← Chapters

အခန်း (၂၅၇-၂၅၉)

Vol. 6 Ch. 257-259

အခန်း (၂၅၇-၂၅၉)

Vol. 6 Ch. 257-259

အပိုင်း ၂၅၇ - လုံယန်က ငြင်းပယ်လိုက်တယ်

အဲ့ဒါက တော်တော်လေး မနှစ်မြို့စရာကောင်းတဲ့လုပ်ရပ်ပဲဖြစ်သည် ။ သူ နောက်ဘဝရောက်တဲ့အခါကျရင် သူ့ကုသိုလ်တွေ လျော့သွားမှာကို‌တောင် သူစိုးရိမ်မိ၏။

“ဒုတိယ... ဒုတိယသခင်မလေး။ ဒါ ဒါက မသင့်လျော်ပါဘူး။”

အိမ်ထိန်းချန်က ဂရုတစိုက်ပြောလိုက်သည်။

လုလျန့်ဝေက ပြုံးကာ ပြောလာ၏။

“ရှင် ‌အဆိပ်ဖြေဆေး လိုချင်သေးရဲ့လား “

အိမ်ထိန်းချန်က အံ့ဩ တုန်လှုပ်သွားသော မျက်နှာနှင့် နောက်ထပ် ခဏလေးတောင် မတွန့်ဆုတ်ရဲတော့ပါဘဲ နောက်ပြန်လှည့်ကာ ကိရိယာပစ္စည်းများကို သုံး၍ ခေါင်းတလား အဖုံးကို ကော်ဖွင့်လိုက်သည်။

လင်ချင်းယွမ်ကို ဒီနေ့ မှမြေမြှုပ်ခဲ့သောကြောင့် မြေကြီးများက ပွနေသေးတာမို့ အိမ်‌ထိန်းချန်အတွက် အခေါင်းကို ဖွင့်ဖို့အခက်အခဲမရှိပါပေ။ သို့သော် ခေါင်းတလားကို အသေပိတ်ထားသောကြောင့် ခေါင်းတလားဖုံးကို ဖွင့်ဖို့ အချိန်တော်တော် ယူလိုက်ရသည်။

လုလျန့်ဝေက ခေါင်းတလားထဲက လူကိုတစ်ချက်ကြည့်ပြီး နောက် အိမ်ထိန်းချန်ကို ပြောလာ၏။

ဒီနေ့ သူ သင်္ချိုုင်း တူးဖော်ရသည်။ ခေါင်းတလား ဖွင့်ရသည်။ ပြီးတော့လည်း ထပ်ပြီး ခေါင်းတလားထဲက အလောင်းကို သယ်ထုတ်ရပေဦးမည်။

ဘာတွေဖြစ်နေတာလဲ။ ဘာကြောင့်များ သူဒီလိုမျိုး ကံဆိုးနေရတာများလဲ။

သို့သော် သူ ဒုတိယသခင်မလေးရဲ့ မျက်လုံးများကို တစ်ချက်ဝေ့ကြည့်ပြီးနောက်တွင်တော့ သူကံကို သူ လက်ခံလိုက်ရ‌တော့၏။

ကံဆိုးတယ်ဆိုရင်လည်း ဆိုးပါ‌‌စေတော့။အနည်းဆုံးတော့ သူ အဆိပ်ဖြေဆေး ရနိုင်ပါသေးတယ်လေ ။

အိမ်ထိန်းချန်က အံကြိတ်လိုက်ကာ လင်ချင်းယွမ်ကို အခေါင်းထဲကနေ သယ်ထုတ်လိုက်၏။

လုလျန့်ဝေက သူမကို ‌အရင်ဆုံး မြေပြင်ပေါ် ချထားရန် သူ့အား အမူအရာဖြင့် ပြလိုက်သည်။

“အုတ်ဂူကို နဂိုအတိုင်း ဖြစ်အောင် ပြန်ပြီး ပြင်ဆင်လိုက်ပါ”

