← Chapters

Chapter 65

Vol. 7 Ch. 65

Chapter 65

Vol. 7 Ch. 65

ကျားလိမှာ ယီချန့်အကြည့်ကြောင့် နှလုံးခုန်သံများမြန်ဆန်လာရပြီး သားရဲကြီးတစ်ကောင်၏ စောင့်ကြည့်ခံနေရသလို ခံစားမိလိုက်၏။ ယီချန်မှာ ကျားလိအား ထပ်မခြောက်လှန့်တော့ဘဲ သူမခေါင်းလေးအား အသာပုတ်ကာ ပြောလိုက်သည်။

"သွားအိပ်ချည်တော့။ ညလေက တအားအေးတာ ကိုယ်မင်းကို နေမကောင်းမဖြစ်စေချင်ဘူး"

ကျားလိလည်း ယီချန့်စကားအား ခေါင်းညိတ်လက်ခံကာနှုတ်ဆက်လိုက်၏။

"ကောင်းသောညပါ ယီချန်"

ယီချန်မှာ ကျားလိစကားကြောင့် ကျေနပ်သွားရကာ အပြုံးကြီးဖြင့် ပြန်ဖြေပေးသည်။

"ကောင်းသောညပါ ကိုယ့်ရဲ့ရှောင်မိန်လိ"

(A/N-ရှောင်မိန်လိ=အလှလေးလိ)

ကျားလိမှာ ယီချန့်စကားကြောင့် အသာရယ်လိုက်မိကာ သူ့စကားအတိုင်း အိမ်ထဲဝင်ရန် ပြင်စဉ် ယီချန်ကလှမ်းပြောလာ၏။

"ဪ..ဒါနဲ့လေ..."

ကျားလိမှာ ယီချန်ဘက်ပြန်လှည့်ကြည့်ကာ တံခါးမကြီး‌ေဘာင်တွင်မှီ၍ မေးဆတ်၍ စကားဆက်လိုက်သည်။

"အွန်းးး ဒါနဲ့ဘာလဲပြောလေ"

"ကိုယ်က ကိုယ့်ခံစားချက်တွေကို ဝန်မခံရဲတာမဟုတ်ဘူးနော်။ ဝန်ခံဖို့မထိုက်တန်ဘူးထင်လို့ ထုတ်မပြောခဲ့တာ။ ဒါပေမယ့် ကိုယ်ထုတ်ပြောလာတဲ့အချိန်ကျ တန်းပြီးတုန့်ပြန်ပေးနိုင်အောင် ကြိုစဉ်းစားပေးထားပေါ့"

ကျားလိမှာ ယီချန်စကားအား အပြုံးလေးဖြင့်ပြန်ဖြေလိုက်၏။

"အရင်စောင့်ကြည့်ရသေးတာပေါ့"

ယီချန်မှာ လက်ညှိုးနှင့်လက်ခလယ်အားမြှောက်ကာ နဖူးနှင့်အသာထိပြီး အလေးပြုနှုတ်ဆက်ဟန်လုပ်ရင်း မျက်စိတစ်ဖက်အားမှိတ်၍ အဖြေပြန်ပေးခဲ့သည်။ ထို့နောက်သူ့အခန်းဆီပြန်ရောက်သည်နှင့် ပင်လုံးကြိုင်ဝိုင်ပုလင်းများအား ထုတ်ကာသောက်နေလိုက်၏။ ညပိုင်းတွင် ဝိုင်ထပ်သောက်လိုက်သောကြောင့် ယီချန်မှာအိပ်ရာထနောက်ကျသွားသည်။ ပြင်ဆင်ဖြီးလိမ်းပြီးထွက်လာချိန်တွင်တော့ ခြံထဲတွင်ကင်မရာတစ်လုံးဖြင့် အလုပ်ရှုပ်နေသည့် ကျားလိနှင့် ပို့စ်အလန်းစားများပေးကာ ယောက်ယက်ခတ်နေကြသော ကလေးအုပ်စုအားတွေ့လိုက်ရ၏။ ယီချန်မှာ ကျားလိလက်ထဲရှိ ပိုလာရွိုက်ကင်မရာအားကြည့်ကာ သိချင်စိတ်ဖြင့် လှမ်းမေးလိုက်သည်။

"လိလိ အဲ့ဒီကင်မရာက နိုင်ငံခြားကနေပြန်ယူလာတာလား"

