( အလင်းနဲ့ ကန်းအောင်လုပ်ပစ်မယ်… ရှင်သန်ရေး သိုင်းကျင့်စဥ်)
Vol. 7 Ch. 85
ဟောင် နောက်ထပ် အပ်တစ်ချောင်း ပစ်သွင်းလိုက်သည်။ သူ အာရုံစိုက်ထားခဲ့တာမို့ အရှိန်ပိုမြန်လေ၏။ ထျန်းလုရဲ့ ဘယ်ဘက်တည့်တည့်ကို ပြေးသွားခဲ့သည်။
ဒါပေမဲ့ ထျန်းလုက ကိုယ်ကို အနည်းငယ် တိမ်းစောင်းကာ ရှောင်လိုက်သည်။
ဟောင်ရဲ့ မျက်လုံးများ ကျဥ်းမြောင်းသွား၏။
“ ပိုမြန်လာတယ်”
“ဒါပေမဲ့”
ထျန်းလု ခဏရပ်ကာ ပြောလိုက်သည်။
“ ကြိုမှန်းလို့ရတယ်”
“ သူဋ္ဌေး”
ဟောင် ကျွတ်သတ်လိုက်သည်။
“ ဒါ မတရားဘူး”
“ ဘဝကြီးက…. မတရားဘူး”
ခဏကြာသည်အထိ သူတို့ အချင်းချင်း ကြည့်လိုက်ကြ၏။
ထို့နောက်မှာ ဘာစကားမှ မပြောဘဲ တိုက်ခိုက်ဖို့ နေရာပြန်ယူလိုက်လေသည်။
နှစ်ယောက်လုံးတွင် ကိုယ်ပိုင်အကြောင်းအရင်း ကိုယ်စီ ရှိသည်။
ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိသည်။
တစ်ယောက်က ပိုသန်မာအောင် လေ့ကျင့်ချင်သည်။
တစ်ခြားတစ်ယောက်က စနောက်ရတာ ကြိုက်တဲ့ မသေမျိုးနဲ့ အပ်တွေရှောင်နည်း ကစားရတာ ကြိုက်လို့ လိုက်ရှောင် ပေးနေတာပင်။
ဒါပေမဲ့ သူတို့နှစ်ယောက်လုံးက တည်ငြိမ်မှု မရှိပေ။
လေ့ကျင့်ရေးရဲ့ အရှိန်ပိုတိုးလာတာနဲ့ အမျှ ပို အရိုင်းဆန်လာခဲ့သည်။
ဟောင်ရဲ့ နေကြာပွင့်အပ်ကို ထိန်းချုပ်နိုင်စွမ်းကလဲ ပိုကောင်းလာခဲ့သည်။
ထျန်းလုကတော့လား?
သူ တစ်စက်မှ မနားဘဲ ရှောင်နေတာပင်။
ဟောင် ဘယ်လောက်မြန်လာပြီး ခန့်မှန်းလို့ မရနေပါစေ သူ့အတွက် အရေးမကြီးဘူး။
သူလဲ အခု ချွေးစို့နေခဲ့ပြီ။
ခက်ခဲတဲ့ လေ့ကျင့်ရေးကြောင့်တော့ မဟုတ်ပါချေ။ ဒါပေမဲ့ သူ သေချာသိသည်။
ဒါက စမ်းသပ်မှုတစ်ခုပဲ။
သူဋ္ဌေးလိုမျိုး မသေမျိုးတစ်ယောက်က အကြောင်းအရင်းမရှိဘဲနဲ့ ပင်ပင်ပန်းပန်း လေ့ကျင့်မှာမဟုတ်ဘူး။ သူ ရည်ရွယ်ချက်ရှိရှိနဲ့ ဖိအားကို တစ်ဖြည်းဖြည်း တိုးမြှင့်နေတာပဲ။
ထျန်းလု ရုတ်တရက် အပူဓာတ်ကို ခံစားလာရသည်။ သတ္ထုရိုင်းကို လက်နက်တစ်ခုအဖြစ် သွန်းလုပ်နေသည့်အတိုင်း ခက်ခဲမှုများကို အချိန်နဲ့အမျှ ပိုတိုးရင်း လေ့ကျင့်ပေးနေတာပင်။
အောက်ခြေမှစပြီး လေ့ကျင့်ပေးနေတယ်လို့ ပြောလို့ရသည်။
မသိစိတ်ရဲ့ အလိုအလျောက် တုံ့ပြန်မှုကို ပိုထက်သန်လာစေသည်။
ကန့်သတ်ချက်ကို ကျော်လွန်ပြီး တိုက်နိုင်အောင် တွန်းအားပေးနေခဲ့သည်။
ထျန်းလုရဲ့ အသက်ရှုမှုသည် တစ်ဖြည်းဖြည်း တည်ငြိမ်လာ၏။ သူနားလည်လာခဲ့သည်။ နားလည်လာတာနဲ့အမျှ လေးစားလာ၏။
ခမ်းနားတဲ့ မသေမျိုးတစ်ယောက် ဆိုတဲ့ အတိုင်းပါပဲလား?