လုလျန့်ဝေ ‌သူ့အား မှာကြားလိုက်ပြီးနောက်တွင် လင်ချင်းယွမ်ရှေ့၌ ဆောင့်ကြောင့်ထိုင်လိုက်၏။

သူမ အရင်ဆုံး လင်ချင်းယွမ် ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ပြီးနောက် သူမအိတ်ထဲကနေ ပုလင်းတစ်ခု ထုတ်ယူလိုက်သည်။

လုံယန်‌က သူမရဲ့ တခြားဘက်မှာ ရပ်နေတာကို မြင်တော့ သူမက မျက်စိမှိတ်ပြလိုက်ပြီး လက်ဝှေ့ယမ်းပြလိုက်သည်။

လုလျန့်ဝေက သူမ စိတ်ရင်းဖြင့် တောင်းဆိုလိုက်‌သော်လည်း အချိန်‌တော်တော်ကြာလာတဲ့ထိတောင်မှ လုံယန်က လှုပ်ရှားလာခြင်း မရှိသေးပေ။

သူမ မနေနိုင်ဘဲ မျက်‌မှောင်ကြုတ်မိ၏ ။ သူမရဲ့ စိတ်ရင်းနဲ့ ကောင်းကောင်းမွန်မွန် တောင်းဆိုတာက မလုံလောက်လို့ များလား။

သို့ရာတွင် သူ့ရဲ့ အဆင့်အတန်းကို ပြန်စဉ်းစားမိတော့ သူမ လက်လျှော့လိုက်သည်။

သူက ဧကရာဇ်ဆိုသော မြင့်မြတ်သည့်အလွှာက ဖြစ်တယ်ဆိုတာကို သူမ ဘာကြောင့် မေ့သွားခဲ့ရတာလဲ။ သူ့အပေါ်ကို သူမ ဘယ်လို‌တွေတောင် ပြုမူဆက်ဆံနေမိတာလဲ။

သူမ လင်ချင်းယွမ်လက်ကို ကိုင်ခါနီးအချိန်တွင် ထိုအမျိုးသားရဲ့ ခြေထောက်များက သူမအနီးသို့ ချဥ်းကပ်လာကြောင်းကို သူမ မြင်လိုက်ရသည်။

ထိုအမျိုးသားက သူမဘေးတွင် ရုတ်တရက် ဆောင့်ကြောင့်ထိုင်လိုက်ကာ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ ထို့နောက် လင်ချင်းယွမ်၏ ပုခုံးပေါ်က အဝတ်အစားကို ဆွဲကိုင်လိုက်ပြီး သူမကို အပေါ်သို့ ဆွဲမလိုက်၏။

သူမနှုတ်ခမ်းထောင့်များ တွန့်သွားရသည်။ ထိုအကြောင်းနှင့် ပတ်သတ်ပြီး တွေးတောရန် သူမမှာ အချိန်မရှိပေ။သူမက လင်ချင်းယွမ်ရဲ့ ပါးနှစ်ဖက်ကို ဖိညှစ်လိုက်ပြီး သူမပါးစပ်ထဲသို့ ပုလင်းထဲမှ ဆေးရည်များ လောင်းချလိုက်သည်။

လင်ချင်းယွမ်ကို ဆေးတစ်ပုလင်း အကုန်တိုက်ပြီးနောက် လုလျန့်ဝေက သူမလက်ကို ရုတ်သိမ်းလိုက်သည်။

ဒါကိုမြင်တဲ့အခါတွင်တော့ လုံယန်လည်း ချက်ချင်း သူကိုင်ထားတဲ့သူကို လွှတ်ချလိုက်သည်။

လင်ချင်းယွမ်၏‌ဦး‌ခေါင်းက မြေပြင်နှင့် ရိုက်ခတ်မိသွားပြီး အသံတစ်ခု ထွက်ပေါ်လာ၏။

လုလျန့်ဝေက လုံယန်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။

လုလျန့်ဝေက လင်ချင်းယွမ်ကို လက်ညှိုးထိုးပြလိုက်သည်။

“သူမက သေနေပြီ မဟုတ်ဘူးလား။ သူမ အာရုံမခံစားနိုင်ဘူးလေ။”

