← Chapters

( သူခိုးလေးရဲ့ မှတ်ဉာဏ်ဖျက် အစွမ်း)

Vol. 7 Ch. 92

( သူခိုးလေးရဲ့ မှတ်ဉာဏ်ဖျက် အစွမ်း)

Vol. 7 Ch. 92

အကိုကြီးပိုင်ကော ငပိန်ကောင်လျိုကော စိတ်ဓာတ်ကျနေခဲ့ပြီ။ သူတို့တွေ ပိုပြင်းထန်စွာ ဒေါသတကြီး တိုက်ခိုက်နေပေမဲ့ အကုန် အချည်းအနှီးပဲ။

ဟောင်ကတော့ ချွေးတစ်စက်တောင် မထွက်ပါချေ။

သူတို့ရဲ့ ဓားတွေ အနီးကပ်လာတိုင်း ဟောင် သူ့ရဲ့တစ်ဖက်ကို အသာအယာတိမ်းစောင်းလိုက်ကာ ရှောင်လိုက်၏။

“ လုပ်လေ။ နည်းနည်း ကြိုးစားကြပါဟ”

ဟောင် ပြုံးရင်း ပြောလိုက်သည်။

“ ငါ့အချိန်တွေနဲ့ ထိုက်တန်မဲ့သူကို စောင့်နေတာ”

အကိုကြီးပိုင်က အော်ဟစ်ပြီး ဓားနဲ့ထပ်ခုတ်ပြန်သည်။ ဒီတစ်ခေါက် အားပိုပြင်းသည်။

ဒါပေမဲ့ ဟောင် မရှောင်ပါချေ။

သူ အရှေ့တိုးပြီး လက်မြှော​က်ကာ အကိုကြီးပိုင်ရဲ့ လက်မောင်းကို ရိုက်ချလိုက်သည်။

ဓားရဲ့လားရာက ပြောင်းသွားပြီး ဘေးကနံရံကို အရှိန်နဲ့သွားရိုက်တာမို့ အုတ်စများပင် လွင့်ပျံသွားသည်။

အကိုကြီးပိုင် မတုံ့ပြန်နိုင်ခင်မှာပဲ ဟောင်ရဲ့ လက်သီးက အကိုကြီးပိုင်ရဲ့ ပါးတည့်တည့်ဆီ ရောက်လာသည်။

ဟောင် ချီစွမ်းအင် မသုံးထားပေ။

ဒါပေမဲ့ လျင်မြန်လေးလံတဲ့ လက်သီးချက်က အကိုကြီးပိုင်ရဲ့မျက်နှာကို ဖူးယောင်သွားစေဖို့ လုံလောက်သည်။

“ဂါး”

အကိုကြီးပိုင် တစ်ကိုယ်လုံး တုန်သွားသည်။

ဟောင် ဘေးဘက်ကို ကန်ချက်တစ်ခု ပစ်သွင်းလိုက်သည်။

အကိုကြီးပိုင်ကို ထိသွားပေမဲ့ အရမ်းမပြင်းထန်ချေ။

သူက ဘယ်လို ကန်ရမယ်ကောင်းကောင်း မသိတာမို့ အကိုကြီးပိုင်ကို ခြေလှမ်းအနည်းပဲ အနောက်ဆုတ်သွားစေခဲ့သည်။

ဟောင် ကိုယ်ကိုလိမ်လိုက်ကာ အကိုကြီးပိုင်ရဲ့ ဓားမကြီးကို လက်ဝါးနဲ့ ရိုက်ထုတ်ဖို့ အရှေ့တိုးလိုက်သည်။

ပြီးတဲ့နောက်မှာ တံတောင်ကို သုံးလိုက်သည်။

အကိုကြီးပိုင်ရဲ့ ရင်ဘတ်တည့်တည့်ကို တံတောင်နဲ့ ရိုက်ချလိုက်တာမို့ အသားများပင် တုန်ပြီးလွင့်သွားလေတော့၏။

အကိုကြီးပိုင်ကော ငပိန်ကောင်လျိုကောက ပြန်တိုက်နိုင်လောက်အောင် မသန်မာပါချေ။

ဟောင် အနေနဲ့ အချိန်ဆွဲနေစရာလဲ အကြောင်းမရှိဘူး။

ဟောင် လက်တစ်ဖက် မြှောက်လိုက်သည်။

သူ့ရဲ့ လက်ချောင်းပေါ်မှာ ရွှေရောင်အလင်း အပ်ချည်မျှင်တွေ ထွက်ပေါ်လာသည်။

နေကြာပွင့်အပ်သိုင်း။

မလေ့ကျင့်ထားတဲ့ မျက်လုံးများအတွက်ဆို မြင်ကွင်းက မြန်လွန်းလို့ မှုန်ဝါးဝါးသာ တွေ့ရလိမ့်မည်။