ထိုအချိန်မှာ ဟောင်ကတော့ လေ့ကျင့်ရေးမှာပဲ အာရုံစိုက်နေခဲ့တာဖြစ်၏။
ဒီလိုနဲ့ပဲ နေ့ရက်တွေ ကုန်ဆုံးသွားသည်။
ဂိုထောင်ထဲရှိ လေ့ကျင့်မှုကလဲ ပုံမှန်ဖြစ်စဥ် တစ်ခုဖြစ်လာ၏။ အလင်းမြှားများသည် မိုးရွာသလို ရွာသွန်းနေခဲ့သည်။
ထျန်းလုရဲ့ စက်ဝိုင်းပုံ ဓားဝိုင်းနှစ်ခုကို ဆက်သွယ်ထားတဲ့ ချိန်းကြိုးက ဟိုသည် ရွှေ့လျားကာ မြှားများကို တားဆီးနေသည်။
ဒီလိုနဲ့ တစ်ရက်မှာ… ပြောင်းလဲမှု ဖြစ်ပေါ်လာ၏။
ဟောင်ရဲ့ ကိုယ်တွင်းမှ ချီစွမ်းအင် လှိုင်းလုံးကြီး ပေါက်ထွက်လာတာပင်။
တစ်ချိန်ထဲမှာပဲ သူ့ရဲ့ အသက်ရှုမှုက တည်ငြိမ်လာခဲ့သည်။ သွေးကြောများလဲ တုန်လှုပ်နေသည်။
ဒျန်ထျန်ထဲမှ ရွှေရောင်အလင်းများ.ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။
သူ အဆင့်တက်သွားတာပဲ!
ဝိညာဥ်နိုးထနယ်ပယ် အဆင့်၉ကနေ သိုင်းသူတော်စင် စဦး နယ်ပယ် အဆင့်တစ်ကို ရောက်သွားခဲ့တာပင်။
‘ ငါလုပ်နိုင်သွားပြီ!’
ဒါပေါ့။ သေချာပေါက် ဒီကာလအတွင်း စားခဲ့သမျှ အသင့်စားခေါက်ဆွဲရဲ့ အကူအညီလဲ မကင်းပေမဲ့ပေါ့။
ဒါပေမဲ့ ဒီအခိုက်အတန့်လေးတော့ ပျော်ခွင့်ပေးကြပါကွာ… ဟုတ်ပြီလား?
သူလဲ လေ့ကျင့်ခဲ့ရတာပဲ!
ခံစားခဲ့ရတာပဲ!
ငါ့ရဲ့ ဘဝ ဘယ်လောက်တောင် ခက်ခဲခဲ့ရလဲ မြင်ကြလား? တတိယအကြိမ် ခေါက်ဆွဲစားတုန်းက ပါးစပ် ဘယ်လောက်တောင် အပူလောင်သွားခဲ့တယ် မှတ်လဲ?
