← Chapters

တတိယ ဘီတာစမ်းသပ်မှုအတွက် ပြင်ဆင်ပြောင်းလဲမှုများ

Vol. 14 Ch. 201

တတိယ ဘီတာစမ်းသပ်မှုအတွက် ပြင်ဆင်ပြောင်းလဲမှုများ

Vol. 14 Ch. 201

မှောင်မဲနေသော ထာဝရတိုင်းပြည်အတွင်း၌ ဖိုးဉာဏ်ကျယ်သည် ဝတုတ်သော ဟမ်းစတားသုံးကောင်ကို ဝင်ပေါက် အမှတ် ၃ သို့ ခေါ်ဆောင်လာ၏။ ဟမ်းစတားတစ်ကောင်စီတွင် ခရီးဆောင်အိတ်ငယ်တစ်ခုစီ ပါရှိသည်။ ဘော့စ်အကြီး ထွက်လာသည်။

“ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒန်ဂျင်က တော်တော်ကောင်းပေမဲ့ သိပ်ပြီးတော့ အမှတ်တရ မဖြစ်မိဘူး။ ငါတို့ ပိုက်ဆံရှင်းပြီးပြီလား။” ဘော့စ်အကြီးက သူ၏ စူးရှသေးငယ်သော အသံဖြင့် မေးလိုက်သည်။

ဖိုးဉာဏ်ကျယ်က ခေါင်းညိတ်ပြလိုက်သော်လည်း စကားတစ်ခွန်းမှ မဆိုပေ။

ဒုတိယဘော့စ်က ဘော့စ်အကြီး၏နောက်တွင် ရပ်ကာ ပြောလိုက်၏။ “ဘော့စ်အကြီး၊ မြန်မြန်လုပ်ကြစို့လေ။ ဘာလို့ ဒီကို လည်ဖို့လာနေတာလဲ။ ငါတို့က အရှင်ရှားလော့ခ်ကို လာရှာတာလေ။”

ဝတုတ်အိုတာကုက သူ၏ခရီးဆောင်အိတ်ကို ဆွဲ၍ မေးသည်။ “ငါတို့ ဗိုက်ဝအောင် စားခဲ့ရဲ့လား။ ဘာလို့ ငါ ဗိုက်ဆာနေသလို ခံစားနေရတာလဲ။”

ဟမ်းစတားသုံးကောင်သည် သူတို့၏ ခရီးဆောင်အိတ်များကို ဆွဲ၍ ထာဝရတိုင်းပြည်မှ ထွက်ခွာသွားကြသည်။ ဝင်ပေါက် အမှတ် ၃ ကို ချက်ချင်းပင် ပိတ်လိုက်၏။

ဖိုးဉာဏ်ကျယ်က ဟမ်းစတားများကို ကိုယ်ပျောက်ဖြစ်အောင် လုပ်ထားသည့်အတွက် ဂိမ်းမာများက သူတို့ထွက်သွားသည်ကို မတွေ့လိုက်ကြချေ။

ဖြစ်ပျက်သွားသည်မှာ ဤသို့ဖြစ်၏။

ဖိုးဉာဏ်ကျယ်သည် နံနက်စောစော သူ၏သင်္ချိုင်းခန်းမ၌ အလုပ်လုပ်နေခဲ့သည်။ သူ၏အဓိကအလုပ်မှာ ဂိမ်းမာများ၏ အဓိပ္ပာယ်မရှိသော စကားများကို နားထောင်ခြင်းနှင့် သူတို့၏ အလောင်းများကို ပြန်လည်ရှင်သန်စေခြင်း ဖြစ်သည်။

ရှားလော့ခ်က ဟမ်းစတားသုံးကောင်ကို ဝင်ပေါက် အမှတ် ၃ မှ ထွက်ခွာရန် ပို့ဆောင်ပေးဖို့ သူ့ထံ ရောက်လာခဲ့သည်။