တည်ငြိမ်နေသော ကျားလိ၏မျက်နှာသည် မနေ့ညတွင်ရှိခဲ့သော သူတို့စကားဝိုင်းလေးက သူမအပေါ်သက်ရောက်မှုရှိမနေသည့်အလားပင်။

"ဟုတ်တယ် ဓာတ်ပုံကအဖြူအမည်းပဲထွက်တာဆိုပေမယ့် အမှတ်တရတော့ဖြစ်သွားတာပေါ့။ ရှင်လည်း ဓာတ်ပုံရိုက်ချင်လို့လား ကျွန်မရိုက်ပေးမယ်လေ"

ယီချန်မှာကျားလိစကားကြောင့် ကြောင်အမ်းသွားရပြီးနောက် ရှက်ရွံ့သွားကာ သူမကိုတော့မနိုင်ဘူးဆိုသည့်ဟန်ဖြင့် ကောင်းကင်ကိုမော့ကြည့်ပြီး နူးနူးညံ့ညံ့လေးပြောလာသည်။

"လိလိရေ ဟူးးနောက်နှစ်ရက်နေရင် ကိုယ်တို့ခွဲရတော့မယ်ဆိုတော့ မင်းဆီမှာအလွမ်းပြေကြည့်ရအောင် ကိုယ့်ဓာတ်ပုံကို သိမ်းထားချင်ပါတယ်ဆိုပြီး ပွင့်ပွင့်လင်းလင်းတောင်းဆိုလို့ရပါတယ်ကွာ။ ကိုယ့်အပေါ် အိုးပူကြီးလာမတင်နဲ့လေ....အဟမ်းး ရိုက်မယ်ဆိုဘယ်ဘက်ခြမ်းကနေ ရိုက်ပေးနော်။ ကိုယ့်ရဲ့ဘယ်ဘက်ခြမ်းကပိုပြီး ဆွဲဆောင်မှုရှိတာဆိုတော့လေ"

ယီချန်မှာ ကျားလိအားရှုထောင့်ရွေးရန်ပြောပြီး ဘောင်းဘီအိတ်ထဲလက်တစ်ဖက်ထည့်ကာ ကျန်တစ်ဖက်ကဘာတွေတွေးနေမှန်းမသိရပဲ မေးကိုပွတ်ရင်း ရပ်နေ၏။ အချိန်အ‌ေတာ်ကြာသည်ထိ ရှပ်တာနှိပ်သံမကြား၍ လှည့်ကြည့်လိုက်ကာမှ ကျားလိကချက်ကနဲ ဓာတ်ပုံရိုက်လိုက်သည်။ ယီချန်မှာတော့ ကျားလိလုပ်ရပ်ကြောင့် မကျေမနပ်ဖြစ်သွားရကာ သူမထံမျက်လုံးများမှေးကာကြည့်လာ၏။ ကျားလိလည်း ထိုမကျေနပ်မှုအား သတိထားမိ၍ အမြန်လျှောက်လဲချက်တင်လိုက်သည်။

"ရှင့်ရဲ့မျက်နှာအကုန်လုံး‌ေပါ်တဲ့ပုံမျိုးလိုချင်လို့ပါ။ ခုနကရှင်ရပ်နေတဲ့အတိုင်းဆို ရှင့်ရဲ့မျက်နှာကတစ်ဝက်ဘဲပေါ်နေတော့မှာလေ"

ယီချန်မှာ ကျားလိ၏လျှောက်လဲချက်ကြောင့် ဟမ့်ကနဲနှာမှုတ်လိုက်သော်လည်း ကျေနပ်သွားမှန်းသိသာလေရာ ကျားလိလည်းသက်ပြင်းချလိုက်မိသည်။ ထိုသို့လုပ်ပြီးကာမှ သူမကိုယ်သူမအံ့ဩသွားရ၏။ သူမသည် ဘာကြောင့်များ သူမကျေမနပ်ဖြစ်သည်ကို မမြင်ရက်နိုင်ရသည်နည်း။

*အွီး...ဒီကောင်ဆိုးလေးကတော့ တော်တော်အန္တရာယ်များတာပဲ*

ထိုစဉ်အမေယီမှ အိမ်မကြီးဘက်ကနေ လှမ်းအော်လာ၏။

"မနက်စာစားကြမယ်ဟေ့"

