Chapter 66
Vol. 7 Ch. 66
ရှန်ဟိုင်းဘူတာရုံတွင်း ယီချန်ခြေချလိုက်သည်နှင့် ကျားလိပြောပြခဲ့သော လက်ထောက်ဟုန်ဟွေ့ဆိုသူကို လိုက်ရှာလိုက်သည်။ ယီချန်မှ ဟိုဟိုဒီဒီပတ်ရှာနေစဉ် အနက်ရောင်အမျိုးသားဝတ်ချုံဆမ်းအား ဝတ်ဆင်ထားသည့် လူတစ်ဦးကယီချန့်အား တားဆီးလာ၏။ ယီချန်မှ ထိုလူအားစကားမစခင် ထိုလူက ယီချန်အား ကြည့်ကာ အတည်ပြုလာသည်။
"ရဲဘော်ယီချန်လား မသိဘူး"
ယီချန်လည်း ထိုလူအားကြည့်ကာ ကျားလိပြောထားသည့်လက်ထောက်ဖြစ်လောက်မည်မှန်းသိလိုက်၍ ပြန်မေးလိုက်၏။
"ဟုတ်ပါတယ် ခင်ဗျားကလက်ထောက်ဟုန်ဟွေ့မလား"
ဟုန်ဟွေ့လည်းသူရှာနေသည့်လူဟုတ်နေ၍ သေချာမိတ်ဆက်လာသည်။
"ဟုတ်ပါတယ် ဟုတ်ပါတယ် ကျွန်တော်ကအတွင်းရေးမှူးလျို့ဇီရွေ့ရဲ့လက်ထောက်ဟုန်ဟွေ့ပါ။ ဆရာကမင်းကိုလာကြိုခိုင်းထားလို့လေ။ အရင်ဆုံးမင်းကိုအနားယူရမယ့်နေရာဆီပို့ပေးဖို့ ဆရာကခိုင်းထားပါတယ်။ သူနဲ့မနက်ဖြန်မှအေးဆေးလာတွေ့လို့ရပါတယ်တဲ့"
ယီချန်မှာ လျို့ဇီရွေ့၏တွေးတောတတ်မှုကြောင့် ကျေနပ်သွားရသည်။ ထို့ကြောင့်ဟုန်ဟွေ့အား ကျေးဇူးတင်စကားပြောကာ ကားရပ်နားသည့်နေရာဆီအတူသွားရင်း ဟုန်ဟွေ့ပြောသမျှကို နားထောင်လာလိုက်၏။
"ဒါဆိုကျွန်တော် မမလေးကျားရဲ့အိမ်ဆီ ပို့ပေးပါ့မယ်။ မနေ့ကတည်းက ရဲဘော်အတွက်စီစဉ်စရာရှိတာ စီစဉ်ထားပြီးပြီမလို့ တန်းအနားယူလို့ရတယ်နော်"
ယီချန်လည်း နားလည်ကြောင်းပြသရန် ခေါင်းသာငြိမ့်ပြလိုက်သည်။ ထို့နှင့် ဟုန်ဟွေ့မှာ ယီချန်အားကားပေါ်တက်ခိုင်းလိုက်ပြီး ကျားလိအိမ်ဆီမောင်းသွား၏။ မကြာခင် အုတ်တံတိုင်းမြင့်မြင့်ကာရံထားသောအိမ်တော်ကြီးတစ်ခုရှေ့တွင် ကားကရပ်တန့်သွားသည်။ ယီချန်မှာ ကားထဲမှဆင်း၍ သူ့အရပ်နှစ်ပြန်စာမျှမြင့်သော အုတ်တံတိုင်းကြီးအား ကြည့်ကာအံ့အားသင့်နေတော့၏။
