ပြိုင်ဘက်ကင်း
Vol. 4 Ch. 365
"ဘာလို့ ချန်းပေ့ရွှမ်း တစ်ယောက်ပဲ တွေ့ရတာလဲ … ဆရာကြီးက ဘယ်မှာလဲ … ဓားသူတော်စင်က ဘယ်ကို ရောက်သွားတာလဲ …"
ကူရိုကာဝါရှိုကား စိတ်ကို တည်ငြိမ်အောင် ထိန်းနိုင်စွမ်း မရှိတော့ချေ။ အိပ်မက်ထဲ၌ လမ်းလျှောက်နေသူ တစ်ယောက်အလား စမ်းတဝါးဝါး ဖြစ်နေတော့၏။
အီရီကာနှင့် အခြားလူများမှာလည်း ဆွံ့အနေကြဆဲ ဖြစ်သည်။ ချန်းပေ့ရွှမ်း ပေါ်ထွက်လာမှုက တိုက်ပွဲ၏ အဖြေကို ဖော်ပြလိုက်ခြင်းနှင့် အတူတူပင်။ ထိုအရာကား သူတို့ မျှော်လင့်ထားသည့် ရလဒ် လုံးဝ ဟုတ်ပုံ မရချေ။ အနိုင်ရရှိသူကား တရုတ်မှ ချန်းပေ့ရွှမ်း ဖြစ်သည်မှာ သေချာနေလေပြီ ဖြစ်၏။
ဂျပန် အထွတ်အထိပ် ပညာရှင်များကား စိတ်ဓာတ် အကြီးအကျယ် ကျနေကြတော့၏။ ထိုတိုက်ပွဲကား ချန်းပေ့ရွှမ်းနှင့် ဓားသူတော်စင်ကိုသာ ကိုယ်စားပြုခြင်း မဟုတ်ချေ။ တရုတ် သိုင်းလောကနှင့် ဂျပန် သိုင်းလောက နှစ်ခုလုံးအား ကိုယ်စားပြုသည်။ ဓားသူတော်စင် ရှုံးနိမ့်သွားခြင်းက ဂျပန်သိုင်းလောက ရှုံးနိမ့်သွားခြင်းပင်။
များစွာသော လူများကို ချန်းဖန်အား အားကျစွာ ငေးမောမိကြသည်။ ထိုကောင်လေးကား နှစ်ဆယ် မပြည့်သေးသော အသက်အရွယ်ဖြင့်ပင် ဤမျှအထိ အစွမ်းထက်နေသည်။ သူသာ အသက်ငါးဆယ်သို့ ရောက်ပါက မည်မျှ အစွမ်းထက်မည်နည်း။ ထိုအချိန်ရောက်လျှင် သူ့အား မည်သူက ယှဉ်နိုင်တော့မည်နည်း။ ထိုမေးခွန်းအတွက် အဖြေမရှိချေ။
မစ်ဆု ယူတိုနှင့် အခြား အရာရှိများ၏ မျက်နှာများကလည်း စိုးရိမ်မှုဖြင့် ညှိုးရော်နေသည်။
တရုတ် သိုင်းပညာရှင်များမှာမူ များစွာ တွေးမနေကြပေ။ ချန်းပေ့ရွှမ်း၏ အနိုင်ရမှု အတွက် အောင်ပွဲခံရန် တစ်ခုကသာ သူတို့၏ စိတ်ကို စိုးမိုးနေသည်။
"ငါ ပြောသားပဲ … အထွတ်အထိပ်ချန်းက စပြီး ပေါ်ထွက်လာတဲ့ အချိန်တည်းက တစ်ပွဲတောင် မရှုံးဖူးဘူး။ ဒီကမ္ဘာမှာ သူ့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ ထိုက်တန်တဲ့သူ မရှိဘူး။ ဂျပန်က အသုံးမကျတဲ့ ပမွှား တစ်ကောင်က ဘယ်လိုလုပ်ပြီး သူ့ကို သတ်နိုင်မှာလဲ…"
တရုတ် သိုင်းပညာရှင် တစ်ယောက်က ယုံကြည်မှု ရှိစွာ ပြောလိုက်သည်။
'ဟမ့် … ရှင်ပြောတာ အထွတ်အထိပ်ချန်း ရှုံးတော့မယ်လို့လေ…"
ကူရှောင်မန်က ထိုတစ်ယောက်အား စူးရဲစွာ ကြည့်သည်။ ထိုလူငယ်မှာ ရှင်းရီဂိုဏ်းဝင် တစ်ဦး ဖြစ်သည်။ သူက ကူရှောင်မန်၏ စကားကြောင့် ခေါင်းကို ရှက်ရွံ့စွာ ငုံ့လိုက်မိတော့သည်။
