( မောက်မာတဲ့သခင်လေးက မင်းကို လွှတ်လိုက်တာလား)
Vol. 7 Ch. 94
ကြောက်ရွံ့မှုကြောင့် ချင်းဇီရဲ့ အသံက အက်ကွဲလာသည်။
သူ လေထဲကို ကူကယ်ရာမဲ့စွာ ကန်နေလေ၏။
ကျန်တဲ့သူတွေလဲ ချင်းဇီကို ကြည့်နေကြသည်။ ထိုထဲမှ ဟွာဖေးရှုရဲ့ အကြည့်က အနည်းငယ် ကျောချမ်းဖို့ ကောင်းလေ၏။
သူမက ချင်းဇီနဲ့ တော်မဲ့ အလောင်းထည့် ထမ်းစင်ကို စိတ်ကူးယဥ်ကြည့်နေသည်။
ချင်းဇီရဲ့ မျက်လုံးတွေ ပြာလာပြီး
“ မဟုတ်.. မဟုတ်ဘူး။ ငါပြန်ရုတ်သိမ်းတယ်! ငါဘယ်သူ့ကိုမှ ဓားပြမတိုက်တော့ဘူး!”
“ ငါက လူကောင်းပါဆိုတာ ကျိန်ရဲတယ်!”
“ ငါ့ကို ကျောက်ရုပ် မလုပ်ပစ်ပါနဲ့!”
မိုရှီရှီ အနည်းငယ် ခေါင်းစောင်းကြည့်လိုက်သည်။
“ ဒါဆို အော်နေတာရပ်လိုက်”
“ နားကိုညီးတယ်”
ချင်းဇီ ခေါင်းသာ ညိတ်ပြနိုင်တော့သည်။ တစ်ခုတည်းသော လှုပ်ရှားနိုင်တဲ့ ခေါင်းကို အဆတ်မပြတ် ညိတ်ပြလိုက်သည်။
တောင်းဆိုမှု ထပ်လုပ်ချိန်မှာ သူ့ရဲ့ အသံက ပိုကျယ်သွားပြီး
“ တောင်းပန်ပါတယ်။ ငါ ကံစမ်းကြည့်မိတာပါ!”
“ အကိုကြီး၊ အမကြီး၊ ဘိုးဘေးများ၊ ဆရာသခင်များ… ငါမရည်ရွယ်ပါဘူး!”
“ ငါအိမ်ပြန်ပြီး လယ်စိုက်စားပါ့မယ်! ကြက်မွေးပြီး အသက်မွေးပါ့မယ်!”
မိုရှီရှီ သက်ပြင်းချလိုက်ရင်း သူမရဲ့ လက်ကိုသာ ပြင်လိုက်တော့သည်။
ချင်းဇီရဲ့ ခန္ဓာကိုယ်က ပိုတောင့်တင်းသွားလေ၏။ သူ့ရဲ့ ခြေလက်တွေက သူ့စကား နားမထောင်တော့ဘူး။
သူအခု လုံးဝကို ကျောက်ဖြစ်ရုပ်ကျွင်း ဖြစ်လာပြီး အခန်းထဲမှာ သယ်ဆောင်ခံနေရသည်။
“ ဒါဥပဒေနဲ့ မတူညီဘူး! မင်း လူတွေကို ကျောက်ရုပ်လုပ်လို့မရဘူး!”
မိုရှီရှီကတော့ အဖက်မလုပ်ချေ။ သူမ ပေါ့ပါးသော ခြေလှမ်းများဖြင့် ဟောင် ရှိရာကို သွားလိုက်သည်။
ဟောင် သည် ကျန်တဲ့သူတွေနဲ့ အတူ ထိုင်နေခဲ့သည်။ အစောပိုင်းက သူ ဒီလောက်ပွဲကြမ်းခဲ့တာတောင်မှ မပြောင်းလဲတဲ့ ဟောင်ရဲ့ မျက်နှာကြောင့် ချင်းဇီရဲ့ နှလုံးက ပိုအခုန်မြန်လာခဲ့သည်။
“ သူဋ္ဌေး ငါတောင်းပန်ပါတယ်!”
ချင်းဇီ ငိုလေတော့သည်။
“ ဒါတွေ အကုန်လုံးက အထင်လွဲတာပါ! ငါထင်တာ… ငါထင်ခဲ့တာ ဒါက စားသောက်ဆိုင် တစ်ခုပဲလို့!”
“ ငါဒီတိုင်း စားချင်ခဲ့ရုံတင်!”
