← Chapters

Chapter 62

Vol. 7 Ch. 62

Chapter 62

Vol. 7 Ch. 62

ကျားလိမှာ ရှောင်စန်း၏စကားကြောင့် သိချင်စိတ်တို့ဖြင့်မေးလိုက်သည်။

"အဲ့တော့ နင်ကအခုဘာဖမ်းမလို့လဲ"

ရှောင်စန်းမှာ ကျားလိ၏သိချင်စိတ်အပြည့်ဖြင့် မေးခွန်းကြောင့် မေးပင့်ကာ ပြန်ဖြေလာ၏။

"ကျွန်တော်က မြစ်ခရုကောက်မလို့လေ။ မြစ်ခရုဟင်းလေးသာရှိရင် ကျွန်တော်တို့ရဲ့ ဆောင်းဦးလယ်ပွဲလေးက ပိုမပြည့်စုံသွားဘူးလား။ ကျားလိကျဲ ကျွန်တော်ချက်ပေးမယ့် မြစ်ခရုဟင်းကို စောင့်နေလိုက်နော်"

ယီချန်မှာတော့ မြစ်ခရုဟင်းဆိုသည့်စကားအားကြားသော် မြစ်ခရုအစပ်ချက်အား သွားသတိရပြီး သွားရည်များပင်ကျလာတော့သည်။ ထိုသည်ကို သတိပြုမိလိုက်၍ အမြန်သုတ်ချပစ်လိုက်ပြီးမှ မျက်လုံးအားထောင့်ကပ်ကာ ကျားလိဘက်ကြည့်လိုက်၏။ သို့သော် သူ၏စွေစောင်းနေသောအကြည့်မှာ ကျားလိနှင့်တန်းမိသွားရကာ နှုတ်ခမ်းထောင့်အားသုတ်နေသည့်လက်မှာ တောင့်တင်းသွားတော့သည်။ ကျားလိမှာလည်း ထိုမြင်ကွင်းအားတိုက်ရိုက်မိသွားမည်ဟု ထင်မထားခဲ့သော်လည်း တစ်ဖက်လူရှက်မသွားစေရန် ပေါင်အားဆွဲလိမ်၍ မရယ်မိအောင်ထိန်းထားလိုက်၏။ ယီချန်မှာ ကျားလိအား စူးစူးစိုက်စိုက်ကြည့်၍ မေးလာသည်။

"ခုနက မင်းဘာမြင်လိုက်လို့လဲ။ ဘာမြင်လိုက်လို့ ငါ့ကိုအဲ့လိုအကြည့်မျိုး လာကြည့်နေတာလဲ"

ကျားလိမှာ သူမသာအဖြေမှားသွားပါက ရလဒ်ကောင်းမရနိုင်သည်ကို ခံစားမိကာအမြန်ဖြေသိမ့်လိုက်ရ၏။

"အမ်...ကျွန်မကဘာမြင်ရမှာလဲ။ ရှင်ကကျွန်မကိုလာကြည့်လို့ ပြန်ကြည့်တာလေ။ ရှင်ကမှ ကျွန်မကိုဘာလို့လာကြည့်တာလဲ"

ယီချန်မှာ ပြန်မဖြေသေးပဲ ကျားလိ၏မျက်လုံးများအား သေချာစိုက်ကြည့်နေလိုက်သည်။ ကျားလိလည်း သူမအပြစ်ကင်းပါသည်ဆိုသော အမူအယာဖြင့် ပြန်ကြည့်နေ၏။ ခဏမျှ စစ်ဆေးပြီးနောက် ယီချန်မှာ ကျားလိစကားကို မယုံချင် ယုံချင်ဖြင့် ယုံလိုက်ရကာ သူမအမေးအား‌ေလးနက်‌‌ေသာအမူအယာဖြင့် ပြန်ဖြေပေးသည်။