လူများစွာမှာ အပျော်ဖြင့် ဖုံးလွှမ်းနေရာ ထိုလူငယ်အား အပြစ်မမြင် မိကြချေ။
တရုတ် သိုင်းပညာရှင် များစွာက ချန်းဖန်၏ ဘေး၌ ဝိုင်းပတ်၍ ဂုဏ်ပြုနေကြစဉ်၌ ပျံလွှားနီလေးကား ငြိမ်သက်လျက်ပင် ရှိနေ၏။ သူမ၏ မျက်လုံးများကမူ အံ့အားသင့်ခြင်း၊ မယုံကြည်နိုင်ခြင်းများ ရောနှောကာ ချန်းဖန်ထံသို့ ကြည့်နေခဲ့သည်။ သူမသည် တာကီမီယာ ဟီရို၏ ကိုယ်ရေး အချက်အလက်များအား အသေးစိတ် အကြိမ်ကြိမ် ကြည့်ခဲ့ရာ ထိုအဘိုးကြီး မည်မျှ အစွမ်းထက်သည်ကို ကောင်းစွာ နားလည်သည်။ ထိုအဘိုးအိုကား ကမ္ဘာ့ အစွမ်းအထက်ဆုံးများထဲမှ တစ်ယောက်ဟုပင် သတ်မှတ်နိုင်သည် အထိ အင်အား ကြီးမားသည်။
သို့သော်လည်း ချန်းဖန်က သူ့အား အနိုင်ယူပြခဲ့သည်။ အသက်နှစ်ဆယ် မပြည့်သေးသော လူငယ်လေးက နှစ်ရာချီ ကျင့်ကြံခဲ့သော ဓားသူတော်စင်ကို အနိုင်ယူနိုင်ခြင်း … ထိုအရာကား မယုံကြည်နိုင်စရာပင်။ ထိုကောင်လေးအား နှစ်တစ်ထောင်တွင် တစ်ယောက်သာ ပေါ်ထွန်းသော ပါရမီရှင်ဟု ညွှန်းဆိုလျှင်ပင် လွန်မည် မထင်ချေ။
ထိုစဉ်မှာပင် ရုတ်တရက် ကျယ်လောင်သော အသံတစ်ခုက လူအုပ်ထဲမှ ပေါ်ထွက်လာခဲ့၏။
"ချန်းပေ့ရွှမ်း … ငါ့ဆရာ ဘယ်မှာလဲ"
ကူရိုကာဝါရှိုက ဓားအား ကိုင်ဆောင်ရင်း ချန်းဖန်ကို စူးရဲစွာ ကြည့်သည်။ ဓားအလင်းက သူ၏ ပတ်လည်အား လှိုင်းတစ်ခု အသွင်း ဝန်းရံနေ၏။ များစွာသော တရုတ် သိုင်းပညာရှင်များမှာ ထိုဓားချီကြောင့် နောက်သို့ ဆုတ်လိုက်ရသည်။
ယခု ရောက်ရှိနေသည့် တရုတ် သိုင်းပညာရှင်များတွင် ဂိုဏ်းခေါင်းဆောင် အချို့ ပါဝင်သော်လည်း လူနည်းစုသာ ဖြစ်သည်။ အများစုမှာ လူငယ် မျိုးဆက်များ၊ ဆက်ခံသူများ ဖြစ်ကြသည်။ ကူရိုကာဝါရှိုမှာမူ တရုတ်ပြည်၏ အစွမ်း အထက်ဆုံး ဓားမာစတာ လေးယောက် အနက်တွင် ဒုတိယနေရာ၌ ရှိနေသော ပညာရှင် ဖြစ်၏။ ထို့ကြောင့် လူငယ်မျိုးဆက်များ အနေဖြင့် ကူရိုကာဝါ၏ ဓားချီအလင်းကိုပင် ရင်မဆိုင်ဝံ့ခြင်း ဖြစ်သည်။
"မင်းက ငါ့ကို ဒီလို ပုံစံနဲ့ မေးရဲတယ်ပေါ့…"
ချန်းဖန်က မျက်လုံးများကို ကျဉ်းမြောင်းရင်း လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်၏။ စွမ်းအင်လှိုင်း တစ်ခုက သူ၏ လက်မှ ထွက်ပေါ်လာကာ ကူရိုကာဝါရှိုထံသို့ တိုးဝင်သွား၏။
"ယား…"
