ချေမှုန်းခြင်း
Vol. 4 Ch. 364
အစစ်အမှန်သိုင်း သုံးဆယ့်ခြောက်ကွက်သည် အစစ်အမှန် ကျင့်ကြံခြင်း ဂိုဏ်းကြီး၏ တပည့်များ အခြေခံ တည်ဆောက်ခြင်း အဆင့်တွင် ရှိနေစဉ်၌ အသုံးပြုသော သိုင်းကွက်များ ဖြစ်သည်။ တပည့်များ မူလ ဝိညာဉ်အဆင့်နှင့် ရွှေအမြုတေ အဆင့်သို့ ရောက်သည်နှင့် ထိုသိုင်းကွက် အများစုမှာ အပယ်ခံများ ဖြစ်သွားသည်။
သို့သော်လည်း အစစ်အမှန်သိုင်း သုံးဆယ့်ခြောက်ကွက်ကို ပိုမို မြင့်မားသည့် အဆင့်တိုင် လက်မလွှတ်သည့် ခန္ဓာကိုယ် သန့်စင်သည့် ကျင့်ကြံသူများလည်း ရှိသေးသည်။ ထိုသိုင်းကွက်များမှာ အစစ်အမှန် ကျင့်ကြံခြင်းဂိုဏ်း၏ ဘိုးဘေးများ တီထွင်ထားခြင်း ဖြစ်ရာ အလွန်ပင် အစွမ်းထက်သည်။ အစစ်အမှန် ကျင့်ကြံခြင်းဂိုဏ်း၏ ချီသန့်စင်ခြင်း အဆင့်တွင် ရှိသော တပည့်အချို့ဆိုလျှင် ထိုသိုင်းကွက်များအား အသုံးပြုပြီး မူလ ဝိညာဉ် အဆင့် ကျင့်ကြံသူများကိုပင် အနိုင်ယူနိုင်ကြသည်။
အစစ်အမှန်သိုင်း သုံးဆယ့်ခြောက်ကွက် အနက် ခုနစ်ခုမြောက် အကွက်၊ ဆယ့်ငါးခုမြောက် အကွက်၊ နှစ်ဆယ့် တစ်ခုမြောက် အကွက်၊ နှစ်ဆယ့် ရှစ်ခုမြောက် အကွက်နှင့် သုံးဆယ့်ခြောက်ခုမြောက် အကွက်တို့မှာ အစွမ်းအထက်ဆုံး ဖြစ်သည်။ ထိုအကွက်များမှာ အသုံးပြုသူ၏ စွမ်းအားကို အဆမတန် တိုးမြှင့်ပေးနိုင်သည်။ ဥပမာ ဆိုရလျှင် ခုနစ်ခုမြောက် ဖြစ်သော တောင်တန်း မြစ်ပြင် ဖြတ်တောက်ခြင်းမှာ ရှေ့တွင် ရှိသော သိုင်းကွက် ခြောက်ခု ပေါင်း၍ ထုတ်ဖော်သည့် အစွမ်းထက်ပင် ပိုမို ပြင်းထန်သည်။ နေနှင့် လစက်ဝိုင်း သိုင်းကွက်မှာလည်း ထို့အတူပင်။
နေနှင့် လစက်ဝိုင်း သိုင်းကွက်မှာ အလွန် အစွမ်းထက် သော်လည်း ပေးဆပ်ရသော စွမ်းအင် ပမာဏမှာလည်း များလွန်းသည်။ ချန်းဖန်ပင်လျှင် ဉာဏ်အလင်း စုဆောင်းခြင်း အလယ်ဆင့်သို့ မရောက်ခင် ထိုသိုင်းကွက်အား အသုံးပြုနိုင်စွမ်း မရှိခဲ့ချေ။
