အခန်း (၂၈၇-၂၈၉)
Vol. 6 Ch. 287-289
အပိုင်း ၂၈၇
အရှင်မင်းကြီး ဖြစ်နေဆဲပါပဲ။
အရှင်မင်းကြီး ထီးနန်း ဆက်ခံပြီးကတည်းက သူ့တွင် ဧကရီလောင်းတစ်ပါး ရှိခဲ့သော်လည်း သူမသည် နန်းတော်ထဲ လက်ထပ်၍ မဝင်ရောက်ရသေးမီတွင် သေဆုံးသွားခဲ့ပေသည်။ နှစ်ပေါင်းများစွာ ကြာသည်အထိ ထိုဧကရီနေရာက လစ်လပ်နေခဲ့သည်။ အရှင်မင်းကြီးကလည်း ထပ်မံ၍ ဧကရီအဖြစ် လက်ထပ်ရန် ရည်ရွယ်ထားပုံ မပေါ်တော့ပေ။ မောင်းမဆောင်တွင်လည်း ကိုယ်လုပ်တော်မှာ အရေအတွက် နည်းနည်းသာ ရှိပြီး အတုယောင်ဆန်နေခဲ့သည်။
ထို့ပြင် အရှင်မင်းကြီးက သူ့အစ်ကိုတော်၏ သားကို အိမ်ရှေ့စံအဖြစ် ခန့်အပ်ထားပြီးလေပြီ။ ထို့ကြောင့် အရှင်မင်းကြီးမှာ မစွမ်းဆောင်နိုင်ဘူးဟု သူတို့ ထင်ခဲ့ကြသည်။ ထို့ကြောင့်သာ နှစ်များစွာကြာသည့်အခါ မတတ်နိုင်ဘဲ သူ့အစ်ကိုတော်၏သားကို အိမ်ရှေ့စံအဖြစ် ခန့်အပ်ရန် သူအား ဖိအားပေးခဲ့ကြခြင်းပေ။
လူတိုင်းက တန်းစီ၍ စောင့်ကြည့်နေခဲ့ကြသည်။ ထိုအချိန်၌ မင်းကြီးက ဧကရီခန့်အပ်ရန် ငြင်းပယ်ခဲ့သည်ကိုလည်း သူတို့ မအံဩကြပါ။
အရှင်မင်းကြီးက မိန်းမလှလေးများစွာကို လက်ခံထားသော်လည်း လူတိုင်းက မအံ့ဩကြသေးပေ။ သို့သော် မင်းကြီးက ဧကရီအဖြစ် လက်ထပ်တော့မည်ဆိုပါက လူတိုင်း အတွေးများကြပေတော့မည်။
လူအချို့က အပေါ်ယံတွင် ဖြစ်ပျက်နေသည့် အရာကိုသာ မြင်တွေ့ကြပေသည်။ တချို့ကမူ ပို၍ နက်နက်နဲနဲ တွေးတောခဲ့ကြသည် ။
အားလုံး သိကြသည့်အတိုင်း မင်းသမီး လုယွင်ရွှမ်းသည်လည်း ကျိန်းကော်စံအိမ်မှ သမီးဖြစ်လေသည်။ လုလျန့်ဝေကလည်း မင်းသားကို တစ်ခါက စွဲလမ်းခဲ့ဖူးသည်။ အရှင်မင်းကြီးက လုလျန့်ဝေအား လက်ထပ်ခြင်းမှာ ပြဿနာဖြစ်လာနိုင်မည်လား။
သို့ရာတွင် မင်းသားနှင့် မင်းသမီး၏ မျက်နှာအမူအရာများမှာ အလွန် ကြည့်ကောင်းနေသည်။
အရှင်မင်းကြီးက သူခန့်အပ်ခဲ့သော မင်းသားအား သဘောမကျခြင်းကြောင့် သူ့ကို တုံ့ပြန်ရန်အတွက် လုလျန့်ဝေကို လက်ထပ်ချင်နေသည်ဟုအချို့က ထင်ကြေးပေးနေကြသည်။
သူ မလိုချင်ခဲ့သော အမျိုးသမီးက တစ်နေ့မှာ သူ၏ အဒေါ် ဖြစ်လာပြီး သူမကိုလည်း နေ့စဉ် နှုတ်ဆက်ရမည့်အကြောင်းကို စိတ်ကူးကြည့်ပါက ဘယ်လိုတောင် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းနေမည်နည်း။
