ့လေပြီ။

အဆုံး၌ ကျိသော်က အရင်မျက်နှာလွှဲလိုက်ပြီး ပြောလိုက်သည်။

“ပြဿနာမရှိပါဘူး၊ စားသောက်ဆိုင်ရှိတယ်။”

ထို့ကြောင့် သူတို့က ဈေးသို့မသွားဘဲ ကူပွန်များဖြင့် စားသောက်ဆိုင်သ်ို့သာ ဦးတည်သွားခဲ့ကြသည်။

လင်းချောင်က ယခင်ထိုနေရာသို့ မရောက်ဖူးသော်လည်း ကျိသော်ယူလာသော ဟင်းလျာများစားဖူးသဖြင့် စစ်တပ်စားဖိုဆောင်၏ အစားအစာများသည် ဒေသခံများထက်သာလွန်သည်ကို သိမြင်နိုင်သည်။ ရောက်သွားချိန်၌ သူမစိတ်ကူးထက်ပင် ပိုမိုကောင်းမွန်သော ထောက်ပံ့မှုကို တွေ့လိုက်ရသည်။ ငါးနှင့်အသားသာမက ကြီးမားသော ပုဇွန်ကြော်များပါ ရှိနေ၏။

လင်းချောင်က ချက်ချင်းပုဇွန်တစ်ပိုင်းယူကာ သူတို့နှစ်ယောက်အကြားချ ထားလိုက်သော်လည်း ထိုသူက အခြားဟင်းများကိုသာစားပြီး ပုဇွန်ကို လုံးဝမထိဘဲနေသည်။

ကျိမိသားစုအိမ်တွင် ပုဇွန်ကြော်စားချိန်ကလည်း သူပုဇွန်ကိုမထိခဲ့ဟု သတိရလာကာ လင်းချောင်က စူးစမ်းပြီး မေးလိုက်သည်။

“ပုဇွန်ကြော်ကို မကြိုက်ဘူးလား”

ကျိသော်က ဘာမှမပြောသော်လည်း သူ၏မျက်နှာတွင်ပေါ်လာသော မနှစ်သက်သည့်အမူအရာက ပင်လယ်စာကို သဘောမကျကြောင်း ဖော်ပြနေသည်။ ဒါကြောင့် လင်းချောင်လည်း အားနာစရာမလိုတော့ဘဲ ပုဇွန်ကြော်ကို ဆွဲယူကာ သူမတစ်ယောက်တည်း စားလိုက်သည်။ အခြားသူများနှင့် လုစားစရာမလိုတော့ပေ။

ပြန်လာချိန်တွင်တော့ တံခါးဝ၌ ဗိုလ်မှူးကြီးလျန်၏ ဇနီးနှင့် ကြုံတော့သည်။ သူမက စက္ကူထုပ်တစ်ထုပ်ကို ကိုင်ထားပြီး ကျိသော်ကိုမြင်သည်နှင့် ချက်ချင်းပေးလိုက်သည်။

“မင်းဘယ်သွားနေလဲရှာနေတာ ခုမှပဲတွေ့တော့တယ်။ ဒါက ငါတို့အကြီးဆုံးသားဆီက ပြန်ယူလာတဲ့ လက်ထပ်မုန့်ပါ။ လက်ထပ်တာဖြစ်ဖြစ်၊ ကလေးမွေးတာဖြစ်ဖြစ် ဒီမုန့်တွေပေးတတ်ကြတယ်။ စမ်းစားကြည့်လိုက်ပေါ့။"

ကျိသော်က ကျေးဇူးတင်စကား ပြောလိုက်သော်လည်း၊ သူမက လက်ကာပြပြီး သူမအိမ်သို့ ပြန်သွားလိုက်သည်။

ဗိုလ်မှူးကြီးလျန်ကို တွေ့သည့်အခါ၊ သူမက ခေါင်းခါလိုက်သည်။

"ရှောင်ကျိက လုပ်ရည်ကိုင်ရည်ရှိပြီး ချောမောတဲ့လူကောင်းတစ်ယောက်ပါ။ အဲဒီလိုလူက ဘယ်လိုအဖော်ကို ရှာခဲ့တာလဲ”