ချန်းဖန်၏ လက်တစ်ဖက် တစ်ချက်မှ နေနှင့်လအား ကြည့်ရင်း တာကီမီယာ ဟီရို၏ မျက်နှာက အနည်းငယ် အသက်မဲ့လာ၏။ ထိုကဲ့သို့သော မြင်ကွင်းအား မျက်လုံးဖြင့် တိုက်ရိုက် တွေ့မြင်နေရသည့်တိုင် မယုံကြည်နိုင်ပေ။
တာကီမီယာ ဟီရိုမှာ နှစ်ရာချီ ကျင့်ကြံခဲ့သည့် သိုင်းပညာရှင်ကြီး ဖြစ်သော်လည်း ထိုကဲ့သို့ နည်းစနစ်မျိုးအား တစ်ခါမျှပင် မကြားဖူးချေ။ ထိုနည်းစနစ်က ကျိန်းသေ သိုင်းပညာ မဟုတ်လောက်ပေ။ နတ်ဘုရား အစီအရင်၊ နတ်ဘုရား စွမ်းအား ဖြစ်ရပေမည်။ တာကီမီယာ ဟီရိုမှာ တစ်ကြိမ်မျှပင် မခံစားဖူးသည့် ကြောက်လန့်ခြင်းမျိုးအား ခံစားလာရတော့သည်။
ထိုတိုက်ခိုက်မှုက သူ၏ အသက်ကို နုတ်ယူနိုင်ကြောင်း သူ၏ မသိစိတ်တွင် သိရှိနေခဲ့သည်။ ထို တိုက်ခိုက်မှုက အသံထက်မြန်သော လက်သီးထက်ပင် ပိုမို အန္တရာယ် များပုံရသည်။
တာကီမီယာ ဟီရိုသည် ချန်းဖန်၏ အသံထက် မြန်သော လက်သီးကို ခုခံနိုင်ရန် ယုံကြည်ချက် ရှိသည့်တိုင် ယခုတိုက်ကွက် အောက်၌မူ ခွန်အားပင် မရှိတော့သလို ခံစားနေရ၏။ ထို တိုက်ကွက် အပြည့်အဝ ပုံပေါ် မလာခင် သူဖျက်ဆီး ပစ်ရပေမည်။
"ရှေးဟောင်း ဓားနည်းစနစ်… စစ်တပ်အား ဖျက်ဆီးခြင်း…"
တာကီမီယာ ဟီရိုက သူ၏ လက်နှစ်ဖက်အား ဆုပ်ကိုင်လိုက်ရာ ချီဓားတစ်ခု တဖြည်းဖြည်း ကြီးထွား ဖြစ်ပေါ်လာ၏။ သူက ချီဓားကို ဦးခေါင်းထက်သို့ မြှောက်ပင့်သည်နှင့် ငွေရောင် အလင်း ဖြစ်ပေါ်လာ၏။ ထိုအလင်းက ပတ်ဝန်းရှိ အရာအားလုံးအား ခုတ်ဖြတ်နိုင်စွမ်း ရှိသည့် အလား ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်လွှတ်နေခဲ့သည်။
တန်ခိုးရှင် အဆင့်သို့ တက်လှမ်းပြီးနောက် ရရှိလာသည့် အဓိက အကျိုးအမြတ် တစ်ခုမှာ မူလ အမြုတေ ပင်လယ်ကို အာရုံခံလာနိုင်ခြင်း ဖြစ်၏။ ထိုအရာက ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအား အလုံးစုံကို သူ၏ကိုယ်ပိုင်ချီအဖြစ် ပြောင်းလဲကာ တိုက်ခိုက်နိုင်စွမ်းကို ပေးသည်။
တာကီမီယာ ဟီရိုမှာ တန်ခိုးရှင် အဆင့်သို့ အပြည့်အဝ မဝင်ရောက်သေးရာ သူ၏ ချီစွမ်းအား အသုံးပြုမှုက အကန့်အသတ် ရှိသည့်တိုင် သူ့အတွက် ကြီးမားသော အကူအညီ ရရှိနေဆဲ ဖြစ်သည်။