လင်ချင်းယွမ်သာ အမှန်တကယ် သေနေပြီဆိုပါက သူမက ဘာလို့ လင်ချင်းယွမ်ကို ဆေးတိုက်မှာလဲ။

လုံယန်က ဒါကို ရည်ရွယ်ချက်ရှိရှိ တမင်လုပ်လိုက်ခြင်းဖြစ်မည်။

သူမက ထိုအကြောင်းကို တွေးမိနေတုန်းမှာပဲ လုံယန်က လက်ကိုင်ပုဝါကို ထုတ်ယူလိုက်တာကို သူမ မြင်လိုက်ရသည်။ ပြီးတော့ သူက သူ့လက်ကို ဖြည်းဖြည်းချင်း သုတ်နေ၏။

သူက သူ မထိသင့်သည့် ညစ်ပေနေသော တစ်စုံတစ်ရာကို ကိုင်လိုက်ရသကဲ့သို့ လက်ချောင်းကြားထဲကိုပါ မကျန်ရလေအောင် အသေအချာကို သုတ်နေလေသည်။

ယခုအချိန်သာ လင်ချင်းယွမ် နိုးနေမည်ဆိုပါက ‌သူမ စိတ်ဆိုးလွန်းအားကြီး၍ တစ်ဖန် ထပ်ပြီး သေဆုံးသွားလိမ့်မည်ဟု သူမထင်မိသည်။

လုံယန်က သူ့လက်ကို သုတ်ပြီးသည့်နောက်တွင် လက်ကိုင်ပုဝါကို လွှင့်ပစ်လိုက်လေသည်။

လင်ချင်းယွမ်က သူမ,ပေးခဲ့သော သေချင်ယောင်ဆောင်နိုင်သည့် ဆေးကို သောက်လိုက်ပြီးနောက် သေဆုံးသွားသကဲ့သို့ပင် သူမရဲ့ အသက်ရှင်‌ကြောင်း လက္ခဏာရပ်များသည်လည်း အလိုအလျောက် ပျောက်ကွယ်သွားလေသည်။အခု သူမ ဖြေဆေးသောက်ပြီးသော်လည်း သူမက မြန်မြန်နိုးထလာခြင်း မရှိသေးပါချေ။

သူမက သွေးခုန်နှုန်းကို တစ်ကြိမ်ထပ်မံစစ်ဆေးလိုက်သောအခါ နောက်ဆုံးတော့ နှလုံးမှာ ပြန်၍ခုန်နေပြီးဖြစ်ကြောင်း တွေ့လိုက်ရ၍ သူမ စိတ်သက်သာရာရသွား၏။

ဆက်ရန် ---------

Chapter 258

May 3, 2024 by Nay Chi Lynn

အပိုင်း ၂၅၈ - လုံယန်၏ အသန့်ကြိုက်လွန်မှု

လုံယန့်အတွက်တော့ လင်ချင်းယွမ်ကို ကျောပိုးရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ပါပေ။ ထို့ကြောင့် လုလျန့်ဝေက သူ့ကို မနှောင့်ယှက်တော့ပေ။ အိမ်ထိန်းချန်က တူးဖော်ထားသော အခေါင်းကို ပြန်‌လည် မြေဖို့ပြီးကြောင်း တွေ့ရသောအခါတွင်တော့ သူမကပြောလိုက်၏။

“သူမကို ကျောပိုးသယ်ခဲ့။ ဘယ်သူမှ မမြင်စေနဲ့။ ပြီးရင် သူမကို ဂရုစိုက်ပေးလိုက်။ ပြီးတော့ သူမ နိုးလာရင်လည်း သူမကို သွားခွင့်ပြုလိုက်။”