နေကြာပွင့်အပ်က ထျန်းလုဆီ မသွားဘဲ အငြိုးကြီးနဲ့ ပြန်လှည့်လာတဲ့အချိန်တုန်းက ခြေထောက်ကို တည့်မှန်ခံရတဲ့ ခံစားချက်ကို မင်းတို့သိလား?
အသိအသာကို ကောင်းကင်ဘုံက အသေးစား အဆင်မပြေမှုတွေအဖြစ် ဖုံးကွယ်ရင်း သူ့ကို စမ်းသပ်နေတာပဲ။
ဒါပေါ့ ကျင့်ကြံရေးလမ်းစဥ်ဆိုတာ အားနည်းတဲ့သူတွေ အတွက် ဘယ်ဟုတ်မလဲ?
သူ နေ့တိုင်း ကျင့်ကြံခဲ့တာပဲ!
ရုတ်တရက် ထွက်ပေါ်လာသော ရွှေရောင်.အလင်းကြောင့် ထျန်းလု တိုက်ခိုက်နေရာမှ ရပ်သွားခဲ့သည်။
“ သူဋ္ဌေးက”
“ အဆင့်တက်တာလား?”
ဟောင် ပြုံးလိုက်ကာ
“ ဒါပေါ့”
( ဂုဏ်ယူပါတယ် ပိုင်ရှင်။ သိုင်းသူတော်စင် စဥ်ီးနယ်ပယ်ကို ရောက်ရှိသွားပါပြီ)
( အခုကစပြီး ဆိုင်အပြင်ကို ထွက်လို့ရပြီ။ ဒါပေမဲ့ သတိထားပေါ့။အပြင်ရောက်တာနဲ့ ပိုင်ရှင်က တစ်ယောက်ထဲ ဖြစ်သွားပြီ။ အပြင်ရောက်ရင် စနစ်က ပိုင်ရှင့်ကို ဘေးကနေ မကူပေးတော့ဘူး)
( ကောင်းကောင်း ပြင်ဆင်ထား.. အချိန်မရွေး အန္တရာယ်ကို တွေ့နိုင်တယ်)
‘ မင်းရဲ့စကားကြီးက… နည်းနည်း ဒရာမာဆန်တာကွာ’
( ပိုင်ရှင်နဲ့ အတူ တစ်ယောက်ယောက်ခေါ်သွားဖို့ အကြံပေးချင်တယ်။ဒါပေမဲ့ အလုပ်သမားတွေကို အလကားခေါ်သွားလို့ မရဘူး)
( လစာပေးရမှာနော်။ အဲ့ဒါလဲ ပိုင်ရှင်စုထားတဲ့ ကိုယ့်ဝိညာဥ်ကျောက်တုံးကိုယ် ပေးရမှာ)
( တစ်နာရီကို တစ်တုံးပေးရမယ်။ အချိန်ပိုကြေး၊ ဘောနက်စ်၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ကြေး… အဲ့ဒါကလဲ သပ်သပ်ပေးရမှာ)
( ပိုင်ရှင်က ပရဟိတလုပ်နေတာမှ မဟုတ်တာ။ အလုပ်သမားတွေကလဲ သစ္စာတော်ခံတွေ မဟုတ်ဘူး။ ချစ်လွန်းလို့ ဖြည့်ဆည်းပေးမဲ့ အမြှောက်စာဇာတ်ကောင်တွေလို့ ထင်နေလား?)