ချင်းဇီ အသည်းအသန် ရုန်းနေသော်ငြား သူ့ ခန္ဓာကိုယ်က တစ်စက်တောင် လှုပ်မရပါချေ။
ဟောင်ရဲ့ အရှေ့က စားပွဲရှေ့မှာ မိုရှီရှီ ရပ်လိုက်ပြီး ချင်းဇီကို ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။
ချင်းဇီ အပေါ်ကိုမော့ကြည့်လိုက်သည်။ မျက်နှာတစ်ခုလုံး ဖြူဖျော့နေလေ၏။
ဟောင် ပုံမှန်လို ပြုံးလိုက်သည်။
“ ဒီတော့… မင်းရဲ့နာမည်က ဘာလဲ ပြဿနာကောင်?”
ချင်းဇီ အမြန် ဦးညွတ်လိုက်ပြီး
“ ချင်း..ချင်းဇီပါ သူဋ္ဌေး! ချင်းဇီ!”
“ ငါက ဒီတိုင်းသာမာန်သူလေးတစ်ယောက်ပါ။ ငါကျိန်ပါတယ်။ ဒီရက်စက်တဲ့ လောကကြီးမှာ ရှင်သန်ဖို့ကြိုးစားနေတဲ့ သာမာန်သူလေး တစ်ယောက်ပါလို့!”
‘ သာမာန်ကောင်လေး ဟုတ်လား?’
ဟောင် မေးထောက်ကာ ကိုယ်ကို အရှေ့တိုးလိုက်သည်။
“ ဒီတော့ချင်းဇီ မင်းက တစ်ယောက်ထဲလား?”
“ ဒါမှမဟုတ် ငါအရှေ့က တွေ့ခဲ့တဲ့ သူခိုးနှစ်ယောက်နဲ့ အတူတူပဲလား?”
ချင်းဇီရဲ့ နှလုံးက ဆောင့်ခုန်သွားလေ၏။
အကိုကြီးပိုင်နဲ့ ငပိန်ကောင်လျိုကို ဟောင်ကို ပြဿနာရှာဖို့ သူခိုင်းခဲ့တာလေ။
ဒါပေမဲ့ ထုတ်ပြောလိုက်မိရင် သူ လုပ်ခိုင်းတာမှန်း ဝန်ခံမိသလို ဖြစ်သွားမည်။
ဝန်ခံလိုက်ရင် သေသွားမှာပေါ့။
ဒါပေမဲ့ မပြောမိလို့ လိမ်တာ မိသွားရင်လဲ ပိုတောင် သေနိုင်သည်။
ဘယ်လိုပဲဆိုဆို ဟောင်သာ သူ့ကို မဟာမြို့တော်ရဲ့ အရာရှိတွေဆီ အပ်လိုက်ရင် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး။
သူ ကြိုမြင်နေမိပြီ။
ရူးလောက်အောင် အနှိပ်စက်ခံရနိုင်သည်။
ဝိညာဥ်ကျွန်အဖြစ် ရောင်းစားခံရလိမ့်မည်။
ဒါမှမဟုတ် တိတ်တဆိတ် ရှင်းပစ်ပြီး ခွေးစာဖြစ်သွားနိုင်သည်။
ချင်းဇီရဲ့ မျက်လုံးတွေက ပတ်ပတ်လည်ကို အရိုင်းဆန်စွာ ရွေ့လျားသွားပြီး မတည်ရှိနေတဲ့ လွတ်လမ်းကို အသည်းအသန် ရှာဖွေနေခဲ့သည်။
“ မဟုတ်ဘူး! သူဋ္ဌေး ထင်နေသလို မဟုတ်ပါဘူး”
“ ငါ…ငါက ဒီနေရာကို ဒီတိုင်းဖြတ်သွားမိတာ! တိုက်ဆိုင်တာ!”
“ လုံးဝ တိုက်ဆိုင်တာပဲ!”
မိုရှီရှီ မျက်နှာကို မဲ့လိုက်သည်။
အနေတည်တတ်သော ရှောင်လျန်ဖန်းပင် ရယ်ချင်စိတ်ကို လက်ဖြင့်ကာလိုက်သည်။
ဟောင်ရဲ့မျက်နှာပေါ်က အပြုံးက မပြောင်းမလဲ တည်ရှိနေဆဲပဲ။ ဒါပေမဲ့ တစ်နည်းနည်းနဲ့ ပိုကြောက်ဖို့ ကောင်းလာသလို ခံစားရသည်။
‘ တိုက်ဆိုင်တာပေါ့လေ ဟုတ်လား?’
