Chapter 70
Vol. 7 Ch. 70
ကျားလိမှာ ယီချန်၏ နောက်တီးနောက်တောက် စကားကြောင့် မျက်နှာပူသွားရသည်။
"အရူး!တော်လိုက်တော့နော်"
ယီချန်မှာ ကျားလိ၏ ရှက်ရွံ့နေမည့် မျက်နှာလေးကိုမြင်ယောင်မိကာ ရယ်မောလိုက်၏။
"ဟားဟားဟား.....ထားလိုက်တော့ ကိုယ်မင်းကို မစတော့ဘူးနော်။ နောက်နှစ် မင်းကိုယ့်ဆီ ရောက်လာမယ့် အချိန်ကျရင်တော့ ကိုယ်မင်းဆီ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောနိုင်တော့မှာပါ။ အဲ့တော့ မင်းလည်း သေချာစဉ်းစားထားတော့နော်"
ကျားလိမှာလည်း ယီချန်အပြောကြောင့် ရင်ခုန်သွားရသော်လည်း တည်တည်ငြိမ်ငြိမ်သာ ပြန်ဖြေပေးလိုက်သည်။
"ကောင်းပြီလေ ရှင်ဘာတွေ ပြင်ဆင်ထားမလဲဆိုတာ ကျွန်မစောင့်ကြည့်နေမယ်"
-------
ယနေ့သည် ကျူးလင်(ဝါးတောအုပ်)ဈေးတန်းဖွင့်ပွဲ ဖြစ်သည်။ ဆိုင်ပတ်လည်ရှိ ဝါးပင်လေးများအား အစွဲပြု၍ ယီချန်မှ သတ်မှတ်လိုက်ခြင်းပင်။ ယခုဆိုလျှင် ယီချန်၏ ဈေးတန်းလေးမှာ ခေတ်သစ်ရှိ စူပါမားကတ်ကြီးများနှင့် မယှဉ်နိုင်သေးသော်ငြား လက်ရှိခေတ်ကာလအရတော့ အလွန်ပင် ဆန်းပြားနေပြီ ဖြစ်၏။ သူသည် သန့်ရှင်းရေးဝန်ထမ်းသုံးဦးနှင့် လုံခြုံရေးနှစ်ဦးကိုလည်း ခန့်ထားသေးသည်။
ယီချန်မှာ မနက်ငါးနာရီတွင် ကျူးလင်ဈေးတန်းသို့ မကြာသေးခင်ကမှ ဝယ်ထားခဲ့သည့် စက်ဘီးဖြင့် ထွက်လာခဲ့၏။ သူသည် ဈေးတန်းအတွင်း အချိန်ကြည့်ရလွယ်စေရန် မှောင်ခိုဈေးမှတစ်ဆင့် တိုင်ကပ်နာရီများနှင့် လက်ပတ်နာရီတစ်လုံး ဝယ်ထားသည်။ တိုင်ကပ်နာရီများကိုတော့ ဈေးတန်းအတွင်း တပ်ထားလေ၏။ ဆယ့်ငါးမိနစ်ခန့် စက်ဘီးနင်းလာခဲ့ပြီး ဈေးတန်းဆီရောက်သော် အထုတ်ကြီးအထုတ်ငယ်များဖြင့် ဦးလေးကျူးတို့က ရောက်နှင့်ပြီးဖြစ်နေသည်။ ယီချန်မှာတော့ မနေ့ညနေကတည်းမှ သူ၏ရောင်းကုန်များကို စတိုခန်းတွင်း သိမ်းဆည်းပြီးဖြစ်ရာ ပေါ့ေပါ့ပါးပါးဖြစ်နေတော့၏။
"ဦးလေးကျူးတို့ စောလှချည်လား။ မနက်ခြောက်နာရီမှဖွင့်မှာဆိုတော့ အစောကြီးမလာလည်း ရပါတယ်။ အိပ်ရေးပျက်နေမှာပေါ့"
ဦးလေးကျူးတို့မှာ ယနေ့သည်သူတို့၏ တရားဝင်စီးပွားရေး စတင်မည့်ရက် ဖြစ်နေ၍ စိတ်လှုပ်ရှားကာ ကောင်းကောင်းအိပ်မပျော်ခဲ့ကြပေ။ ထို့ကြောင့်လည်း ဤနေရာဆီစောစောရောက်နေကြခြင်းပင်။ ယခုယီချန်၏ စကားကြောင့် ဦးလေးကျူးတို့မှာ ရယ်ရုံသာရယ်နေကြတော့၏။ လုံခြုံရေးဝန်ထမ်းမှာ ယီချန်အားတွေ့သည်နှင့် တံခါးဖွင့်ပေးလာသည်။
