← Chapters

Chapter 61

Vol. 7 Ch. 61

Chapter 61

Vol. 7 Ch. 61

ကျားလိမှာ ယီချန်၏အကြည့်ကြောင့်ပျာယာခတ်သွားမိသော်လည်း အမူအယာမပျက်အောင်ထိန်းကာ ငေါက်လိုက်သည်။

"ဘာလဲ ခုနကကျ ရှင်အလောတကြီးဖြစ်နေတာမဟုတ်ဘူးလား လာလေ"

ယီချန်လည်း ကျားလိ၏စကားကြောင့် အပြုံးမပျက်ပဲ ပြန်ဖြေကာလျှောက်လာလိုက်၏။

"ဟုတ်ပါပြီ သွားကြစို့ သွားကြစို့"

တောထဲရောက်သည်နှင့် ယီချန်ပြောသလိုပင် ကလေးများမှာ ဝူးဝူးဝါးဝါးအော်ရင်း သူတို့မြင်ကွင်းထဲမှပျောက်သွားတော့သည်။ ကျားလိမှာတော့ ကလေးများ၏ တက်ကြွမှုကို ဩချလုမတတ်ပင်။ ယီချန်မှာ ကျားလိ၏ဘေးတိုက်အနေအထားမှ ထင်းထွက်နေသောပါးဖောင်းဖောင်းလေးအားကြည့်ကာ မထိန်းနိုင်တော့ပဲ အသာဆွဲညှစ်လိုက်မိတော့သည်။ ကျားလိမှာ ယီချန်၏လက်ရဲဇက်ရဲအပြုအမူကြောင့် သတိပေးရန်ပြင်လိုက်စဉ် သူမ၏လက်ကောက်ဝတ်မှာ သူ၏ဆုပ်ကိုင်ခြင်းခံလိုက်ရပြီး သူခေါ်ရာနောက်ပါသွားလေ၏။

"တောထဲသွားရင် သတိကပ်ထားလေ။ မြွေတို့ဘာတို့တွေ့ရင် ဘယ်လိုလုပ်မလဲ။ ကိုယ့်နောက်ကနေ ကပ်လိုက်ခဲ့။ ကလေးတွေနောက်သာ လိုက်ကြည့်နေရင် အမောဆို့တာပဲအဖတ်တင်လိမ့်မယ်"

ကျားလိလည်း သူမတို့ရောက်နေသည့် ပတ်ဝန်းကျင်မှာ လက်ညှိုးထိုးအပြစ်တင်လာမည့်လူများရှိမနေ၍ ယီချန်အပေါ် ကပ်တွက်မနေတော့ပဲ သူပြောသလိုလိုက်နာလိုက်သည်။ ယီချန်လည်း သူ့လက်ဖဝါးထဲရှိနူးညံ့သော လက်ကောက်ဝတ်လေးအား အသာကိုင်ကာ မူလကိုယ်၏မှတ်ဉာဏ်များထဲမွှေနှောက်၍ စမ်းချောင်းတည်နေရာဆီ ဦးတည်သွားတော့၏။ မကြာခင်တွင် သူမတို့နားထဲရေစီးသံသဲ့သဲ့အား ကြားလိုက်ရကာ အနည်းငယ်ဆက်လျှောက်ပြီးချိန်မှာတော့ စမ်းချောင်းဆီရောက်သွားလေပြီပင်။ စမ်းချောင်းဘေးနှစ်ဖက်တွင်လည်း မိုးမခပင်များအပြင် အရိပ်ရအပင်ကြီးများကလည်း အုပ်မိုးနေ၍ ‌အေးချမ်းနေတော့သည်။

စမ်းချောင်းတစ်ဖက်ခြမ်းတွင် ရေဆင်းသောက်ရင်း အနားယူနေသောသမင်အုပ်ကိုလည်းတွေ့နေရပြီး စမ်းချောင်းအတွင်းရှိ ငါးများ၏တပွက်ပွက်ခုန်ပျံနေသံတို့ကိုလည်း ကြားနေရသည်။ စမ်းချောင်းတစ်ဖက်ခြမ်းရှိ သမင်များမှာ သူတို့ကြားတွင် ဖြတ်ကူးရန်မလွယ်သော စမ်းချောင်းအကျယ်ကြောင့် လူများရောက်နေသည်ကို သိနေပေသိ အနားယူမပြတ်ပါပေ။ ယီချန်မှာ ကျားလိအားပြန့်ပြူးသောကျောက်တုံးကြီးတစ်ခုဆီခေါ်သွားပေးပြီး သူမ,မထိုင်ခင် သစ်ရွက်ခြောက်နှင့်ဖုန်မှုန့်များအား ဖယ်ခါပေးလာ၏။