သူ အောက်ငုံ့ကာ ချင်းဇီရဲ့ နှဖူးကို တောက်လိုက်သည်။
အကန်ခံလိုက်ရတဲ့ ခွေးတစ်ကောင်လို ချင်းဇီက အော်လိုက်လေ၏။
“ ငါ… ငါအတည်ပြောနေတာ!”
“ ငါအခုကစပြီး ပြောင်းလဲတော့မယ်! ရိုးသားစွာ နေထိုင်တော့မှာ!”
“ ငါ့ကို ဒီတစ်ခါလေးပဲ လွှတ်ပေးပါ! ကျေးဇူးပြုပြီး!”
“ ငါတောင်းပန်ပါတယ်!”
ပြောနေရင်းနဲ့ သူ ဦးညွတ်ဖို့ပါ ကြိုးစားလိုက်သေးသည်။ ဒါပေမဲ့ ကျောက်ရုပ် တစ်ဝက်ဖြစ်နေပြီဖြစ်တဲ့ ခန္ဓာကိုယ်ကြောင့် မြေပေါ်မှာ လူးလွန့်နေတဲ့ ပိုးကောင်နှင့်သာ တူလေသည်။
“ အမ်း.. အနည်းဆုံးတော့ ခြေထောက်ကိုင်တာ တော်သားပဲ”
ချင်းဇီမှာ မာန မကျန်တော့ပါချေ။
ဒါပေမဲ့ ဒါတွေက အပေါ်ယံတွင်သာ။
သူ့ရဲ့အတွေးထဲမှာတော့ အမုန်းတရားတွေ ကြီးထွားနေခဲ့သည်။
သူ ကျိန်ထားပြီးသားပင်။ သူ လွတ်သွားလို့ကတော့ သူ့ရဲ့မာနကို ပြန်အဖက်ဆယ်တဲ့အနေနဲ့ ဆိုင်တစ်ခုလုံးကို တစ်ရက်ကျ တစ်စစီ ဖျက်ဆီးပစ်မည်။ ဆိုင်ထဲမှာ ရှိတဲ့သူတွေ အားလုံးကိုပါ ဖျက်ဆီးပစ်မည်။
အခုသာ ရှင်သန်နိုင်မည် ဆိုလို့ကတော့ လမ်းပေါ်က တွေ့သမျှ ခွေးတိုင်းကို ဘိုးဘေးလို့ခေါ်ပြီး ဦးညွတ်ရမယ်ဆိုရင်တောင် ဦးညွတ်မှာပဲ။
သူ ကျိန်ဆိုထားသည်။.အခု သူ ဘယ်လောက်ပဲ တောင်းပန် ထားပါစေ အကုန်လုံးကို တစ်ရက်ကျ ပြန်ပေးဆပ်ခိုင်းမည်။
ချမ်းသာတဲ့ သူဋ္ဌေးဆိုတဲ့ကောင်က နေရာမှာ ထိုင်မြဲအတိုင်း ထိုင်နေတာပေါ့? သူ့ရဲ့ စိတ်ထဲမှာ ထိုလူ့ကို တစ်စစီ ဆွဲဖြဲပစ်ချင်နေပြီ။
မိစ္ဆာမကလဲ သူ့ကို တိုက်ခိုက်ရဲတယ်ပေါ့?
သူ့ကို ထိခိုက်စေတဲ့ မိစ္ဆာမလဲ တစ်ရက်ကျ သေချာပေါက် နောင်တရစေရမည်။
ချင်းဇီရဲ့ အတွေးတွေက တစ်စက္ကန့်ကြာတိုင်း ပိုပြီးမည်းမှောင်လာခဲ့သည်။
ဒါပေမဲ့ အခုချိန်မှာတော့ သူ တောင့်ခံရုံသာ တတ်နိုင်လေ၏။
“ ငါ.. ငါပြန်ပေးဆပ်ပါ့မယ်!”
“ ငါမင်းကို အားလုံးပေးမယ်! ငါရှာထားသမျှ ဝိညာဥ်ကျောက်တုံးတွေ၊ ရတနာတွေ၊ ဒင်္ဂါးတွေ အကုန်ပေးမယ်!”
“ ငါ့မှာ ဆေးလုံးဖန်တီးဖို့ လိုအပ်တဲ့ ရှားပါးပစ္စည်းတွေတောင် ရှိတယ်။ အဲ့ဒါတွေက အဖိုးမဖြတ်နိုင်ဘူးဆိုတာ ငါကျိန်ပြောရဲတယ်!”