အလင်းအပ်တွေက သူတို့ရဲ့ပုခုံးတွေ၊ ပေါင်တွေ၊ ဒူးတွေထဲကို ဖောက်ဝင်သွားခဲ့သည်။

သေစေနိုင်လောက်အောင် မပြင်းထန်ပါချေ။

ဒါပေမဲ့ သူတို့တွေ မတ်တပ်ပြန်ရပ်နိုင်ဖို့ အချိန်အကြာကြီး လိုအပ်လိမ့်မည်။

ဓားပြနှစ်ယောက်လုံး မြေကြီးပေါ် လူးလိမ့်ညည်းတွားနေချိန်မှာ ဟောင် ခူရိုမီဘက်ကို လှည့်လိုက်သည်။

“ ခူရိုမီ မင်းသူတို့ရဲ့ မှတ်ဉာဏ်တွေကို ရှုတ်ထွေးအောင်လုပ်နိုင်လား?”

“ ဖျက်ပစ်တာမျိုးဖြစ်ဖြစ်ပေါ့?”

‘ ငါမလုပ်နိုင်ဘူး သခင်’

ခူရိုမီက ထို့နောက်မှာ သူမ နောက်ကျောပေါ်၌ ပျင်းရိစွာလှဲလျောင်းနေတဲ့ သူခိုးလေးကို ကြည့်လိုက်သည်။

‘ ဒါပေမဲ့.. သူခိုးလေးက အဲ့ဒါမျိုး.လုပ်တတ်လောက်တယ်’

‘ သူခိုးလေး မင်းမှာ သခင့်ကိုကူညီနိုင်မဲ့ နည်းလမ်းရှိလား?’

‘ ငါ့မှာရှိတယ်မမ။ ဒါပေမဲ့ ငါ အဲ့လူသားကို တစ်ကယ်ပဲ ကူညီပေးရမှာလား?’

ခူရိုမီက သူခိုးလေးကို စိုက်ကြည့်လိုက်သည်။

မျက်တောင်ခတ်လိုက်သည်။

‘ ကောင်းပြီ ကောင်းပြီ’

‘ မင်းအစောက ငါ့ကိုအစာကျွေးထားလို့ ကူညီပေးလိုက်မယ်’

‘ ဒီတစ်ခေါက်ပဲနော်’

ခူရိုမီပေါ်ကနေ ခုန်ဆင်းလိုက်ပြီး သတိမေ့နေတဲ့ ဓားပြနှစ်ကောင်ရှိရာကို သွားလိုက်လေ၏။

သူ့ရဲ့ အမွှေးတွေထဲက အမဲရောင်မြူခိုးလုံးကြီး ထွက်ပေါ်လာခဲ့သည်။

ထို့နောက်မှာ မြူခိုးလုံးက ခုန်ပေါက်သွားပြီး…

ဓားပြနှစ်ကောင်ရဲ့ ဦးနှောက်ရှိရာကို သွားလိုက်သည်။ သူတို့ရဲ့ ခေါင်းကို ရစ်ပတ်လိုက်သည်။

အရိပ်သူခိုး။

သူခိုးလေးရဲ့ မျိုးရိုးကနေ မွေးရာပါ ရထားတဲ့အစွမ်းတစ်ခုဖြစ်သည်။

ပစ်မှတ်ရဲ့ အချိန်ခဏအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ မှတ်ဉာဏ်ကို စုပ်ယူဖို့နဲ့ ဖျက်ပစ်ဖို့အတွက် သုံးလို့ရသည်။

ဒီလမ်းကြားထဲ ရောက်တဲ့အချိန်ကနေ တိုက်ခိုက်ပြီးချိန်အထိ ဟောင်နဲ့ပတ်သတ်တာ အားလုံးကို ဖျက်ပစ်လိုက်သည်။

ဟောင် မျက်စိရှေ့က မြင်ကွင်းကို ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်သည်။

သူဘာကိုမှ မမြင်နိုင်ဘူး။

သူခိုးလေးက နေရာမှာရပ်နေပြီး သူ့ရဲ့ မျက်လုံးတွေ အနည်းငယ်လက်နေတာသာ မြင်သည်။

သူက အရမ်းအားနည်းနေလို့ မမြင်ရတာများလား?