ကူရိုကာဝါရှိုက အော်ဟစ်ရင်း သူ၏ဓားအား မြှောက်လိုက်၏။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်က အလင်းတစ်ခု အလား စွမ်းအင်လှိုင်းကို ရှောင်ထွက်ရင်း ချန်းဖန်၏ ရှေ့သို့ ရောက်ရှိလာ၏။ သူက ဓားအား လွှဲခုတ်လိုက်သည်နှင့် သုံးမီတာ အရှည်ရှိသော ဓားအလင်းတစ်ခု ဖြစ်ပေါ်လာကာ အပယ်ခံ ခုတ်ချက် ထွက်ပေါ်လာ၏။
ဘုန်း …
ချန်းဖန် ခန္ဓာကိုယ်မှ ချီအလင်းနှင့် ဓားချီတို့ ထိပ်တိုက်တွေ့ရာ သေးငယ်သော ပေါက်ကွဲမှု တစ်ခု ပေါ်ထွက်လာ၏။ ကူရိုကာဝါရှိုကား ဂျပန်၏ အစွမ်းအထက်ဆုံး ဓားသမား လေးယောက်အနက် တစ်ယောက်ဟု မပြောရပေ။ သူ၏ တန်ပြန် တိုက်ခိုက်မှုက စွမ်းအင်လှိုင်းကိုပင် ရှောင်ရှားကာ ချန်းဖန်ထံသို့ လျင်မြန်စွာ ရောက်လာသည် အထိ ဖြစ်သည်။
သို့သော်လည်း ပေါက်ကွဲမှု၏ အရှိန်ဖြင့် သူ နောက်သို့ အနည်းငယ် ဆုတ်လိုက်ရသည်။ သူ၏ လက်များ တုန်ခါသွားရာ လက်ထဲမှ ဓားပင် လွတ်ကျလုအထိ ဖြစ်ခဲ့ရသည်။
"သူက … မယုံနိုင်စရာပဲ"
ကူရိုကာဝါရှို စိတ်ထဲမှ ရေရွတ်မိ၏။
သူ၏တန်ပြန် တိုက်ခိုက်မှုက ပြီးပြည့်စုံသည်ကို သူသိသည်။ သို့သော်လည်း တိုက်ခိုက်မှုက ချန်းပေ့ရွှမ်းအား ထိခိုက်ခဲ့ပုံ မရချေ။
"အာ…"
ချန်းဖန်က တီးတိုး ရေရွတ်လိုက်မိ၏။ ကူရိုကာဝါရှိုမှာ သူ့အား တန်ပြန် တိုက်ခိုက် နိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
ချန်းဖန် အချိန် မဖြုန်းလိုတော့ချေ။ သူက လက်သင်္ကေတ တစ်ခု ပြုလုပ်သည်နှင့် အဇူရာရောင် နဂါးတစ်ကောင် ပေါ်လာကာ လျှပ်စီးကဲ့သို့ အလျင်ဖြင့် ကူရိုကာဝါရှိုထံ တိုးဝင် သွားတော့၏။
"စတုတ္ထမြောက် သိုင်းကွက် … နဂါး အသွင်ပြောင်း …"
ထို တိုက်ခိုက်ရေး နည်းစနစ်ကို အစစ်အမှန် ကျင့်ကြံခြင်း ဂိုဏ်း၏ ဘိုးဘေး တစ်ယောက်က တီထွင်ခဲ့ခြင်း ဖြစ်၏။ အဇူရာချီ၏ ထောက်ပံ့မှုအောက်၌ နဂါးက ကမ္ဘာကိုပင် ဖျက်ဆီးနိုင်သည့် စွမ်းအားဖြင့် ကူရိုကာဝါ၏ အပေါ်မှ အုပ်မိုးကာ ကျဆင်းလာသည်။
ကူရိုကာဝါရှိုကား ထိုနဂါးအား ကြည့်ရင်း စိတ်ချောက်ချား လာသည်။ ထိုတိုက်ခိုက်မှု အောက်မှ လွတ်မြောက်ရန် သူ့တွင် အခွင့်အရေး မရှိချေ။
"ငါ တကယ်ပဲ သေရတော့မှာလား…"
သူ တွေးနေစဉ်မှာပင် ရုတ်တရက် ဓားချီအလင်းတစ်ခု ပေါ်ထွက်လာကာ နဂါးအား တားဆီးလိုက်၏။
"ဘုန်း…"
ပေါက်ကွဲသံက ပထမ အကြိမ်ထက် ပိုမို ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