( သူတို့မှာလဲ ကိုယ်ပိုင်ဘဝရှိသလို.. ကိုယ်ပိုင် စုံနှုန်း၊ ကိုယ်ပိုင်မာန ဆိုတာ ရှိတယ်)
( အပြိုင်ကမ္ဘာကုန်စုံဆိုင်ရဲ့ ပိုင်ရှင်အနေနဲ့ မျှမျှတတ ပေးဖို့က ပိုင်ရှင့်တာဝန်ပဲ)
ဟောင် အသက်ရှုရမှာတောင် သည်းသွားခဲ့သည်။
‘ ဘောက်မဲ့ကြောင့် ရုတ်တရက်ကြီး လာကောနေသလို ခံစားနေရပါ့’
ရှုံးနိမ့်စွာ ညည်းညူရင်း ဟောင် သူ့ရဲ့ မျက်လုံးများကို ပွတ်သပ်လိုက်သည်။
‘ တစ်ကယ်ပါ ငါကျိန်ရဲတယ်.. စနစ်က ငါ့ကို တော်တော်မုန်းနေပုံပဲ’
တစ်ကယ်ကို တစ်ခါတစ်လေ လူကို လာလာဆွတာပဲ။
ခံစားချက်ကောင်းနေတဲ့ အချိန်တိုင်း ရောက်ရောက်လာပြီး… ဘုန်း!
“ အာ တိုးတက်လာသားပဲ။ ကဲဒါဆို အခုခံစားတော့”
ထို့သို့ အမြဲလာလာလုပ်သည်။
ဒါပေမဲ့ စနစ်ပြောသွားတဲ့စကားတွေက တစ်ကယ်တော့ အဓိပ္ပါယ်ရှိသည်။.ဝန်ခံရတာ ကိုယ့်မျက်နှာကိုယ် ဖြတ်ရိုက်နေသလိုပဲ ဆိုသော်ငြား အပြင်ထွက်တဲ့အချိန် ဘေးမှာ စနစ်မပါရင်… နှစ်ဆလောက် သတိထားရုံအပြင် ဟောင့်မှာ ရွေးချယ်စရာ မရှိပါချေ။
ဒါ သံသယ လွန်ကဲနေတာလား? မဟုတ်ဘူး။ ဒါက ရှင်သန်ရေးနည်းဗျူဟာပဲ။
ကြိုတင်ပြင်ဆင်ထားသင့်သည်။
အနောက်ကနေ စောင့်ကြည့်ပြီး ကာကွယ် ပေးမဲ့သူ ရှိတာလဲ မဆိုးဘူးလေ။
ဟောင် ရွေးချယ်စရာများကို တွေးကြည့်လိုက်သည်။
အပြင်ထွက်စဥ်မှာ ကြုံနိုင်တဲ့ ပြဿနာ အများစုကို ရှီရှီလေးက ကောင်းမွန်စွာ ဖြေရှင်းနိုင်သည်။ သူမက အရမ်းငယ်သေးပေမဲ့ ကျင့်ကြံသူများစွာရဲ့ အထက်မှာရှိတဲ့ သန်မာမှုရှိ၏။
ဒါပေမဲ့ ဟောင် သိပ်တော့ သဘောမကျမိချေ။
အကယ်လို့ သူကော မိုရှီရှီကော ဆိုင်က ထွက်သွားရင် ဆိုင်ကို ဘယ်သူကြည့်ပေးမှာလဲ?