ယီချန်လည်း စားပွဲဝိုင်းတွင်ဝင်ထိုင်ရင်း ဟင်းပွဲကူချပေးနေသော ပါလေရာရှောင်စန်းအားကြည့်ကာ ထူးဆန်းနေဟန်ဖြင့်မေးလိုက်၏။

"လောင်စန်း မင်းကငြိမ်ချက်သားကောင်းလှချည်လား။ ဟိုမှာ လောင်အာ့တောင်ဓာတ်ပုံဝင်ရိုက်နေတာကို မင်းကအေးအေးဆေးဆေးဟင်းချက်နိုင်တယ်ပေါ့လေ"

ရှောင်စန်းမှာ ယီချန်၏စကားကြောင့် သဘောတကျရယ်ရင်း ပြန်ဖြေလာသည်။

"မဟုတ်ပါဘူး တကောရဲ့။ ကျားလိကျဲက အရင်ဆုံးကျွန်တော်ဟင်းချက်နေတဲ့ပုံတွေကို လာရိုက်ပေးတာလေ။ နောက်မှလောင်စစ်တို့တွေမြင်ပြီး သူတို့ပါဝင်ပူးပေါင်းလာတာ။ အမေ့ကိုတောင် ဓာတ်ပုံရိုက်ပေးထားသေးတယ်။ ကျွန်တော်တို့ရိုက်ထားတဲ့ ပုံတွေကို သေချာသိမ်းထားပြီးပြီလေ။ တကောက အအိပ်မက်နေတာကိုး"

"အဲ့တော့ ငါကနောက်ဆုံးလူပေါ့လေ"

ရှောင်စန်းကသူ၏အစ်ကိုကြီးမှာ ဘာကြောင့်ဒေါသထွက်လာရသည်ကို မသိပေမယ့် သူ၏စိတ်အခြေအနေတိုးတက်လာစေရန် ယို့ထောင်တစ်ခု ပိုထည့်ပေးလိုက်သည်။ ထိုအခါမှ ယီချန်လည်း သူကလေးဆန်လွန်းနေကြောင်း သတိထားမိသွား၏။

*ပြဿနာပဲ ..... ငါ့ရဲ့မှီခိုအားထားစရာကောင်းတဲ့ ပုံရိပ်ကြီးက ဘယ်အချိန်ကတည်းကပျောက်သွားခဲ့တာလဲ။ ကြည့်ရတာ လူတစ်ယောက်က ချစ်မိသွားရင် ကလေးဆန်သွားတတ်တယ်တဲ့။ အဲ့စကားက မှန်နေပုံပဲ။ ဒါပေမယ့် လိလိကျတော့ ဘာလို့တည်ငြိမ်နေရတာလဲ။ သူမကငါ့ထက်တောင် ငယ်သေးတာကိုလေ။ သူမကငါ့ကို မချစ်လို့များလား*

ကျားလိစားပွဲတွင် ဝင်ထိုင်လိုက်သည်နှင့် ယီချန်၏မျက်စောင်းက သူမထံဒိုင်းကနဲရောက်ချလာသည်။ ကျားလိလည်း ယီချန်၏စိတ်အခြေအနေကို နားမလည်နိုင်တော့ပဲ ရှောင်စန်းအားမျက်လုံးမှတစ်ဆင့် အကူအညီတောင်းလိုက်ရာ ‌သူလေးသည်လည်း ပုခုံးသာတွန့်ပြလာ၏။ ထိုစဉ် အမေယီတို့လည်းစားပွဲတွင် ဝင်ထိုင်လာကာ မနက်စာစားရန်ပြင်စဉ် ယီချန်၏မသာမယာဖြစ်နေသော မျက်နှာကြောင့် စိုးရိမ်တကြီးမေးလိုက်သည်။

"အားချန် မင်းခေါင်းကိုက်နေလို့လား။ တစ်နေရာရာက အဆင်မ‌ေပြဖြစ်နေရင် အမေ့ကိုပြောနော် အချိန်မနှောင်းခင် ဆေးရုံသွားကြရအောင်လို့"