"ဆရာ ချန်းပေ့ရွှမ်း … ဘာဖြစ်လို့ ဆရာရဲ့အချိန်ကို ကူရိုကာဝါလို လူမျိုးနဲ့ ဖြုန်းတီးရမှာလဲ။ ဓားသူတော်စင်က ကူရိုကာဝါရဲ့ ဆရာပါ။ ဆရာ့အတွက် စိတ်ပူမိတာ သူ့ရဲ့အမှား မဟုတ်ပါဘူး။ ဆရာ နားလည်ပေးဖို့ မျှော်လင့်ပါတယ်…"
စကားပြောလိုက်သူက အီရီကာပင် ဖြစ်၏။ ကူရိုကာဝါအား ကယ်လိုက်သူမှာလည်း သူမပင်။
"ဟမ့်…"
ချန်းဖန်က နှာခေါင်းတစ်ချက် ရှုံ့ပြီးသည်နှင့် မူလနေရာမှ ပျောက်ကွယ် သွားသည်။ ထို့နောက် ရုတ်ခြည်းပင် ကူရိုကာဝါရှို၏ ရှေ့တွင် ပြန်ပေါ်လာကာ ရင်ဘတ်အား လက်သီးဖြင့် ထိုးလိုက်တော့၏။
ထိုအရာကား အသံထက် မြန်သော လက်သီးပင်။
ကူရိုကာဝါရှို မည်သို့မျှ မလှုပ်ရှားနိုင်ခင်မှာပင် လက်သီးက သူ့အား လွင့်စဉ်သွားစေ၏။ သူမြေပြင်သို့ ပြန်အကျ၌ အသက်ဓာတ်များ ကင်းမဲ့သွားလေပြီ။
"ရှင်လုပ်ရဲတယ်လား…"
အီရီကာနှင့် အခြားလူများကား သူတို့၏ မျက်လုံးကိုပင် မယုံကြည်နိုင်ကြချေ။ အိတို အိမိနှင့် အခြားလူများစွာကလည်း ချန်းဖန်အား စူးရဲစွာ ကြည့်ကြသည်။ ချန်းဖန်က ကူရိုကာဝါရှိုကို သူတို့ အားလုံး၏ ရှေ့၌ သတ်ပစ်လိုက်ကြောင်း သူတို့ မယုံကြည် နိုင်ကြချေ။
သူတို့ကား ဒေါသနှင့်အတူ အံ့ဩခြင်းများကိုလည်း ခံစားနေရသည်။ ချန်းပေ့ရွှမ်း အသုံးပြုသွားသော အလျင်နှုန်းက နာမည်ကျော် အသံထက် မြန်သည့် တိုက်ကွက် ဖြစ်ရမည်။
အီရီကာမှာလည်း အကြီးအကျယ် ကြောက်လန့် နေခဲ့သည်။ ချန်းပေ့ရွှမ်းသာ ထိုတိုက်ကွက်ဖြင့် သူမကို တိုက်ခိုက်ပါက ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
သေမျိုးတစ်ယောက်က ထိုသို့ စွမ်းအား ရှိနေခြင်း…။
ထိုအရာက မယုံကြည် နိုင်စရာပင်။ ချန်းပေ့ရွှမ်းကား အခြား အထွတ်အထိပ်များနှင့် လုံးဝ ခြားနားသော အဆင့်တစ်ခု၌ ရှိနေသည်မှာ သေချာသည်။
ချန်းဖန်မှာမူ အခြားသူများ၏ အကြည့်များအား ဂရုမစိုက်ပဲ လက်နှစ်ဖက်အား နောက်ပစ်လိုက်၏။
"အဆင့်နိမ့် အထွတ်အထိပ် တစ်ယောက်က ကိုယ့်နေရာကို ကိုယ် သိသင့်တယ်။ ဓားထုတ်ပြီး မလေးမစား လုပ်ဖို့ မပြောနဲ့။ ငါ့ရဲ့ အလုပ်ကိုတောင် သူ့မှာ မေးခွန်းထုတ် ပိုင်ခွင့် မရှိဘူး"
"ဩော် … တာကီမီယာ ဟီရို အကြောင်း မင်းတို့ သိချင်ကြတာ မလား။ သူသေပြီ"