အိမ်တော်ထိန်းချန်က မငြင်းဆန်ရဲဘဲ လင်ချင်းယွမ်ကို အမြန် သယ်ပိုးလိုက်သည်။

လုလျန့်ဝေက သူ့ကို ဆေးတစ်ပုလင်း ပေးလိုက်သည်။

“ဒါ နောက်နှစ်ကြိမ်အတွက် ဖြေဆေးပဲ။”

အပျော်လွန်သွားတဲ့ အိမ်ထိန်းချန်က စိတ်လှုပ်ရှားစွာ ‌ပြော လာ၏။

“ကျေးဇူးတင်ပါတယ် ဒုတိယသခင်မလေး။”

ဒီနေ့ သူလုပ်ရသော အလုပ်အတွက် ဖြေဆေးနှစ်ဖုံရခြင်းက အလွန်တန်၏။

အိမ်ထိန်းချန်က လင်ချင်းယွမ်ကို ကျောပိုးပြီး လုစံအိမ်တော်သို့ တိုက်ရိုက် ပြန်လာခဲ့လိုက်သည်။

လုလျန့်ဝေကတော့ အင်ပါယာအပန်းဖြေစံအိမ်သို့ လုံယန်နှင့်အတူ ပြန်လာခဲ့သည်။

အပြန်လမ်းတွင် လုံယန် သာမန်ကာလျှံကာ မေး‌လာလေ သည်။

“ခုနက မိန်းကလေးက အခွန်ဘဏ္ဍာရေးဝန်ကြီးလင်း ရဲ့သမီးလား။”

သူ့စကားကို ကြားလိုက်ရတဲ့အခါတွင်တော့ လုလျန့်ဝေက အနည်းငယ် အံ့ဩသွားမိသည်။ သို့သော် အရင်တစ်‌ခေါက်က နန်းတော်ထဲမှာ ကျင်းပသော နဂါးလှေပွဲတော်တွင် လင်ချင်းယွမ်က အရှက်ရခဲ့ကြောင်းကို သူမမှတ်မိလိုက်သည်။

သူမ ‌ ခေါင်းညိတ်ပြလိုက်ပြီး ရှင်းပြရန် အစပြုလိုက်သည်။

“လင်ချင်းယွမ်က မြို့စားချန်ရဲ့ သားနဲ့လက်မထပ်ချင်ဘူး။ ဒါကြောင့် သူမကို ကူညီ‌ဖို့ ကျွန်တော်မျိုးမကို တောင်းဆိုခဲ့တယ်။ သူမက သေချင်ယောင်‌ဆောင်နိုင်တဲ့ဆေးကို သောက်ပြီး သေသလိုဟန်ဆောင် ပြီးတော့ လက်ထပ်ပွဲကနေ လွတ်လာခဲ့တာ”

ချန်ကျူပင်းနှင့် လုယွင်ရွှမ်းက လင်ချင်းယွမ်ကို သတ်ချင်နေသည့်အကြောင်းကိုတော့ သူမ ဖုံးကွယ်ထားပြီး မ‌ပြောပြလိုက်‌ပါပေ။

လုံယန်က သူမ သေချင်ယောင်‌ဆောင်နိုင်‌တဲ့ဆေးကို ဖော်စပ်နိုင်ခြင်းအား မအံ့ဩပါပေ။ အဆုံးမှာတော့ သူမက ကုသရခက်တဲ့ အသားပုပ်အနာကိုတောင် ကုသနိုင်ခဲ့သည်လေ။

မြို့စားမင်းချန်နှင့် လင်းအိမ်တော်ကြားက ဆက်ဆံရေးကိုသာမက အရာရှိမင်းမှုထမ်းများ၏ မိသားစုများ အပါအဝင် အရာအားလုံးကို သူကောင်းကောင်း သိရှိထား၏။

ဘယ်သူက ဘယ်သူနဲ့ ပုဂ္ဂိုလ်ရေးအရ ဆက်ဆံမှုတွေ ရှိသည်ဆိုတာကိုလည်း သူသိထားသည်။

ထို့အပြင် ယခုလ ဆယ်ရက်နေ့သည် မိသားစုနှစ်စုအကြား ခမည်းခမက်ဆွေမျိုးများ ဖြစ်လာမည့် ပျော်ရွှင်စရာနေ့ရက် ဖြစ်ကြောင်းကိုလည်း သူသိထား‌ပေ၏။

