( ပထမဆုံးအကြိမ် ဆိုင်ပြင်ထွက်ခြင်း)
Vol. 7 Ch. 87
ခူရိုမီက ဒီတိုင်း ကြည့်နေခဲ့တာ မဟုတ်ဘူး။
သူမ လေ့လာနေခဲ့တာပဲ!
သူမအတွက် ဖောက်ခွဲခြင်းနေမင်းက သာမာန် အလင်းတစ်ခု မဟုတ်ဘဲ…
ဖွဲ့စည်းပုံတစ်ခု ဖြစ်သည်။
ပုံစံတစ်မျိုးပဲ။
ချီစွမ်းအင်တွေကို ဘယ်လိုမျိုး တိကျစွာ စုစည်းပြီး အလင်းလှိုင်းများအဖြစ် ဖောက်ခွဲပစ်ဖို့လုပ်လဲ သူမ သေချာကြည့်နေသည်။
သူမ စိတ်ဝင်စားတာ အလင်းမဟုတ်ဘူး။
အသူရာ ကြောင်မြှီးတိုအနေနဲ့ သူမရဲ့ ဒျန်ထျန်က တစ်ခြားသူတွေနဲ့ ဆန့်ကျင့်ဘက်ဖြစ်၏။
ဟောင် အလင်းဓာတ်ကနေ လှိုင်းများဆွဲငင်ပြီး ချီစွမ်းအင် စုစည်းနေတာကို ကြည့်နေရင်း သူမကလဲ အမှောင်ထဲမှာ ဘယ်လိုလုပ်ရမလဲ မြင်ယောင်လာသည်။
အမှောင်ထုကိုလဲ တူညီတဲ့ ပုံစံဖြင့် အသုံးပြုလို့ရသည်။
အလင်းက တစ်ဖက်လူကို ယာယီ ကန်းသွားစေတယ်ဆိုရင် အမှောင်ထုကလဲ အလင်းအကုန်လုံးကို ဝါးမြိုပစ်နိုင်သည်။
အကယ်၍ သူဋ္ဌေးက အမြင်အာရုံကို အလင်းတွေပြည့်ပြီး ဘာမှမရှိတော့အောင် လုပ်နိုင်ခဲ့ရင် သူမကလဲ ကမ္ဘာကြီးကို အမှောင်ထုထဲ ဆွဲချလို့ရတာပဲ။
ထိုအတွေးကြောင့် သူမ တစ်ကိုယ်လုံး တုန်သွားသည်။
တိတ်တဆိတ်ဖြင့် ခူရိုမီသည် သူမ အသုံးပြုနိုင်မဲ့ နည်းလမ်းကို တွေးဆနေ၏။
ပုံစံတူ ကူးယူထားတဲ့ သိုင်းကျင့်စဥ်တစ်ခု…
အပြင်ဘက်ကို ပေါက်ကွဲမထွက်ဘဲနဲ့ အတွင်းထဲကို စုပ်ယူနိုင်မည်။
ဘယ်လိုတောက်ပမှုမှ မရှိဘူး။ ရုတ်တရက် မင်းကို လုံးဝအမှောင်ထုထဲ ဆွဲချသွားမှာမျိုးပဲ။
ဒီလိုနဲ့ပဲ နောက်တစ်နေ့က လျင်မြန်စွာ ရောက်ရှိလာသည်။
မနေ့က ခူရိုမီကို အပြင်သွားလျှင် အဖော်လုပ်ပေးနိုင်မလား ဟောင် မေးကြည့်ပြီးပြီ ဖြစ်သည်။ ခမ်းနားတဲ့ တောင်းဆိုမှုမျိုး မဟုတ်ပေ။
ဘာမှ မကြေညာသလို အရှည်ကြီး ရှင်းပြတာမျိုးလဲ မရှိဘူး။
ရိုးရှင်းတဲ့ စကားလုံးတစ်ခုသာ…
ခူရိုမီအတွက် သူမရဲ့ သခင် အပြင်ထွက်တာ မြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ။
ခူရိုမီ ချက်ချင်းပဲ သဘောတူလိုက်၏။ သူမ မေးခွန်းတွေ မထုတ်ခဲ့ပေ။ မေးခွန်းမေးဖို့မှ မလိုအပ်တာပဲ။