ဤအကြောင်းကို လူတိုင်းက မည်သို့ပင် တွေးထင်နေပါစေ။ လုလျန့်ဝေ ဧကရီ ဖြစ်လာမည့်အရာကိုတော့ မပြောင်းလဲနိုင်ပေ။
တစ်ခါက အထင်သေးစွာ ငြင်းပယ်ခြင်းကို ခံခဲ့ရသောသူက တစ်နေ့တွင် လူတိုင်း ရိုသေလေးစားရသည့် နိုင်ငံ၏ အမြင့်မြတ်ဆုံးသော အမျိုးသမီး ဖြစ်လာပေတော့မည်။
သို့သော် သူတို့ ဘယ်လိုပင် တုံ့ပြန်နေပါစေ။ သူတို့၌ ပြောင်းလဲနိုင်စွမ်း မရှိကြပါပေ။ အနာဂါတ် ဧကရီလောင်းအား မျက်နှာလို မျက်နှာရလုပ်ရန်အတွက် သူတို့ တိတ်တဆိတ်သာ လက်ဆောင်များ ပြင်ဆင်နေကြရတော့သည်။
နောက်တစ်နေ့တွင် ကျိန်းကော်စံအိမ်သည် ဖိတ်ကြားထားခြင်း မရှိသော ဧည့်သည်နှစ်ယောက်အား ကြိုဆိုဧည့်ခံရလေသည်။
ကျူးယွီမှာ အိမ်အပြင်သို့ သွား၍ ဈေးဝယ်ထွက်ချင်နေခဲ့သည်။
လှည်းပေါ်မှ ဆင်းလာသည့် လူများအား သူမ တွေ့လိုက်ရသည့်အခါ သူမနှုတ်ခမ်းထောင့်များက လှောင်ပြုံး ပြုံးလိုက်သည်။
အရှင်မင်းကြီးက သခင်မလေးကို လက်ထပ်တော့မည့် အကြောင်းအား ကြားသိကြ၍ သခင်မလေးကို ကျေနပ်အောင် လုပ်ပေးရန် လာခဲ့ကြခြင်းပင် မဟုတ်လား။
ကျူးယွီ အထင်သေးစွာ တွေးတောနေသော်လည်း သခင်မလေး၏ သတိပေးချက်ကို အမှတ်ရသွားပြီး သူမမျက်နှာတွင် မည်သည့် အမူအရာမျှ မပြသပေ။
သူမ ရှေ့သို့တက်ပြီး ဧည့်သည်များကို ယဉ်ကျေးစွာ ဦးညွှတ်လိုက်ပေသည်။
သူမကို မြင်သည့်အခါ လုံချီနှင့် လုယွင်ရွှမ်းသာမက ဟုန်ရှို့ပါမကျန် အားလုံး စိတ်ရှုပ်ထွေးသွားကြသည်။
အချိန်တစ်ခနကြာပြီးနောက် လုံချီ အသိပြန်ဝင်လာလေသည်။
မနေ့က အလွန်အကျွံ လှုပ်ရှားမှုကြောင့် သူ၏ မျက်လုံးအောက်တွင် အမည်းရိပ်များ ပေါ်နေပြီး သူ့ခြေထောက်များမှာလည်း အားနည်းနေဆဲပင်။
ကျူးယွီ သူ့အား တိတ်တဆိတ် ကြည့်လိုက်သည်။ မင်းသားက ကြည့်ကောင်းသည်ဟု သူမ ထင်ခဲ့သော်လည်း အခုတွင်မူ သူမ သခင်မလေး၏ အမြင်မှာ အလွန်ပင် ဆိုးဝါးနေကြောင်း ရုတ်တရက်ကြီး ခံစားလိုက်ရသည်။
အရှင်မင်းကြီးကတောင် ပို၍ ကြည့်ကောင်းနေသေးသည်။
ရာထူးအဆင့်အတန်း မြင့်မြတ်မှု နှင့် တည်ငြိမ်သော အနေအထားလည်း ရှိပေသည်။
