ဂျပန်၏ အမြင့်ဆုံးနေရာမှ တိုက်ပွဲ
Vol. 4 Ch. 362
တာကီမီယာ ဟီရို ပိုင်ဆိုင်ထားသော ဓားမှာ တစ်မီတာကျော်ခန့် အရှည်ရှိ၏။ ထိုဓားမှာ အီဒိုခေတ်မှ ဓားမာစတာ တစ်ယောက် စတင် အသုံးပြုခဲ့သော ဓားဖြစ်ပြီး တာကီမီယာ ဟီရို၏ လက်သို့ ရောက်သည်အထိ နှစ်ရာချီ သမိုင်းကြောင်း ရှိခဲ့သော ဓားဖြစ်သည်။ တာကီမီယာ ဟီရိုမှာ သူ၏ဘဝ တစ်လျှောက်လုံး ထိုဓားကိုသာ ကိုင်ဆောင်၍ သေခြင်း၊ ရှင်ခြင်း အခိုက်အတန့် များစွာကို ဖြတ်ကျော်ခဲ့သည်။
သို့သော်လည်း တန်ခိုးရှင် အဆင့်အောက် လူများနှင့် ရင်ဆိုင်ရတိုင်း ထိုဓားကို သူသုံးစရာ မလိုခဲ့ချေ။ သူ၏ ချီဓားပင်လျှင် အထွတ်အထိပ်အဆင့် ပညာရှင်တိုင်းအား အနိုင်ယူနိုင်စွမ်း ရှိခဲ့သည်။
သူ၏ ချီစွမ်းအင်မှာ အလွန်သိပ်သည်းရာ ချီစွမ်းအင်ဖြင့် ဖန်တီးထားသော ဓားပင်လျှင် အခြား လက်နက်များစွာထက် ပိုမို သာလွန်သည်။ သူ၏ ချီဓား တိုက်ခိုက်မှုက အီရီကာ၊ လဲ့ချန်းကျွယ်၊ ဟွာရန်ဖန်းတို့ကိုပင် ခေါင်းကိုက် စေလောက်သည်။
သို့သော်လည်း ချန်းဖန်၏ အစစ်အမှန်ချီက တာကီမီယာ ဟီရို၏ ချီစွမ်းအင်ထက် အဆများစွာ ပိုမို အစွမ်းထက်၏။ အထူးသဖြင့် အစစ်အမှန်ချီကို အဇူရာ သစ်သားချီဓား နည်းစနစ်ဖြင့် ပူးတွဲ အသုံးပြုသော အခါတွင် ဖြစ်သည်။
"ကလန့်…"
လျှပ်စီး အလင်းရောင် တစ်ခုက တိုကျို မျှော်စင်ထိပ်၌ လင်းလက်သွား၏။ ထိုအလင်းရောင်က တိုကျိုမြို့ တစ်ခုလုံးသို့ပင် ဖုံးလွှမ်းသွားရာ တိုကျို မြို့သူ၊ မြို့သားများကား မိုးရွာလာတော့မည်ဟုပင် ထင်မှတ်မှားကာ ကောင်းကင်သို့ မော့ကြည့်မိကြသည်။
အီရီကာနှင့် အခြားလူများသည်လည်း လျှပ်စီး အလင်းရောင်ကြောင့် မျှော်စင်ထိပ်ကို မျှော်ကြည့်မိကြသည်။ ယခုအချိန်ဆိုလျှင် တိုက်ပွဲ စတင်နေလောက်ပြီ ဖြစ်ကြောင်း သူတို့ ကောင်းစွာသိသည်။ သို့သော်လည်း ကောင်းကင်က တိမ်စိုင်၊ တိမ်လိပ်များဖြင့် ဖုံးကွယ်နေရာ တိုကျို မျှော်စင်ထိပ်သို့ ဖောက်ထွင်း၍ မြင်နိုင်စွမ်း မရှိပေ။
ပျံလွှားနီလေး၏ မျက်နှာတွင်လည်း စိုးရိမ်ခြင်းများက ဖုံးလွှမ်းနေခဲ့သည်။ ဤတိုက်ပွဲက တရုတ် သိုင်းလောကအတွက် အလွန်အရေးပါသည်။ မည်သို့ပင် ဆိုစေ ချန်းပေ့ရွှမ်းမှာ တရုတ် သိုင်းလောက၏ အနာဂတ် မဟုတ်ပါလား။