ဈေးတန်းလေးမှာ လျှပ်စစ်မီးများလင်းထိန်အောင်ဖွင့်ထား၍ အောက်ခင်းကြွေပြားများအား အလင်းပြန်စေကာ ဈေးဆိုင်ငယ်လေးများအား သပ်ရပ်သန့်ရှင်းသည့် အမြင်ကို ပေးစွမ်းနေတော့၏။ ယီချန်သည် ဈေးတန်းအတွင်းတွင်လည်း စံပယ်ပင်များနှင့် ဝါးပင်များအား ဟိုဟိုသည်သည်စိုက်ပျိုးထားသေးသောကြောင့် စိတ်ရောကိုယ်ပါ အေးချမ်းသွားစေသလို အမြင်လည်း တင့်တယ်နေတော့သည်။
ဦးလေးကျူးတို့မှာ သူတို့ငှားရမ်းထားသော ဆိုင်ခန်းနံပါတ်များဆီသွားကာ သန့်ရှင်းထားပြီးဖြစ်ေသာ်လည်း ပါလာသည့်အဝတ်စုတ်ဖြင့် စားပွဲခုံအားထပ်မံရှင်းလင်း၍ သူတို့ကုန်ပစ္စည်းများအားတင်ကာ ခင်းကျင်းပြသထားလိုက်၏။ ယီချန်လည်း ဂိုဒေါင်တွင်းမှ ဟင်းသီးဟင်းရွက် သစ်သီးဝလံများကိုထုတ်ကာ သပ်သပ်ရပ်ရပ်စီလိုက်ပြီး ဈေးနှုန်းကတ်ပြားအား စားပွဲဘေးတွင်ထောင်ထားလိုက်သည်။
ဦးလေးကျူးတို့လည်း ယီချန့်လုပ်ရပ်အားကြည့်ကာသဘောကျသွားကြပြီး ပါလာသောသစ်သားပြားများပေါ် မြေဖြူဖြင့်သူတို့ကုန်ပစ္စည်းဈေးနှုန်းများအား ချရေးထားလိုက်ကြ၏။ မနက်ခြောက်နာရီထိုးသော် ယီချန်ကဗြောက်တွဲတစ်ခုအားထုတ်၍ ဆိုင်အပြင်ဘက်ထွက်ကာဖောက်ရန်လုပ်လိုက်သည်။ သူ၏ဈေးတန်းလေးမှာ တရားဝင်ဆိုသော်လည်း မော်ကြွားပြလွန်း၍ မဖြစ်ရာဗြောက်အိုးများအား စိတ်တိုင်းကျဖောက်၍မရခဲ့ပေ။
ထိုအချိန်တွင် ဟုန်ဟွေ့က ဂုဏ်ပြုစာတမ်းတစ်ခုအား ကိုင်ကာရောက်လာ၏။ စာတမ်းမှာ လျို့ဇီရွေ့၏လက်ဆောင်ဟုပြောပြသည်။ ယီချန်လည်း ကျေးဇူးတင်ကြောင်းပြောကာ သူ၏အရောင်းစင်ပေါ်ရှိ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံအချို့အား ခြင်းတစ်လုံးထဲေကာက်ထည့်ကာ ဟုန်ဟွေ့အား လျို့ဇီရွေ့နှင့်မျှယူရန်ပြောလိုက်၏။ ဟုန်ဟွေ့မှာ ထိုလက်ဆောင်အားငြင်းပယ်နေပေသိ ယီချန်ကဇွတ်ထည့်ပေးနေသည်။
"လက်ခံလိုက်ပါ လက်ထောက်ဟုန်ရယ်။ ဒီအသီးအရွက်လေးတွေလောက်နဲ့တော့ လာဘ်ပေးလာဘ်ယူလုပ်တယ်လို့ ပြောလို့မရပါဘူး။ ကျွန်တော်ဒီနေရာရောက်ကတည်းက ဦးလေးလျို့တို့ရဲ့အကူအညီကိုပဲယူနေရတာ မျက်နှာပူလို့ပါ"
ဟုန်ဟွေ့လည်း ယီချန်မှအတင်းပေးနေသည့်အပြင် ဟင်းသီးဟင်းရွက်များသာဖြစ်နေ၍ လက်ခံလိုက်တော့၏။ ထို့နောက်လျို့ဇီရွေ့၏စကားအား တစ်ဆင့်ပြောလာသည်။