မင်းသား၏ တွန့်တိုတတ်သော အမူအရာကို ကြည့်ပါဦး။ မင်းသားအား နိုင်ငံတော်အာဏာသာ လွှဲပြောင်းပေးလိုက်ပါက အနာဂါတ်တွင် ၎င်းကို သူ ထိန်းထားနိုင်မည်လား။
လုံချီက သူမအား ဖြတ်ခနဲ ကြည့်ပြီး တစ်စုံတစ်ခု မေးလိုက်ချင်သည်။ သို့သော် လုယွင်ရွှမ်းက အနီးတွင် ရှိနေသောကြောင့် သူ မမေးခဲ့လိုက်ပေ။
ထိုအချိန်တွင် လုယွင်ရွှမ်းက ပြုံးလိုက်ပြီး မေးလိုက်သည်။
“ကျူးယွီ၊ နင် အပြင်သွားမလို့လား။ ဒုတိယ သခင်မလေးရော အိမ်မှာ ရှိနေလား။”
“ဟုတ်။ သခင်မလေးက သခင်ကြီးနဲ့ စကားပြောနေပါတယ်။ မင်းသားတို့ ဝင်သွားကြမလား။”
သို့သော် သူမစိတ်ထဲတွင်မူ လုယွင်ရွှမ်းက ဟန်များနေသည်ဟု တွေးနေခဲ့သည်။ သခင်မလေးက ဧကရီမဖြစ်သေးသော်လည်း သူမမှာ ဧကရီလောင်း ဖြစ်ပြီး အခုထိ အိမ်တွင် နေထိုင်နေသေးသည်။ သခင်မလေး၏ရှေ့တွင် သူမအဆင့်အတန်းက လုံးဝ နိမ့်ပါးနေပြီး နောက်ထပ် ထောင်လွှားနိုင်တော့မည် မဟုတ်ပေ။ ထိုအကြောင်းအား တွေးမိသည့်အခါ သူမ စိတ်အခြေအနေမှာ ကောင်းမွန်သွားတော့သည်။
ဆက်ရန် _______
Chapter 288
May 13, 2024 by Nay Chi Lynn
အပိုင်း ၂၈၈ - သွေးအန်ရလောက်အောင် နေလို့မကောင်းဘူး။
သူမ ဧကရီ ဖြစ်မလာသေးမီ သခင်မလေးက အရင် ဧကရီ ဖြစ်လာမည်ဟု သူမ ဘယ်သောအခါမှ တွေးထားလိမ့်မည် မဟုတ်ပေ။
အနာဂါတ်တွင် သူမ၏သခင်မလေးသည် အရှင်မင်းကြီး၏ ဆက်ခံသူကို မွေးဖွားပေးခဲ့ပါက မင်းသားနှင့် မင်းသမီးတို့၏ အမူအရာမှာ ပို၍ ကြည့်ကောင်းနေပေလိမ့်မည်။
ကျူးယွီ မျက်လုံးများသည် ထိုနေ့ကို မျှော်လင့်နေသကဲ့သို့ တောက်ပသွားလေသည်။
လုယွင်ရွှမ်း အသက်ပြင်းပြင်းရှူလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။
“ဒါဆို ငါသွားပြီး တစ်ချက်ကြည့်လိုက်မယ်။”
သူမ ပြောပြီးသောအခါ လုံချီကို တစ်ချက်ကြည့်လိုက်သည်။
လုံချီ ခေတ္တရပ်တန့်လိုက်ပြီးနောက် အရင်ဆုံး ကျိန်းကော်စံအိမ်ထဲ ဝင်သွားလိုက်သည်။
လုယွင်ရွှမ်း ထိုအရာအား မြင်သည့်အခါ သူမနှုတ်ခမ်းကို တိတ်တဆိတ် ကိုက်လိုက်သည်။
မနေ့က လုံချီသည် ချန်ချီယွီနှင့် ကောင်းမွန်သော အခြေအနေတစ်ခု ရှိခဲ့ပေသည်။ သို့သော် ထိုအကြောင်းနှင့် ပတ်သတ်၍ သူမကို သူ ဘာမှမပြောပြသေးပေ။