ကျားလိလည်း ယီချန်၏တည်ကြည်သောအမူအယာဖြင့် သူမထိုင်ရန်ရှင်းလင်းပေးနေသည်ကိုကြည့်ကာ အမှတ်တိုးပေးလိုက်မိသည်။ သန့်ရှင်းသွားပြီးမှ ယီချန်လည်း ကျားလိအားထိုင်စေကာ သူလည်းကျားလိဘေးဝင်ထိုင်လိုက်၏။ ကျားလိမှာ ကျောက်တုံးပေါ်ထိုင်ချလိုက်ရင်း ခြေထောက်များအား ဆန့်ချထားကာ သစ်ပင်ကြီးများ၏ အရွက်များကြားမှ တစ်စွန်းတစ်စ‌ေပါ်ထွက်နေသော နေရောင်ခြည်ကို ခေါင်းမော့ကာ မျက်လုံးများအားမှိတ်၍ ခံစားနေသည်။ ယီချန်မှာလည်း သူမလိုခြေထောက်များအား ဆန့်လိုက်ရင်းလက်နောက်ပြန်ထောက်ကာ နေရောင်ခြည်အစက်အပြောက်များ၏ ရောင်ဝါထင်ဟပ်နေသည့် သူမအားစိုက်ကြည့်နေလိုက်၏။

ကျားလိမှာ သဘာဝ၏အေးချမ်းမှုအား ခံစားနေစဉ် သူမအားစိုက်ကြည့်နေသည့် အကြည့်စူးစူးများကြောင့် မျက်လုံးများအား ဆတ်ကနဲဖွင့်ကာ ယီချန့်အားစိုက်ကြည့်၍မေးလိုက်သည်။

"ဘာလို့ကျွန်မကိုကြည့်နေတာလဲ"

"ကြည့်ကောင်းလို့လေ"

ယီချန်လည်း လွှတ်ကနဲဖြေမိသွားကာမှ ရှက်ရွံ့သွားရသည်။ သူလည်းကျားလိအား ဘာကြောင့်စိုက်ကြည့်နေခဲ့မိသည်ကို နားမလည်ပါပေ။ ယီချန်မှာ ကျားလိလည်းသူ့လို ရှိုးတိုးရှန်းတန်းဖြစ်နေသည်ကို မြင်လိုက်ရာ နေရာလွတ်ထဲမှ ပန်းသီးတစ်လုံးအားထုတ်၍ သူမထံကမ်းပေးလိုက်သည်။ ကျားလိမှာ ရုတ်ချည်းသူမရှေ့ပန်းသီးတစ်လုံးရောက်လာသောကြောင့် နားမလည်ဟန်ဖြင့် ယီချန်အားကြည့်လိုက်သော် ယီချန်ကမေးဆတ်၍ စားကြည့်ရန်ပြောလာ၏။

ထို့ကြောင့် ကျားလိလည်း ပန်းသီးအားကြည့်ကာ တစ်ချက်စဉ်းစားလိုက်ပြီး စမ်းချောင်းဘက်လျှောက်သွားကာရေဖြင့်ဆေးကြောလိုက်သည်။ ထို့နောက် ယီချန်၏အကြည့်အောက်တွင်ပင် တစ်ကိုက် ကိုက်ချလိုက်၏။ ခံတွင်းထဲပြည့်နှက်သွားသည့် ချိုမြိန်မှုများကြောင့် ကျားလိမှာကျေနပ်သွားရသည်။ အနာဂတ်ကာလတွင်ပင် ဤမျှချိုမြိန်သည့် ပန်းသီးမျိုးမစားဖူးပါချေ။ ထို့ကြောင့် ကျားလိမှာ ယီချန်အားသိချင်စိတ်ဖြင့်မေးလိုက်သည်။

"ဒီပန်းသီးက ဘာလို့အရမ်းချိုနေရတာလဲ"

ယီချန်မှာ ကျားလိ၏သိချင်စိတ်တို့ဖြင့် တစ်ဖျက်ဖျက်လက်နေသော မျက်ဝန်းများအားကြည့်ကာ စနောက်ချင်စိတ်ပေါ်လာတော့သည်။

"ဘာလို့လဲဆိုတော့ ကိုယ်ကမင်းဆီပေးလိုက်လို့ပေါ့။ ရုပ်ချောတဲ့သူကိုင်ထားတဲ့ ပန်းသီးမျိုးဆို အရမ်းချိုတယ်လေ"

ကျားလိမှာ ယီချန့်အပြောကြောင့် စကားပင်မပြောနိုင်တော့အောင် ရှုံ့မဲ့သွားရပြီး ယီချန်မှာတော့ ကျားလိအမူအယာကြောင့် ရယ်ချလိုက်တော့သည်။ ကျားလိလည်း ယီချန်အားကြည့်ကာ ရယ်ရင်းပြောလိုက်သည်။