"ဆရာက မှောင်ခိုဈေးကလူကိုစိတ်ပူနေစရာမလိုပါဘူးတဲ့။ သူသေချာဂရုစိုက်ပေးထားတာမလို့ ရဲဘော်အပြင် အခြားဈေးသည်တွေပါ လွတ်လွတ်လပ်လပ်ရောင်းနိုင်ပါတယ်လို့ ပြောခိုင်းလိုက်ပါတယ်။ ပြီးတော့ ဒီနေရာကို သူကိုယ်တိုင်မလာနိုင်လို့လည်း နားလည်ေပးပါတဲ့"
ယီချန်မှာ ဟုန်ဟွေ့ပြောလာသော သတင်းကောင်းကြောင့် ဝမ်းသာသွားရကာပြောလိုက်၏။
"မှောင်ခိုဈေးနောက်ကလူကို ဖြေရှင်းပေးခဲ့တာနဲ့တင် ကျေးဇူးတင်ရမှာကို ကျွန်တော်ကဘာလို့စိတ်သဘောထားသေးနေရဦးမှာလဲ။ ပြီးတော့ ဦးလေးလျို့အခြေအနေကို ကျွန်တော်နားလည်တာမလို့ စိတ်ထဲမထားဖို့ပြောပေးပါဦး"
ဟုန်ဟွေ့မှာ ယီချန်နှင့် စကားအနည်းငယ်ပြောပြီးနောက် ပြန်သွားလေသည်။ ယီချန်လည်း ဂုဏ်ပြုစာတန်းအား ဈေးတန်းအတွင်းဝင်ပေါက်အထက်တွင် ချိတ်ဆွဲထားလိုက်၏။ ရှန်ဟိုင်းမြို့အတွင်းေရးမှူး၏ ဂုဏ်ပြုစာတန်းအားကြည့်ကာ ဈေးသည်များမှာ ဂုဏ်ယူနေကြတော့သည်။ သူတို့သည်တရားဝင်ဆိုင်ဖွင့်ခွင့်ရခဲ့သည့်အပြင် ရှန်ဟိုင်းမြို့အတွင်းရေးမှူး၏ ဂုဏ်ပြုခြင်းကိုပါ ခံခဲ့ရသည်မဟုတ်ပါလား။
ဤအချက်များဖြင့်ပင်လျှင် သူတို့သားမြေးများအား ကြွားလုံးထုတ်ပြနိုင်လေပြီပင်။ ယီချန်လည်းဗြောက်အိုးများအားဖောက်ကာ ဆိုင်ဖွင့်ပွဲအားအကြမ်းဖျင်းပြီးဆုံးစေခဲ့၏။ ဗြောက်ဖောက်ပြီးသည်နှင့် သူနှင့်ရင်းနှီးနေသောဦးလေးကြီးကရောက်ချလာသည်။ ထိုဦးလေးကြီးမှာ ဒီရက်ထဲယီချန်အား မှောင်ခိုဈေးတွင် လာရှာခဲ့ရာ ဦးလေးကျူးတို့၏လမ်းညွှန်မှုဖြင့်ဤနေရာဆီရောက်လာခဲ့ခြင်းပေ။
ယီချန်မှာ ထိုဦးလေးကြီးအား ဈေးတန်းထဲခေါ်ဆောင်လာစဉ် ဦးလေးကြီးမှာလည်း အပြင်အဆင်အားကြည့်ကာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကျေနပ်နေတော့သည်။ ထို့နောက် တံခါးပေါက်ထိပ်၌ကပ်ထားသော လျို့ဇီရွေ့၏ဂုဏ်ပြုစာတန်းအားမြင်သွားကာ ထိတ်လန့်သွားတော့၏။ ထို့နောက် လာဘ်ထိုးရန်အတွက် သူ့ကိုလာတိုင်ပင်ခဲ့သော လူရှုပ်လေးအား မချိုမချဉ်မျက်နှာပေးဖြင့်ကြည့်ကာ မကျေမနပ်ပြောလာသည်။
"မင်းမှာဒီလောက်အမြီးအရှည်ကြီးရှိနေတာကို ငါ့ကိုလာပြီးရူးချင်ယောင်ေဆာင်ပြနေသေးတယ်။ ကောင်စုတ်လေး မင်းငါ့ကိုဒုက္ခရောက်အောင် ကြံနေတာများလား"
ယီချန်လည်း ဦးလေးကြီး၏စကားကြောင့် အပြစ်ရှိဟန်ဖြင့်ပြုံးကာ နှာခေါင်းထိပ်လေးအား အသာပွတ်ရင်းပြန်ဖြေလိုက်၏။