သူက ဆေးခတ်ခံရသော်လည်း သူ့ကိုယ်သူ ရှက်ရွံ့သည်ဟု မခံစားမိဘူးလား။
သူမက ထိုအကြောင်းအား စိုးရိမ်နေခဲ့သည်။ ထိုအချိန်တွင် အရှင်မင်းကြီးက လုလျန့်ဝေကို ဧကရီအဖြစ် စေ့စပ်ကမ်းလှမ်းရန် ကျိန်းကော်စံအိမ်သို့ ရောက်လာခဲ့ကြောင်း သူမ ကြားလိုက်ရသည်။
ထိုအရာက သူမ၏ စိတ်အခြေအနေကို ပို၍ ဆိုးရွားသွားစေလေသည်။
အရှင်မင်းကြီးက လုလျန့်ဝေကို ဘာလို့ သဘောကျနေရတာလဲ။
အရှင်မင်းကြီးသည် သက်တမ်း ကြာရှည်စွာ နေရတော့မည် မဟုတ်သော်လည်း လုလျန့်ဝေသာ ဧကရီ ဖြစ်လာပါက သူမ လုလျန့်ဝေကို ဦးညွှတ်ရတော့မည် မဟုတ်လား။
ထိုအရာအား တွေးမိသည့်အခါ သူမ လုလျန့်ဝေအား ချက်ချင်းပင် သေသွားစေချင်မိသည်။
လုလျန့်ဝေ၏ ရှက်စရာကောင်းသည့်အပြုအမူများကြောင့် သူမမှာ ဧကရီ ဖြစ်လာရန် သင့်လျော်ပါရဲ့လား။ လုလျန့်ဝေသည် ဧကရီ ရာထူးကို အချိန်တော်တော်ကြာ ပိုင်ဆိုင်ရန် ကံကြမ္မာမရှိသော်လည်း ၎င်းအား သူမ ရွံရှာမိပေသည်။
ကျူးယွီသည် လုယွင်ရွှမ်းအား တိတ်တဆိတ် အကဲခတ်နေခဲ့သည်။ လုံချီက ထွက်သွားသော်လည်း သူမသည် ထိုနေရာတွင် မရေမရာဖြင့် ဆက်၍ ရပ်နေသည်ကို မြင်သောအခါ သူမနှလုံးသားထဲတွင် တစ်ခုခုကို စဉ်းစားနေမည်ဟု ကျူးယွီ ထင်မိလေသည်။
သူမနှင့် ပတ်သတ်ပြီး ဂရုစိုက်ရန် သခင်မလေးအား အသိပေးရလိမ့်မည်။
ထိုအရာကို တွေးမိပြီး သူမ အပြင်သို့ မသွားတော့ပေ။ ဘေးတံခါးပေါက်မှတစ်ဆင့် အိမ်ထဲသို့ ခြေလှမ်း ခပ်စိပ်စိပ်ဖြင့် ပြန်ဝင်လာတော့သည်။
ဟုန်ရှို့က လုယွင်ရွှမ်း၏ ဝတ်ရုံလက်အား ဆွဲ၍ သတိပေးလိုက်သည်။
“အခုက ဒေါသထွက်နေရမည့် အချိန် မဟုတ်သေးဘူး။ မင်းသားက မင်းသမီးကို စောင့်နေတယ်။”
လုယွင်ရွှမ်း မော့ကြည့်လိုက်သောအခါ လုံချီက တံခါးပေါက်တွင် ရပ်နေပြီး သူမကို စောင့်နေကြောင်း တွေ့လိုက်ရသည်။
သူမနှလုံးသားထဲ ချိုမြိန်သွားပေသည်။ လုံချီက သူမအတွက် တွေးတောပေးနေဆဲပင် ဖြစ်သည်။
အမှန်တွင်တော့ အခုချိန်တွင် လုံချီသည် စိတ်မရှည်ဖြစ်နေပြီး သူမအား လုံးဝ စောင့်ဆိုင်း မနေချင်ပေ။ သို့သော် ယနေ့ လာရသည့် ရည်ရွယ်ချက်ကို တွေးမိသွားသည်အခါ သူ၏ဒေါသကို ဖိနှိပ်ထားရလေသည်။