ပြီးတော့ မိုရှီရှီရဲ့ အနောက်ကို အခုထိ လူတွေ လိုက်နေဆဲပင်။
ဟောင်ရဲ့အတွေးထဲသို့ မိုရှီရှီရဲ့ ဇာတ်ကြောင်းက ပြန်ဝင်ရောက်လာခဲ့သည်။
အကယ်လို့ သူတို့နှစ်ယောက် အပြင်ထွက်ချိန်မှ မိုရှီရှီရဲ့ နောက်ကို လိုက်နေသူ တစ်ယောက်နဲ့ ကြုံခဲ့လျှင် သူ တစ်ယောက်ထဲ ဒုက္ခရောက်မည် မဟုတ်။ ရှီရှီလေးကိုပါ ဆွဲထည့်မိသလို ဖြစ်သွားမည်။
ဒါဆို ထျန်းလုနဲ့ခူရိုမီသာ ကျန်တော့သည်။
ထျန်းလုကလဲ… နောက်ထပ် ပြဿနာ တစ်ခုပါပဲ။
တွေးရခက်လာသည်ကြောင့် ဟောင် ခေါင်းသာ ကုတ်လိုက်တော့၏။ ထျန်းလုက တစ်ကယ်ကို နောက်ထပ် ပြဿနာတစ်မျိုးပဲ။
ကြေးနီရောင် ခေါင်းဖြတ်စက်ကြီးရဲ့ ဖြတ်သွားဖြတ်လာလူတိုင်းကို ‘ဟေ့ ငါနဲ့လာမရှုတ်နဲ့’ ဆိုတဲ့ အကြည့်နဲ့ ကြည့်နေမဲ့ မြင်ကွင်းကို မြင်ယောင်မိပြီး ဟောင် ခေါင်းကိုပဲ ဆက်ကုတ်လိုက်လေ၏။
ပြီးတော့ ရိုးရိုးသားသား ပြောရရင် ထျန်းလုရဲ့ ပုံစံက လူသတိမထားမိလောက်တဲ့ အသွင်အပြင်မျိုးလဲ မဟုတ်ချေ။ တစ်ခုခုကို ဖုံးကွယ်ထားတဲ့ ပုံစံကြောင့် ဘယ်နေရာကို ရောက်ရောက် မလိုလားအပ်တဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နေလိမ့်မည်။
အနောက်ကနေ အရိပ်လို တစ်ကောက်ကောက် လိုက်နေမဲ့ ထူးဆန်းတဲ့ မြင်ကွင်းမျိုးသာ ထပ်ဖြစ်လို့ကတော့ ပြောစရာကို မလိုတော့ချေ။
‘ သူငါ့နောက်ကို အရိပ်ကိုယ်ရံတော် တစ်ယောက်လို ပုန်းပြီးလိုက်ရင်ကော?’
‘ ဒါပေမဲ့ အဲ့ဒါကလဲ ပြဿနာတစ်ချို့ ပေးနိုင်မှာပဲ။ သူ့ရဲ့ လူသတ်သမား အရှိန်အဝါကိုသာ အပြည့်အဝ ဖော်ထုတ်လိုက်တာနဲ့ ဖြစ်လာမဲ့ အုတ်အော်သောင်းနင်း အခြေအနေတွေကို စိတ်ကူးကြည့်လို့တောင် မလွယ်ဘူး’
ခူရိုမီကတော့ အဆင်ပြေသည်။ သူမကို သာမာန်အိမ်မွေး တရိစ္ဆာန်လေးလို ဘေးမှ ခေါ်သွားလို့ရသည်။ သူမရဲ့ ကြောင်ပုံစံအတိုင်း လိုက်လာရင် ဘယ်သူမှတောင် သတိထားမိမှာ မဟုတ်ဘူး။
‘ အင်း ခူရိုမီက အကောင်းဆုံးပဲ’
သူမက ဘယ်သူ့ရဲ့အာရုံကိုမှ ဆွဲဆောင်မိမှာ မဟုတ်ဘူး။
‘ ရပြီ သူမကိုပဲ ခေါ်သွားတော့မယ်’
ဒါပေမဲ့ ဟောင် ချက်ချင်းပဲ အတွေးတစ်ခု ဝင်လာ၏။
အပြင်ထွက်ဖို့က အလောတကြီးလုပ်ဖို့ မလိုသေးဘူး။
သူ့ရဲ့ ကျင့်ကြံဆင့်က အခုမှ တက်ထားခဲ့သည်။ ကိုယ်တွင်းက ချီစွမ်းအင်တွေက ဓာတ်ဆီကို မီးစနဲ့ တို့လိုက်သလို ဂနာမငြိမ်နဲ့ ထိန်းချုပ်ရခက်နေခဲ့သည်။
ချီစွမ်းအင်ကို အရင်တည်ငြိမ်အောင် လုပ်ပြီးမှ အပြင်ထွက်သင့်သည်။
ဒါ့အပြင် လူခေါ်သွားဖို့အတွက် ဝိညာဥ်ကျောက်တုံး စုဆောင်းရန်လဲ လိုအပ်နေသေးသည်။.