"ရူးကြောင်ကြောင်နဲ့"

ယီချန်မှာ ကျားလိ၏ပြုံးရွှင်နေသော မျက်နှာလေးအားကြည့်ကာ မသိစိတ်မှဦးဆောင်ရာနောက်လိုက်ပြီး ထုတ်မေးမိလိုက်၏။

"လိလိ မင်းမှာရည်ရွယ်ထားတဲ့လူရှိလား"

ယီချန်၏ရုတ်ချည်းစကားကြောင့် ကျားလိမှာ ပန်းသီးရည်များဖြင့် သီးသွားရတော့သည်။ ယီချန်လည်း ကျားလိနားကပ်ကာ သူမကျောအား အသာပွတ်ပေးရင်းပြောလာ၏။

"အဆင်ပြေရဲ့လား မင်းကလေ ကလေးလည်းမဟုတ်ပဲ သီးနေတယ်‌။ ဂရုစိုက်လေ"

ကျားလိမှာ သီးနေရင်းအဆူခံလိုက်ရသောကြောင့် မကျေမနပ်ဖြင့်ပြန်အော်လိုက်သည်။

"အဲ့ဒါရှင့်ကြောင့်ပဲမလား။ ဘာလို့ ရုတ်တရက်ကြီးမဆီမဆိုင်တွေထမေးရတာလဲ"

ကျားလိမှာ မကျေမနပ်ပြောရင်း ခေါင်းအားယီချန်ဘက်လှည့်လိုက်ရာ သူမနှင့်နီးကပ်နေသော ယီချန်၏ချောမောသော မျက်နှာလေးအားမြင်လိုက်ရကာ လန့်သွားပြီးနောက်ဘက်သို့ယိုင်ချမိသွား၏။ ယီချန်လည်း ကျားလိလဲကျသွားမည်စိုး၍ သူမ၏ခါးလေးအားထိန်းကိုင်ကာ ပြန်ဆွဲခေါ်လိုက်ပြီး မျက်လုံးများအား အသာမှေးကျဉ်းရင်း မရမကထပ်မေးလိုက်သည်။

"အဲ့တော့ ရှိလားလို့"

ကျားလိမှာ သူမမျက်နှာထံရိုက်ခတ်လာသော ယီချန်၏ထွက်သက်ဝင်သက်လေနွေး‌ေနွးလေးများကြား ယစ်မူးသွားရကာ ခေါင်းယမ်း၍ပြန်ဖြေလိုက်သည်။

"မရှိဘူး"

ယီချန်မှာ သူမအဖြေကြောင့် သဘောကျသွားပြီး သူမခေါင်းလေးအား အသာပုတ်ကာချီးမွမ်းလိုက်၏။

"တော်လိုက်တဲ့ကောင်မလေး"

ကျားလိမှာ ယီချန်၏လုပ်ရပ်ကြောင့် မျက်နှာမှလည်ပင်းများထိ ရှက်စိတ်ဖြင့်နီရဲနေပြီဖြစ်၏။ ထို့နောက် ယီချန်မှစကားထပ်ပြောရန်ပြင်နေသည်ကိုတွေ့လိုက်ရာ ချက်ချင်း‌ေအာ်၍တားလိုက်မိသည်။

"နားမထောင်ချင်ဘူး မပြောပါနဲ့တော့"

ယီချန်မှာ ကျားလိ၏စကားကြောင့် ကြောင်အမ်းသွားရပြီး ပြောလိုက်၏။

"လိလိ မင်းကတော့ ခံစားချက်တွေကိုဖျက်ဆီးတဲ့နေရာမှာ တစ်ကယ်တော်တာပဲ။ မသိရင် နှစ်ပေါင်းများစွာအပျိုကြီးဖြစ်ခဲ့တဲ့လူကျနေတာပဲ"

ကျားလိမှာ ယီချန့်အပြောကြောင့်နင်သွားရကာ ယီချန့်အားကြည့်လိုက်သည်။ ယီချန်မှာ ထိုစကားအားပြောလိုက်သည်နှင့် ရုတ်ချည်းဆိုသလို သူ့အတွက်အန္တရာယ်တစ်ခုခုချဉ်းကပ်လာသည့်အလား ခံစားမိနေတော့၏။ သို့သော် လှည့်ပတ်ကြည့်သော်လည်း ဘာမှထူးဆန်းသည်ကို မတွေ့ရပေ။ နှစ်ဦးသားကြားတိတ်ဆိတ်မှုသာရှိနေစဉ် သူတို့နောက်ဆီမှ ခြေသံများကြားလိုက်ရပြီး ငြင်းခုန်နေကြသောအသံများကိုပါ ကြားလိုက်ရ၍ ကျားလိမှာ ယီချန်နားမှ ဖယ်ခွာထိုင်လိုက်၏။ ယီချန်မှာတော့ သူလိုချင်သောအဖြေမရလိုက်၍ မကျေမနပ်ဖြစ်နေတော့သည်။