အဆုံးတွင် သူမ ထိုနေရာသို့ ရောက်လာသည်ကို တွေ့ပြီး သူ၏ လက်ဝတ်ရုံစအား ဆွဲ၍ စံအိမ်တံခါးမှ ဝင်သွားတော့သည်။
သူတို့ ဖုရှို့ထန်သို့ ရောက်သောအခါ ကျူးယွီက အရင် ရောက်နှင့်နေခဲ့သည်။
မြို့စားကတော်ဟောင်းနှင့် လုလျန့်ဝေအား စံအိမ်သို့ လုံချီတို့ရောက်လာကြောင်းကို သူမပြောပြထားပြီးဖြစ်သည်။
ထို့ကြောင့် သူတို့က သူတို့နှစ်ယောက် ဝင်လာသည်ကို မြင်သည့်အခါ မအံ့ဩကြပေ။
သူတို့နှစ်ယောက် ဝင်လာသည်အား မြင်သောအခါ လုလျန့်ဝေက မတ်တပ်ထမရပ်ဘဲ အေးအေးလူလူပြောလိုက်သည်။
“မင်းသားနဲ့ မင်းသမီးတို့ ရောက်လာကြတာပဲ။ ဘာလို့ တစ်ယောက်ယောက်ကို အကြောင်းကြားခိုင်းဖို့ မလွှတ်လိုက်တာလဲ။ ကျွန်မတို့ အရှေ့ထွက်ပြီး စောင့်ကြိုလို့ရတာပေါ့။”
သူမပြောသည်အား ကြားသည့်အခါ လုယွင်ရွှမ်းသည် မလှုပ်မယှက်ပုံစံဖြင့် သွေးအန်လုနီးပါး ဖြစ်သွားတော့သည်။
သူမက ဧကရီတောင် ဖြစ်မလာသေးသော်လည်း သူမပုံစံအရ ထိုကဲ့သို့ ပြုမူနေခဲ့သည်။
လုံချီက မင်းသားဖြစ်သည်။ သို့မဟုတ် အနာဂါတ် ဘုရင်လောင်းလျာလည်း ဖြစ်သည်။ လုလျန့်ဝေသည် အရိုအသေပေးရန် ထတောင်မရပ်ပေ။ ဘယ်သူက သူမကို သတ္တိပေးလို့ အရမ်းလွန်လွန်းနေရသနည်း။
သို့သော် သူမ မည်သို့ပင် မကျေမချမ်း ဖြစ်နေပါစေ။ မြို့စားကတော်ဟောင်းရှေ့တွင်တော့ မဖော်ပြရဲပေ။
“ညီမ ဘာတွေပြောနေတာလဲ။ အစ်မတို့က အခု အဘွားကို တွေ့ဖို့ ရောက်လာတာပါ။ စကားမစပ် ဂုဏ်ပြုပါတယ်။ ပြီးတော့ လူအများကြားထဲမှာလည်း ပြဿနာ မဖြစ်စေနဲ့ဦး။”
လုယွင်ရွှမ်းသည် လမ်းလျှောက်လာပြီး လုလျန့်ဝေလက်အား တယုတယကိုင်၍ ပြောလိုက်သည်။
“အမ ထိုင်ပါဦး။ အမ ပြန်မလာတာ အချိန်တော်တော်ကြာနေပြီလေ။ အဘွားကလည်း အရမ်းသတိရနေတာ။”
လုယွင်ရွှမ်း အနည်းငယ် မပျော်မရွှင် ဖြစ်သွားလေသည်။ သို့သော် အဘွား ကြည့်နေသဖြင့် သူမက ထိုင်ချလိုက်ပြီး မြို့စားကတော်ဟောင်းနှင့် ချစ်ခင်ရင်းနှီးစွာ ပြောဆိုနေလိုက်သည်။
လုလျန့်ဝေသည် လုံချီအား အကြည့်တစ်ချက်မျှပင် လှမ်းမကြည့်ပေ။ သူမက လှည့်လိုက်ပြီး မြို့စားကတော်ဟောင်း၏ ဘေးတစ်ဖက်တွင် ထိုင်လိုက်သည်။ ထို့နောက် လန်အဒေါ် ပြင်ပေးထားသည့် မုန့်အား သက်တောင့်သက်သာ အမူအရာဖြင့် စားနေလိုက်သည်။