ယီချန်ကိုယ်၌က ချမ်းချမ်းသာသာကြီးပြင်းလာခဲ့၍ သူမမြင်ဖူးသည့်အရာမရှိဟု ထင်ခဲ့မိသော်လည်း ယခုတော့သူ၏အမြင်မှာကျဉ်းနေသေးကြောင်းသိလိုက်ရသည်။ ဝင်ပေါက်တံခါးကြီးမှဝင်လာသော် အစောင့်များအတွက်ဖြစ်ဟန်တူသည့် အဆောင်ငယ်လေးများအား တွေ့ရပြီးနောက်ဝင်ပေါက်တစ်ခုအား ဖြတ်လိုက်သော် ယီချန်မှာ သူ့ကိုယ်သူရှေးခေတ်မင်းမှူးမတ်တို့၏ အိမ်တော်ကြီးထဲရောက်သွားသလို ခံစားမိနေတော့၏။
ဘေးတစ်ဖက်တစ်ချက်တွင် ရွှေဝါးပင်များကဖြောင့်တန်းစွာပေါက်ရောက်နေပြီး ကျောက်ပြားများခင်းထားသည့်လမ်းလေးကို ပို၍ခန့်ညားတင့်တယ်သွားေစသည်။ ထိုရွှေရောင်ဝါးတောအုပ်ကြီးမှာ အဆောင်ခန်းများအား လူမြင်ကွင်းမှဖုံးကွယ်ပေးထားသလိုမားမားမတ်မတ်ပေါက်ရောက်နေ၏။ ခြံဝင်းကြီးအလယ်ရှိ အဓိကအိမ်ဆောင်ကြီးဆီရောက်သော် ထိုနေရာဆီသွားရန်တံတားခုံးလေးတစ်ခုအား ဖြတ်သွားရပြန်သည်။
တံတားခုံးအောက်ရှိရေကန်လေးမှာ ကြည်လင်နေပြီး ကိုအီငါးအချို့ကကူးခတ်နေကြ၏။ တံတားအဆုံးတွင် ကြီးမားသော ပျိုနီပန်းချုံကြီးများက ဘေးနှစ်ဖက်တွင် အရောင်မျိုးစုံပွင့်လန်းကာအလှပြိုင်နေကြပြီး တတိုင်းမွှေးပန်းများကလည်း အပင်ထက်တွင်သိမ်မွေ့စွာ တည်ရှိနေသည်။ ယီချန်မှာတော့ ဤသို့သောခမ်းနားသည့်အိမ်တော်ကြီးမှာ အရှုပ်အထွေးကာလတွင်းမည်သို့ရှင်သန်ကျော်ဖြတ်ခဲ့ရမည်ကို သိချင်သွားမိ၏။
"လက်ရှိတော့ ဒီအဆောင်မှာနေကြည့်လိုက်ပေါ့။ နေသားမကျရင် နောက်အခန်းပြောင်းခိုင်းလိုက်လို့ရတယ်"
ဟုန်ဟွေ့မှာ အိမ်မကြီး၏ဟောခန်းအားဖြတ်၍ အိပ်ဆောင်တန်းများထဲရှိ အခန်းတစ်ခန်းဆီခေါ်သွားကာ ပြောလာသည်။ ယီချန်မှာအခန်းအား လှည့်ပတ်ကြည့်ရင်း အလွန်စိတ်ကျေနပ်နေကာ သူကိုယ်တိုင်အတွက်လည်း ဤကဲ့သို့အိမ်ဆောင်ဝင်းကြီးတစ်ခု ဆောက်လုပ်ရမည်ဟု တွေးလိုက်၏။ ဒီလိုဆို သူနှင့်လိလိတို့အပြင် သူတို့နှစ်ေယာက်၏ကလေးတစ်သိုက်ပါ လွတ်လွတ်လပ်လပ်နေလို့ရနိုင်မည်ပင်။
"ဒီအခန်းကိုကကောင်းနေပါပြီ။ ကျွန်တော်ထပ်မပြောင်းတော့ပါဘူး"
"ဒါဆိုကျွန်တော် အိမ်ကအလုပ်သမားတွေနဲ့ မိတ်ဆက်ပေးမယ်လေ"