“သူ့အဖော်မှာ ဘာပြဿနာရှိလို့လဲ။ မကောင်းလို့လား”

လင်းချောင်နှင့် ဗိုလ်မှူးကြီးလျန်တို့ယခင်က တွေ့ဖူးသည်။ သူမက ကျိသော်နှင့်လိုက်ဖက်သည့် ပွင့်လင်းသူဖြစ်ပြီး အခြားသော အသံမထွက်သလိုလို ရှက်သလိုလိုပြောတတ်သည့် ဇနီးများနှင့်မတူပေ။

သို့သော်လည်း သူ၏ဇနီးကတော့ မတူညီသည့်အမြင်ရှိသည်။

"သူက ဘာကောင်းလို့လဲ။ နေ့လည်စာတောင် မချက်တတ်လို့ အပြင်ထွက်စားကြတယ်။ မနက်ကတွေ့တော့ သူမကို လှတယ်ထင်ခဲ့တာ။ သေချာပေါက် သူမက ဘဝကောင်းမှာ နေရမဲ့သူမျိုးမဟုတ်ဘူး။"

"ရှောင်လင်းက ဘာလို့ကောင်းကောင်းမနေရမှာလဲ။ မင်း ရှာပေးထားတဲ့သူရှိတိုင်း မျက်နှာလိုက်မနေနဲ့။"

"ဒါဆို ဘာလို့ သူထမင်းမချက်တာလဲ။ ပြီးတော့ ကျွန်မ မိတ်ဆက်ပေးတဲ့သူတိုင်းက ရှောင်လင်းထက်ကောင်းတဲ့သူတွေချည်းပဲ။"

"မင်း မိတ်ဆက်ပေးတဲ့သူတွေလား။ သူတို့က အမေကြီးတွေနဲ့ပဲ တူတယ်။"

"ကျွန်မလည်း ရှင့်ထက်အသက်ကြီးတယ်လေ။ ရှင်က ကျွန်မကို အသက်ကြီးတယ်လို့ ပြောနေတာလား။ ယောက်ျားတစ်ယောက်က အရာအားလုံးစီမံနိုင်တဲ့ မိန်းမပဲလိုတာ။ ငယ်ပြီးလှတာ ဘာလုပ်ရမှာလဲ။ လှနေရုံနဲ့ ထမင်းမစားရဘူး။"

အလှအပဖြင့် ထမင်းစား၍ မရသော်လည်း စိတ်ချမ်းသာရသည်။ သေချာပေါက် ဗိုလ်မှူးကြီးလျန်ကတော့ ထိုသို့ပြောမည်မဟုတ်။ သူပြောခဲ့လျှင် သူ့မိန်းမက အလွတ်ပေးတော့မည် မဟုတ်ပေ။

ဗိုလ်မှူးကြီးလျန်၏ ဇနီးကလည်း မိဘများစီစဉ်ပေးသူဖြစ်ပြီး သူ့ထက်သုံးနှစ်ကြီးသည်။ အိမ်မှုကိစ္စများဆောင်ရွက်ရာ၌ အလွန်ကျွမ်းသော်လည်း အားနည်းချက်တစ်ခုက ပညာကောင်းကောင်းမတတ်ဘဲ ရှေးရိုးဆန်နေခြင်းပင်။

သူက ချက်ချင်း စကားလမ်းကြောင်းပြောင်းလိုက်၏။

"သူများအကြောင်း စိတ်မဝင်စားဘဲ ကျွင်းဇီအကြောင်းသာတွေးစမ်းပါ။ နောက်နှစ် ကောလိပ်ဝင်ခွင့်ဖြေရမှာနော်။ ဒါက ငါ့အချိန်မဟုတ်ဘူး။ စစ်သင်တန်းကျောင်း ပညာရေးမရှိရင် ရာထူးတိုးဖို့တောင်ခက်လို့ ရှေ့ရေးကိုတော့ ပြောမနေတော့ဘူး။