သူမ၏ အေးအေးလူလူနှင့် သက်တောင့်သက်သာရှိနေမှုသည် လုံချီနှင့် လုယွင်ရွှမ်း ရောက်ရှိလာမှုကြောင့် သက်ရောက်မှုမရှိခဲ့ပုံ ရသည်။
လုံချီသည် သူ ဝင်လာစဥ်ကတည်းက လုလျန့်ဝေကိုသာ တည့်တည့်မတ်မတ် ကြည့်နေခဲ့သည်။
သူမကို မတွေ့ရသည်မှာ တော်တော်ကြာခဲ့ပြီဖြစ်သည်။ သူမအား ကြည့်ရသည်မှာ ကြီးပြင်းလာပြီ ပို၍လှပလာပုံလည်း ပေါ်သည်။ ဆွဲဆောင်မှုရှိသော ကိုယ်နေဟန်ထားက လူတို့အား သူတို့၏အကြည့်များကို လွှဲသွားစေရန်မှာ မဖြစ်နိုင်ပေ။
ဆက်ရန် _______
Chapter 289
May 13, 2024 by Nay Chi Lynn
အပိုင်း ၂၈၉
နင် မြေခွေးမာယာတွေများ အသုံးပြုခဲ့တာလား။
လုံချီ၏ ဝတ်ရုံအောက်မှ လက်ချောင်းများသည် လက်သီးအဖြစ် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်လေသည်။
သူမ အရမ်းလှပကြောင်း သူဘာလို့ သတိမထားခဲ့မိသနည်း။
ဦးရီးတော် မင်းကြီးက သူမကို နန်းတော်သို့ အလောတကြီး လက်ထပ်ချင်နေသည်မှာ သူမ၏ အလှအပကြောင့်လား။
မင်္ဂလာပွဲနေ့ကို ဆောင်းဦးလယ်ပွဲတော်၏ လပြည့်နေ့ဟု သတ်မှတ်ထားကြောင်း သူကြားလေသည်။ အချိန်မှာ သုံးလတောင် မကျန်ရှိတော့ပေ။
အရှင်မင်းကြီးက ဤသို့ စိတ်မရှည်သောသူမှန်းသူ မသိရှိခဲ့ပေ။
ဦးရီးတော်က ဆန္ဒစောနေပြီး လုလျန့်ဝေအား အလျင်အမြန် လက်ထပ်ချင်နေသည်။
သို့သော် ထိုအကြောင်းအား သူ မတွေးချင်ပေ။ သူ လုပ်နိုင်ပါ့မလား။
တစ်စုံတစ်ယောက်အား နန်းတော်ထဲ လက်ထပ်ဝင်စေပြီးနောက် မုဆိုးမကဲ့သို့ နေခိုင်းမည်ဆိုလျှင် ဘာကြောင့် အလုပ်ရှုပ်ခံနေမည်နည်း။ ကျောက်စိမ်းပန်းသဖွယ် လှပသည့် အမျိုးသမီးလေးသည် သူ့ကဲ့သို့ပင် အနစ်နာခံနေရလေသည်။
သို့ရာတွင် အရှင်မင်းကြီးသည် သက်တမ်းကြာကြာနေရတော့မည် မဟုတ်ပေ။ အရှင်မင်းကြီးသာ သေဆုံးသွားပါက သူမအား သူ့အပိုင်ဖြစ်လာအောင် လုပ်ရန် နည်းလမ်းများစွာ ရှိပေသည်။
အရှင်မင်းကြီးက လုလျန့်ဝေကို လက်ထပ်တော့မည်ဟု ကြားသော်လည်း ထိုသို့တွေးမိပြီး သူ့နှလုံးသားထဲရှိ မြူခိုးများသည် လုံးဝလွင့်စင်ပျောက်ကွယ်သွားတော့သည်။
အရှင်မင်းကြီးက မည်သည့်မိန်းခလေးအား လက်ထပ်ပါစေ။ အဆုံးတွင် သူ့တိုင်းပြည် သူ့ထီးနန်းအာဏာများကဲ့သို့ပင် သူ အရယူနိုင်ပေလိမ့်မည်။