အခုက နောက်ထပ် သိုင်းကျင့်စဥ်တစ်ခု ကျင့်ဖို့ အချိန်ကောင်းပဲမလား?
သိုင်းကျင့်စဥ် များစွာ ရှိသေး၏။
တစ်ချို့ သိုင်းကျင့်စဥ်များက အားပြင်းပုံရှိပြီး တစ်ချို့က ဖြုန်းတီးရာကျသည်။
တစ်ချို့သိုင်းကျင့်စဥ်များကြတော့လဲ မလိုအပ်ဘဲ ချီစွမ်းအင်ကို အရမ်းစားသုံး၏။
နောက်ဆုံးမှာ သူ တစ်ခု ရှာတွေ့သွားသည်။
ဖောက်ခွဲခြင်းနေလုံးသိုင်း…
နာမည်နဲ့တင် ဟောင် ခဏ ရပ်သွားခဲ့သည်။
နာမည်ကိုက ယုံကြည်မှုရှိနေတဲ့အသွင်ရှိသည်။
ဖျက်လိုဖျက်ဆီးဟန် အရမ်း မပြင်းသလို သိမ်မွေ့ဟန်လဲ မရှိဘူး။ လိုအပ်ရင် အသုံးဝင်လာမဲ့ ရည်ရွယ်ချက်တစ်ခုသာ ထင်ဟပ်နေသည်။
လုံးဝ သူ့အကြိုက်ပဲ။
ဤ သိုင်းကျင့်စဥ်သည် ဒျန်ထျန်အတွင်းတွင် ချီစွမ်းအင်များကို ဘောလုံးတစ်ခုအဖြစ် စုစည်းပေးသည်။ ထို့နောက်တွင်….ဘွန်း!
ကန်းစေနိုင်လောက်တဲ့ အလင်းနဲ့ အပြင်ကို ဖောက်ခွဲထွက်သွားမည်ပင်။ အနီးအနားရှိ လူတွေရဲ့ အမြင်အာရုံကို တစ်စက္ကန့် နှစ်စက္ကန့်လောက် လွှမ်းမိုးပစ်နိုင်သည်။
ထိုအချိန်နဲ့တင် လုံလောက်ပါသည်။
ကွာခြားမှုကို ဖန်တီးဖို့လုံလောက်သည်.. ပိတ်လှောင်ထားတဲ့ အစီအရင်ကို ဖျက်ဆီးနိုင်ရုံမက အပြေးလာနေတဲ့ တိုက်ခိုက်မှုကိုလဲ ကာကွယ်နိုင်မည်။ ဒါမှမဟုတ် အသက်ဘေးမှ လွတ်အောင် ပြေးချင်ရင်လဲ ပြေးလို့ရသည်။
ဤ သိုင်းကျင့်စဥ်သည် ရန်သူကို တိုက်ရိုက် ထိခိုက်အောင်လုပ်ခြင်း မရှိဘူး။
သန့်စင်တဲ့ ချီစွမ်းအင်တွေကို စုစည်းပြီး အမြင်အာရုံကို နှောက်ယှက်မှုပြုတဲ့ သိုင်းကျင့်စဥ်ပင်။ ပြောရလျှင် ထိုအရာက နေလုံးအသေးစားကို ဖန်တီးပေးနိုင်၏။
ငါးမီတာအတွင်းရှိ လူတွေအားလုံးအပေါ် သက်ရောက်နိုင်သည်။ စိတ်ဝိညာဥ်ကာကွယ်မှု မသုံးထားခြင်း၊ ယာယီ သတိလွတ်သွားခြင်းများ ရှိနေခဲ့လျှင် မျက်လုံးကို ထိုးနက်ပစ်သလို ခံစားရကာ နေရာတွင် မလှုပ်မယှက် ရပ်နေကြရလိမ့်မည်။ အလင်းကြောင့် စိတ်လဲ ရှုတ်ထွေးသွားမည်ပင်။