ဒါမှမဟုတ် သူခိုးလေးရဲ့ အစွမ်းကို မြင်ဖို့အတွက် အထူးမျက်လုံးတို့ စိတ်ဝိညာဥ် အာရုံခံမှုတို့ လိုအပ်တာလား?

တစ်ခဏကြာပြီးနောက်မှာ အရိပ်မဲက သူခိုးလေးရဲ့ ကိုယ်ထဲကို ပြန်ဝင်သွားခဲ့သည်။

သူခိုးလေးက ခူရိုမီဆီ ပြန်ပြေးသွားပြီး သူမရဲ့ကျောပေါ်ကို ခုန်တက်လိုက်လေ၏။

‘ ပြီးပြီ လူသား’

‘ ငါမင်းကို ဘာမှအကြွေးမတင်တော့ဘူး’

သူခိုးလေး ဘာလုပ်လိုက်လဲ ဟောင် မသိသော်ငြား သူ ယုံပါသည်။ ခူရိုမီကတောင် ယုံကြည်မှတော့ ဘာအရေးလဲ?

“ တော်တယ် ချီဘီဆု။ မင်းရဲ့ စွမ်းရည်က အထင်ကြီးစရာပဲ”

ဟောင်.ပြုံးကာ ပြောလိုက်သည်။

သူခိုးလေးက စိတ်ဆိုးမာန်ဆိုးဖြင့် အမြှီးကို ခါယမ်းလိုက်ကာ

‘ ချီဘီဆုလို့ ခေါ်ပြန်ပြီလား? ငါ့ကို အဲ့လို မခေါ်ဖို့ ပြောထားတယ်နော်’

‘ ပြီး မင်းငါ့ကို ဘယ်လောက်ပဲ မြှောက်ပြောပြော ငါမင်းကို လက်ခံမှာ မဟုတ်ဘူးကွ!’

ဟောင် ရယ်လိုက်ပြီး ဓားပြနှစ်ကောင် ဆီကိုပဲ သွားလိုက်သည်။ သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို မကာ အမှိုက်ပုံနားမှာ ထားပေးလိုက်သည်။

အကိုကြီးပိုင်ရဲ့ အနည်းငယ် ယောင်ကိုင်းနေတဲ့ ပါးကိုသာ မကြည့်ရင် သူတို့ရဲ့ပုံစံက ငြိမ်းချမ်းစွာ အိပ်ပျော်နေပုံသာရှိသည်။

ဟောင်နဲ့ ကျန်တဲ့သူတွေက အပြိုင်ကမ္ဘာ ကုန်စုံဆိုင်ကို ပြန်သွားလိုက်ကြသည်။

သူတို့ ဝင်ပြီးတဲ့အချိန်မှာ ခူရိုမီကို သူခိုးလေးက စိတ်ထဲမှ သီးသန့်ဆက်သွယ်လိုက်သည်။

‘ မမလဲ အဲ့ဒီလူကို သတိထားမိမယ်ထင်တယ်။ ငါတို့ ဘာလုပ်ကြမလဲ?’

‘ သူ့ရဲ့ပစ်မှတ်က ဒီလူသားဖြစ်ပုံပဲ’

သူခိုးလေးက ဟောင်ကို ကြည့်လိုက်သည်။

‘ ခဏလွှတ်ထားလိုက်။ သူ တစ်ကယ် လှုပ်ရှားချင်ရင် သခင်က အလွယ်လေး ဖြေရှင်းနိုင်တယ်’

ခူရိုမီ ပြန်ပြောလိုက်သည်။

‘ ပြီးတော့ သူသာ တစ်ကယ် လှုပ်ရှားရဲရင် ဘယ်လို ကံတရားကို ရင်ဆိုင်ရမယ်မှန်း ငါ့သခင်သိမှာသေချာတယ်’

ပြောရမည်ဆိုလျှင် ပုံရိပ်တစ်ခုက လမ်းကြားထဲကို ခေါင်မိုးပေါ်ကနေ ခုန်ဆင်းလာနေ၏။

ထိုသူက ချင်းဇီ ပင်။

သိုင်းသူတော်စင် စဦးနယ်ပယ် အဆင့် ၇ ရောက်ပြီဖြစ်ပြီး…. လူသတ်မှု၊ ခိုးယူမှု၊ ဓားပြတိုက်မှုတို့ကြောင့် အလိုက်ခံနေရတဲ့ ဝရမ်းပြေးပဲ။