"ကိုယ်ကမင်းကို တစ်ခုခုပြောချင်လို့ပါ။ ခုနကစမ်းချောင်းဟိုဘက်ခြမ်းမှာ ယုန်တစ်‌ေကာင်နဲ့ရှဉ့်တစ်ကောင် ရန်ဖြစ်နေကြတာကို‌ေတွ့လိုက်ရလို့ မင်းကိုပြမလို့လေ"

ကျားလိလည်း ယီချန့်စကားအတိုင်းလိုက်ကာ အံ့ဩဟန်ဆောင်၍ ‌စမ်းချောင်းဟိုဘက်ခြမ်းရှိ ယီချန်ပြောသော မြင်ကွင်းကိုရှာဟန်လုပ်နေလိုက်သည်။ ယီချန်မှာ ထိုအခါမှသူ၏အရှက်ကွဲသောပုံစံ‌အား ကျားလိမမြင်သွားမှန်းယုံကြည်သွားကာ စိတ်သက်သာရာရသွားတော့၏။ မဟုတ်ပါက ဤတစ်ကြိမ်ပါထပ်‌ေပါင်းရလျှင် အရှက်ကွဲရလွန်း၍သူသည်ကျားလိရှေ့၌ မျက်နှာပင်ဖော်ရဲတော့မည်မဟုတ်ပေ။ ရှောင်စန်းသည်လည်း ယီချန့်စကားအတိုင်း လိုက်ကြည့်ရာ အနားယူနေသော သမင်အုပ်မှတစ်ပါး ဘာမှမတွေ့ရ၍ ပြန်မေးလိုက်သည်။

"တကော ဘယ်နားမှာလဲ ကျွန်တော်မတွေ့ရဘူး။ ကျားလိကျဲရော တွေ့လားဟင်"

ကျားလိလည်း မျက်မှောင်ကြုံ့ရင်း ပြန်ဖြေလိုက်၏။

"အစ်မလည်းမတွေ့ဘူး။ ဘယ်နားမှာလဲ ယီချန်"

ယီချန်မှာ ဟိုဟိုဒီဒီရှာဟန်ဆောင်ပြီး ဖြေပေးလာသည်။

"အင်း~~ကြည့်ရတာ ပြေးသွားကြလို့ထင်တယ်။ ဒါနဲ့ မင်းခရုကောက်မလို့ဆို သွားတော့လေ"

ရှောင်စန်းလည်း ယီချန့်စကားကြောင့် သူ့ရည်ရွယ်ချက်အား ပြန်သတိရကာ စမ်းချောင်းအစပ်နားပြေးသွားတော့၏။ ချောင်းစပ်နားရောက်သော် ရှောင်စန်းမှာ ရှောင်စစ်တို့အား လှမ်းအော်ခေါ်လိုက်သည်။

"လောင်စစ် ခယ့်ရှင်း ဒီဘက်ကိုမြန်မြန်လာခဲ့"

ရှောင်စန်း၏အကြံကိုသိထားပြီးဖြစ်သည့် ရှောင်စစ်နှင့်ခယ့်ရှင်းမှာ ကလေးအုပ်နှင့် ငါးပြိုင်ဖမ်းနေရာမှ ရှောင်စန်း ဘက်အမြန်ပြေးလာကြပြီး စမ်းချောင်းစပ်ရှိ မြက်တောနားတွင် ကုန်းကုန်းကွကွဖြင့် ခရုကောက်ကြတော့သည်။ ကျန်ကလေးအုပ်မှာတော့ ရှောင်စန်းတို့သုံးယောက်သား မြက်ရိုင်းပင်များ၏ပင်ခြေနားတွင် တစ်ခုခုခွာနေသည်ကိုတွေ့လိုက်၍ လာစပ်စုကြည့်ရာ အသားပြည့်ပြည့်ဖြင့် မြစ်ခရုများအားတွေ့သွားကုန်၏။ သို့သော် သူတို့၏တောင်းထဲတွင် ငါးများဖြင့်ပြည့်နေပြီဖြစ်ရာ ထိုခရုများအား လက်လွှတ်ရပေတော့မည်။ ထိုသို့ဖြင့် ကလေးအုပ်ကြီး၏မနာလိုသောအကြည့်များအောက် ရှောင်စန်းတို့သုံးယောက်မှာ မြစ်ခရုဇလုံကြီးတစ်လုံးစာကောက်နိုင်သွားခဲ့သည်။

