Chapter 63
Vol. 7 Ch. 63
လပြည့်ညထမင်းဝိုင်းမှာ အလုံးစုံပြည့်စုံလေသည်။ လမုန့်၊ကြာစွယ်၊မြစ်ခရု၊ဖရုံသီး၊ပိန်းဥ၊ဘဲသား၊မွှေးထူဂဏန်း၊သလဲသီး၊ပင်လုံးကြိုင်ကိတ်နှင့် ပင်လုံးကြိုင်ဝိုင် အမျိုးအစားအစုံအား သင့်တော်ကောင်းမွန်စွာ ချက်ပြုတ်ပြင်ဆင်ထား၏။ အမေယီမှတူအားကောက်ကိုင်ကာ ပထမအလုတ်စားပြီးသည်နှင့် အားလုံး၏တူများမှာ သူတို့အားအေမွှးနံ့ဖြင့် တစ်နေကုန်ညှင်းပန်းနေခဲ့သော မြစ်ခရုအစပ်ချက်ဆီဦးတည်သွားကြသည်။ ကျားလိမှာလည်း မွှေးပျံ့နေသော ထိုဟင်းအားစားကြည့်ချင်သော်လည်းမည်သို့စားရမည်မှန်းမသိရာ အခြားလူများစားသည်ကို အရင်ထိုင်ကြည့်ဖို့လုပ်ထား၏။ ထိုအချိန်တွင် ခရုခွံမပါသော အသားတစ်ဖက်က သူမပန်းကန်ထဲရောက်လာ၍ တူပိုင်ရှင်အားမော့ကြည့်လိုက်ရာ သူမအားစားလိုက်ရန် မေးဆတ်ပြနေသည့် ယီချန်အားတွေ့လိုက်ရသည်။
ကျားလိမှာ ထိုလူ့ပါးစပ်ကအသံထွက်မလာသော်ငြား သူ့စိတ်ထဲတွင် သူမအားသူမရှိလျှင် ဘာမှမစားရပဲနေရတော့မည် ဟုပြောချင်နေမှန်း ရိပ်စားမိလေ၏။ သို့သော် သူမမှာဤခရုဟင်းအား အလွန်မြည်းစမ်းကြည့်ချင်နေပြီဖြစ်၍ ယီချန့်အတွေးကို ဂရုစိုက်မနေတော့ပဲ ပန်းကန်ထဲရှိခရုသားကို ကောက်စားလိုက်သည်။ နူးညံ့ချောမွေ့သောခရုသားမှာ ဟင်းအနှစ်တို့ဖြင့်ပေါင်းစပ်၍ လျှာကိုပင်မျိုချမိလောက်အောင် အရသာရှိလှ၏။ ယီချန်မှာ ကျားလိမှနှစ်သက်သည်ကိုတွေ့ရာ ခရုများအား တစ်ကောင်ပြီးတစ်ကောင်အသားထုတ်ပြီး သူမပန်းကန်ထဲထည့်ပေးနေတော့သည်။ ကျားလိမှာလည်း ယီချန်ပေးထားသောခရုများအား ပျော်ပျော်ကြီးထိုင်စားနေရင်း ယီချန့်ထံတစ်ချက်လှမ်းအကဲခတ်လိုက်၏။
သူသည်ခွာထုတ်ထားသော ခရုသားများကိုသူမထံသာပေးနေ၍ သူမစားရသေးပေ။ ကျားလိမှာ ယီချန်ကမြစ်ခရုအစပ်ချက်အား အလွန်ကြိုက်နှစ်သက်မည်ကို နေ့လည်ကအဖြစ်အပျက်ကြောင့် သတိထားမိပြီးဖြစ်သော်လည်း ယခုသူသည် သူ့အလိုဆန္ဒထက် သူမအပေါ်ပိုလိုက်လျောနေသည်အားတွေ့လိုက်ရာ သူမနှလုံးအိမ်မှာ တသိမ့်သိမ့်တုန်ယင်သွားရ၏။ ယခင်ကသူမအား ဂရုစိုက်ပေးတတ်သည်မှာ အဘွားတစ်ယောက်သာရှိခဲ့ဖူးသော်လည်း လက်ရှိယီချန်၏အပြုအမူမှာ သူမအားအဘွားရှိစဉ်ကအတိုင်း အလိုလိုက်ခံနေရသလို ခံစားမိစေသည်။ ကျားလိမှာ ထိုအတွေးကြောင့် ရယ်လိုက်မိ၏။ သူမအား ယီချန်ကစနောက်သည်မှာမလွန်ပေ။ သူမသည် သူမထက်ငယ်သော ကောင်စုတ်လေး၏ အကူအညီကိုယူနေရသည်မဟုတ်ပါလား။