ဒါက သူမရဲ့ သခင်ပဲ။ သူမရဲ့ သခင်က ကမ္ဘာကြီးကို လှည့်ပတ်ကြည့်ချင်တယ်ဆိုမှတော့ သူမက လိုက်ခဲ့ပေးရမှာပေါ့။
ဟောင်သည် ခူရိုမီကို ခေါ်ပြီးတာနဲ့ မိုရှီရှီ ရှိရာကိုပါ သွားပြီး သူမကို ညဆိုင်းကနေ မနက်ဆိုင်းပြောင်းယူပေးနိုင်မလား သွားပြော ထားခဲ့သည်။
အရေးကြီးကိစ္စ မဟုတ်ဘဲ သူ ဒီတိုင်း အပြင်ထွက်ဖို့ လိုအပ်လို့ဟုသာ ပြောခဲ့သည်။
မိုရှီရှီက အတူလိုက်ချင်ခဲ့သည်။ ဒါပေမဲ့ သူမက ထုတ်မပြောပါချေ။ သူမရဲ့ ကိုယ်ပိုင် တာဝန်ကို သိပါ၏။ သူဋ္ဌေးမရှိချိန်တွင် သူမ ဆိုင်ကို ကြည့်ပေးရမည်လေ။
ဒါပေမဲ့ ဟောင် ထွက်သွားသောအခါမှာ သူမရဲ့ လက်ချောင်းလေးများ အနည်းငယ် တင်းကျပ်သွားသလို နှုတ်ခမ်းများလဲ တည်တင်းသွား၏။
နေမင်းကြီး စတင်ထွက်ပေါ်လာတာနဲ့ ဟောင် ဆိုင်ကို စောစော ဖွင့်လိုက်သည်။
စင်တွေကို သန့်ရှင်းပြီးနောက်မှာ ကောင်တာကိုလဲ ဖုန်သုတ်လိုက်သည်။
မိုရှီရှီလဲ ရောက်နေပြီပင်။ သူမသည် ရေခဲသေတ္တာနောက်ရှိ ကောင်တာပေါ်တွင် လက်တင်ကာ မတ်တပ်ရပ်နေ၏။
မိုရှီရှီရဲ့ အနားက ကြမ်းပြင်ပေါ်တွင် ရိုယူနဲ့ ဆူကီသည် ဝမ်းလျားမှောက်ကာ အိပ်နေကြသည်။ သူတို့ထဲမှ တစ်ကောင်က တွန့်လိမ်လာသည်။
ဟောင် အရှေ့တိုးလိုက်၏။
“ ငါတို့အခုသွားတော့မယ်နော် ရှီရှီလေး”
“ မြန်ပါတယ်။ ငါတို့ နေ့လည်စာချိန် မတိုင်ခင် ပြန်လာခဲ့မယ်”
မိုရှီရှီ ဟောင်ကို ကြည့်ကာ မျက်တောင် တစ်ချက်ခတ်လိုက်သည်။ ထို့နောက်မှာ ခေါင်းညိတ်ပြလိုက်ပြီး လက်ပိုက်လိုက်လေ၏။
“ဟမ်း”
“ ဆိုင်ကို စိတ်မပူပါနဲ့သူဋ္ဌေး”
သူမ ခေါင်းမော့ထားရင်း ပြောလိုက်သည်။
“ ငါအခု ကောင်းကောင်း စီမံနိုင်နေပြီ။ တစ်ယောက်ထဲလဲ အဆင်ပြေတယ်”
ဒါပေမဲ့ အချိန်တစ်ခဏကြာပြီးနောက်မှာ သူမရဲ့အသံက တိုးညှင်းသွားပြီး
“ ….. နေ့လည်စာချိန်မတိုင်ခင် ပြန်လာဖို့တော့ မမေ့နဲ့ သူဋ္ဌေး”
သူမ နှုတ်ခမ်းမစူဘူး… လုံးဝပဲ။
ဒါပေမဲ့ လုံးဝ နှုတ်ခမ်း မစူနေတာ မဟုတ်ဘူးဆိုတာကို ဘေးမှကြည့်လျှင် မြင်နိုင်သည်။
ဒါ မတရားဘူး။
ခူရိုမီကကျ ဟောင်နဲ့ အတူသွားလို့ရသည်။
အပြင်ကို….!
သူမက ဆိုင်ရဲ့ ပထမဆုံး အလုပ်သမားလေ!
သူမက အရင်ရောက်တာလို့!