ကျားလိအတွက်ထိုမြင်ကွင်းမှာ ထူးဆန်းနေရာ သူမလည်းရှောင်စန်းတို့ဘက်သို့ လှမ်းကြည့်နေမိသည်။ ထို့ကြောင့်ယီချန်လည်း သူမအားမြစ်ခရုကောက်နည်းရွေးချယ်ပုံတို့ကို ရှင်းပြလိုက်၏။ ကျားလိမှာသဘောပေါက်သွားပါက ခေါင်းတငြိမ့်ငြိမ့်ဖြင့် ယီချန်အားလေးစားမှုတို့ဖြင့် ကြည့်လာသည်ဖြစ်ရာ ခုနကအရှက်ကွဲခဲ့ရသော ယီချန်အဖို့ ကျသွားသောသိက္ခာလေးပြန်တက်လာတော့သည်။ ခဏအကြာတွင်တော့ ရှောင်စန်းတို့မှာ ခြင်းတောင်းအပြည့်မြစ်ခရုများရိတ်သိမ်းလာကြပြီး ကျားလိအားပြလာ၏။

"ကျားလိကျဲ ဒီနေ့တော့ကျွန်တော် မြစ်ခရုကိုလျှာလည်အောင် ချက်ပေးမယ်နော်"

ဘေးရှိယီချန်မှာ ခြင်းအပြည့်ခရုများအားကြည့်ရင်း ဖြတ်ပြောလိုက်၏။

"ခရုကိုအစပ်နှပ်နော်"

ရှောင်စန်းမှာလည်း သူ့ဟင်းချက်စွမ်းရည်အားအထင်သေးခဲ့ဖူးသည့် အစ်ကိုကြီးမှ တောင်းဆိုလာသည်ဖြစ်ရာ ရင်ဘတ်အားမြှင့်၍ လက်ခံလိုက်သည်။

"ကိစ္စမရှိဘူး ရတယ်"

ယီချန်မှာ ရှောင်စန်းကလက်ခံလိုက်၍ ကျေနပ်သွားရသည်။ ဤကလေးမှာ တော်ဝင်စားဖိုမှူးတပည့်ပီသလှ၏။ သူ၏အချက်အပြုတ်စွမ်းရည်မှာ သူဝန်မခံချင်သော်လည်း ကောင်းသည်ဟုပြောရပေမည်။ ရှောင်စန်းတို့ကလေးအုပ်စုကြီးမှာနေ့လည်စာစားချိန်နီးပြီဖြစ်၍ အိမ်ပြန်ရန်ပြင်ကြတော့သည်။ ယနေ့အတွက် သူတို့မှာလုံလုံလောက်လောက်ရှာဖွေခဲ့ပြီးဖြစ်၏။ အပြန်လမ်းတွင် ယီချန်ကခြင်းများအား ရှောင်စန်းတို့ထံမှတောင်းကာ သယ်ပေးခဲ့၍ သူတို့လေးတွေသည် ကျားလိနားကပ်ကာလေပေါနေတော့သည်။

"ကျားလိကျဲ ခရုဟင်းစားဖူးလား"