ယီချန်တို့ အိပ်ဆောင်တန်းများမှထွက်ကာ ဟောခန်းမဆီပြန်ရောက်လာသော် ဟုန်ဟွေ့ပြောသည့်အလုပ်သမားများဖြစ်ဟန်တူသည့် သန်မာသောအမျိုးသားနှစ်ဦးနှင့် သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးကိုတွေ့လိုက်ရသည်။ ထိုလူသုံးယောက်မှာ ဟုန်ဟွေ့အားမြင်သည်နှင့် နှုတ်ဆက်လာကြပြီး ဟုန်ဟွေ့သည်လည်း ခေါင်းငြိမ့်အသိအမှတ်ပြုကာ သူတို့အားယီချန်နှင့် မိတ်ဆက်ပေးလာ၏။
"ရဲဘော်ယီချန် သူတို့နှစ်ယောက်က အိမ်တော်ရဲ့ အစောင့်တွေလေ။ အရပ်ပိုရှည်တဲ့တစ်ယောက်က တရှန်း နောက်တစ်ယောက်ကရှောင်ဖန့်။ သူမကမရီးဖျင် ထမင်းဟင်းချက်တဲ့နေရာနှင့် ဝင်ငွေထွက်ငွေဆန်းစစ်တဲ့နေရာမှာတာဝန်ယူတယ်။ သူတို့သုံးယောက်က အလုပ်သမားခေါင်းဆောင်တွေမလို့ သူတို့ကိုပဲ ရဲဘော်သိထားရင်ရပါပြီ။ ကျန်တဲ့အလုပ်သမားတွေက ခေါင်းဆောင်ပိုင်းဆီကနေတစ်ဆင့်သွားတာမလို့ သိမထားလည်းကိစ္စမရှိဘူးလေ။ အားလုံးပဲ ဒီကရဲဘော်က မမလေးကျားရဲ့မိတ်ဆွေယီချန်ပါ။ မမလေးက သူ့ကိုဂရုစိုက်ပေးဖို့မှာထားတာမလို့ ဒီရက်တွေထဲဂရုစိုက်ပေးလိုက်ကြပါဦး"
အလုပ်သမားခေါင်းဆောင်များမှာလည်း ယီချန်ကကျားလိမိတ်ဆွေဆိုသည်ကြောင့် ပို၍ဖော်ရွေစွာဆက်ဆံလာကြပြီး အကူအညီလိုအပ်ပါက ချက်ချင်းပြောပြရန် ပြောနေကြ၏။ ဟုန်ဟွေ့လည်း ယီချန်အနားမယူရသေးသည်ကို သိ၍အနားယူရန်ပြောကာ မနက်ဖြန်လာကြိုမည်ဖြစ်ကြောင်းအသိပေး၍ ပြန်ထွက်သွားတော့သည်။ နောက်နေ့၌ယီချန်မနက်စာစားပြီးချိန်တွင် ဟုန်ဟွေ့ရောက်လာပြီး ယီချန်အားခေါ်ကာ လျို့ဇီရွေ့၏ရုံးခန်းဆီခေါ်သွားလိုက်၏။ ရုံးခန်းဆီရောက်သော် ဟုန်ဟွေ့ကတံခါးခေါက်လိုက်ရာ လေးနက်တည်ကြည်သောအသံဖြင့် အထဲမှလူကဖြေလာသည်။
"ဝင်လာခဲ့ပါ"
လျို့ဇီရွေ့မှာ ရုံးခန်းထဲဝင်လာသည့်ယီချန်အား မြင်သော်မျက်ခုံးပင့်မိသွားသည်။ သူသည်ဤလူငယ်လေးအားဓာတ်ပုံထဲတွင် မြင်ဖူးသော်လည်း လက်တွေ့မြင်ရချိန်မှာတော့ ပို၍အသက်ဝင်တက်ကြွနေသည်ကို သတိထားမိလိုက်၏။ ယီချန်မှာလည်း တစ်ဖက်လူအပေါ်ပြန်၍ အကဲခတ်ကြည့်မိသည်။ ဤလူသည်ကျားလိ၏လက်ရှိအုပ်ထိန်းသူရာထူးအား ယူထားသူဖြစ်ရာသူမျက်ကွယ်ပြုထားနိုင်မည့်လူမဟုတ်ချေ။ ထိုလူ၏မျက်လုံးများထဲရှိ စူးရှပြတ်သားမှုအရိပ်အယောင်များမှာ အခက်အခဲများအားဖြတ်သန်းခဲ့ဖူးသူဖြစ်ကြောင်း သက်သေပြနေသည်။