***
ထိုအချိန် တိုကျိုမျှော်စင် ထိပ်တွင်…
ဓားက လက်ထဲသို့ ရောက်လာသည်နှင့် တာကီမီယာ ဟီရို၏ ဆန္ဒက ဓားနှင့် တစ်သားတည်း ဖြစ်သွား၏။ ဤသို့ဖြင့် ဓားက အတွေးနှင့် သူ၏ လက်၌ စည်းချက်ညီညီ စတင် ကခုန်လာခဲ့တော့သည်။
သူက ဓားကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်ကာ ချန်းဖန်အား လွှဲခုတ်လိုက်ရာ လျှပ်စီးအလင်းရောင် တစ်ခု ဖြစ်ပေါ်လာပြန်သည်။ ထက်မြက်သော စွမ်းအားတစ်ခုက ငွေရောင်အလင်းနှင့် ပေါင်းစည်းရင်း ချန်းဖန်ထံ တည့်တည့်ပင် တိုးဝင် လာတော့သည်။
"ထန်… ထန်… ထန်…"
ငွေရောင်အလင်းနှင့် အဇူရာ သစ်သား ချီဓားတို့ ထိုက်တိုက်တွေ့ရာ စူးရှသော အသံများက အစဉ်လိုက် ထွက်ပေါ်လာ၏။
တာကီမီယာ ဟီရို၏ ဓားနှင့် ထိပ်တိုက်တွေ့ အပြီးနောက် ချန်းဖန်၏ အဇူရာ သစ်သားချီဓားပင်လျှင် အနည်းငယ် တုန်ခါလာခဲ့သည်။ ချန်းဖန်က စိတ်ထဲမှ ကျိတ်၍ သက်ပြင်းတစ်ချက် ချမိသည်။ သူ၏ ချီဓားမှာ အစစ်အမှန်ချီဖြင့် ပြုလုပ်ထားခြင်း ဖြစ်ရာ စတီးကိုပင် ဖြတ်တောက်နိုင်စွမ်း ရှိသည်။
သို့သော်လည်း တာကီမီယာ ဟီရို၏ ဓားကား စတီးထက်ပင် အဆများစွာ ပိုမို မာကျောသည့် သာမန်မဟုတ်သော ဓားပင်။ အဆိုးဆုံးကား ထိုသာမန်မဟုတ်သော ဓားကို ကိုင်ဆောင် အသုံးပြုနေသူမှာ အလွန် အစွမ်းထက်သည့် တာကီမီယာ ဟီရို ဖြစ်နေခြင်းပင်။
သူ၏ ဓားခုတ်ချက် တစ်ချက် ထွက်လာတိုင်း တစ်ဒါဇင်ခန့် ရှိသော ဓားအော်များက ချန်းဖန်၏ ဘေးပတ်လည်တွင် ထွက်ပေါ်လာပြီး ရုန့်ရင်း ကြမ်းတမ်းစွာ တိုက်ခိုက်ကြ၏။
ရုတ်တရက် တာကီမီယာ ဟီရို၏ ခန္ဓာကိုယ်က မူလနေရာမှ ပျောက်ကွယ်ကာ ချန်းဖန်နှင့် လက်မ အနည်းငယ် အကွာ၌ ပြန်လည် ပေါ်ထွက်လာသည်။
သူ၏ ပေါ်ထွက်လာမှုနှင့်အတူ ဓားချက်များစွာက မိုးသီးမိုးပေါက်များ အလား ချန်းဖန်ထံ ကျဆင်းလာတော့၏။ သို့သော်လည်း ချန်းဖန်က အလိုက်သင့်ပင် ခုခံလိုက်၏။
"ဘုန်း…"
တိုက်ခိုက်မှုနှင့် ခုခံမှုကို အတွေ့၌ လေဟာနယ်က ထောင်ပေါင်းများစွာ ပေါက်ကွဲရင်း မိုးကြိုးကဲ့သို့ ဆူညံသံများ ဖြစ်ပေါ်လာတော့၏။