ယီချန်မှာ ကျားလိက မည်သည်တို့ကိုတွေးကာ သဘောကျနေသည်မှန်းမသိသော်လည်း သူမလေး၏ပြုံးနေသော မျက်နှာအားကြည့်ကာသူပါလိုက်ပြုံးမိသွားသည်။ ကျားလိမှာ ယီချန်၏ပန်းကန်ထဲသို့ သူမအတွက်ထည့်ပေးထားသော ခရုသားတစ်ဖက်ထည့်ပေးလိုက်၏။ ကျားလိမှာ ယီချန်အခွံထုတ်ပေးထားသည့် ခရုအား ယီချန့်ထံပြန်ထည့်ပေးလိုက်မိ၍ မျက်နှာပူသွားရသော်ငြား သူမလုပ်ရပ်ကြောင့် ကြောင်အမ်းသွားရကာ သဘောတကျရယ်၍ အားပါးတရစားနေသော ယီချန်ကြောင့် ကျေနပ်သွားတော့သည်။ တစ်ဖက်ရှိ အမေယီမှာတော့ သူတို့နှစ်ယောက်ကြားရှိ အပြုအမူလေးကို ဖမ်းမိလိုက်ရာ အံ့ဩသွားရ၏။ ယီချန်အိမ်ပြန်ရောက်သည်မှာ နှစ်ရက်သာရှိသေးသော်လည်း သူတို့နှစ်ယောက်မှာ ထိုမျှထိရင်းနှီးနေချေလေပြီ။
အမေယီမှာ ယီချန်အားစိုက်ကြည့်ရင်း သူ့မျက်လုံးများထဲရှိ အဓိပ္ပာယ်ကိုနားလည်သွားကာ စိတ်ပူသွားရ၏။ သူမသားဖြစ်သူမှာ ကျားလိအားချစ်မြတ်နိုးနေဟန်ပေါ်သည်။ သို့သော် သူမတို့မိသားစုမှာ လယ်သမားများဖြစ်နေသည်ကိုအသာထား ယီချန်၏လက်ရှိအနေအထားဖြင့် ကျားလိလိုမိန်းကလေးမျိုးအား မျှော်မှန်းနေသည်မှာ ကိုယ့်နာကျင်မှုကို ကိုယ်တိုင်ဖန်တီးယူသလို ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် အမေယီမှာ သူမသားဖြစ်သူနှင့်စကားပြောရန် အချိန်ယူရမည်ဟု မှတ်ထားလိုက်သည်။
ရှောင်စန်းတို့မှာ ငယ်ရွယ်သေး၍ ဝိုင်မသောက်ရသေးပါသော်လည်း အမေယီ၊ရှောင်ဟွေ့၊ယီချန်နှင့် ကျားလိတို့မှာ ပင်လုံးကြိုင်ဝိုင်အား နှစ်နှစ်ခြိုက်ခြိုက်သောက်ဖြစ်ကြ၏။ ကျားလိမှာတော့ အရက်ပါဝင်မှုနည်းနည်းဖြင့် မွှေးပျံ့ချိုမြိန်နေသော ပင်လုံးကြိုင်ဝိုင်အား အကြိုက်တွေ့ကာ တစ်ခွက်ပြီးတစ်ခွက်မော့ချတော့သည်။ ယီချန်မှာ သူမမူးသွားမည်အား စိုးရိမ်ပါသော်လည်း စားပွဲသိမ်းချိန်အထိ သူမမှာမျက်နှာတစ်ချက်ပျက်မသွားပါပေ။
အမေယီမှာ ရှောင်ဟွေ့တို့ သိမ်းဆည်းရှင်းလင်းနေသည်ကိုကြည့်ကာ ယီချန်အားလှမ်းခေါ်လိုက်၏။
"အားချန် မင်းအမေ့အခန်းဆီလာခဲ့ပါဦး ပြောစရာလေးရှိလို့"
ယီချန်မှာ အမေယီအားကြည့်လိုက်ရာ မျက်နှာမကောင်းဖြစ်နေ၍ သူပေးခဲ့သည့်ငွေနှင့်မလောက်သောကြောင့်လား ဟုတွေးကာ အမေယီနောက်လိုက်ကာ အခန်းထဲဝင်ထိုင်လိုက်သည်။ အမေယီမှာ ယီချန်ထိုင်ချသည်ကို မြင်သည်နှင့် လိုရင်းအားတန်းမေးေတာ့၏။
"အားချန် မင်းရှောင်ကျားအပေါ် သဘောထားတစ်ချို့ရှိနေတာလား"