ဒါပေမဲ့ ဟောင်ကတော့ မျက်တောင် တစ်ချက်ပင် မခတ်ချေ။ အခန်းထဲမှာ ဆူညံနေတဲ့ ယင်ကောင်တစ်ကောင်ကို ကြည့်နေရသလိုသာ ကြည့်နေလေ၏။
စိတ်ဝင်စားမှုမရှိသလို သနားမှုတောင် မရှိပါချေ။ ပျင်းရိစိတ်တောင် ဖြစ်မနေဘူး။
ဖိနပ်မှာ ကပ်နေတဲ့ ချီးခြောက်ကို ရွံရှာစွာ ငုံ့ကြည့်သလိုမျိုး သူ ငုံ့ကြည့်လိုက်သည်။
ကြောက်ရွံ့မှုကြောင့် ချင်းဇီရဲ့ နှလုံးသားက တုန်ယင်လာခဲ့သည်။
ငါ တောင်းပန်နေတာက ဘာလို့ အလုပ်မဖြစ်ရတာလဲ?
သူ စုဆောင်းထားသမျှကို ပေးပစ်ဖို့ လုပ်ခဲ့တာတောင်မှလေ!
“ မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ? ကုန်းကြွယ်ယုံ ဒါမှမဟုတ် ကုန်းရှောက်ယန်လား?”
ချင်းဇီ မျက်တောင် တစ်ဖြတ်ဖြတ် ခတ်လိုက်လေ၏။
ကုန်း..ဘာကြီး?
ချင်းဇီရဲ့ တုံ့ပြန်ပုံကိုကြည့်ပြီး ဟောင် မျက်လုံးများ မှေးကျဥ်းလိုက်၏။
သူ ဖြစ်နိုင်ချေကို ပြောခဲ့တာပင်။
အဲ့ဒီ အရူးသားအဖက သူနဲ့ လာမရှုတ်နိုင်တော့ဘူးဆိုတော့ ပြဿနာ ရှာဖို့ တတိယအဆင့် သူခိုးဂျပိုး တစ်ကောင်ကို လွှတ်လိုက််တယ်ဆိုတာလဲ ဖြစ်နိုင်တာပဲမလား?
ဒါတွေက ဇာတ်လမ်းတွေထဲမှာ ကြုံနေကျ ဇာတ်ကွက်မျိုးပဲမလား?
သူ ဖတ်ခဲ့တဲ ဝတ္ထုတွေက မနည်းဘူးမို့ သူ့အတွက် ရိုးအီနေပြီပင်။
သခင်လေးက ဇာတ်လိုက်မင်းသားကို မရှုတ်နိုင်တဲ့အခါမှာ… လူသတ်သမား ပို့တာတွေ၊ အစာထဲ အဆိပ်ခတ်တာတွေ၊ သူခိုးတွေနဲ့ သောင်းကြမ်းခိုင်းတာတွေက….. ပုံမှန်ဖြစ်နေကျ ဇာတ်ကွက်ပဲမလား?
ခေတ်အဆက်ဆက် ဗီလိန်တွေရဲ့ အကွက်တွေပဲ။
အမှန်တော့ သူတို့သားအဖ ဇာတ်ကွက်တွေ ထုတ်မပြလာမှသာ ဟောင် ပိုအံ့သြမိမှာပင်။
ချင်းဇီရဲ့ နှလုံးသားက အခုန်မြန်နေခဲ့သည်။ ကုန်းကြွယ်ယုံကို သူသိတာပေါ့။ တော်ဝင် ယူလန်မိသားစုနဲ့ ရင်းနီးတဲ့ ဆက်ဆံရေးရှိတဲ့ မြူခိုးပြာနတ်အိမ်တော်စံအိမ်ရဲ့ ဒုတိယသခင်ကြီးကို မသိတဲ့သူ ဘယ်မှာရှိလို့လဲ?
ဒီလို ကြောက်ဖို့ကောင်းတဲ့ ပုဂ္ဂိုလ်ကလဲ ဒီဆိုင်နဲ့ ပြဿနာရှိခဲ့တာပဲလား?
သူ ဒီဆိုင်နဲ့ မပတ်သတ်ခဲ့သင့်ဘူး။
တစ်ကယ်ကို မပတ်သတ်ခဲ့သင့်တာ။
လုံးဝ မပတ်သတ်ခဲ့သင့်ဘူး!
နောက်တစက္ကန့်အကြာမှာ သူ့ရဲ့ ခေါင်းကို ပြုတ်ထွက်မတတ် ယမ်းလိုက်ရင်း
“ မဟုတ်ဘူး သူဋ္ဌေး ငါ့ကိုဘယ်သူကမှ လွှတ်ခဲ့တာမဟုတ်ဘူး!”
“ ငါ့စိတ်ဆန္ဒနဲ့ငါ လာခဲ့တာ!”