ယီချန်လည်း အမေယီ၏စကားကြားမှ အမူအယာပြင်ကာ နှစ်သိမ့်ပေးလိုက်ရပြန်၏။ ထိုသို့ဖြင့်နောက်ဆုံးယီချန် ရှန်ဟိုင်းမသွားခင်ညသို့လျင်မြန်စွာရောက်ရှိလာသည်။ ကွပ်ပျစ်‌ေလး‌ေပါ် ထိုင်နေသည့် ကျားလိမှာ သူမဘေးရှိလူထံပြောလိုက်၏။

"ကျွန်မဦးလေးကို လှမ်းဆက်သွယ်ထားပြီးပြီ။ ရှင်ရှန်ဟိုင်းဘူတာကနေ ဆင်းတာနဲ့ဦးလေးရဲ့လက်ထောက်က လာကြိုပေးလိမ့်မယ်။ ဦး‌ေလးနဲ့တွေ့ရင်လည်း ရှင်ဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်းပြောပြီး ဆွေးနွေးလို့ရတယ်။ သူလည်း သူတတ်နိုင်သလောက်လုပ်ပေးမှာပါ။ နေဖို့ထိုင်ဖို့ကလည်း ရှန်ဟိုင်းမှာရှိတဲ့ကျွန်မအိမ်မှာပဲ နေလိုက်ဦးပေါ့။ ‌ေနာက်မှ ရှင့်စိတ်ကြိုက်အိမ်ဝယ်ချင်ဝယ်လေ။ ဒါ‌ေပမယ့်ကျွန်မတို့တွေ ရှန်ဟိုင်းလာရင်လည်း အဲ့အိမ်မှာပဲနေဖြစ်ကြမှာပါ။ ဦးလေးပြောတာက ကျွန်မအိမ်မှာ အလုပ်ကူလုပ်ပေးဖို့ ခေါ်ထားတဲ့လူတွေရှိတယ်တဲ့။ အဲ့တော့ ရှင်လည်း တစ်ယောက်တည်း အထီးကျန်မနေရတော့ဘူးပေါ့။ အိမ်မှာ တယ်လီဖုန်းလည်း တပ်ထားတာမလို့ ရှင်အကျိုးအကြောင်းလှမ်းဆက်ပြောချင် ပြောလို့ရတယ်နော်"

ယီချန်လည်း ကျားလိ၏အစစအရာရာစီစဉ်ပေးမှုကြောင့် ရင်ထဲနွေးထွေးသွားရသည်။ ထို့ကြောင့် သူသည်ကျားလိအား စနောက်ချင်လာပြီး ရွှတ်နောက်နောက်ပြောလိုက်၏။

"အိုးး ‌ချမ်းသာတဲ့မိသားစုကသခင်လေးတွေ ပျက်စီးသွားကြတာ ဖြစ်နိုင်သားပဲ။ နောက်ခံကောင်းကောင်းရှိတာ တစ်ကယ်အဆင်‌ေပြတာပဲနော်"

ကျားလိမှာ ယီချန်၏‌စကားကြောင့် အသာပြုံးလိုက်မိသည်။ ယီချန်မှာ ကျားလိအားကြည့်ကာ သူ့အစီအစဉ်များအား ပြောပြလာ၏။

"ကိုယ့်မှာ လယ်ထွက်ပစ္စည်းကောင်းတွေရနိုင်တဲ့ အရင်းအမြစ်တစ်ခုရှိထားတယ်လေ။ အဲ့တော့ ကိုယ်ကဆိုင်ခန်းငယ်‌ေလး‌ေတွနဲ့ ဈေးကြီးတစ်ခုဖွင့်ချင်တာ။ အရင်ကကိုယ်နဲ့ရင်းနှီးတဲ့ ‌ေဈးသည်တွေဆီ ဆိုင်ခန်းလေးတွေငှားပြီး လုပ်ငန်းစရမှာပေါ့။ နောက်ပိုင်း လုပ်ငန်းတည်ငြိမ်သွားရင် မြေနေရာကျယ်ကျယ်တစ်ခုဝယ်ရမယ်။ ကိုယ့်ရဲ့စီးပွားရေးရည်မှန်းချက်က အထူးခြားဆုံးအိမ်ရာဝန်းတစ်ခုကို တည်ဆောက်ဖို့လေ။ အိမ်ရာဝန်းထဲတင် ဈေးရော ကျောင်းရော ဆေးရုံ ပန်းခြံ ကစားကွင်း အစုံရှိနေရမယ်ပေါ့။