ထို့ကြောင့် ဖိုးဉာဏ်ကျယ်သည် ဟမ်းစတားများကို လိုက်ပါပို့ဆောင်ရန် ဝင်ပေါက် အမှတ် ၃ တွင် ရှိနေခြင်းဖြစ်၏။

ဖိုးဉာဏ်ကျယ်က အဝေးသို့ ထွက်ခွာသွားသော ဟမ်းစတားများကို ကြည့်ရင်း သူ၏မှတ်တမ်းစာအုပ်တွင် ရေးမှတ်လိုက်သည်-

“၂၀၁: အရှင်ရှားလော့ခ်က ဟမ်းစတားတွေ သူ့ကို မမှတ်မိစေချင်ဘူး။

၂၀၂: ငါသာ သူတို့ကိုတွေ့ရင် ဟမ်းစတားသုံးကောင်ကို မသိချင်ယောင် ဆောင်ရမည်။

၂၀၃: အရှင်ရှားလော့ခ်ရဲ့ နောက်ခံက ပိုပြီးတော့တောင် လျှို့ဝှက်ဆန်းကြယ်လာပြီ။

၂၀၄: ဝတုတ်အိုတာကုက အစားသရမ်းကောင်ပဲ။ ငါ သုတေသန လုပ်ကြည့်ချင်တယ်...”

ဖိုးဉာဏ်ကျယ်သည် သူ၏မှတ်တမ်းစာအုပ်ကို သေသေချာချာ သိမ်းဆည်းလိုက်ပြီးနောက် သင်္ချိုင်းခန်းမသို့ ပြန်လာခဲ့သည်။

ရှားလော့ခ်သည် ဒန်ဂျင်အရှင်ခန်းမဆောင်တွင် ထိုင်နေပြီး ကြက်ဥခေါင်းက ရှားလော့ခ်၏ခြေရင်းတွင် ထိုင်ကာ သူ၏ရှေ့လက်သည်းများကို တံစဉ်းဖြင့် တိုက်နေ၏။

အိဗလင်းသည် စာရင်းတစ်ခုကို ကိုင်လျက် ရှားလော့ခ်အား အစီရင်ခံနေသည်။

“စစ်သည်တော် ၄၀,၀၀၀ အတွက် သေဆုံးမှုလျော်ကြေး၊ ချပ်ဝတ်အစုံ ၅၀,၀၀၀ အတွက် ပျက်စီးမှုလျော်ကြေး၊ ဆေးပစ္စည်း အလုံးရေ ၁၀,၀၀၀ အတွက် ကုန်ကျစရိတ်၊ အဂ္ဂိရတ်ပညာနဲ့ မှော်ပစ္စည်းတွေအတွက် ကုန်ကြမ်းတွေ... ပြီးတော့... ပြီးတော့...”

“ပြီးတော့ ဘီးတယ်လ်မွန် အကောင်တစ်ရာပေါ့။” ရှားလော့ခ်က သူ၏လက်ကို မြှောက်ကာ ထပ်ဖြည့်လိုက်သည်။

“တောင်းပန်ပါတယ် အရှင်ရှားလော့ခ်...” အိဗလင်းက တောင်းပန်သော လေသံဖြင့် ခေါင်းငုံ့ကာ ချက်ချင်းဆိုသလို ပြောလိုက်သည်။

“နောက်တစ်ခါကျရင် ကျွန်မ ပိုကြိုးစားပါ့မယ်။ ဆောင်းတောင်ကုန်းမြို့နဲ့ ညှိနှိုင်းဖို့ အရှင် ကျွန်မကို တာဝန်ပေးတာ အရမ်းဝမ်းသာပါတယ်။”