ဤသိုင်းကျင့်စဥ်ရဲ့ တိုက်ခိုက်မှုက အရမ်းအံ့ဖွယ် မဟုတ်သလို ရန်သူကို တိုက်ရိုက် မထိခိုက်စေဘူး။
ဒါပေမဲ့ အရေးကြုံနေလျှင် အသက်ရှင်ဖို့အတွက် အထောက်အကူ ပြုနိုင်၏။
အထူးသဖြင့် နေရောင်ခြည်မှလာတဲ့ ချီစွမ်းအင်ကို သုံးနိုင်လျှင် သိုင်းကျင့်စဥ်အတွက် ပိုအကျိုးထူးမည်။ ဟောင်တွင် နေရောင်ခြည် ဆင်းသက်သည့် ခန္ဓာကိုယ် တည်ဆောက်ပုံရှိ၏။ ဒီ သိုင်းကျင့်စဥ်ကို အကောင်းမွန်ဆုံး အနေအထားမှာ သူ အသက်သွင်းနိုင်သည်။
သိုင်းကျဥ့်စဥ်က သူ့အတွက် ဖြစ်တည်နေသည့်အတိုင်းပဲ။ ပြီးပြည့်စုံလှသည်။
ဒါပေမဲ့ လောကမှာ ဘေးထွက်ဆိုးကျိုး မရှိတဲ့ အရာဟူ၍ မရှိပါချေ။
ဤသိုင်းကျင့်စဥ်သည် ချီစွမ်းအင် အသုံးပြုမှု များသည်မို့ အမြဲတမ်း သုံးလို့ မရပေ။
ဒါ့အပြင် အမှုအမှတ်မဲ့ သုံးလို့လဲ မရဘူး။ အကယ်၍ အသုံးပြုချိန်မှာ မျက်လုံးဖွင့်ထားမိပါက အလင်းရဲ့ လွှမ်းမိုးမှုက အသုံးပြုသူ အပေါ်မှာပါ သက်ရောက်လိမ့်မည်။ စက္ကန့်ဝက်လောက်သာ ကြာမြင့်မည်ပင်။
ဒါပေမဲ့ တစ်ခါတစ်ရံမှာ စက္ကန့်ဝက်လောက် ကြန့်ကြာခဲ့ရင်တောင်မှ ရှုံးနိမ့်ခြင်းကို ကြုံတွေ့ရနိုင်၏။
နောက်တစ်ချက်က သိုင်းကျင့်စဥ်ရဲ့ ထွက်ပေါ်မဲ့ အလင်းသည် နေရောင်၏ အလင်းသာဖြစ်သည်။
နေ့ခင်းအချိန်တွင် နေရောင်အောက်၌ သုံးပါက အလင်းများကြားက နောက်ထပ် အလင်းတစ်ခုသာ ဖြစ်လာမည်။ မနက်ခင်းမှာ မီးမွှေးနေတာနဲ့ ဘာမှမကွာခြားဘူး။
ဒါပေမဲ့ အဆောက်အဦးအတွင်းက တိုက်ပွဲတွေ၊ မှောင်မဲတဲ့ လမ်းကြားတွင်းမှ လွတ်မြောက်ရန် ကြိုးပမ်းမှုတွေ၊ ရုတ်တရက် အလစ်သုတ် တိုက်ခိုက်ခြင်းမျိုးအတွက်တော့….