ထိုသို့တွေးမိပြီး သူသည် ရှေ့တက်၍ မြို့စားကတော်ဟောင်းကို ဂါရဝမပြုမီ လုလျန့်ဝေအား အပြုံးယဲ့ယဲ့လေးဖြင့် ကြည့်လိုက်သည်။
မြို့စားကတော်ဟောင်းသည် မင်းသားကို မကျေမနပ် ဖြစ်သော်လည်း သူမ လောကဝတ်တော့ ပြုရပေမည်။
သူမ မတ်တပ်ထရပ်တော့မည့် အချိန်တွင် လုံချီ၏ တားဆီးခြင်းကို ခံလိုက်ရသည်။
“အဘွား ယဉ်ကျေးစရာ မလိုပါဘူး။ ဒီမင်းသားကို အငယ်တစ်ယောက်လိုပဲ ဆက်ဆံပါ။”
မြို့စားကတော်ဟောင်းသည် သူမစိတ်ထဲတွင် အနည်းငယ် ထူးဆန်းနေသည်ကို ခံစားမိလေသည်။ သူမသည် အမှန်ပင် သူ့အား ဂါရဝမပြုချင်ပါ။ ထို့ကြောင့် ဤအခွင့်အရေးကို အရယူ၍ ပြန်ထိုင်နေလိုက်သည်။
လုံချီက ခေါင်းခါပြလိုက်ပြီး ထိုင်ခုံတွင် ထိုင်လိုက်သည်။
လုလျန့်ဝေအပေါ်၌ ရှိနေသည့် လုံချီ၏ အကြည့်က သူမအား အလွန်အမင်း စိတ်မသက်သာ ဖြစ်စေနေသည်။
လုလျန့်ဝေသည် သူမအပေါ်ရှိနေသည့် သူ့၏အကြည့်အား သတိထားမိသွားပြီး သူမ အန်ချင်လောက်အောင်ပင် မသတီမှုကို ခံစားလိုက်ရသည်။
ဒီမကောင်းသည့် မင်းသား၏ ဦးနှောက်မှာ တံခါးကြားများညပ်သွားခဲ့တာလား။
လုယွင်ရွှမ်းသည် အခြားတစ်ဖက်တွင် ထိုင်နေပေသည်။ လုံချီသည် အသက်ငယ်နေသေးသော်လည်း မျက်လုံးမကောင်းတော့သဖြင့် မည်သူဖြစ်ကြောင်းပင် မပြောနိုင်တော့သည်အထိ ဖြစ်နေပြီလား။
လုလျန့်ဝေသည် မကြာခဏကြည့်လာသော အကြည့်အောက်တွင် သူမ၏ အေးအေးလူလူ ဖြစ်နေသောစိတ်မှာ အဆုံးတွင် ပြိုကွဲသွားတော့သည်။
သူမသည် သူမ လက်ထဲမှ မုန့်ကိုချလိုက်ပြီး ထွက်ခွါရန် အကြောင်းပြချက် ရှာနေတော့သည်။ သို့သော် လုယွင်ရွှမ်း၏ အမှတ်တမဲ့ အမေးအား သူမ ကြားလိုက်ရသည်။
“ဝေဝေ၊ နင်နဲ့ အရှင်မင်းကြီးကြားက ဘာဖြစ်တာလဲ။ ဘာလို့ မင်းကြီးက ------------“
ဘာလို့ မင်းကြီးက နင့်ကို ရုတ်တရက် ချစ်မြတ်နိုးသွားတာလဲ။ မင်းကြီးကို နင်ရဲ့ မြေခွေးမာယာတွေ သုံးပြီး ဖြားယောင်းလိုက်တာလား။
သူမ ပြောချင်သည့် အဓိပ္ပါယ်ကို လုလျန့်ဝေ ပုံမှန်အတိုင်း နားလည်လေသည်။
သူမ ခေါင်းလှည့်၍ တစ်ချက်ကြည့်လိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။