"ရွှမ်း… ရွှမ်း… ရွှမ်း…"
သူက အဆက်မပြတ် ဓားချီလှိုင်းများကို ထုတ်လွှတ်ကာ ချန်းဖန်အား တိုက်ခိုက်သည်။ ထိုက်ခိုက်မှုဖြင့် ပွတ်တိုက်ထိမိသော တိုကျိုမျှော်စင်ပင်လျှင် တုန်ခါလာကာ မီတာသုံးဆယ်ခန့် ပျက်စီးသွားပြန်၏။
ထိုအခိုက် ချန်းဖန်ကမူ မတုန်မလှုပ် ရပ်နေဆဲပင်။ သူက မျက်လုံးများကို ကျဉ်းမြောင်း ထားသော်လည်း နေနှင့်ညက သူ၏ မျက်လုံးနှစ်ဖက်၌ အကြိမ်ကြိမ် ဖြစ်ပေါ်နေ၏။ သူ၏ လက်နှစ်ဖက် အစွန်းတွင် ရှိသော နေ့နှင့်လ စက်ဝိုင်းနှစ်ခုကမူ တဖြည်းဖြည်း ကြီးမားလာနေ၏။
အဆုံးမဲ့ ချီဓားများက တရစပ် ကျဆင်းနေသော်လည်း သူ၏ ဘေးတွင် ဖြစ်ပေါ်နေသည့် မဟာယင်၊ မဟာယန် စွမ်းအားများကို ထိတွေ့သည်နှင့် ပျောက်ကွယ်ရ စမြဲပင်။
ဓားချီ တိုက်ခိုက်မှုက အသုံးမဝင်ကြောင်း မြင်သည်နှင့် တာကီမီယာ ဟီရိုက သူ၏ နည်းစနစ်အား ပြောင်းလဲကာ ချန်း၏ အောက်မှပင့်၍ တိုက်ခိုက်ရန် ပြင်သည်။ စတီးကြမ်းပြင်များ တဖြည်းဖြည်း ကြွတက်လာသော်လည်း ချန်းဖန်က အသာအယာပင် လေခု၌ မျောလွင့်ကာ ပျံသန်းသည်။
"ဘယ်လို ဖြစ်နိုင်မှာလဲ … မင်းလည်း တန်ခိုးရှင် အဆင့် ရောက်နေတာလား…"
တာကီမီယာ ဟီရိုကား ဆွံ့အ၍ပင် နေတော့၏။
တန်ခိုးရှင် အဆင့်သို့ ရောက်သည့် လူများသာလျှင် လေထု၌ မျောလွင့်နိုင်စွမ်း ရှိကြသည်။ ပိုမို အဆင့်မြင့်သော တန်ခိုးရှင်အဆင့်သို့ ရောက်လျှင် ကီလိုမီတာချီသည်အထိ ပျံသန်းနိုင်ကြသည်။ တာကီမီယာ ဟီရိုပင်လျှင် ထိုအဆင့်သို့ မရောက်သေးချေ။
ယခု သူ၏အဆင့်က လေနှင့်အတူ မျောပါခြင်းသာ ပြုလုပ်နိုင်သေးသည်။ သို့သော်လည်း ထိုအဆင့်ကပင်လျှင် သိုင်းလောက၏ ထိပ်ဆုံး၌ ရပ်တည်နိုင်သည်။ ထို့ကြောင့်ပင် ချန်းဖန် လေထု၌ မျောပါနေခြင်းအား ကြည့်၍ သူ အံ့အားသင့် သွားခြင်း ဖြစ်သည်။
"ဒီလောက်ကို တန်ခိုးရှင် အဆင့်ပဲ လုပ်နိုင်တယ် ထင်နေတာလား … ဒီလောက်က ငါ့အတွက် ဘာမှမဟုတ်ဘူး…"