“ငါ မင်းကို အမြဲယုံကြည်တယ်။ ပြီးတော့ မင်းက အရည်အချင်းရှိတယ်။ ဒီကိစ္စကို မင်း ကောင်းကောင်းကိုင်တွယ်နိုင်မယ်လို့ ငါထင်တယ်။ ကောင်းကောင်းလုပ်နိုင်မှာပါ။ စိတ်မပူနဲ့၊ ခရီးစဉ်တစ်လျှောက်လုံး မင်းကို ရုပ်ဖျက်ဖို့ ငါကူညီပေးမယ်။” ရှားလော့ခ်က သူ၏သွေးဂန္ဓမာလက်ဖက်ရည်ကို သောက်ရင်း ပြောလိုက်၏။

“အရှင်ရှားလော့ခ်...” အိဗလင်းက ခေါင်းငုံ့ကာ မျက်ရည်များကို သုတ်လိုက်သည်။

“ငါများ တစ်ခုခုမှားပြောမိလို့လား။” ရှားလော့ခ်က ကြက်ဥခေါင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

ကြက်ဥခေါင်းက အံ့အားသင့်စွာ ခေါင်းမော့ကြည့်ရင်း ဆို၏။ “အာ... ကျွန်တော့်ရဲ့ ထာဝရရန်သူတော်ကြီး၊ ဘာဖြစ်လို့ ကျွန်တော့်ကို ဒီလိုမေးခွန်းမျိုး လာမေးရတာလဲ။ အမှောင်အရှင်သခင်က နှစ်နှစ်အရွယ် နဂါးနက်လေးတစ်ကောင်ပဲ ရှိသေးတာပါ။”

“မဟုတ်ပါဘူး အရှင်ရှားလော့ခ်၊ အထင်မလွဲပါနဲ့။ အရှင် ဘာမှ မှားမပြောပါဘူး။ ဒါပေမဲ့... ကျွန်မ ကျောင်းစတက်ကတည်းက ဘယ်သူမှ ကျွန်မကို မချီးကျူးခဲ့ဖူးဘူး။ အရှင်ရှားလော့ခ်က ကျွန်မကို အမြဲကူညီတယ်၊ ကျွန်မအလုပ်ကို ဂရုစိုက်ပေးတယ်၊ နေစရာနေရာ ပေးတယ်။ ပြီးတော့ အကူအညီပေးဖို့ ကျွန်မကို ယုံကြည်တယ်။ ကျွန်မ တကယ်ကို...”

အိဗလင်းက သူမ၏မွှေးပျံ့သော လက်ကိုင်ပဝါကို ထုတ်ကာ နှာရည်ညှစ်လိုက်သည်။

“ဒါ ဘာမှမဟုတ်ပါဘူး။ နောက်ဆို မင်းကို ငါ ပိုချီးကျူးမှာပေါ့။ အခုတော့ သွားပြီး အလုပ်လုပ်တော့။ အော်... ပြီးတော့ မြေအောက်သစ်တော အမှတ် ၃ ကိစ္စတွေကို မှတ်တမ်းတင်ထားဖို့ မမေ့နဲ့ဦး။” ရှားလော့ခ်က အိဗလင်းကို သတိပေးလိုက်၏။

အိဗလင်းက ဦးညွှတ်ကာ ထွက်သွားလေသည်။

ကြက်ဥခေါင်းသည် သူ၏လက်သည်းများကို တိုက်ပြီးသွားပြီ။ သူက နောက်ခြေထောက်များပေါ်တွင် ရပ်ကာ လုံးခွေနေသော သူ၏ကိုယ်ကို ခက်ခက်ခဲခဲ ဆန့်တန်းလိုက်သည်။

“မင်း ဝလာသလိုပဲနော်။”