ယီချန်မှာ အမေယီ၏စကားကြောင့် ကြောင်အမ်းသွားရသော်လည်း ဤရက်ပိုင်းတွင်း ရှုပ်ထွေးနေခဲ့သော ခံစားချက်မှာ အဖြေရှာတွေ့သွားရလေပြီ။
*အဲ့ဒါက အချစ်ပဲ....ငါက လိလိကို ချစ်မိသွားခဲ့တာလား။ အချစ်ဆိုတာဒီလိုမျိုးလေးပေါ့လေ*
ယီချန်မှာ သူ့ခံစားချက်ကိုနားလည်သွားခဲ့သော်လည်း ထိုခံစားချက်အားငြင်းပယ်ရန် စိတ်ကူးမရှိသည့်အပြင် ပျူငှာစွာပင် ကြိုဆိုချင်ပါသေး၏။ နှစ်ဘဝတိုင်နေခဲ့ဖူးသည့်သူအနေဖြင့် သူမတွေ့ကြုံဖူးသေးသည့် အရာရာတိုင်းအပေါ် စီးမျောနေချင်မိပါသည်။ ထို့အပြင် ကျားလိနှင့်သူ၏ဆက်ဆံရေးမှာ လက်ရှိသူကိုယ်တိုင်နှင့်သာသက်ဆိုင်သောကြောင့်လည်း ဝတ္တရားဆိုသည်ထက်ပိုမိ၏။ ထိုအချက်ကြောင့်လည်း သူမအပေါ် ပိုပွင့်လင်းခဲ့မိတာလည်း ဖြစ်နိုင်ပါသည်။ ယီချန်မှာ သူ့ခံစားချက်အား နားလည်လိုက်သည်နှင့် အချိန်ဆွဲနေရန်အတွေးမရှိပေ။
"ဟုတ်ပါတယ် ကျွန်တော်လိလိကို မြတ်နိုးနေပါတယ်။ တစ်သက်တာလက်တွဲဖို့ထိရည်ရွယ်ထားတာမလို့ အမေ့စိတ်ထဲတစ်ခုခုပြောချင်တာရှိရင် ပြောလိုက်ပါ"
အမေယီမှာ သူမသားဖြစ်သူက ရှောင်ကျားအား သဘောကျနေသည်ဆိုသည်ကြောင့် ဝမ်းသာအားရဖြစ်မိသော်လည်း သူမတို့အနေအထားအပြင် ယီချန်၏အခြေအနေကြောင့် မထိုက်တန်သလိုခံစားနေရသည်။ ထို့ကြောင့် သားဖြစ်သူအားနားချကြည့်ရန်ကြိုးစားလိုက်၏။
"အားချန် တစ်ကယ်တော့ အမေရှောင်ကျားကို ချွေးမတော်ချင်တဲ့စိတ်ကူးက အရင်ထဲကရှိခဲ့ပါတယ်။ ဒါပေမယ့် အမေတို့ရဲ့ အနေအထားက သူမနဲ့ဆို သိပ်ကွာခြားလွန်းတော့ အခုချိန်မှာစိတ်ထဲမထားပေမယ့် အချိန်ကြာလာရင် မင်းသိမ်ငယ်စိတ်ဝင်လာမှာကို အမေမဖြစ်စေချင်ဘူး။ အားချန် အမေရှင်းရှင်းလင်းလင်းပြောပြရရင် အမေတို့ကိုနှိမ်ချဆက်ဆံကြမှာကို စိတ်ထဲထည့်မထားပေမယ့် မင်းဆီကိုတော့ အဲ့ဒုက္ခမျိုးမရောက်လာစေချင်တာ အမှန်ပဲ။ အားချန် အမေတို့မင်းအပေါ် အကြွေးတွေအများကြီးတင်ခဲ့ပြီးသလို မင်းလည်းအများကြီးခံစားခဲ့ရပြီးပြီ။ မင်းကို အဲ့လိုစိတ်ညစ်စရာတွေ ထပ်မကြုံတွေ့စေချင်တော့ဘူး။ အေမမင်းကိုအခြားရွေးချယ်စရာတစ်ခုခု ရှာစေချင်တယ်။ ပြီးတော့ မင်းရဲ့ကျန်းမာရေးအခြေအနေကလည်း သူမရဲ့ကျန်တဲ့မိသားစုတွေရဲ့အမြင်မှာ ပြောစရာတစ်ခုဖြစ်နေလိမ့်မယ်"