မမျှော်လင့်စွာဘဲ ပျော်ရွှင်ဖွယ်ရာအဖြစ်အပျက်မှ ဈာပနပွဲ အဖြစ် ကူးပြောင်း သွားခဲ့ရသည်။

သို့သော် သူမထင်မှတ်ထားမိတာက နောက်ကွယ်တွင် ယခုလိုမျိုး လျှို့ဝှက်ဇာတ်‌ကြောင်း ရှိနေမှာကိုပင်။

သေဆုံးသွားနှင့်ပြီးဖြစ်သောလူက အသက်ပြန်ရှင်လာခဲ့၏။

ဤကိစ္စသာ အပြင်ကို ပေါက်ကြားသွားပါက ရုတ်ရုတ်သဲသဲ ဖြစ်သွားမှာ အသေအချာပင်ဖြစ်သည်။

သူက လုလျန့်ဝေကို တစ်ချက်ကြည့်လိုက်သည်။ သူ့နှလုံးသားထဲမှာ သံသယများရှိနေသော်လည်း သူ မမေးဖြစ်ခဲ့‌ပေ။

ဒီမိန်းကလေး ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ အရာရာတိုင်းမှာ အကြောင်းပြချက်ရှိလိမ့်မယ်ဟု သူထင်၏။

သူက ဘာကိုမှ မ‌ပြောဘဲ သူမရဲ့ နူးနူးညံ့ညံ့လက်ကလေးကို သူ့လက်ဖဝါးထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။

အဆုံးထိ သူဘာမှ မမေးတာကို မြင်တော့ လုလျန့်ဝေက တိတ်တဆိတ် စိတ်သက်သာရာရသွားမိသည်။ ထို့အပြင် သူ့အပေါ် ရှိ သူမသဘောထားကလည်း ပိုမိုကောင်းမွန်လာသည်။

“ကောင်းပြီ။”

သူမက သူ့အား သူမလက်ကို ဆွဲခွင့်ပြုလိုက်ပြီး အိမ်တော်ဆီသို့ လမ်းလျှောက်သွားလိုက်သည်။

လုံယန်က သူမ၏‌ အပြုအမူကောင်းများကို မြင်တော့ အလွန် ကျေနပ်သွားလေသည်။

အင်ပါယာအပန်းဖြေစံအိမ်သို့ ပြန်ရောက်သော် သူက သူ့အိပ်ခန်းဆီသို့မဝင်မီ သူမအိပ်ခဲ့သည့် အခန်းထဲသို့ သူမအား ပြန်ပို့ပေးလိုက်သည်။

လုံယန်က သူမ၏ ဘေးအခန်းမှာ အိပ်နေသည်ကို လုလျန့်ဝေ သိလိုက်၏။

သူတို့နှစ်ယောက်ကြားမှာ နံရံတစ်ခုပဲ ခြားနေသည်ကို တွေးမိသောအခါ သူမနှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ရလိုက်သည်။

လုံယန်က ဤတော်ဝင်စံအိမ်သို့ ရံဖန်ရံခါ လာလေ့ရှိသော်လည်း ဤနေရာတွင် အခန်းများစွာ မရှိပေ။ သို့သော် လုံယန်က သူမကို သူ့အခန်းဘေးမှာနေဖို့ စီစဉ်ခဲ့၏။

ယခုလိုမျိုး ဂရုစိုက်ပေးတတ်လွန်းသော အပြုအမူကြောင့် လုလျန့်ဝေ၏ နှလုံးသားမှာ မလှုပ်ခတ်ဘဲ မနေနိုင်ပါချေ။