ချန်းဖန်၏ လှုပ်ရှားမှုများက အသံထက်မြန်သော နှုန်းကို အသုံးမပြုထားသည့်တိုင် အလွန် လျင်မြန်နေဆဲပင်။ ချန်းဖန်က လှုပ်ရှားမှုနှုန်းကို နှစ်ဆ တိုးမြှင့်လိုက်သည်နှင့် ဓားချက်များက တာကီမီယာ ဟီရိုထံ တရစပ် တိုးဝင်သွားပြန်သည်။
ထိုတိုက်ခိုက်မှု တစ်ခုချင်းစီက လေဟာနယ်ကိုပင် ပေါက်ကွဲစေရာ သာမန် အထွတ်အထိပ် ပညာရှင် တစ်ယောက် ဆိုပါက အစအန ရှာမရလောက်အောင် အပိုင်းပိုင်းပြတ် သွားလောက်ပြီ ဖြစ်သည်။ သို့သော်လည်း တာကီမီယာ ဟီရိုကား သာမန် အထွတ်အထိပ် အဆင့် မဟုတ်ချေ။ တန်ခိုးရှင် အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် ပညာရှင် ဖြစ်သည်။
သူက ဓားကို ကျွမ်းကျင်စွာ ကိုင်ဆောင်ရင်း တွန်းထိုးခြင်း၊ ခုတ်ထစ်ခြင်း၊ ပိုင်းဖြတ်ခြင်း၊ ထိုးသွင်းခြင်း၊ ပင့်တင်ခြင်း စသည့် ဓားနည်းစနစ်များကို စနစ်တကျ ဖော်ထုတ်သည်။ မျက်စိ တစ်မှိတ် အချိန်အတွင်းမှာပင် သူ၏ ဓားမှာ တစ်ဒါဇင်မျှသော ခုတ်ချက်များအား ဖော်ထုတ်ခဲ့ပြီး ဖြစ်၏။
သူ၏ ဓားချက်များအောက်၌ ချန်းဖန်၏ ဓားချီပင်လျှင် ထက်ဝက်ခန့်မျှ ခန်းခြောက် လာခဲ့သည်။ အဆုံး၌ သူက ခုတ်ချက်များ အားလုံးကို တစ်ခုတည်း အဖြစ် စုစည်းရင်း ခုတ်ချက် တစ်ခုကို ဖော်ထုတ်သည်။ ထိုခုတ်ချက်အား ချန်းဖန်က လက်သီးဖြင့်ပင် ခုခံလိုက်၏။
"ကလန့်…"
တိုက်ခိုက်မှု ထိတွေ့ရာ သတ္တု ထိခတ်သံကဲ့သို့ အသံတစ်ခု ပေါ်ထွက်လာ၏။
စတီးဖြင့် ပြုလုပ်ထားသည့် တိုကျိုမျှော်စင်၏ ကြမ်းပြင်တွင်မူ သူတို့၏ ခြေရာများက နက်နဲစွာ ပေါ်ထွက် နေကြသည်။ သူတို့နှစ်ယောက် စလုံး၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ခန္ဓာကိုယ် သန့်စင်သည့် အထွတ်အထိပ် ထက်ပင် မာကျောနေရာ စတီးလောက်မျှက စာဖွဲ့နေစရာပင် မလိုချေ။
တာကီမီယာ ဟီရိုက ပြင်းထန်သော တိုက်ခိုက်မှုကို ဖော်ဆောင် အပြီး၌ နောက်သို့ အနည်းငယ် ပြန်ဆုတ်လိုက်၏။ သူ၏ မျက်မှာတွင်မူ အံ့အားသင့်ခြင်းက အနည်းငယ် စိုးမိုးလာသည်။ ချန်းဖန်က သူ၏ ဓားခုတ်ချက်ကို ခန္ဓာကိုယ် သီးသန့်ဖြင့် ခံယူလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ အဆိုးမှာ သူ၏ ဓားက ချန်းဖန်၏ ခန္ဓာကိုယ်ကို မထိုးဖောက် နိုင်ခဲ့ခြင်းပင်။ ကမ္ဘာပေါ်၌ ထိုကဲ့သို့ ပြုလုပ်ရဲမည့်သူ မရှိဟု မှတ်ယူထားခဲ့ သော်လည်း ချန်းဖန်က ပြုလုပ်ပြခဲ့သည်။