ရှားလော့ခ်က ကြက်ဥခေါင်းကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

“အမှောင်ဘုရင်က ကမ္ဘာလောကရဲ့ အနှစ်သာရတွေကို စုပ်ယူနေတာပါ။ ကျွန်တော့်ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို ထိန်းချုပ်နိုင်ဖို့ အလျင်အမြန် ကြီးထွားနေရတာ။” ကြက်ဥခေါင်းက တည်ကြည်စွာ ပြောလိုက်ပြီးနောက် သူ၏ဗိုက်က ဆာလောင်သံမြည်လာသည်။ ကြက်ဥခေါင်းသည် ဒန်ဂျင်အရှင်ခန်းမဆောင်မှ ထွက်ခွာသွားရင်း အော်ဟစ်လိုက်၏။ “အစေခံတို့၊ ငါ့ရဲ့သစ္စာရှိတဲ့ အစေခံတို့၊ လာကြလော့။ ငါ့ကို အစာကျွေးကြလော့။”

ဂိမ်းမာတစ်စုက ရှေ့သို့ ပြေးလာကြပြီး ကြက်ဥခေါင်းကို ဆူဆူညံညံဖြင့် ပို့ဆောင်ခေါ်ထုတ်သွားကြသည်။

ရှားလော့ခ်က ဖြည်းညင်းစွာပိတ်သွားသော တံခါးကို ကြည့်နေပြီးနောက် အတွေးနက်နက်ထဲ နစ်မြောသွားသည်။

“အရှင်ရှားလော့ခ်၊ ဘာဖြစ်လို့ ဒီနဂါးနက်ကို မွေးထားတာလဲ။ ကျွန်တော်တော့ ဒါ ရှုံးမယ့်အလုပ်လို့ ထင်တယ်။” ဘရုက ရှားလော့ခ် ဒုက္ခရောက်သည်ကို ဝမ်းသာအားရဖြစ်နေသည့် လေသံဖြင့် ပြောလိုက်သည်။

ရှားလော့ခ်က ဘရုကို ပြန်မဖြေဘဲ မေးလိုက်၏။ “ဆောင်းတောင်ကုန်းမြို့ ဒန်ဂျင်အမြုတေကို ပေါင်းစပ်တာ ဘယ်လိုအခြေအနေရှိသလဲ။”

"အဆင်ပါတယ် အရှင်ရှားလော့ခ်။ အဆင့် ၂ ဒန်ဂျင်အမြုတေက အဆင့် ၄ ဒန်ဂျင်အမြုတေကို မျိုချလိုက်ရတဲ့ ခံစားချက်ကို အရှင်သိလား။ ကျွတ်... ကျွတ်... ကလေးတစ်ယောက်က ဆင်တစ်ကောင်ကို စားလိုက်ရသလိုပဲ။ ပေါင်းစပ်ဖို့ ကျွန်တော့်အတွက် အချိန်လိုပါလိမ့်မယ်။ အဆင့် ၄ ကို တိုက်ရိုက်ကျော်တက်ဖို့ ကြိုးစားကြည့်သေးတယ်၊ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒန်ဂျင်အမြုတေတစ်ခုက အဆင့်ကျော်တက်လို့ မရဘူးလေ။ နှမြောစရာကောင်းပေမဲ့ စိတ်မပူပါနဲ့ အရှင်ရှားလော့ခ်။”

ဘရုက လျင်မြန်စွာ ဆက်ပြောသည်။ “ကျွန်တော် အဆင့် ၄ ကို မတက်နိုင်ပေမဲ့ ပိုလျှံနေတဲ့ ဒန်ဂျင်အမြုတေကို အလဟဿ မဖြစ်စေပါဘူး။ တကယ်တော့ အဲဒါကိုသုံးပြီး အထောက်အကူပြု လုပ်ဆောင်ချက်အမျိုးမျိုးကို ဖန်တီးထားပါတယ်။”