သူမက အိပ်ရာထဲတွင် လဲလျောင်းနေပြီး သူမအပေါ်ထားရှိသော သူ့ရဲ့ သဘောထားကို ပထမဆုံးအကြိမ် တွေးတောလိုက်‌မိသည်။

လုံယန်က သန့်ရှင်းမှုကို အလွန်အမင်း ကြိုက်နှစ်သက်သူ ဖြစ်ကြောင်း၊ ပြီးတော့ ထိုအရာက အလွန်အမင်း ပြင်းထန်နေကြောင်း ဒီည သူမ သိလိုက်ရသည်။

နေ့လည်က ဥယျာဉ်ထဲမှာ သူ သူမကို ပေးခဲ့သော အနမ်းအကြောင်းကို သတိရသွားပြီးနောက် သူမ နှုတ်ခမ်းကိုစေ့လိုက်မိသည်။

သူတို့နှစ်ယောက် စပြီးတွေ့ဆုံစဉ်ကတည်းက သူတို့၏ ရင်းနှီးသော ဆက်ဆံရေးမှာ တစ်ခုထက်ပိုပြီး ရှိနေခဲ့ပြီဖြစ်သည်။

ယနေ့ညမှ ကိစ္စ‌ကြောင့်သာ မဟုတ်ပါလျှင် သူဟာ အသန့်ကြိုက်‌လွန်သော သူ ဖြစ်ကြောင်း သူမ သိလိုက်ရမှာ မဟုတ်ပေ။

ဆက်ရန် _____

Chapter 259

May 3, 2024 by Nay Chi Lynn

အပိုင်း ၂၅၉ - သူမ ဘာမှမခံစားရဘူးဆိုတာ မဖြစ်နိုင်ဘူး

လုံယန်က သူမအား ယခုလိုမျိုး အထူးတလည်ဆက်ဆံတာကို သိလိုက်ရပြီးတဲ့နောက်မှာတော့ သူမ ဘာမှမခံစားရဘူး ဆိုသည်မှာ မဖြစ်နိုင်သောအရာပင် ။

အဲ့ဒါက ဒီအတိုင်း --------

သူမ အရင်က ထွက်ပြေးချင်ခဲ့သော်လည်း အခုတော့ ကြည့်ရတာ မဖြစ်နိုင်တော့ဘူးထင်၏။

သူမ အနည်းငယ် မလိုလားသော်လည်း ထိုသူ့ရဲ့ရှေ့မှာတော့ သူမရွေးချယ်စရာမရှိပါပေ။

သူမအဘွားတောင်မှ သူမကို လုံယန်ဆီက မခေါ်ထုတ်‌‌နိုင်လောက် ပေ။ ထို့ကြောင့် သူမ ဒီကိစ္စအတွက် ညှိနိုင်းလို့ မရနိုင်လောက်‌ပေ။

ဒီတိုင်းဆိုရင်တော့ သူမ ယခုလိုမျိုးဆက်နေသွားရမှာပဲ ။

ဒီလိုအခြေအနေမျိုး ဖြစ်နေပြီဆိုမှတော့ သူမ ရုန်းကန်ဖို့ မကြိုးစားတော့‌ဘဲ သူမ မျက်လုံး မှိတ်လိုက်ပြီး စိတ်သက်‌သက်သာသာနှင့် အိပ်ပျော်သွားလေသည်။

နောက်တစ်နေ့တွင် လုလျန့်ဝေ နိုးလာသောအခါ သပ်ရပ်စွာ ဝတ်စားထားသည့် မိန်းကလေး နှစ်ယောက်က သူမ ဆေးကြောသန့်စင်ဖို့အတွက် ကူညီပေးခဲ့သည်။

မနက်စာစားနေချိန် မှသာ လုံယန်က အာရုဏ်မတက်မီ ခပ်စောစောအချိန်ကပင် ညီလာခံအတွက် နန်းတော်သို့ ပြန်သွားပြီဖြစ်ကြောင်း သူမ သိလိုက်ရသည်။