တာကီမီယာ ဟီရို အံ့ဩနေစဉ်မှာပင် ချန်းဖန်က လက်သီးများအား ကြည့်မိသည်။ တာကီမီယာ ဟီရို၏ ခုတ်ချက်က သူ့အား မထိခိုက် စေခဲ့သော်လည်း ဓားနှင့် ထိတွေ့ရာ အရေပြားတွင်မူ အဖြူစင်းတစ်ခု ဖြစ်ပေါ်နေခဲ့သည်။ ထိုအရာက ပထမဆုံး အကြိမ်အဖြစ် သူ၏ အဇူရာ သက်ရှည် ခန္ဓာကိုယ်ကို ထိခိုက်အောင် လုပ်နိုင်ခဲ့ခြင်းပင်။
"အရမ်း ကောင်းတယ်…"
ချန်းဖန်က အားရပါးရဖြင့် ပျော်ရွှင်စွာ ရယ်မောလိုက်မိသည်။ ထိုက်တန်သော ပြိုင်ဘက်ဟူသည့် အတွေးက သူ၏ ဝိညာဉ်နှင့် သွေးများကိုပင် ဆူပွက် လာစေခဲ့သည်။
ချန်းဖန် သင်္ကေတ တစ်ခုအား ရေးဆွဲသည်နှင့် နဂါးတစ်ကောင်က အိပ်ပျော်ရာမှ ရုတ်တရက် နိုးထလာသည့် အလား ကောင်းကင်သို့ ပျံတက်သည်။ နဂါးက အလင်းတစ်ခုအလား လျင်မြန်စွာ ပျံသန်းရင်း လေထဲ၌ ကခုန်သည်။
"နဂါး အသွင်ပြောင်းခြင်း…"
တာကီမီယာ ဟီရို၏ မျက်နှာက လေးနက်သွားပြီး ဓားအား ဖြည်းညင်းစွာ မတင်လိုက်၏။ တာကီမီယာ ဟီရိုက အခြေအနေအား သေချာစွာ အကဲခတ်ရင်း ဓားအား တစ်ချက် ဝှေ့ယမ်းလိုက်၏။
ဓားက ခဏအတွင်းမှာပင် လျင်မြန်စွာ လှုပ်ရှားသွားသည်နှင့် ဓားအသွင် ကွယ်ပျောက်ကာ ဓားအလင်း စက်ဝိုင်းတစ်ခု ပေါ်ထွက်လာသည်။ ဓားအလင်း စက်ဝိုင်းက ချန်းဖန်အား ဗဟိုပြု၍ ပေါ်ထွက်နေကာ ဇန်အငွေ့အသက်များ ရစ်သိုင်းနေ၏။
"ဘုန်း…"
ဓားနှင့် နဂါးက ထိပ်တိုက်တွေ့၏။ ဓားအလင်းက အနည်းငယ် ပြိုပျက်လာသည်နှင့် တာကီမီယာ ဟီရိုက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ ထိုတိုက်ခိုက်မှု၌ ချန်းဖန်၏ အဆုံးစွန်သော အင်အားများ မပါဝင်သော်လည်း အသုံးပြုသည့် နည်းစနစ်ကမူ အဆများစွာ အဆင့်အတန်း မြင့်မားသည်။
"မဆိုးဘူး … နောက်တစ်ကြိမ် လာခဲ့ဦး…"
ချန်းဖန်၏ အသံက လေထုအား ဖြတ်သန်း၍ ပေါ်ထွက်လာခဲ့သည်။ သူ၏ ပခုံးထိ ရှည်လျားသော ဆံပင်များက လေထု၌ လွင့်ပါနေကာ သူ၏ မျက်လုံးကလည်း အဇူရာ အလင်းဖြင့် တောက်ပနေ၏။ သူက ကြယ်နှင့်လတို့ အပါအဝင် တိုကျို၏ ကောင်းကင် တစ်ခုလုံးကို သိမ်းဆည်းနေသည့် အလား လက်နှစ်ကို စက်ဝိုင်းသဏ္ဌာန် သိမ်းယူ ရေးဆွဲလိုက်၏။ ကြီးမားသော စွမ်းအင်လှိုင်းများက သူ၏ ပတ်ဝန်းကျင်၌ ပေါ်ထွက်လာကာ အမှောင်စွမ်းအားကို ဖော်ဆောင်သည်။