"ကျွန်တော်လည်း ထင်မထားတဲ့ကံကောင်းမှုနဲ့ကြုံခဲ့ရလို့ပါ။ ဦးလေးကို ဒုက္ခရောက်အောင် လုပ်ချင်စိတ်မရှိပါဘူးနော်။ ဘာပဲဖြစ်ဖြစ် ဦးလေးကကျွန်တော့်ရဲ့ အကြီးစားဝယ်သူကြီးကို ကျွန်တော်ကဘာလို့ မကောင်းကြံရမှာလဲ"
ဦးလေးကြီးမှာတော့ နှာခေါင်းသာရှုံ့ရင်းပြန်မပြောတော့ပေ။ ထိုစဉ် ဈေးတန်းထဲဝယ်သူများဝင်လာရာ ယီချန်လည်း ဦးလေးကြီးအားလှည့်ပတ်ကြည့်လို့ရကြောင်းပြောကာ သူ့ဆိုင်ခန်းလေးဆီပြန်လာလိုက်သည်။ သူ၏ဈေးတန်းလေးမှာ စက်ရုံအိမ်ရာများနားဖြစ်၍ လူမသိဖြစ်နေမည်ကို စိုးရိမ်နေစရာမလိုပေ။ ယခုလည်း ယီချန်၏ဗြောက်ဖောက်သံကြောင့် ဖြတ်သွားဖြတ်လာများအပြင် စပ်စုချင်သူများကပါဈေးတန်းထဲဝင်ကာကြည့်တော့၏။ ထို့နောက် ဝင်လာသူတိုင်းမှာ ဆိုင်၏အပြင်အဆင်နှင့် အနေအထားကြောင့် သဘောကျနှစ်ခြိုက်ကုန်တော့သည်။
ဈေးတန်းထဲဝင်လာသူများမှာ စက်ရုံအိမ်ရာများမှ ပါလေရာအမျိုးသမီးအုပ်စုဖြစ်ပြီး သူတို့မနက်ခင်းချက်ပြုတ်ပြီးချိန်တွင် ဗြောက်ဖောက်သံကြား၍ လူစုကာအသံကြားရာဆီလာကြည့်ကြခြင်းဖြစ်ပြီး ကျူးလင်ဈေးတန်း ဟူသောဆိုင်းဘုတ်ကြောင့် စိတ်ဝင်စားကာ အထဲဝင်လာကြခြင်းပင်။ အပြင်ဘက်ရှိ ဖုကွေ့ဝါးပင်လေးများမှာလည်း အဖြစ်မြန်ရာ တစ်ပတ်အတွင်းမှာပင် သုံးပေကျော်ထိမြင့်နေပြီဖြစ်၍ မြင်ကွင်းအားလှပအောင် ဖန်တီးနိုင်နေလေပြီပင်။
အမျိုးသမီးအုပ်စုမှာ ဝါးပင်အုပ်လေးအားဖြတ်၍ ဈေးတန်းထဲရောက်လာသော် လင်းထိန်နေသော လျှပ်စစ်မီးများနှင့် ရောင်ပြန်ဟပ်ကာ တောက်ပနေသောကြွေပြားများကြောင့် နင်းလျှောက်ရန်ပင် မဝံ့ရဲဖြစ်နေကြသော်လည်း သိချင်စိတ်ဖြင့် ဝင်လာလိုက်ကြသည်။ ဈေးတန်းထဲတွင်တော့ များပြားလှသည့်ဈေးသည်များကြောင့် အမျိုးသမီးအုပ်စုမှာ အံ့အားသင့်ကုန်ကြတော့၏။
ဤနေရာမှာ မှောင်ခိုဈေးတစ်ခုဟု ထင်ရအောင်သည်လည်း အစောကသူမတို့ကြားခဲ့သည့်ဗြောက်အိုးသံနှင့် ဈေးတန်းပေါက်ဝရှိ ဆိုင်းဘုတ်ကြောင့် မဖြစ်နိုင်ပါချေ။ သို့သော် တရားဝင်ဈေးဟု ထင်ရအောင်ကလည်း....အတွေးများဖြင့် နားမလည်နိုင်ဖြစ်နေကြသော အမျိုးသမီးအုပ်စုထဲရှိ တစ်ယောက်သည် မျက်လုံးဝင့်ကြည့်ရင်း ဝင်ပေါက်ထိပ်ရှိ လျို့ဇီရွေ့၏ဂုဏ်ပြုစာတမ်းအားမြင်ကာ အော်လိုက်မိသည်။
"အား!!အမလေး....."