မိုရှီရှီ ခူရိုမီကို မျက်လုံးထောင့်က တစ်ချက် ခိုးကြည့်လိုက်ပြီး အမြန်အကြည့်လွှဲလိုက်သည်။
မနာလိုမှုက သူမရဲ့ နှလုံးသားထဲကို ပါးလွှာသေးငယ်တဲ့ အပ်တစ်ချောင်းနဲ့ ထိုးနေသလိုပဲ။
ဒါပေမဲ့ သူမ စကားတစ်ခွန်းမှ မပြောခဲ့ပါချေ။
ခူရိုမီကတော့ တံခါးပေါက်မှာ စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့၏။ သူမ ဒီနေ့လဲ သူမရဲ့ ပုံမှန် ဆိုင်ဝတ်စုံကို ဝတ်ထားခဲ့သည်။
မိုရှီရှီ ခူရိုမီကို ခေါင်းညိတ်ပြလိုက်သည်။
‘ ခူရိုမီ မိန်းကလေး၊ သူဋ္ဌေးကို ကျေးဇူးပြုပြီး ဂရုစိုက်ပေးပါအုံး’
ခူရိုမီက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏
‘ သေချာပေါက်ပေါ့ ရှီရှီလေး’
‘ သခင်နဲ့ ဘေးကင်းစွာ ပြန်လာခဲ့မယ်’
ထို့နောက်မှာ ဟောင် တံခါးသာ ပိတ်လိုက်တော့သည်။
မြို့ပြရဲ့ လေပြေနုက နှုတ်ဆက်လာပြီး… အလင်းဓာတ်လေးကို အနည်းဆုံးတော့ မြင်ရလောက်မည်ဟု သူ ထင်ခဲ့မိသည်။
ဒါပေမဲ့ တောက်ပတဲ့ လမ်းမကြီးတို့၊ သန့်ရှင်းတဲ့ လမ်းဘေးမြင်ကွင်းတို့ကို မြင်ရမဲ့ အစား… ဟောင် နံရံကြီးကိုသာ မြင်လိုက်ရသည်။
အရမ်း ရိုးရှင်းတဲ့ အက်ကြောင်းပြည့်နေတဲ့ နံရံအိုကြီးသာ…။
“..ဟမ်?”
ဟောင် နောက်တစ်လှမ်း တိုးသွားလိုက်သည်။ နေ့ခင်းသာ ဆိုသော်ငြား အလင်းရောင်က အရမ်းမှိန်နေလေ၏။
သူတို့အခု ရောက်ရှိနေတဲ့ လမ်းကြားသည် အလွန်ကျဥ်းသည်။ နှစ်ဖက်နှစ်ချပ်လုံးက ရှည်လျားတဲ့ အဆောက်အဦးများကြောင့် အလင်းရောင်က မဝင်သလောက်ပင်။
ဆိုင်ရဲ့ တံခါးပေါက်က ဘယ်နေရာကို ဆက်သွယ်ထားမှန်း သဘောပေါက်ဖို့ ဟောင် အချိန်အနည်းငယ် ယူလိုက် ရသည်။
“... တစ်ကယ်ကို လမ်းကြားထဲ ရောက်နေတာပဲ”
တော်တော်လေး ရှင်းပြနိုင်သွားပြီ။
ဒါကြောင့် ဈေးဝယ် နည်းနည်းပဲ ရောက်လာတာပဲ။
ဘာကြောင့် စပ်စပ်စုစု လူတွေပဲ ရောက်လာတတ်လဲ ဟောင် သဘောပေါက် သွားပြီ။
ပြီးတော့ ဒီလောက် ဖွင့်ထားတာ ကြာပြီဖြစ်တာတောင်မှ ပုံမှန်ဖောက်သည်တွေက လက်နှစ်ဖက်စာတောင် မပြည့်သေးလဲကိုလဲ သိသွားပြီ။
ဟောင် တောင့်တင်းနေတဲ့ အပြုံးနဲ့ လှည့်ပတ် ကြည့်လိုက်သည်။ ခြေလှမ်းအနည်းငယ် အကွာတွင် အမှိုက်ပုံရှိသည်။
ဟောင် နှာခေါင်းရှုံ့လိုက်လေ၏။
ဆိုင်ရဲ့ မှန်နံရံနဲ့ မှန်တံခါးက အပြင်ကမ္ဘာနဲ့ မသက်ဆိုင်လှစွာ အမြဲ တောက်ပနေခဲ့၏။ တစ်ကယ့်အခြေအနေတွေကို သူ မမြင်ခဲ့ရဘူး။ ဒီပုံအတိုင်းဆို ဖောက်သည်တွေ ထပ်ရလာအုံးမယ် မထင်ဘူး။
လူတွေရဲ့ သိချင်စိတ်ကြောင့်သာပေါ့။ အထဲကို မမြင်ရတဲ့အတွက် အထဲမှာဘာရှိလဲ သိချင်ကြသည်။
ရဲရင့်တဲ့ ကျင့်ကြံသူတစ်ချို့ပဲ ဆိုင်အတွင်းကို ဝင်လာနိုင်ခဲ့တာ ဒီအကြောင်းအရင်း ကြောင့်ပဲ!