ချန်းဖန်က အနည်းငယ် ပြုံးရင်း တာကီမီယာ ဟီရိုအား စူးရဲစွာ ကြည့်လိုက်၏။ ထိုအခိုက်၌ သူ၏ မျက်လုံးများက နေနှင့် လတို့ကဲ့သို့ လင်းလက်လာကာ ကောင်းကင်ရှိ နေနှင့် လတို့ကလည်း တဖြည်းဖြည်း ပေါင်းစပ်လာတော့၏။ ကောင်းကင်တွင် ဖြစ်ပေါ်နေသော ထစ်ချုန်းသံများကမူ ကမ္ဘာတစ်ခုလုံးကိုပင် လွှမ်းမိုးတော့မည့် အလား ဆူညံနေခဲ့တော့သည်။
တာကီမီယာ ဟီရိုက ထိုမြင်ကွင်းအား ကြည့်ရင်း တဖြည်းဖြည်း ရူးသွပ်စ ပြုလာ၏။ ချန်းပေ့ရွှမ်း၏ သိုင်းကွက်က ပြည့်စုံလာတော့မည့် ပုံရှိသည်။ ထိုအရာကို သူ အမှန်တကယ် မခုခံနိုင်ပေ။
"ရှေးဟောင်းဓား နည်းစနစ်… ငှက်တစ်ထောင်အား ခုတ်ပိုင်းခြင်း…"
"ရှေးဟောင်းဓား နည်းစနစ်… ပေါက်ကွဲမှုအား ခုတ်ပိုင်းခြင်း…"
"ရှေးဟောင်းဓား နည်းစနစ်…"
တာကီမီယာ ဟီရိုက သုံးမီတာခန့် ရှည်လျားသော ဓားအလင်းကို သုံးကာ အရူးတစ်ယောက် အလား ချန်းဖန်ထံ အငမ်းမရ ခုတ်ပိုင်းတော့သည်။
"ဂေါတမ ဗုဒ္ဓ၏ ခုတ်ချက်…"
တိုက်ခိုက်မှုများက နက်ရှိုင်းသော ပေါက်ကွဲမှုများဖြင့် အဆက်မပြတ် ဆူညံနေတော့သည်။ ဓားအလင်းများနှင့် စွမ်းအားများက အဆက်မပြတ် ဖြာထွက်နေကာ ကောင်ကင်၌ ကြွေသော ကြယ်များ အလား ဦးတည်ချက် မရှိသည့် အလား ရွေ့လျားနေ၏။
တိုကျို မြို့သူ မြို့သားများနှင့် သိုင်းပညာရှင် များစွာမှာ အဆက်မပြတ် ထစ်ချုန်း ပေါက်ကွဲများအား ကြားနေသော်လည်း သူတို့မြင်ရသည်က လျှပ်စီးကဲ့သို့ အလင်းတန်း တချို့သာ ဖြစ်၏။
"နေနဲ့ လစက်ဝိုင်း…"
နေနှင့်လက အပြည့်အဝ ပူးပေါင်းသည်နှင့် အဖြူနှင့် အနီရောင်ခြည်များ ရောထွေးနေသော အလင်းစက်ဝိုင်း တစ်ခု တိုကျို မျှော်စင်ထိပ်၌ ပေါ်ထွက်လာ၏။ ထိုစွမ်းအား နှစ်ခုက အပြန်အလှန် ပူးပေါင်းနေရာ ယင်ယန် စက်ဝိုင်းအလား ထင်ရစေသည်။
တာကီမီယာ ဟီရိုမှာ ထိုစက်ဝိုင်းအား ကြည့်ရင်း ရုပ်တု တစ်ခုကဲ့သို့ အေးခဲ တောင့်တင်းလာ၏။ အဖြူနှင့် အနီရောစပ်သော အလင်းရောင်ခြည် တစ်ခုက သူ့အား ဖြတ်သန်း သွားသည်နှင့် သူ၏ ရင်ဘတ်တွက် အပေါ်တစ်ခု ပေါ်လာခဲ့တော့သည်။