လုယွင်ရွှမ်းသည် သူမခေါင်းပေါ်မှ ကျောက်စိမ်းဆံထိုးကိုကိုင်လိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။
“နည်းနည်းလောက် သိချင်စိတ်ဖြစ်မိလို့ပါ။ ညီမအတွက် အဆင်မပြေဘူးဆိုရင်လည်း ဒီအတိုင်းပဲထားလိုက်ပါလေ။”
လုလျန့်ဝေသည် စိတ်ထဲ၌ သရော်ပြုံး ပြုံးလိုက်သော်လည်း သူမမျက်နှာတွင်တော့ စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်နေခဲ့သည်။
“အမှန်တကယ်တော့ ကျွန်မလည်း မသိဘူး။ အမ သိချင်ရင် မင်းကြီးကို တိုက်ရိုက် သွားမေးကြည့်ပါလား။”
လုယွင်ရွှမ်း နင်သွားပြီး ပုဝါအား လက်ချောင်းများဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။
လုလျန့်ဝေ၊ ဤအရူးမက သူမ ဒေါသထွက်လာအောင်ပင် လုပ်ရဲလေသည်။
သူမက အရှင်မင်းကြီးကို ဘယ်လိုလုပ်ပြီး မေးဝံ့ပါ့မလဲ။
သူမသည် အရှင်မင်းကြီးကို မြင်တဲ့အချိန်တိုင်းတွင် ထူးထူးခြားခြား စိတ်လှုပ်ရှားပြီး ကြောက်လန့်မိလေသည်။ ထိုပုဂ္ဂိုလ်၏ နှလုံးနှင့် အဆုတ်သည် အဆိပ်မိနေပြီး သေခါနီး ဖြစ်နေသည်မှာ သေချာပေသည်။ သို့သော် သူမျက်လုံးများနှင့် ရင်ဆိုင်လိုက်ရသည့်အခါတိုင်း သူမ အသက်ရှူမဝလောက်အောင် ခြိမ်းခြောက်မှုအား ခံစားရသည်။
ထိုအကြောင်းကို တွေးမိပြီး သူမ ထူးထူးခြားခြား ကြောက်လန့်သွားတော့သည်။ သူမ ဘယ်လိုလုပ်ပြီး အရှင်မင်းကြီးကို စကားတစ်ခွန်းတောင် ပြောရဲပါ့မလဲ။
လုယွင်ရွှမ်းက သူမဘာသာသူမ နင်သွားသည်အား လုလျန့်ဝေတွေ့ပြီး သူမ ထပ်၍ မနေချင်တော့ဘဲ မြို့စားကတော်ဟောင်းကို ပြောလိုက်တော့သည်။
“အဘွား၊ အမ အိမ်ကိုပြန်လာတာ ကြုံတောင့်ကြုံခဲပဲလေ။ မြေးမှာ အဘွားကို ပြောစရာစကားများ ရှိတယ်ဆိုပေမဲ့ ဒီမှာဆက်နေပြီး အနှောင့်အယှက်မပေးတော့ပါဘူး။”
မြို့စားကတော်ဟောင်း၏ အမူအရာမှာ နူးညံ့သွားလေသည်။ သူမသည် ဝေဝေ့အား နေစေချင်သေးသော်လည်း မင်းသားနှင့် လုယွင်ရွှမ်းကို ကြည့်လိုက်ပေသည်။ သူမသာ ဤနေရာတွင် ဆက်နေပါက စိတ်မသက်မသာ ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် သူမ ခေါင်းညိတ်၍ သဘောတူလိုက်သည်။
“ကောင်းပြီ။ သွားလေ။ မြေး နေရတာ ပင်ပန်းနေလို့ ဆင်ခြေတွေ ရှာနေတာမလား။”