ကျားလိမှာ ထိုဟင်းအားမစားကြည့်ခဲ့ဖူး‌ေပ။ အတိတ်အချိန်တုန်းကလည်း သူမသည် အလုပ်ရှုပ်လွန်း၍ အစားဖြစ်ဆုံးမှာ ခေါက်ဆွဲနှင့်ဖက်ထုပ်သာဖြစ်ပြီး အခြားဟင်းများအား စားကြည့်ရန်အချိန်မရှိခဲ့ချေ။ ထို့ကြောင့် ရှောင်စန်းအားခေါင်းယမ်းပြလိုက်သည်။ ရှောင်စန်းမှာ ကျားလိကမစားဖူးမှန်းသိသွားရာ သူ့အားယုံကြည်ရန်အာမခံလာ၏။

"ဒါဆိုကျွန်တော့်ကိုသာ ယုံထားလိုက်တော့။ ကျားလိကျဲရဲ့ ပထမဆုံးခရုစားခြင်းက အကောင်းဆုံးပဲဖြစ်စေရမယ်နော်"

ကျားလိမှာ ရှောင်စန်း၏အပြောကြောင့် သဘောကျသွားရသည်။ တောင်အောက်ရောက်သော် ယီချန်ကကျားလိတို့အား အရင်ပြန်စေကာ ကလေးအုပ်စုထဲရှိ ကလေးတိုင်းအား သူတို့အိမ်ပေါက်ထိရောက်အောင် အရင်ပြန်ပို့ပေးခဲ့ပြီးမှ သူလည်းအိမ်ပြန်ခဲ့လိုက်၏။ ကျားလိမှာတော့ ယီချန်၏ဂရုစိုက်တတ်မှုကို အမှတ်ပေးနေတော့သည်။ ယီချန်အိမ်ပြန်ရောက်သည်နှင့် မြစ်ခရုခြင်းကြီးအား မီးဖိုချောင်ထဲချပေးလိုက်ရာ အမေယီကဝမ်းသာအားရဖြင့် ယူလိုက်ပြီးပြင်ဆင်ထားပြီးဖြစ်သော ဇလုံထဲစိမ်ထားလိုက်၏။

ဤခရုဟင်းအားညမှစားကြမည်ဖြစ်ရာ နေ့လည်စာကို ခေါက်ဆွဲဆီချက်သာလုပ်စားလိုက်ကြပြီး အမေယီမှာ ကျားလိအားတစ်ရေးသွားအိပ်ခိုင်းသည်။ ကျားလိလည်း ယီမိသားစုဝင်များအလုပ်ရှုပ်နေသည်ကိုကြည့်ကာ ဝင်ကူပေးချင်သော်လည်း အိမ်အလုပ်နှင့်အကျိုးမပေးသော ကိုယ့်အ‌ေကြာင်းကိုယ်သိကာ အသာငြိမ်နေလိုက်ပြီးအခန်းပြန်၍တစ်ရေးအိပ်နေလိုက်၏။ ကျားလိတစ်ရေးနိုးလာသော် ယီမိသားစုဝင်များမှာ ခရုများအားသန့်ရှင်းနေကြသည်ကိုတွေ့လိုက်ရသည်။ ယီချန်မှာ ကျားလိထွက်လာသည်ကိုမြင်သော် ခုံအသေးလေးတစ်ခုချပေး၍ သူမအားထိုင်ကြည့်နေစေ၏။