“အထောက်အကူပြု လုပ်ဆောင်ချက်တွေ ဟုတ်လား။” ရှားလော့ခ် မျက်မှောင်ကြုတ်လိုက်သည်။

“မှန်ပါတယ်။ ဂိမ်းမာတွေရဲ့ အဆိုအရ ‘ဒန်ဂျင်: ထာဝရတိုင်းပြည်’ ရဲ့ အထောက်အကူပြု လုပ်ဆောင်ချက်တွေပေါ့။ အရှင်သိတဲ့အတိုင်းပဲ သူတို့ရဲ့ဝိညာဉ်တွေကို တခြားလောကကနေ ဆင့်ခေါ်ထားတာလေ။ တစ်နည်းပြောရရင် သူတို့ရဲ့တည်ရှိမှုက ကျွန်တော်တို့ရဲ့ တည်ရှိမှုအပေါ်မှာ မူတည်နေတယ်။ ဒေသခံတွေကို စုဆောင်းတာနဲ့ယှဉ်ရင် ဒီလိုဆင့်ခေါ်တဲ့နည်းလမ်းက အကျိုးကျေးဇူးတွေ အများကြီးရှိတယ်။ သူတို့ရဲ့ ပုံပန်းသဏ္ဌာန်ကို ပြင်ဆင်နိုင်ပေမဲ့ သူတို့ရဲ့ခန္ဓာကိုယ်ကိုတော့ ပြင်လို့မရဘူး။”

ဘရုက ဆက်ပြောသည်။ “ဒါက သူတို့ကို ဒီကမ္ဘာကြီးဟာ ဂိမ်းတစ်ခုနဲ့ ပိုတူတယ်လို့ ခံစားရစေပြီး သူတို့ရဲ့ ဂိမ်းကစားမှုအတွေ့အကြုံကို မြှင့်တင်ပေးနိုင်တယ်။ ဥပမာအားဖြင့်၊ အပေါ်ညာဘက်ထောင့်က သေးငယ်တဲ့ တိုက်ရိုက်မြေပုံလေးက သူတို့စူးစမ်းရှာဖွေပြီးသား ဧရိယာကို အချိန်နဲ့တပြေးညီ ပြပေးလိမ့်မယ်။ မစူးစမ်းရသေးတဲ့ ဧရိယာတွေကတော့ အမှောင်ဖုံးနေမှာပေါ့။ သူတို့စူးစမ်းရှာဖွေပြီးသား မြေပုံတွေကို ကျွန်တော့်ရဲ့ ဒေတာဘေ့စ်ထဲမှာ သိမ်းထားပါမယ်။ မြေပုံစနစ်အပြင် သူတို့ရဲ့လေ့ကျင့်ချိန်ကို သိသိသာသာ လျှော့ချပေးနိုင်မယ့် အထောက်အကူပြု တိုက်ခိုက်ရေးစနစ်ကိုလည်း ဖန်တီးထားပါတယ်။ ဒါက သူတို့ရဲ့ တိုက်ခိုက်ရေးသင်ယူမှု အတွေ့အကြုံကို အရှိန်မြှင့်ပေးနိုင်တဲ့ ဟာကွက်တစ်ခုနဲ့ တူညီပါတယ်။ ပြီးတော့ မာနာစနစ်နဲ့ လေးပစ်စနစ်တွေလည်း ရှိသေးတယ်။ ဒီပေါင်းစပ်စနစ်တွေက ဂိမ်းမာတွေကို ပိုမြင့်မားတဲ့အဆင့်ရှိတဲ့ တိုက်ခိုက်ရေးအတွေ့အကြုံတွေ ရရှိစေမှာပါ။”

“ဟုတ်တယ်၊ ဒါတွေက လိုအပ်တယ်။ သူတို့ ရှေးဟောင်းနတ်ဘုရားများ ကိုးကွယ်သူတွေကို ရင်ဆိုင်တုန်းက အသုံးမဝင်ခဲ့ဘဲ အကြိမ်ပေါင်းများစွာ သေခဲ့ကြတယ် မဟုတ်လား။” ရှားလော့ခ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “သူတို့သာ အဲ့ဒီလောက် အားနည်းနေရင် ငါ့အတွက် အကျိုးမရှိဘူး။”