နောက်ဆုံးတော့ သူမ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။

ကိစ္စကြီးများကို ဆောင်ရွက်နေရတဲ့ ရှန်တိုင်းပြည်၏ ဧကရာဇ်ဖြစ်သည့် လုံယန်မှာ ပင်ကိုအားဖြင့် ဖြေရှင်းရမည့် နိုင်ငံရေးကိစ္စများသည် မကုန်ခမ်းနိုင်‌လောက်အောင်ကို ရှိနေပေသည်။ အချိန် ဖြုန်းတီးဖို့ရန်မှာ သူ့အတွက် မဖြစ်နိုင်ပေ။

“ဒုတိယသခင်မလေး၊ သခင်မလေးကို ဒီနေရာမှာ တစ်ယောက်တည်းထားခဲ့ဖို့ အရှင်က စိုးရိမ်နေပါတယ်။ သခင်မလေး အပျင်းပြေစေဖို့အတွက် ကျွန်တော်မျိုးကို လွှတ်လိုက်တာပါ။”

ကျောက်ချန်က သူမကို တစ်ချက် လှမ်းကြည့်လိုက်သောအခါ သူမမျက်နှာမှာ ဘာအမူအရာမှမရှိဘဲ တည်ငြိမ်နေလေသည်။ သူက‌ပြောလိုက်၏။

ထိုစကားကိုကိုကြားလိုက်ရပြီးနောက် လုလျန့်ဝေ အနည်းငယ် အံ့အားသင့်သွားလေသည်။

“သူမှာ နေ့စဉ်နဲ့အမျှ လုပ်ဆောင်ရမယ့် ကိစ္စများရှိတယ် မဟုတ်ဘူးလား။ ဘာလို့ သူ အေးအေးလူလူ ဖြစ်နေရတာလဲ”

လုလျန့်ဝေက အနည်းငယ် မျက်မှောင်ကြုပ်လိုက်သည်။

ဒီလိုသာဆို ဒီနေ့ သူမ ဒီနေရာကနေ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး။

လုလျန့်ဝေ ထမင်းစားပြီးနောက် ကျောက်ချန်က အကြံပေးလာ၏။

“သစ်သီးခြံထဲက မက်မွန်သီးတွေက မှည့်နေလောက်ပြီ။ ဒုတိယသခင်မလေး သွားကြည့်ချင်လား။”

လုထင်ချန်းပြောတာကို သူမှတ်မိပါသေးသည် ။ အသီးတွေ ထဲကမှ ဒုတိယသခင်မလေးက မက်မွန်သီးကိုသာ ကြိုက်နှစ်သက်သည်တဲ့‌လေ။

“မဟုတ်ဘူး။ ကျွန်မ ဒီအတိုင်း လမ်းလျှောက်ချင်ရုံပါပဲ။”

လုလျန့်ဝေ ပြုံးလိုက်ပြီး ကျောက်ချန်က အလွန်စိတ်အားထက်သန်နေတယ်လို့ သူမ တွေးမိသွားသည်။သို့သော် သူ့ စိတ်အားထက်သန်မှု၏ နောက်ကွယ်က ‌အကြောင်းကို သူမ မှန်းဆကြည့်ဖို့ မခဲယဉ်းပေ။

အကယ်၍ သူမ မငြင်းဆန်ဘူးဆိုပါက သူမအနေနဲ့ လက်ခံလိုက်ရုံသာ ရှိတော့သည်။

လုလျန့်ဝေက တောင်နောက်ဖက်တွင် လမ်းလျှောက်နေစဉ်မှာပဲ အင်ပါယာအပန်းဖြေစံအိမ်က ကြီးမားကျယ်ပြောလွန်းလှပြီး လုစံအိမ်က ဘယ်လိုမှ မယှဉ်နိုင်‌ကြောင်း တွေ့လိုက်ရသည်။

ဤနေရာက မြိုတော်ရှိ ဘုရင့်၏အပန်းဖြေစံအိမ် ဖြစ်သည်သာ မဟုတ်ဘဲ လုံယန် ၏အနှစ်သက်ဆုံး စံအိမ်လည်းဖြစ်သည်။