ထိုအမျိုးသမီး၏အသံကြောင့် ကျန်သူများမှာ ထိတ်လန့်သွားကြရာ ထိုအမျိုးသမီးအားဆူဆဲကုန်ကြ၏။ ထိုအမျိုးသမီးမှာတော့ သူတို့အားပြန်မပြောနိုင်တော့ပဲ ဂုဏ်ပြုစာတမ်းချိတ်ထားရာဆီ လက်ညှိုးသာထိုးပြလိုက်တော့သည်။ ကျန်အမျိုးသမီးများမှာလည်း သူမညွှန်ပြရာဆီ လိုက်ကြည့်ရင်း ဂုဏ်ပြုစာတမ်းအားမြင်သွားကြကာ အံ့ဩထိတ်လန့်ကုန်ကြ၏။
"ဗုဒ္ဓေါ!!ယောင်းမရေ ငါအမြင်မှားနေတာတော့မဟုတ်ပါဘူးနော်"
"အမလေး!!ဒါကြီးက အတွင်းရေးမှူးလျို့ရဲ့ဂုဏ်ပြုစာတမ်းကြီးပဲ"
"ဟယ်!!ဒီလိုဆို ဒီဈေးကတရားဝင်ကြီးပေါ့"
"နေပါဦးဟဲ့!! အဲ့တော့ အခုပုဂ္ဂလိကစီးပွားရေးေတွက စလုပ်လို့ရနေပြီလား"
"ဘယ်ဟုတ်ပါ့မလဲ ကြည့်ရတာ ဒီေစျးတန်းပိုင်ရှင်က အဆက်အသွယ် အရမ်းကောင်းလို့နေမယ်။ ငါ့ဝမ်းကွဲတစ်ယောက်ဆို အဆက်အသွယ်ရှိနေတာတောင် တရားဝင်ဆိုင်ဖွင့်ခွင့်မရသေးဘူးလေ"
"ဘာပစ္စည်းတွေရှိလဲ လျှောက်ကြည့်ရအောင်ပါ။ နောက်ကျ ငါတို့တွေ ဘာလိုလို ဒီမှာ ပေါ်တင်လာဝယ်လို့ရနေပြီလေ။ အဲ့ဒါက တော်တော်အဆင်ပြေတယ်ဟဲ့ မဟုတ်ရင် ငါတို့မှာ ပစ္စည်းလေးတစ်ခုရဖို့အရေး တော်တော်ဒုက္ခများခဲ့ရတာ"
"ဟုတ်ပါ့ ဧည့်သည်များရောက်ချလာရင် ပစ္စည်းဝယ်ဖို့သွားရတာ အချိန်အရမ်းယူတယ်လေ။ ဒီဈေးကကျ ငါတို့အိမ်ရာနားတင်ဆိုတော့ ငါတို့မအားရင်တောင် အိမ်ကမျောက်လောင်းလေးတွေကို လွှတ်လိုက်လို့ရပြီ။ အဓိက,ကတော့ ငါတို့ ဒီထဲဝင်လာတာ ဝင်ကြေးပေးစရာမလိုဘူးဟဲ့"
"ဟုတ်ပါ့အေ ငါတော့အရမ်းစိတ်လှုပ်ရှားနေပြီ ကဲ ယောင်းမတို့ရေ လာကြဟေ့ ငါတို့တွေ လျှောက်ကြည့်ရအောင်"