← Chapters

အခန်း (၂၉၆-၂၉၈)

Vol. 6 Ch. 296-298

အခန်း (၂၉၆-၂၉၈)

Vol. 6 Ch. 296-298

အပိုင်း ၂၉၆

အလွန် ကြွပ်ရွနေသည်။

လုံယန် အရှေ့သို့ အနည်းငယ် ကိုင်းလိုက်ပြီး သူမ၏ လှုပ်ရှားမှုများကို ကြည့်၍ မနေနိုင်ဘဲ ရယ်မောလေသည်။

“ဟားဟား။”

လုံယန်၏ အသံမှာ အလွန်နိမ့်ပြီး ညင်သာလှသည်။ သူ့ရယ်မောသံမှာလည်း အလွန် ဆွဲဆောင်မှုရှိပြီး။ လူအများ၏ နှလုံးသားထဲသို့ တွားသွား ဝင်လာသကဲ့သို့ လူအများ၏ နားထဲ ထိုးဖောက်ဝင်ရောက်လာလေသည်။

လုလျန့်ဝေသည် သူမ၏အသိ ပြန်ဝင်မလာမီအထိ ထိုသူ့ကို ခနမျှ ငေးကြောင်ကြည့်နေခဲ့သည်။ ထို့နောက် ရှက်ရှက်ဖြင့် ပြောလိုက်သည်။

“အရှင် ဘာလို့ ရယ်နေတာလဲ။”

လုံယန်သည် သူမပါးစပ်ကို ဖုံးကွယ်ထားသည့် လက်အား ဆွဲချလိုက်သည်။ အသားမာပါးပါးတက်နေသည့် သူ့လက်ချောင်းများဖြင့် သူမ၏ နူးညံ့ ချောမွတ်နေသော မျက်နှာကို ညင်ညင်သာသာ ဖျစ်လာသည်။ ထို့နောက် သူနှုတ်ခမ်းထောင့်များ ‌ကော့တက်သွားပြီး ပျော်ရွှင်စွာ ပြောလေသည်။

“လုလျန့်ဝေ၊ မင်း ဘယ်လိုတွေ လုပ်နေတာတုန်း။ ချစ်ဖို့‌ကောင်းလိုက်တာ။”

လုလျန့်ဝေ သူ့ကို ဗလာသက်သက် ကြည့်လိုက်သည်။သူမ ဘာလုပ်မိလိုက်လို့လဲ။ လုံယန်က သူမကို ခပ်ပြုံးပြုံး ကြည့်နေသည်။

လုံယန်က ရှည်သွယ်သော သူ့လက်ချောင်းများဖြင့် လျှောကျနေသည့် ခြုံထည်ကို သူမပခုံးပေါ်သို့ ပြန်၍ ဆွဲတင်ပေးလိုက်သည်။လုလျန့်ဝေ ထိုစကားအား ကြားသည့်အခါ သူမ စိတ်သက်သာရာရသွားတော့သည်။ သူမ တူကို ကိုင်ပြီး အသားပေါင်းကို ပြန်ညှပ်၍ တစ်ကိုက် ကိုက်ခါနီးတွင် သူ့စကား၏ အဓိပ္ပါယ်ကို ရုတ်တရက် နားလည်သွားတော့သည်။ သူမ၏ မျက်ဝန်းလှလှများမှာ အနည်းငယ် ပြူးကျယ်သွားရပြီး သူမပါးစပ်ကို ဖုံးကာချင်သည့်အချိန်တွင် နောက်ကျသွားပြီဖြစ်သည်။

ထိုအမျိုးသား၏ သန့်စင် မွှေးကြိုင်သည့် ဝင်သက် ထွက်သက်သည် သူမနှာ‌ခေါင်းထဲသို့ ဝင်ရောက်လာပြီး သူမ၏ အသက်ရှူမှုကိုပင် နှောင့်ယှက်နေခဲ့သည်။

သူမ၏ လက်ချောင်းများ လျော့ရဲသွားပြီး အသားပေါင်းမှာလည်း စားပွဲပေါ်သို့ ပြုတ်ကျသွားတော့သည်။တုံပြန်မှုအနေဖြင့် သူမ ရှက်သွားပြီး အနည်းငယ် စတင်၍ ရုန်းကန်လိုက်သည်။