ကျားလိလည်း ယီချန်ပေးသောခုံလေးပေါ်တွင်ထိုင်ကာ ယီမိသားစုအလုပ်လုပ်နေသည်အား မျက်နှာပြောင်ပြောင်ဖြင့် ကြည့်နေလိုက်သည်။ မြစ်ခရုအခွံပေါ်ရှိဖုန်နှင့်အညစ်အကြေးများအား ပြောင်အောင်ဘရက်ရ်ှဖြင့် သေချာပွတ်ဆေးပြီးသည်နှင့် ရေသုံးကြိမ်လောက် ဆေးပစ်ကာ ခရုခွံအဆုံးပိုင်းအားဖြတ်ထုတ်ပစ်လိုက်၏။ ထိုစဉ် ရှောင်စန်းကမီးဖိုချောင်ထဲဝင်ကာ ငရုတ်သီးအနီများအား ပါးပါးလှီး ငရုတ်သီးခြောက်များအား ထက်ပိုင်းချိုး နွေကြက်သွန်မြိတ်ကို အပိုင်းကြီးကြီးဖြတ် ဂျင်းကြက်သွန်ဖြူကို နှုတ်နှုတ်စဉ်း ကြက်သွန်မြိတ်ရင်းကို ပါးပါးလှီး နာနတ်ပွင့် သစ်ကြံပိုးခေါက် စီချွမ်ငရုတ်ကောင်းစေ့တို့အားပြင်ထားသည်။

ထို့နောက်အိုးထဲဆီထည့်ကာ ပူလာသည်နှင့် ငရုတ်သီးခြောက် နာနတ်ပွင့် သစ်ကြံပိုးခေါက် စီချွမ်ငရုတ်ကောင်းစေ့တို့ကိုထည့်ကြော်ကာ အနည်းငယ်ရဲလာသည်နှင့် ပါးပါးလှီးထားသော ငရုတ်သီးအနီ နှုတ်နှုတ်စဉ်းထားသည့် ဂျင်းကြက်သွန်ဖြူနှင့် ကြက်သွန်မြတ်ရင်း အမျှင်များကိုထည့်လိုက်၏။ တစ်ဖန် ပဲငါးပိအစပ်အနှစ်တစ်ဇွန်းထည့်ကာ ရဲလာသည်ထိကြော်ပြီး ပဲငံပြာရည်နှစ်ဇွန်းထည့်၍ အမေယီတို့ဖြတ်တောက်သန့်ရှင်းပြီးသွားသည့် မြစ်ခရုတို့ကိုထည့်ကာ နှစ်မိနစ်ခန့်မွှေသည်။ ထို့နောက် ယီချန်ဝယ်လာခဲ့သော ဘီယာဘူးအားယူထုတ်လာကာ အိုးထဲထည့်ပေးလိုက်၏။ ရှောင်စန်းမှာ ဘီယာခမ်းသည်ထိစောင့်ရဦးမည်ဖြစ်ကြောင်းပြောကာ အခြားဟင်းများအား ကိုင်တွယ်တော့သည်။ မိနစ်ငါးဆယ်ခန့်ကြာသော် မြစ်ခရုနှပ်၏အစပ်ရနံ့မှာ ခြံတစ်ခုလုံးအားပျံ့နှံ့သွားပြီး လူတိုင်းကိုသွားရည်ကျရန်ဆွဲဆောင်နေလေ၏။ ယီချန်မှာတော့ မနက်ကလို အရှက်တကွဲမဖြစ်စေရန် ပါးစပ်ထဲသို့လမုန့်တစ်ခုအား အပီအပြင်သွပ်ထည့်ကာဝါးနေသော်လည်း သူ၏မျက်လုံးများက မီးဖိုပေါ်ရှိ ခရုအိုးပေါ်မှ အကြည့်မလွှဲခဲ့ပေ။ ရှောင်စန်းမှာ အိုးအားဖွင့်ပြီး ကိုးပုံတစ်ပုံအရည်ခမ်းသွားသည်ကို တွေ့ရာကြက်သွန်မြိတ်အုပ်၍ ချလိုက်တော့၏။

"ထမင်းဝိုင်းပြင်ကြမယ်ဟေ့"

ရှောင်စန်းပါးစပ်မှ ထိုစကားထွက်လာသည်နှင့် ယီမိသားစုဝင်များမှာ စားပွဲဝိုင်းရှင်းသူကရှင်း ဟင်းပန်းကန်များ သယ်သူကသယ်ဖြင့် ယောက်ယက်ခတ်ကုန်ကြသည်။

All Chapters