“မှန်ပါတယ်။ ဒါ့အပြင် ထာဝရတိုင်းပြည်က မူလအရွယ်အစားရဲ့ နှစ်ဆအထိ ကျယ်ပြန့်လာခဲ့ပြီလေ။ အရှင်ရှားလော့ခ်အနေနဲ့ တူးဖော်ရေးအစီအစဉ်အသစ်တွေ ရေးဆွဲရပါတော့မယ်။ တတိယ ဘီတာစမ်းသပ်မှုအထိ စောင့်နေမယ်ဆိုရင် လက်ရှိအရွယ်အစားနဲ့ ဒန်ဂျင်က ဂိမ်းမာတွေကို ထပ်လက်ခံနိုင်မှာ မဟုတ်တော့ဘူး။” ဘရုက အကြံပြုလိုက်သည်။

“မင်း ဂိမ်းမာ ဘယ်လောက်ဆင့်ခေါ်နိုင်မလဲ။” ရှားလော့ခ် မေးလိုက်၏။

“တတိယ ဘီတာစမ်းသပ်မှုအတွက်ဆိုရင် လက်ရှိလုပ်ဆောင်ချက်တွေနဲ့ ဂိမ်းမာ ၁၀,၀၀၀ လောက်ကို အကြံပြုပါတယ်။” ဘရုက လျင်မြန်စွာ ပြန်ဖြေသည်။

“တစ်သောင်း ဟုတ်လား။ ငါထင်ထားတာထက် များတာပဲ။ ဒါဆိုရင် နေ့စဉ်တူးဖော်ရေးမစ်ရှင်တွေကို ပိုတိုးလိုက်။ လူနေဧရိယာတွေကို အာရုံစိုက်ပြီး တခြားဧရိယာတွေ တူးဖော်တာကိုတော့ ခဏဆိုင်းငံ့ထားလိုက်တော့။” ရှားလော့ခ်က ပြောလိုက်၏။

“နားလည်ပါပြီ အရှင်ရှားလော့ခ်။ ကျွန်တော့်မှာ အကြံပြုချက်တစ်ခု ရှိပါတယ်။ ကျွန်တော်တို့ ဆေးဖော်စပ်နေရာနဲ့ မှော်ပစ္စည်းဖန်တီးရေး နေရာတွေကို တည်ဆောက်ပြီးသွားပြီ။ မာနာဧရိယာ ပြီးသွားတာနဲ့ အသုံးပြုဖို့ တာဝန်ပေးနိုင်ပါပြီ။ ဆေးဖော်စပ်နေရာကိုတော့ ဖယ်ရီမလေးနဲ့ မိုးလက်ဖက်ရည်တို့က လည်ပတ်လုပ်ဆောင်ကြမှာပါ။ မှော်ပစ္စည်းဖန်တီးရေး နေရာအတွက်ကတော့ ဖိုးဉာဏ်ကျယ်တစ်ယောက်တည်းသာ လည်ပတ်လုပ်ဆောင်ဖို့ သင့်တော်တဲ့သူ ဖြစ်နေတဲ့အတွက် သူ့ရဲ့အလုပ်ဝန်ကို လျှော့ချပေးရပါမယ်။”

ဘရုက ဆက်လက်ပြောကြားသည်။ “ကျွန်တော့်အကြံပြုချက်ကတော့ ပြန်လည်ရှင်သန်ရေးစနစ်ကို ပြန်ပြင်ဆင်ဖို့ပါပဲ။ မတူညီတဲ့ ပြန်လည်ရှင်သန်ရေး နည်းလမ်းနှစ်ခုကို အသွေးအသား ကုသရှင်သန်ခြင်းကို အသုံးပြုတဲ့ တိုက်ရိုက်ပြန်လည်ရှင်သန်ရေးနည်းလမ်း တစ်ခုတည်းအဖြစ် လျှော့ချလိုက်ဖို့ပါ။ ကာယကြံ့ခိုင်မှု အဆင့်မြှင့်တင်ထားတဲ့ ဂိမ်းမာတွေသာ အသွေးအသား ကုသရှင်သန်ခြင်းကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါက ဖိုးဉာဏ်ကျယ်ရဲ့အလုပ်ဝန်ကို လျှော့ချပေးနိုင်ပေမဲ့ အရှင်ရှားလော့ခ်ရဲ့ မာနာစွမ်းအင်ကိုတော့ ပိုသုံးစွဲရပါလိမ့်မယ်။”