သူ၏ ချီဓားများနှင့် အမှန်တရား လေးပါး အကာအကွယ် အလင်းမှာလည်း နေလစက်ဝိုင်း၏ ရောင်ခြည်အောက်၌ စတင် အရည်ပျော်နေပြီ ဖြစ်သည်။ နေနှင့် လစက်ဝိုင်း သိုင်းကွက်မှာ ခန္ဓာကိုယ် လေ့ကျင့်သည့် ကျင့်ကြံသူများသာ အဓိက အသုံးပြုနိုင်သော နည်းစနစ်မျိုး ဖြစ်သည်။ ချန်းဖန် ပင်လျှင် အဇူရာ သက်ရှည် ခန္ဓာကဲ့သို့ အလွန် အစွမ်းထက်သည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင် ထားသောကြောင့်သာ ထိုသိုင်းကွက်ကို အသုံးပြုနိုင်ခြင်း ဖြစ်သည်။
ဘုန်း …
အက်တမ်ဗုံး တစ်လုံး ပေါက်ကွဲသည့် အလား အလင်းရောင်ခြည်များက တာကီမီယာ ဟီရိုထံ အဆက်မပြတ် တိုးဝင်လာတော့သည်။
"ဘယ်လို … ဘယ်လို ဖြစ်နိုင်မှာလဲ … ငါက တန်ခိုးရှင် အဆင့်လေ။ ငါ မရှုံးနိုင်ပါဘူး…"
တာကီမီယာ ဟီရို၏ နှုတ်ခမ်းများက တဆတ်ဆတ် တုန်ရီကာ စကား တစ်ခွန်းကိုပင် အနိုင်နိုင် ပြောဆိုနေရသည်။ သူက အသက်ဓာတ်များက လုံးဝ ပျောက်ကွယ်နေပြီ ဖြစ်ကာ ဝိညာဉ်စွမ်းအင် ကြောင့်သာ ဆက်လက် ရှင်သန်နေခြင်း ဖြစ်၏။
အခြေအနေအား နားလည်သွားသည်နှင့် တာကီမီယာ ဟီရို၏ ဝိညာဉ်က ရုပ်ခန္ဓာ တစ်ခုကို ဖွဲ့စည်းရင်း ထွက်ပြေးရန် ကြိုးစားတော့သည်။ သို့သော်လည်း သူ၏ ဝိညာဉ်စွမ်းအားက သခင်ကြီး စုဆမ်နိုနှင့် ယှဉ်လျှင်ပင် များစွာ နိမ့်ကျနေခဲ့၏။
ချန်းဖန်က နေနှင့် လဘီး၏ ရောင်ခြည်အား ထိန်းချုပ်ရင်း ထိုဝိညာဉ်အား တိုက်ခိုက်လိုက်၏။ မဟာယင်နှင့် မဟာယန် စွမ်းအားတို့၏ အောက်တွင် တာကီမီယာ ဟီရို၏ ဝိညာဉ်က အစစ ကွဲကြေကာ ပျောက်ကွယ် သွားရတော့သည်။
ဂျပန်အား ဆယ်စုနှစ်များစွာ စိုးမိုးခဲ့သော ဓားသူတော်စင်ကား သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
တိုကျိုမျှော်စင် အောက်ခြေရှိ လူများစွာမှာမူ ဖုန်မှုန့်များ တဖြည်းဖြည်း ကျဲပါးလာသည် အထိ မည်သူ အနိုင်ရရှိသွားကြောင်းအား မသိရှိကြသေးချေ။
"ဘယ်သူနိုင်သွားတာလဲ…"
တစ်စုံတစ်ယောက်က သိချင်စိတ် ပြင်းပြစွာ မေးလိုက်၏။