ထို့ပြင်သူ့အရိုးများ၌ ထွင်းထုထားသလို မှန်ကန်ဖြောင့်မတ်ခြင်းအရှိန်အဝါများကဖြာထွက်နေရာ သာမန်လူတစ်ဦးသာဆိုလျှင် ဤလူနှင့်စကားပြောရန်ပင် သတ္တိအလုံအလောက်စုထားရမည်ပင်။ ယီချန်မှာတော့ ငယ်စဉ်ကတည်းမှ ထက်မြက်သူတစ်ယောက်ဖြစ်ကာ အစိုးရအရာရှိများနှင့် ပက်သက်ရသည့်အကြိမ်ရေကလည်း များစွာရှိဖူးသောကြောင့် သူတို့၏အရှိန်အဝါနှင့်ရင်းနှီးနေရာ လျို့ဇီရွေ့၏မာန်ဟုန်က သူ့အားမထိတ်လန့်စေနိုင်ပေ။ လျို့ဇီရွေ့မှာလည်း သူ့အားရှိန်မနေပဲ အကြည့်ချင်းဆုံရဲသည့် ယီချန်အား သဘောကျသွားခဲ့သည်။ ထို့ကြောင့် ညင်သာသောအပြုံးတစ်ခုဖြင့် ခုံပေါ်ထိုင်ရန်လက်ဟန်ပြလိုက်၏။ ယီချန်လည်း အနည်းငယ်ညွှတ်ကိုင်း၍ နှုတ်ဆက်ကာ ခုံပေါ်ထိုင်လိုက်သည်။
"မင်းနာမည်က ယီချန်နော်။ တွေ့ရတာဝမ်းသာပါတယ် ဦးလေးကိုလိလိခေါ်သလို ဦးလေးလျို့လို့ခေါ်ပေါ့။ လိလိကဦးလေးဆီ မနေ့ကဖုန်းဆက်ပြောထားလို့ အကြမ်းဖျင်းတော့သိထားပါတယ်။ မင်းကဈေးတန်းတစ်ခုလုပ်ဖို့ စီစဉ်နေတာဆို။ မင်းလည်းသိတဲ့အတိုင်းပဲ လက်ရှိအခြေအနေအရ ဈေးတန်းတစ်ခုမပြောနဲ့ ဆိုင်ငယ်လေးတစ်ခုဖွင့်ဖို့တောင် ခက်ခဲလွန်းနေတာလေ။ ဒါပေမယ့် လိလိကလည်းဒီကိစ္စအပေါ်အလေးထားပေးခဲ့လို့ ပိုလွယ်ကူသွားရတာ"
ယီချန်လည်း လျို့ဇီရွေ့ကသူ့အတွက်ရလာသည့် အခွင့်အရေးမှာမလွယ်ကူခဲ့ကြောင်းအသိပေးပြီး ကျားလိအပေါ်သိတတ်မှုရှိရန် သတိပေးနေခြင်းဖြစ်ကြောင်း နားလည်လေသည်။ ထို့ကြောင့် ယီချန်လည်း သူတို့အပေါ်ကျေးဇူးတင်ကြောင်းပြလိုက်ရ၏။