ဇနီးဖြစ်သူက သက်ပြင်းချလိုက်၏။ "ကျွန်မလည်း ကူညီချင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ မသိဘူးလေ။ အဲဒီတုန်းက ကျွန်မမှ စာသင်ခွင့် မရခဲ့တာ"

ဒါကလည်း ပြောရန်ကောင်းသည့် အကြောင်းအရာတော့ မဟုတ်ပေ။ သူမ ပြဿနာရှာလာမည်ကို စိုးသဖြင့် ဗိုလ်မှူးကြီးလျန်က စားပွဲပေါ်ရှိ မင်္ဂလာကိတ်မုန့်ကို လက်ညှိုးထိုးပြလိုက်၏။

"ဒါက တော်တော်အရသာရှိတယ်"

နောက်ဆုံးတော့ သူမ ကောင်းကောင်း လုပ်နိုင်သည့်အရာ တစ်ခုရှိခဲ့ပြီ။ မိန်းမက ပြောလိုက်၏။

"ဟုတ်တယ်မလား။ ဂျုံမှုန့်၊ ကြက်ဥ၊ သကြားနည်းနည်းနဲ့ လုပ်ထားတာ ပြီးရင် နှစ်ဘက်လုံးကြော်တယ်။ အရမ်းရိုးရှင်းတယ်။ နောက်မှ လုပ်ပေးပါ့မယ်။"

ကျိသော်က လျင်မြန်စွာ လှုပ်ရှားခဲ့သည်။ ရက်အနည်းငယ်အတွင်း လင်းချောင်သည် စစ်တပ်အခြေစိုက်အလယ်တန်းကျောင်းသို့ သတင်းပို့ရန် အကြောင်းကြားစာ ရရှိခဲ့သည်။

ကျောင်းက အိမ်နဲ့နီးပြီး ဆယ်မိနစ်လောက်သာ လမ်းလျှောက်ရသည်။ ဤခေတ်အလယ်တန်းကျောင်းများကဲ့သို့ပင် အလယ်တန်းနှင့် အထက်တန်းများ ပါဝင်သည်။

လင်းချောင်က အမှုထမ်းတာဝန်ယူနေသော ဒုကျောင်းအုပ်ချီထံ အစီရင်ခံရမည်ဖြစ်သည်။ သူမ ရုံးခန်းတံခါးကို ခဏလောက်အထိ ခေါက်လိုက်ပေမဲ့ ဘယ်သူမှ ပြန်မဖြေ။

နောက်ဆုံးတွင်တော့ ကပ်လျက်ရုံးမှ တစ်စုံတစ်ယောက် ထွက်လာပြီးပြောလိုက်သည်။

"မင်း လောင်ချီကို ရှာနေတာလား။ သူ ရူပဗေဒ စာတန်းတွေပေးဖို့သွားတယ်။ မကြာခင် ပြန်လာမှာပါ"

ရူပဗေဒ စာတန်းများ ပေးသည်။ သူက အခုထိ ရူပဗေဒကို အတန်းအချို့တွင် သင်ပေးနေသေးပုံရ၏။

လင်းချောင်က ထိုလူကို ကျေးဇူးတင်ကြောင်းပြောပြီး ဒုကျောင်းအုပ်ချီ ပြန်မလာမီ နောက်ထပ် ငါးမိနစ် ခြောက်မိနစ်ခန့် စောင့်ခဲ့သည်။ သူက မျက်မှန်တပ်ထားသော သက်လတ်ပိုင်းပိန်ပိန်ပါးပါး လူတစ်ယောက်ဖြစ်သည်။ သူ့အင်္ကျီက ရေလျှော်များသည့်အတွက် အရောင်နည်းနည်းမှေးမှိန်နေသော်လည်း သူ၏သွယ်လျတဲ့ နောက်ကျောက ဖြောင့်ဖြောင့်တန်းတန်းဖြစ်နေသည့်အတွက် အသက်ကြီးသည့် ပညာရှင်တစ်ယောက်ရဲ့ ပုံကိုပေါ်စေသည်။

All Chapters