ပြီးရင် ကိုယ်ကစိုက်ပျိုးရေးကိုပါ ထည့်ထားဖို့စီစဉ်ထားတယ်။ ကိုယ်တို့လယ်မြေတွေကထွက်တဲ့ ပစ္စည်းတွေကို အိမ်ရာဝင်းထဲက လူတွေဆီဖြန့်ဝေမှာပေါ့။ အဲ့ဒီအစီအစဉ်သာအောင်မြင်ခဲ့ရင် ကိုယ်တို့ရဲ့အနာဂတ်မှာ လက်ကမ်းပေးနိုင်မယ့် လက်တံရှည်ရှည်အကောင်ကြီးတွေကို မိတ်ဖွဲ့နိုင်မှာပဲ"

ကျားလိသည် သူမကစီးပွား‌ေရးအ‌ေကြာင်း နားမလည်သည်ကိုပြောထား‌ေသာ်လည်း ယီချန်မှသူ၏အစီအစဉ်များကို ဖွင့်ဟရှင်းပြလာသည့်အတွက် အံ့ဩမိသလို ကျေလည်းကျေနပ်သွားရသည်။ ယီချန်နှင့်သူမသည် တစ်ယောက်နှင့်တစ်ယောက်သိသည့်အချိန်မှာ မကြာသေးသော်လည်း သူနှင့်အတူရှိချိန်တိုင်းတွင် နှစ်ပေါင်းများစွာအတူရှိခဲ့ကြသည့် လူများလိုခံစားနေရ၏။ ယီချန်အား ကူညီဖို့ဆုံးဖြတ်လိုက်သည်မှာလည်း ထိုခံစားချက်ကြောင့်အပြင် သူမအပေါ်ထားသည့်သူ၏သဘောထားကို တန်ဖိုးထားမိ၍လည်းဖြစ်သည်။

ယီချန်မှာသူမအားစိတ်ပျက်အောင်မလုပ်ဟု သူမနှလုံးသားမှ‌ေန ယုံကြည်နေမိသလို အနာဂတ်၌ သူမအပေါ်ယူဆောင်လာမည့် သူ၏အံ့ဩစရာဖြစ်ရပ်များကို သိချင်စိတ်ရှိနေမိ၏။ ယီချန်သာ သူမအပေါ် မဝံ့မရဲမဖြစ်ခဲ့ပါလျှင် ကျန်ရှိသေးသော သူမဘဝလေးအား သူနှင့်အတူရေးဆွဲသီကုံးချင်မိပါသည်။ အချိန်ဆိုသည်မှာ ရှုပ်ထွေးလွန်းလှ၍ လှိုင်းလေးဒဏ်များအား သူ၏စိတ်ကခံနိုင်ရည်ရှိနေ‌ေစရန် သူမမျှော်လင့်မိ၏။ အဘယ်ကြောင့်ဆိုသော် သူမသည်လည်း သူ့အပေါ်မြတ်နိုးမိသွား၍ပင်။

"ရှင်အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်နော်"

"ကိုယ်လည်း အချိန်တိုအတွင်း အောင်မြင်ပါစေလို့ ကိုယ့်ကိုကိုယ်ဆုတောင်းမိတယ်"

ကျားလိလည်း အပြုံးလေးဖြင့် ညကောင်းကင်ယံကြီးကိုကြည့်ကာ သက်ပြင်းချမိလိုက်သည်။

"ဒီညကောင်းကင်ကတော့ ကြယ်တွေနဲ့ လှနေတော့တာပဲ။ ဒီလို မြင်ကွင်းမျိုးကို အေးအေးဆေးဆေး မကြည့်ဖြစ်တာတောင် အတော်ကြာသွားပြီ"

ယီချန်မှာတော့ ကျားလိ၏ တလက်လက်တောက်ပနေသော မျက်ဝန်းအစုံအား မြတ်မြတ်နိုးနိုးစိုက်ကြည့်ရင်း နူးညံ့စွာပြောလိုက်သည်။

"ဟုတ်ပါ့ ကိုယ့်ရဲ့ကောင်းကင်ကြီးဆီက ကြယ်လေးတွေက အရမ်းကို တောက်ပလွန်းတော့ ကိုယ်လည်းအခွင့်ကောင်းယူပြီး အဲ့ကြယ်လေးတွေဆီ ကြွေဆင်းလိုက်ရင် ကောင်းမလားလို့လေ"

All Chapters