လုလျန့်ဝေက သူမ တောင်ပေါ်ကို ဆက်မတက်သွားဘဲ မနေနိုင်ပေ။

ဒါကိုမြင်တော့ ကျောက်ချန်သည်လည်း မငြင်းဆန်ဝံ့ဘဲ သူမနောက် အမြန်လိုက်သွားလေသည်။

အပူအပင်ကင်းမဲ့စွာဖြင့် ရှေ့ကလမ်းလျှောက်နေသည့် မိန်းကလေးကို ကြည့်လိုက်ပြီး ကျောက်ချန် အနည်းငယ် အံ့ဩသွားရသည်။

မမျှော်လင့်ဘဲ ဒုတိယသခင်မလေးလုမှာ ကောင်း ‌‌မွန်ကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာရှိ‌နေတာပဲ ။ အရင်တစ်ခေါက်က တောင်ထိပ်‌ပေါ် ကို သူမတစ်ယောက်တည်း တက်သွားရဲတာ မထူးဆန်းတော့ပါဘူး။

တောင်အနှံ့ လမ်းလျှောက်ပြီးနောက် လုလျန့်ဝေက ဆေးဖက်ဝင်အပင်များစွာ ခူးခဲ့လိုက်သည်။

ဒီဆေးပင်များက ပုံမှန်တွေ့မြင်နေကျအပင်တွေ ဖြစ်သော်လည်း သူတို့က အလွန် အသုံးဝင်လှသည်။

သူတို့နှစ်ယောက် တောင်ခြေကိုဆင်းလာတော့ အဝေးကနေ တောင်ကုန်းဆီသို့ လမ်းလျှောက်လာနေသော လူတစ်ဦးကို မြင်လိုက်ရ၏။ သူက အဝေးကြီး လမ်းလျှောက်နေရသော်လည်း သူ့မှာ စိတ်မရှည်ခြင်း အလျဉ်း မရှိပေ။ ထိုအစား သူ့ကိုကြည့်ရသည်မှာ တည်ငြိမ်ပြီး တင့်တယ်ကြော့မော့နေပေသည်။

ကျောက်ချန်လည်း ၎င်းကို မြင်လိုက်ပြီးနောက် ပျော်ရွှင်စွာပြောလာ၏။

“အရှင်က ဒီမှာပဲ “

လုံယန်က ယနေ့တွင် သူ့ရဲ့ ဖြူ‌‌ပြီးသား အသားအရေကို ပိုပြီးဖြူသွားစေသည့် မင်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။

သို့သော် သူ့ရဲ့ အသားအရေမှာ ဖြူ‌ဖွေးနေသော်လည်း သူက လုံးဝ အားနည်းသည့်ပုံ မပေါက်ပေ။ ဆန့်ကျင်ဘက်အားဖြင့် အရှင်မင်းကြီးသည် လူအများကို ရိုသေလေးစားလာအောင် လှုံဆော်နိုင်ပြီး မြင့်မြတ် ခန့်ညားနေပေသည်။

သူ၏အားကောင်းသော အရှိန်အဝါကြောင့်သာ မဟုတ်ပါလျှင် သူ၏ပုံစံမှာ အဝေးက ကြည့်လိုက်ပါက လူအများအား နူးညံ့သိမ်မွေ့ခြင်းဟူ‌သော အမြင်မှားကို ပေးစွမ်းနိုင်လေသည်။

လုလျန့်ဝေက တောင်ခြေတွင် ရပ်တန့်နေပြီး သူ့ကို တိတ်တဆိတ် ကြည့်နေမိ၏။

လုလျန့်ဝေကို မြင်လိုက်ရသောအချိန်တွင်တော့ သူ့မျက်ဝန်းထဲတွင် ကွယ်ဝှက်မထားသော ပျော်ရွှင်မှု အရိပ်အယောင်များ က ထွက်ပေါ်လာ၏။

“တောင်ပေါ်တက်ခဲ့တာလား”

All Chapters