“အင်း... ငါ စဉ်းစားကြည့်ဦးမယ်။” ရှားလော့ခ် စဉ်းစားနေ၏။

“ဒါ့အပြင်...” ဘရုက စိုးရိမ်သောလေသံဖြင့် ဆိုသည်။ “အရှင်ရှားလော့ခ်အနေနဲ့ နောက်ထပ် မာနာစွမ်းအင်ရင်းမြစ်တစ်ခု ရှာဖွေရပါတော့မယ်။ တတိယ ဘီတာစမ်းသပ်မှုမှာ ဂိမ်းမာ ၁၀,၀၀၀ နဲ့ဆိုရင် အရှင်ရှားလော့ခ် ကိုင်တွယ်ကောင်း ကိုင်တွယ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ စတုတ္ထဘီတာ ဒါမှမဟုတ် အဖွင့်ဘီတာကျရင်တော့ ဂိမ်းမာအရေအတွက်က သောင်းဂဏန်းကနေ သန်းဂဏန်းအထိ ရှိလာနိုင်ပါတယ်။ စေတန်တချို့ ပေါင်းပြီး သူတို့ရဲ့မာနာစွမ်းအင်တွေကို ပေါင်းလိုက်ရင်တောင် လုံလောက်တော့မှာ မဟုတ်ပါဘူး။”

“ပိုလျှံနေတဲ့ မာနာစွမ်းအင်တွေကို သိုလှောင်ဖို့ မာနာရေကန် ဒါမှမဟုတ် နေရောင်ခြည်စွမ်းအင်ကန်တစ်ခု တည်ဆောက်ဖို့ အကြံပြုပါတယ်။ မာနာစွမ်းအင် လိုအပ်လာတဲ့အခါ မာနာသိုလှောင်ကန်ကို အသုံးပြုနိုင်မှာပါ။ အဲ့ဒီလိုဖြစ်နိုင်ခြေ ရှိပါသလား။”

“မရှိဘူး။” ရှားလော့ခ်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

“အဲ့ဒီလို အဆောက်အအုံမျိုးတွေ ငါမဖန်တီးနိုင်ဘူး။ မာနာသိုလှောင်တဲ့ ပစ္စည်းတွေရှိပေမဲ့ ဂိမ်းမာ ၁၀,၀၀၀ ကို မာနာထောက်ပံ့ဖို့ဆိုရင် ပိုက်ဆံနဲ့ သယံဇာတတွေ အများကြီးလိုတယ်။ လောကသစ်ပင် တစ်ပင်စိုက်တာမျိုး ဒါမှမဟုတ် လက်ရှိ လောကသစ်ပင်တစ်ပင်ကို လုယက်နိုင်တာမျိုး မဟုတ်ရင်တော့ မဖြစ်နိုင်ဘူး။”

“ဒါကတော့ အလွန်ခက်ခဲလှပါတယ်။” ဘရုက သက်ပြင်းချကာ မေးလိုက်သည်။ “အရှင်ရှားလော့ခ်၊ ကျွန်တော့်မှာ မေးခွန်းသေးသေးလေးတစ်ခု ရှိပါတယ်။ အရှင်က မဟာနယ်စားကြီးရဲ့သား အလက်ဇန္ဒရီယားကို သိပါသလား။”

All Chapters