"အစစ်အမှန်သိုင်း သုံးဆယ့်ခြောက်ကွက် … ပထမ အကွက် … ကောင်းကင်ပြိုတူ…"
အမှောင် စွမ်းအင်က ပြင်းထန်သော လေဟာနယ် ပေါက်ကွဲခြင်းကို သယ်ဆောင်ကာ တာကီမီယာ ဟီရိုအား အပေါ်တည့်တည့်မှ ထုနှက်လိုက်၏။ အမှောင်စွမ်းအင်၏ အတွင်းတွင်မူ အဇူရာအလင်းရောင်က ပြင်းပြစွာ တောက်လောင်နေပြီး အမှောင်ထုစွမ်းအင်ကို အားဖြည့်နေဟန်ရသည်။
တာကီမီယာ ဟီရိုက သူ၏ ဓားကို စက်ဝိုင်းသဏ္ဌာန် ဝှေ့ယမ်းရင်း အာရုံကြောများနှင့် ကြွက်သားများကို ဖြည်လျှော့လိုက်၏။ သူ့အနေဖြင့် ချန်းဖန်၏ တိုက်ခိုက်မှုကို တိုက်ရိုက် ရင်တိုက်ရန် သတ္တိ မရှိတော့ပေ။
"ဘုန်း…"
တိုက်ခိုက်မှုက မကျဆင်းခင်မှာပင် တာကီမီယာ ဟီရိုက နောက်သို့ အနည်းငယ် ဆုတ်လိုက်၏။ အမှောင်စွမ်းအင်က သူမူလ ရပ်နေခဲ့သည့် နေရာသို့ ကျဆင်းကာ စတီးကိုပင် ထိုးဖောက် သွားတော့သည်။
တစ်ဖက်၌ ချန်းဖန်က လက်နှစ်ဖက်အား ငှက်အတောင်ပံ သဏ္ဌာန် ပြုလုပ်ရင်း လေထဲသို့ ခုန်တက်လိုက်၏။ ထို့နောက် သူက လက်နှစ်ဖက်က တစ်ခုခုအား ဆုပ်ကိုင်ဟန် ပြုလုပ်လိုက်၏။ ဆုပ်ကိုင်ထားသော လက်နှစ်ဖက်အား ပြန်ဖွင့်လိုက်သည်နှင့် အဇူရာ စွမ်းအားများက ကြီးမားသော ပမာဏဖြင့် ပေါ်ထွက်လာတော့၏။
"အစစ်အမှန်သိုင်း သုံးဆယ့်ခြောက်ကွက် … ဒုတိယမြောက် အကွက် … တိမ်တိုက်လက်ဝါး…"
အဇူရာ တိမ်တိုက်များ ပြေးဝင်လာသည်နှင့် တာကီမီယာ ဟီရိုက ဓားအား ဝှေ့ယမ်းရင်း အလယ်မှ ထက်ပိုင်းဖြတ်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း တိမ်တိုက်၏ ပြင်းထန်သော တိုက်ခိုက်မှုတွင် သူခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရပြန်သည်။
"တတိယမြောက် အကွက်… လေဟာနယ် ပေါက်ကွဲခြင်း…"
ချန်းဖန်က တစ်ချက်ပင် မရပ်တန့်ပဲ သူ၏ ပြိုင်ဘက်အား တရစပ် ဖိအားပေးသည်။ တာကီမီယာ ဟီရိုကား ပြန်လည် တိုက်ခိုက်ရန် အချိန် မရပဲ ခုခံမှုကိုအာ အပြည့်အဝ အာရုံစိုက်ရတော့၏။
"စတုတ္ထ အကွက် … နဂါး အသွင်ပြောင်းခြင်း…"
"ပဉ္စမမြောက် အကွက်… ကောင်းကင် လျှောက်လှမ်းခြင်း…"
"..."
"သတ္တမမြောက် အကွက်… တောင်တန်းမြစ်ပြင် ဖြတ်တောက်ခြင်း…"
***