"ကျွန်တော်အနေနဲ့ လုပ်ငန်းစဉ်တွေကိုနားလည်မထားပေမယ့်လည်း လွယ်ကူမယ့်အရာမဟုတ်ဘူးဆိုတာ နားလည်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရှန်ဟိုင်းမှာ ကျွန်တော့်ထက်သာလွန်တဲ့ လူတွေရှိနေမှာပဲလေ။ သူတို့တောင် လုပ်ဆောင်ချက်မရှိသေးတာကို ကျွန်တော်ကရခဲ့တဲ့အတွက် လိလိနဲ့ဦးလေးလျို့တို့ တော်တော်အားစိုက်ထုတ်ခဲ့ရမှာပေါ့။ ဒီအတွက်လည်း ကျွန်တော့်လက်ရှိအေခြအေနအရ ကျေးဇူးတင်စကားပြောတာကလွဲလို့ ဘာလုပ်ဆောင်ချက်မှ ထုတ်မပြနိုင်သေးပါဘူး။ ဒါပေမယ့် ဦးလေးစိတ်မပူပါနဲ့ ကျွန်တော်ကတာဝန်မယူတတ်တဲ့လူမဟုတ်ပါဘူး။ ဒါပေါ့ ကျွန်တော်ပြောတာတွေက စကားအရပဲမလို့ ဘာမှထပ်မပြောတော့ပါဘူး။ ရှေ့လျှောက်မှာ ဦးလေးလျို့ကျွန်တော့်အပေါ် စောင့်ကြည့်နေနိုင်ပါတယ်"
လျို့ဇီရွေ့မှာ ယီချန်၏ထက်မြက်သောအကြည့်များအား ကြည့်၍ခေါင်းငြိမ့်ကာစကားဆက်ပြောလာသည်။
"မင်းဆီမှာ ကုန်ပစ္စည်းရင်းမြစ်လမ်းကြောင်းရှိပြီးသားလို့ကြားတယ်။ အဲ့ကိစ္စမှာဦးလေးတို့ဝင်မပါနိုင်ပေမယ့် မင်းရဲ့ကုန်ပစ္စည်းတွေထဲ အဆင့်မြင့်ထုတ်ကုန်နဲ့ တားမြစ်ထုတ်ကုန်(နိုင်ငံခြားကလာတဲ့ကုန်)တွေပါမလာအောင်တော့ စစ်ဆေးကြပ်မတ်ရမယ်နော်"
ယီချန်မှာ လက်ရှိကာလ၏နိုင်ငံရေးကို နားမလည်နိုင်သေးသည့်အပြင် ယခင်အချိန်ကလည်း စီးပွားရေးလောကဆီခြေဆန့်ရန်ပြင်နေတုန်းဖြစ်၍ စီးပွားရေးဖွံ့ဖြိုးမှုအကြောင်း ကောင်းကောင်းနားမလည်နိုင်သေးပေ။ ထို့ကြောင့် လျို့ဇီရွေ့၏စကားများမှာ သူ့အတွက်တော့သတင်းအရင်းအမြစ်များပင်။
"ဦးလေးလျို့ ကျွန်တော့်ကို လိုအပ်တာတွေပွင့်ပွင့်လင်းလင်းပြောပြလို့ရပါတယ်"
လျို့ဇီရွေ့လည်း ယီချန်မှစီးပွားရေးအစပြုရန် စိတ်အားထက်သန်နေမှန်းသိလိုက်ရာ အချိန်ဆွဲမနေတော့ပဲ စာရွက်စာတမ်းအချို့အား တိုက်ရိုက်ကမ်းပေးလာသည်။
"ဒါကမင်းအတွက် စီစဉ်ထားတဲ့စာချုပ်ပဲ။ မင်းအနေနဲ့ သေသေချာချာဖတ်ပြီး လက်ခံနိုင်တယ်ဆိုမှ လက်မှတ်ထိုးလိုက်။ မင်းကို ဖိအားပေးနေမှာမဟုတ်တဲ့အတွက် မင်းအနေနဲ့ အဆင်မပြေရင် ထားခဲ့လို့ရတယ်။ ဒါပေမယ့် ဒီစာချုပ်ထဲက အချက်အလက်တွေက ဦးလေးတို့တွေတတ်နိုင်သလောက် လိုက်လျောချက်ရအောင် တောင်းခံခဲ့ပြီးသားမလို့ မင်းက အခွင့်အရေးတချို့ ရနိုင်မှာပါ"