မကြာခင် ခြေသံပိုင်ရှင်များက အုပ်စုလိုက်ထွက်လာကြ၏။ သူတို့မှာ သူတို့ခူးဆွတ်လာသည့် အသီးများအား ကျေနပ်စွာကြည့်ရင်း မည်သူခူးလာသည့် အသီးကပိုကြီးသည်ကို ယှဉ်နေကြသည်။ ထိုအုပ်စုထဲမှ ရှောင်စန်းတို့မှာလည်း သူတို့သစ်သီးများ ဘယ်လောက်အလုံးလှကြောင်းကြွားဝါနေကြကာ စမ်းချောင်းဘေးရှိ ကျောက်တုံးကြီးပေါ်တွင် ထိုင်နေကြသည့်သူမတို့အား မြင်သည်နှင့် အလျင်စလိုပြေးချလာကာ သူတို့ခူးလာသောသစ်သီးများအား ကြွားဝါနေတော့၏။

"ကျားလိကျဲ ကျွန်တော်တို့ တောင်ပေါ်တက်တုန်းက သလဲသီးတွေမရှိသေးဘူးလေ။ မနေ့က တကောနဲ့တောင်ပေါ်ထပ်တက်တဲ့အချိန် အဲ့နေရာကိုပြန်သွားကြည့်ကာ မှည့်နေပြီမလို့ အခုခူးလာခဲ့တယ်။ ကျားလိကျဲ ဘယ်လိုစားချင်လဲ။ ဖျော်ရည်လုပ်ပေးရမလား"

ကျားလိမှာ ရှောင်စန်း၏စကားကြောင့် ဤကလေးမှာတုံးအပေမယ့် သူမစေတနာအရာမရောက်တော့မဖြစ်ဟု တွေးမိကာ ချီးကျူးပေးလိုက်သည်။ ကျားလိနှင့် ယီညီအစ်ကိုတို့စကားပြောနေစဉ် အခြားကလေးအုပ်စုက ပြင်ဆင်စရာရှိတာပြင်ဆင်လိုက်ကြပြီး ငါးဖမ်းရန်စတင်ကြတော့၏။ ခယ့်ရှင်းမှာ ထိုသည်အားမြင်သော် ရှောင်စန်းတို့အား လောဆော်လိုက်သည်။

"ရှောင်စန်း ရှောင်စစ် နင်တို့မြန်မြန်လုပ်ကြ။ ဟိုမှာ အခြားလူတွေကငါးဖမ်းဖို့လုပ်နေကြပြီ။ ငါတို့နောက်ကျသွားရင် အကောင်သေးသေးလေးတွေပဲ ရနေလိမ့်မယ်"

ရှောင်စစ်မှာတော့ ထိုစကားအားကြားသော် တိုက်ပွဲဝင်စိတ်ဓာတ်အပြည့်ဖြင့် ကြွေးကြော်ရင်း စမ်းချောင်းဆီပြေးသွားတော့သည်။

"‌ဟိတ်ကောင်တွေ ငါတို့ကိုစောင့်ဦးကွ။ မင်းတို့တွေ အကုန်မဖမ်းလိုက်ကြပါနဲ့"

ကျားလိမှာ သူမနားကပ်နေသေးသည့် ရှောင်စန်းအားကြည့်ကာမေးလိုက်သည်။

"ရှောင်စန်း နင်ကဘာလို့မသွားသေးတာလဲ။ ရှောင်စစ်နဲ့ ရှောင်ရှင်းတို့က နေရာဝင်လုနိုင်မယ့်ပုံမပေါ်ဘူး"

ရှောင်စန်းမှာကျားလိအား စိတ်ချထား ဟူသောအဓိပ္ပာယ်ဖြင့်ကြည့်ကာ ရှင်းပြလာ၏။

"စိတ်မပူပါနဲ့ ကျားလိကျဲ။ ကျွန်တော်တို့ကျွေးထားတဲ့မုန့်ကို သူတို့စားထားတာမလို့ လောင်စစ်တို့ကို အနိုင်မကျင့်ရဲကြပါဘူး။ ပြီးတော့ ကျွန်တော်ကလည်း ငါးဖမ်းဖို့ထက် အခုအခြားအရာကိုစိတ်ဝင်စားနေတာလေ။ အဲ့တော့ သူတို့အုပ်စု ငါးဘက်အာရုံလုံးလုံးရောက်အောင် စောင့်ရမယ်။ ဒါမှကျွန်တော်တို့ဆီ လာမလုနိုင်မှာ"

All Chapters