ဤ သိုင်းကျင့်စဥ်က လုံးဝ ရွှေအဆင့်ပဲ။
“ ငါ့ရဲ့ဘဝကို ဆုံးရှုံးခံရမဲ့အစား မျက်လုံးကိုပဲ အရှုံးခံလိုက်မယ်”
ဟိုင်စန်းရဲ့ စကားတစ်ခုဖြစ်သည်။
ဟိုင်စန်းဆိုတာ ဉာဏ်ကြီးရှင်တစ်ယောက် မဟုတ်ပါချေ။ နာမည်ကြီးသူတစ်ယောက်လဲ မဟုတ်ဘူး။
လုပ်နိုင်စွမ်းရှိတဲ့ သူတစ်ယောက်သာ။
သို့ပေမဲ့ အရက်သမား၊ လောင်းကစားသမား တစ်ယောက်ဖြစ်သည်။
သူ ပါဝင်ခဲ့သမျှ ရန်ပွဲတိုင်းတွင် ထိပ်ဆုံးက ထွက်ပြေးနိုင်သည်။
တစ်ညမှာ ကျင့်ကြံသူတစ်ယောက်ကို အံစာတုံးလောင်းကစားမှာ လိမ်လည်ခဲ့မိသည်။ သံလှောင်အိမ်ထဲ ပိတ်လှောင်ခံထားရပြီး မနက်ကျလျှင် သေဒဏ်ပေးခံရတော့မည်။
ဒါပေမဲ့ ဓားသွားကျခါနီးမှာပဲ ဟိုင်စန်းရဲ့ ချီစွမ်းအင်အလင်းက ပေါက်ကွဲထွက်လာ၏။
အရမ်းကို တောက်ပသည်မို့ သံလှောင်အိမ် တစ်ဝက်လောက်ထိ လင်းလက်သွားသည်။
သတ်ဖြတ်ခြင်း ပွဲစဥ်အလယ်မှာ…
ဟိုင်စန်းက ပျောက်ကွယ်သွားခဲ့သည်။
နှစ်တွေကြာပြီးနောက်မှာ သူ့ရဲ့ ထွက်ပြေးခဲ့ရတဲ့ ဖြစ်စဥ်ကို မူတည်ပြီး သိုင်းကျင့်စဥ်တစ်ခုကို ဖန်တီးလိုက်လေ၏… ဖောက်ခွဲနိုင်သော နေမင်း။
တိုက်ပွဲတွေ၊ အကြွေးရှင်တွေ၊ မုဆိုးတွေဆီကသာ မက စော်လေးတွေဆီက ထွက်ပြေးဖို့အတွက်သာ သုံးခဲ့ဖူးသည်။ တစ်ခြားသူတွေက သူရဲဘောကြောင်တာလို့ ပြောပေမဲ့ ဟိုင်စန်းကတော့ ဂုဏ်ယူစွာဖြင့် အရမ်းကောင်းမွန်တဲ့ နည်းဗျူဟာလို့သာ တွေးသည်။
သူ အဆုံးမှာတော့ ကျင့်ကြံရေးလောကမှ အငြိမ်းစားယူသွားပြီး မီးတောက်ပျံနယ်မြေတွင် စားသောက်ဆိုင် တစ်ခုကိုဖွင့်ခဲ့၏။
မီနူးကလား? ငါးကင်တစ်ခုတည်းသာ။
ဆိုင်ရဲ့ နံရံများတွင် သူ့နောက်ကို လိုက်နေတဲ့ ရန်သူပေါင်းများစွာရဲ့ ပုံတူပန်းချီများဖြင့် အလှဆင်ထားသည်။
အဆုံးမှာတော့ ဂိုဏ်းတစ်ဂိုဏ်းရဲ့ ပြန်လည်တွေ့ဆုံရေး ရန်ပွဲမှာ သူ့ရဲ့ စားသောက်ဆိုင်လေး ပေါက်ကွဲသွားခဲ့ရသည်။
သူ့ရဲ့ နောက်ဆုံး လွတ်မြောက်မှုက မြို့တစ်ဝက်လောက်က လူတွေကို ကန်းသွားစေခဲ့တယ်လို့ ပြောကြတာပဲ။