ယီချန်မှာ အမေယီအား မည်မျှပင်မသိမ်ငယ်ရန် နှစ်သိမ့်ခဲ့စေကာမူ သူတို့မိသားစု၏လက်ရှိအခြေအနေအရ သူမမယုံကြည်နိုင်ဖြစ်နေသည်မှာ ဖြစ်သင့်ပါ၏။ သူ၏ကျန်းမာရေးအခြေအနေကတော့ ယီချန်မှာ ကျားလိကသိနှင့်ပြီးဖြစ်သည်ဟု ခံစားနေရသည်။ မည်သို့ပင်ဆိုစေကာမူ သူမမှာ နိုင်ငံခြားမှပညာသင်ကြားလာသူဖြစ်၍ ပို၍အတွေ့အကြုံရှိနေမည် မဟုတ်ပါလော။ သို့သော် ဤနားလည်မှုမှာ သူတို့ကြားတွင်သာ တိတ်တဆိတ်ထားရှိထားသည်။ လက်ရှိအေရးကြီးသည်မှာ အမေယီမှသူ့အပေါ်ယုံကြည်ဖို့ကိုပင်။ ထို့ကြောင့် သူသည် မှောင်ခိုဈေးတွင်ရောင်းရသည့် ငွေပမာဏနှင့် အနာဂတ်အစီအစဉ်တစ်စိတ်တစ်ပိုင်းတို့ကို အပေါ်ယံမျှသာရှင်းပြလိုက်သည်။
အမေယီမှာတော့ ယီချန့်စကားဆုံးသွားသည်ကိုတောင် အသိပြန်ဝင်မလာနိုင်သေးပေ။ ရှောင်စန်းသည်လည်း မှောင်ခိုဈေးတွင် အရောင်းအဝယ်လုပ်နေ၍ အမြတ်များများစားစားရသည်ကို သူမသိထားသော်လည်း ယီချန်ပြောသောပမာဏမှာ သူမမမျှော်မှန်းခဲ့ဖူးသော ပမာဏပင်။ ယီချန်မှာ အမေယီ၏အခြေအနေကိုကြည့်ကာ ဆက်နားချလိုက်သည်။
"အခု ကျွန်တော်ဘာလို့ ယုံကြည်ချက်တွေရှိနေရတာလဲဆိုတာကို အမေသိပြီလား။ ဒီငွေတွေနဲ့ဆို ကျွန်တော်တို့တွေ ရှန်ဟိုင်းမှာတောင် အဆင့်အတန်းရှိရှိနေနိုင်နေပြီ။ အခုကျွန်တော် စီစဉ်နေတာတွေကလည်း ငွေအရင်းအမြစ်ကို ပွင့်ပွင့်လင်းလင်းချပြနိုင်အောင်လို့ပါ။ အစီအစဉ်သာအောင်မြင်သွားရင် ကျွန်တော်တို့မိသားစုလည်း လူချမ်းသာတွေကြားမှာ ရဲရဲကြီးခေါင်းမော့လျှောက်နိုင်သွားမှာ။ အဲ့လိုသာဆို အမေလည်း လိလိအတွက်ပြန်ထောက်ပံ့သွားနိုင်ပြီလေ။ အရင်ရက်တွေက ကူညီဖေးမခဲ့တဲ့ သူမရဲ့ကျေးဇူးကြွေးတွေကို စိတ်ဖြောင့်ဖြောင့်နဲ့ဆပ်လိုက်ပေါ့"
ယီချန်သည် အမေယီမှကျားလိ၏ကိစ္စနှင့်ပက်သက်လျှင် ပျော့ညံ့သွားတတ်ကြောင်းသိနေ၍ ထုတ်ပြောလိုက်ရခြင်းပင်။ သို့သော် သူ့စကားမှာ အရာရောက်သွားပါ၏။ အမေယီမှာ ယီချန်ပြောသလိုသာ အဆင်ပြေသွားခဲ့လျှင် သူမတို့လည်း ကျားလိအပေါ်ပြန်ကူညီနိုင်တော့မည် ဖြစ်ကြောင်းနားလည်သွားပြီး ဝမ်းသာအားရဖြစ်သွားတော့သည်။ ဒီလိုသာဆို သူမလည်းကျားလိအားချွေးမတော်ရမည့်အပေါ် စိတ်သန့်သန့်ထားနိုင်သွားလေပြီပင်။ သို့သော် သူမစိတ်ထဲထင့်နေသည်အား ထုတ်မေးလိုက်၏။
"အမေတို့စီစဉ်ထားတာကတော့ ဟုတ်ပါပြီ။ ဒါပေမယ့် မင်းကရှောင်ကျားအကူအညီယူနေပြီး တစ်ဖက်မှာ သူမကိုနှစ်သက်ကြောင်းပြောလိုက်ရင် သူမအနေနဲ့ မင်းကိုအခွင့်အရေးသမားလို့ထင်မသွားနိုင်ဘူးလား"
ယီချန်မှာ အမေယီ၏စကားကြောင့် အသာရယ်ရင်းပြန်ဖြေလိုက်သည်။
"အမေပဲ လိလိကထက်မြက်တဲ့ကလေးမလေးပါဆို။ အဲ့လိုဆိုမှတော့ ကျွန်တော့်ရဲ့အတွေးအမြင်တွေကိုလည်း သူမကကျိန်းသေသဘောပေါက်မှာပါ"