"ဓားသူတော်စင်ပဲ နိုင်မှာပေါ့ … သူ့ရဲ့ပုံစံ ပြောင်းသွားတာ မတွေ့ဘူးလား။ တန်ခိုးရှင် အဆင့်ကို သူရောက်သွားတာ ကျိန်းသေတယ်…"
ဂျပန် သိုင်းပညာရှင် တစ်ယောက်က ကျယ်လောင်စွာ ပြောလိုက်သည်။ သူ၏ ဘေးတွင်ရှိသော သိုင်းပညာရှင်များကလည်း ခေါင်းညိတ်သည်။ တိုက်ပွဲအား မမြင်တွေ့ရသည့်တိုင် တန်ခိုးရှင် အဆင့်၏ စွမ်းအားများကိုမူ သူတို့ အာရုံခံမိခဲ့သည် မဟုတ်ပါလား။
"ဆရာကြီး တကယ်ပဲ အဆင့်တက်သွားတာ ဆိုရင် ငါတို့နိုင်ငံမှာ တန်ခိုးရှင် အဆင့်တစ်ယောက် တိုးလာပြီပေါ့…"
ကူရိုကာဝါရှိုက ပျော်ရွှင်စွာ တွေးနေမိသည်။ အီရီကာနှင့် အခြား ဂျပန် အထွတ်အထိပ် များ၏ မျက်နှာတွင်လည်း စိတ်လှုပ်ရှားမှုနှင့် ဂုဏ်ယူမှုတို့က အထင်းသား ပေါ်နေခဲ့သည်။
အခြားတစ်ဖက် တရုတ် သိုင်းပညာရှင်များ၏ မျက်နှာများကမူ မည်းမှောင် နေကြသည်။ တာကီမီယာ ဟီရိုမှာ တန်ခိုးရှင် အဆင့်သို့ တက်လှမ်းသွားခြင်း ဖြစ်ရာ ချန်းပေ့ရွှမ်း အတွက် အခွင့်အရေး မရှိတော့ကြောင်း သူတို့ ကောင်းစွာ နားလည်သည်။
"ချန်းပေ့ရွှမ်း ရှုံးသွားတယ် ဆိုတာ ငါမယုံနိုင်ဘူး…"
ကူရှောင်မန်၏ မျက်နှာမှ မျက်ရည်များ ကျဆင်း လာခဲ့သည်။ သူမ၏ ဘေးရှိ ကူပိုင်ရှင်းမှာလည်း ညိုမှိုင်းသော မျက်နှာဖြင့် သက်ပြင်းရှည်ကြီးသာ ချလိုက်မိသည်။
ထိုအချိန်မှာပင် စကားသံ တစ်ခုနှင့်အတူ ကောင်းကင်မှ လူရိပ်တစ်ခု ကျဆင်းလာခဲ့၏။
"ဘာလို့ မျက်နှာတွေ ပျက်နေကြတာလဲ…"
လူတိုင်းက ထိုလူရိပ်အား အဆောတလျင် ကြည့်ရာ အနက်ရောင် ဝတ်လူငယ်အား မြင်သည်။ သူ၏ မျက်လုံးများက ကြည်လင် သန့်စင်နေကာ ယုံကြည်ချက်များ ပြည့်ဝ၍ နေသည်။ တိုက်ခတ်နေသော လေများ၏ အောက်၌ သူ၏ အဝတ်အစားများက တဖျတ်ဖျတ် လွင့်ပါးနေသော်လည်း ထိုအရာက သူ၏ တည်ရှိမှုကို ပိုမို ခန့်ညားစေသည်။
ဂျပန်သိုင်းပညာရှင် များကား ထိုလူငယ်အား တွေ့သည်နှင့် ဆွံ့အ သွားကြတော့သည်။ သူတို့၏ မျက်နှာများကလည်း ရုတ်ခြည်းပင် ဖြူရော်သွားကာ အသက်ဓာတ်အား လွင့်ပျောက်နေသည့် အလားပင် ထင်ရသည်။
***