ထိုသတင်းက ဂျပန်ပညာရှင် များစွာအား အဆုတ်ထဲမှ အောက်ဆီဂျင်ကို ထုတ်ယူလိုက်သည့် အလား မိန်းမော သွားစေတော့သည်။ ကူရိုမီမှာလည်း နောက်ဆုံး မျှော်လင့်ချက်များ ဆုံးရှုံးသွားသည့် အလား ခံစားနေရသည်။ သေမင်းက သူ၏ တံခါးဝသို့ ရောက်နေပြီ မဟုတ်ပါလား။
တာကီမီယာ ဟီရိုမှာ တိုက်ပွဲ မတိုင်ခင်၌ တန်ခိုးရှင် အဆင့်မှ ခြေတစ်လှမ်းသာ ကွာဝေးတော့သူ ဖြစ်၏။ ထို့အပြင် တိုက်ပွဲအတွင်း တန်ခိုးရှင် အဆင့်သို့ပင် တက်လှမ်း နိုင်ခဲ့သည်။ သို့သော်လည်း သူ၏ စွမ်းအားများက ချန်းပေ့ရွှမ်းကို သတ်ရန် လုံလောက်ခဲ့ပုံ မရချေ။
ကူရိုကာဝါ ရှိုသည်လည်း မေးခွန်း တစ်ခွန်း မေးရုံဖြင့်ပင် အသတ်ခံခဲ့ရသည်။ တရုတ်၏ အစွမ်းအထက်ဆုံး အထွတ်အထိပ်ကား ဘဝင်မြင့်ပြီး စည်းကမ်းမဲ့သည့် အရူးပင်။ ဂျပန် ပညာရှင် များစွာမှာ သူတို့၏ လက်နက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း သေသည် အထိ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ ချန်းပေ့ရွှမ်းကို သင်ခန်းစာ တစ်ခု ပေးကို ပေးရပေမည်။
ရုတ်တရက် အီရီကာက နောက်သို့ လှည့်ရင်း သိုင်းပညာရှင်များအား မာန်မဲလိုက်၏။
"နင်တို့ရဲ့ ဓားတွေကို သိမ်းထားစမ်း … အရှုံးဆိုတာက ဘဝ အစိတ်အပိုင်း တစ်ခု၊ ကျင့်ကြံခြင်းရဲ့ အစိတ်အပိုင်း တစ်ခုပဲ။ အရူးထ မနေကြနဲ့…"
ဂျပန် ပညာရှင်များစွာက မကျေနပ်သော်လည်း အီရီကာ၏ အမိန့်အား နာခံလိုက်ကြ၏။
"ဟမ့်…"
ချန်းဖန်က ထိုလူများ၏ အပြုအမူများအား နှာခေါင်း တစ်ချက်ရှုံ့ရင်း လက်နှစ်ဖက် နောက်ပစ်ကာ ပန်းခြံထဲမှ ထွက်လာခဲ့တော့၏။ ခရမ်းက ကပျာကယာ ချန်းဖန်၏ နောက်မှ ကပ်၍ လျှောက်လိုက်သည်။ ပျံလွှားနီလေးကလည်း အံကြိတ်ကာ ချန်းဖန်၏ နောက်သို့ နောက်သို့ လိုက်လာခဲ့သည်။ သူတို့၏ နောက်တွင်မူ ပျော်ရွှင်နေသော တရုတ် သိုင်းပညာရှင်များက အတန်းလိုက်ကြီး လိုက်ပါလာတော့၏။
အခြား ဥရောပ နိုင်ငံများက ပညာရှင်များကမူ ထိုမြင်ကွင်းအား ကြည့်ရင်း ခေါင်းခါယမ်း မိကြ၏။ ချန်းပေ့ရွှမ်းက ဂျပန်၏ အစွမ်းအထက်ဆုံး ဓားသူတော်စင်ကို သတ်ဖြတ်ခဲ့သည်။ သူ့အား မည်သူက ဆန့်ကျင်ရဲတော့ မည်နည်း။
"ချန်းပေ့ရွှမ်းက ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး ဖြစ်လာတော့မှာပဲ…"
အဘိုးအို တစ်ယောက်က ရေရွတ်လိုက်သည်။ သူ၏ ဘေးမှ လူများက ထိုစကားအား သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။
***