ဟောင် ခေါင်းရမ်းလိုက်သည်။
ရုတ်တရက် ဟောင်ရဲ့ အမြင်အာရုံကို တစ်စုံတစ်ခုက ဖမ်းစားသွားလေ၏။ အမှိုက်ပုံးရဲ့ အနီးမှ ဖြတ်ပြေးလာသော ကြွက်အသေးလေး တစ်ကောင်သည် အမြင်အာရုံထဲ ဝင်လာခဲ့သည်။
ဟောင်ရဲ့ အကြည့်တွေ ကျဥ်းမြောင်းသွားလေ၏။
ကျင့်ကြံသူ အစစ်ဖြစ်လာတဲ့အချိန်ကစ၍ သူ့ရဲ့ အာရုံခံမှုက ပြောင်းလဲသွားခဲ့သည်။
ပိုအဆင့်မြင့်ပြီး…. ပိုထက်လာသည်။
ကြွက်က..ဒီတိုင်း ပြေးနေတာ မဟုတ်ဘူး။ စောင့်ကြည့်နေတာပဲ။
‘.... အဲ့ကောင်က… ငါတို့ကို စောင့်ကြည့်နေတာလား?’
‘ နတ်ဆိုးသားရဲလား? ငါတို့ကို တိုက်ခိုက်ဖို့ စီစဥ်နေတာလား?’
ဟောင် နေရာမှာ ရပ်သွားလေသည်။
‘ မဟုတ်လောက်ပါဘူး…မလား?’
ဟောင် ကြွက်ကို ထပ်ပြီး စိုက်ကြည့်လိုက်သည်။ ထို့နောက်မှာ ကိုယ့်အတွေးကို ပြန်ရယ်မောလိုက်၏။
အဲ့ဒီကြွက်ကသာ သူတို့ကို တစ်ကယ် တိုက်ခဲ့လို့ကတော့ သွားပြီပဲ။
ခူရိုမီက သူ့ဘေးမှာရှိနေသည်။ အကြည့်တစ်ချက်မှားတာနဲ့ ခူရိုမီက ကြွက်ကို ကြွက်ကင်ဘဝ ပြောင်းပေးလိုက်လိမ့်မည်။
လက်သည်းတောင် ထုတ်သုံးဖို့ လိုမှာမဟုတ်ဘူး… အတွင်းစိတ်ကို ခိုင်းစေပြီး အရိပ်နဲ့တင် ဖြေရှင်းလိုက်လို့ရသည်။
ဒါပေမဲ့ ကြွက်က ထွက်မပြေးပါချေ။
ထိုအစား ကြွက်က အရှေ့တိုးလာ၏။ သေးငယ်တဲ့ ခြေချောင်းများက လမ်းကြား ကြမ်းပြင်ပေါ်ကနေ လျှပ်ပြေးရင် သူတို့ဆီကို တည့်တည့်လာနေခဲ့သည်။
ခူရိုမီ အသံတစ်ချက် မထွက်ဘဲ အမြန်လှုပ်ရှားလိုက်ကာ ဟောင်ရဲ့ အရှေ့မှ ကာပေးလိုက်သည်။
သူမ တိုက်ခိုက်လိုတဲ့ အရိပ်အယောင် မပြချေ။ ခြေထောက်နှစ်ဖက်ရဲ့ဘေးမှာ အမြှီးကို ခပ်လျော့လျော့ ချထားလိုက်ရင်း ဟောင်ရဲ့ အရှေ့မှာ ဝင်ထိုင်လိုက်သည်။
ဒီတိုင်း ကြည့်နေခဲ့တာပင်။
စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာ ကြွက်က ရောက်လာခဲ့ပြီ။ ဟောင် စိတ်ကူးထားသည်က မိစ္ဆာချီလေပြင်းကို ဆင့်ခေါ်ပြီး တိုက်ခိုက်မည်…. အနည်းဆုံးတော့ သွားများဖြင့် ကိုက်လိမ့်မည်ဟူ၍ပင်။ ဒါပေမဲ့ ထိုအစား ကြွက်က ရုတ်တရက် ခုန်လိုက်လေ၏။
ခြေထောက်အသေးလေးနှစ်ဖက်က အရှေ့ကို ဆန့်တန်းလိုက်ကာ လက်အသေးလေး နှစ်ဖက်ကိုပါ မြှောက်လိုက်ရင်း တစ်ကိုယ်လုံးကို ပစ်ဝင်လိုက်သည်။
ဟောင်ရဲ့ မျက်နှာက တွန့်သွားသည်။ ဘာတွေ ဖြစ်တော့မလဲ ဟောင် သိနေမိပြီ။
ဒါပေမဲ့…
ဟောင် ကြောင်အစွာ စိုက်ကြည့်လိုက်သည်။
“....”
အဲ့ဒါက ဖက်လိုက်တယ်….
ကြွက်က ခူရိုမီကို ဖက်နေတယ်!
ခူရိုမီရဲ့ ရင်ဘတ်မွှေးနားမှာ မှီလိုက်ပြီး တင်းနေအောင် ဖက်ထားတယ်.. အခုမှ မိခင်ရင်ခွင်ထဲ ပြန်ရောက်တဲ့ ကလေး တစ်ယောက်လိုမျိုး….!