သူ့ရဲ့ ပစ်မှတ်က မဟာမြို့တော်ကို ရောက်လာတဲ့ လူသစ်တွေပင်။ သူတို့က ဒီမြို့ရဲ့ မှောင်မဲတဲ့ လမ်းကြားတွေ၊ လျှို့ဝှက် လမ်းကြောင်းတွေနဲ့ မရင်းနီးဘူးလေ။

မြို့တော်ရဲ့ ဝင်္ကပါသဖွယ် လမ်းကြောင်းတွေကို ကောင်းမွန်စွာ နားလည်ပြီး ထွက်ပြေးနိုင်တဲ့ ဗျူဟာကြောင့်သာ မဟုတ်ရင် သူ အဖမ်းခံနေရတာ ကြာရောပေါ့။

ချင်းဇီ လဲကျနေတဲ့ ဓားပြနှစ်ကောင် အနားသွားကာ ပါးရိုက်လိုက်၏။

“ အသုံးမကျတဲ့နှစ်ကောင်”

သူ ကျွတ်သပ်ရင်း ပြောလိုက်သည်။

သူ ဒီအရူးနှစ်ကောင်ကို မြို့ထဲ ဝင်လာတဲ့ အပြင်လူကို ဓားပြတိုက်ခိုင်းခဲ့တာပင်။ ဒင်္ဂါးတွေတောင် ပေးထားရသေးသည်။

အနည်းဆုံးတော့ သွေးထွက်အောင် လုပ်နိုင်မည် မျှော်မှန်းခဲ့ပေမဲ့ အခုတော့ သူတို့ကပဲ ငါးသေကြီးတွေလို ပက်လက်လဲ နေကြသည်။

ဒါပေမဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုတော့ မဟုတ်ပါချေ။

အစောက တိုက်ပွဲကို ဝေဖန်ရလျှင် ထိုကောင်လေးက ထင်ထားသည်ထက် သန်မာတာပဲ.. ဒါပေမဲ့ သူ့ကိုတော့ မယှဥ်နိုင်သေးဘူး။

သူ့ထက် အဆင့်အနည်းငယ် နိမ့်လောက်သည်။.ကိုင်တွယ်လို့ ရနိုင်သည်။

သူ စိတ်ဆိုးမာန်ဆိုးဖြင့် ဓားပြနှစ်ကောင်ရဲ့ အိတ်ကပ်တွေကို စမ်းလိုက်ကာ ပေးထားတဲ့ ဒင်္ဂါးတွေကို ပြန်ယူလိုက်သည်။ ကြေးဒင်္ဂါးပြား တစ်ချို့သူ့လက်ထဲ ပြန်ရောက်လာခဲ့ပြီ။

သူ မတ်တပ်ရပ်ပြီး ထိုကောင်လေး သွားခဲ့တဲ့ လမ်းကြောင်းအတိုင်း လိုက်သွားလိုက်သည်။

အဆုံးမှာ သူ ရောက်လာခဲ့ပြီ။

တံခါးပေါက်က ဆိုင်းဘုတ်ကြောင့် သူခဏတော့ ရပ်သွားသည်။

“ အပြိုင်ကမ္ဘာကုန်စုံဆိုင်”

ချင်းဇီ အနားတိုးပြီး မှန်နံရံနဲ့ မှန်တံခါးကနေ အတွင်းကို ချောင်းကြည့်လိုက်သည်။ ဒါပေမဲ့ ဖုန်တက်နေတဲ့ မှန်လိုမျိုးပဲ အတွင်းကို လုံးဝ မမြင်ရချေ။

သူ ဘာတစ်ခုမှ မမြင်ရဘူး။

ထူးဆန်းသည်။

ဒါပေမဲ့ ဘာမှမဖြစ်ပါပေ။

ဒါက ပိုတောင်ကောင်းသေးသည်။ တိုက်ခိုက်ဖို့ နေရာကောင်းပဲ။

တိတ်ဆိတ်ပြီး လူထုနဲ့ ဝေးကွာသည်။ ဘယ်သူမှ ကြားဝင်မှာမဟုတ်ဘူး။

မျက်မြင်သက်သေတစ်​ယောက်မှ မရှိနိုင်ဘူး။

သူ ပြုံးလိုက်ကာ တံခါးလက်ကိုင်ကို လက်လှမ်းလိုက်သည်။

‘ မင်းဘာတွေ ဖုံးထားလဲ ကြည့်တာပေါ့’

All Chapters