ကံကောင်း၍ လုံယန်သည် ကြာရှည်စွာ မနမ်းပေ။ သူမ၏ ရုန်းကန်မှုကို တွေ့‌သောအခါ သူမကို လွှတ်ပေးလာသည်။လုလျန့်ဝေ၏ ခန္ဓာကိုယ်သည် မလှုပ်ရှားနိုင် ဖြစ်သွားတော့သည်။ ၎င်းကို သူမ ပိုင်ဆိုင်သည့်ပုံပင် မပေါ်တော့ပေ။ သူမခြေထောက်များသည်လည်း ပျော့ခွေသွားလေသည်။ သူမသည် လက်ချောင်းများကို ကွေး၍ လုံယန်ကို စွပ်စွပ်စွဲစွဲ ကြည့်လိုက်သည်။

“အရှင် ဘယ်လိုတောင် လုပ်နိုင်ရတာလဲ။ အရှင် ...........”

အမျိုးသမီးလေး၏ အသံသည် နူးညံ့နေပြီး သိသိသာသာပင် အပြစ်တင်နေပုံရသည်။ သူမသည် ကလေးကဲ့သို့ ပြုမူနေခဲ့သည်။ ထိုအပြုအမူလေးသည် ကြောင်လက်သည်းကဲ့သို့ပင် ဒီအမျိုးသား၏ နှလုံးသားကို ကုတ်ခြစ်နေလေသည်။

လုံယန်၏လက်သည် သူမနောက်တွင် ထိုင်ခုံပေါ် တင်ထားပြီး အကြောပြာများပင် ထောင်နေတော့သည်။ သူ၏မျက်လုံးများမှာလည်း သည်းညည်းခံမှု၊ ချုပ်တီးမှုတို့ဖြင့် နက်မှောင်နေခဲ့သည်။

ခုံပေါ်မှ နူးညံ့ပြီး ချစ်စရာကောင်းသည့် အမျိုးသမီးလေးကို ကြည့်လိုက်သောအခါ သူ အမြဲ ဂုဏ်ယူခဲ့ရသည့် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းသည် ပြိုကွဲလုနီးပါး ဖြစ်သွားတော့သည်။သူသည် တည်ငြိမ်စွာ အနောက်ဆုတ်လိုက်ပြီး စားပွဲပေါ်မှ ချိုမြိန်သော အနံ့ရှိသည့် ပင်လုံးကြိုင်ရေနွေးကြမ်းကို ကောက်ယူ၍ တစ်ခါတည်း မော့‌သောက်လိုက်သည်။

လုလျန့်ဝေက သူ့အား မယုံသင်္ကာစွာ ကြည့်၍ သတိပေးလိုက်သည်။

သူမသည် ရေနွေးအိုးကို ကိုင်ထားပြီး ထိုခွက်ထဲသို့ ရေနွေးပူ နောက်တစ်ခွက် ထပ်လောင်းထည့်ချင်နေသည်။လုံယန်က သူမလက်ကို ဖိထားပြီး သူ့အသံနိမ့်ဖြင့် ပြောလိုက်သည်။

“မဟုတ်ဘူး။ အေးရုံ‌လေးပဲ။ မင်း မြန်မြန်စားလိုက်။ မုန့်က အေးသွားရင် စားမကောင်းတော့ဘူး။”

လုလျန့်ဝေ သူမလက်ကို ရုတ်သိမ်းလျက် သူ့ကို ဖျက်ကနဲ ကြည့်ပြီး သူနှင့်ပတ်သတ်၍ တစ်စုံတစ်ခု မှားယွင်းနေကြောင်း တွေးတောနေလေသည်။လုံယန်၏ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခုပေါ်လာပြီး သူမကို နက်နက်နဲနဲ ကြည့်လိုက်သည်။

ထို့နောက် သူ လှည့်လိုက်ပြီး အပြင်ထွက်သွားတော့သည်။လုလျန့်ဝေ ခေါင်းညိတ်လိုက်ပြီး အသားပေါင်းမှာ အမှန်တကယ်ပင် အရသာရှိကြောင်း တွေးနေခဲ့သည်။

သူမ တစ်ကိုက် ကိုက်လိုက်ပြီးနောက် ရုတ်တရက် ရပ်တန့်လိုက်သည်။မဟုတ်‌သေးဘူး။ အရှင်မင်းကြီးက အသားပေါင်းကို မစားခဲ့ဘူးလေ။ အဲ့ဒါဆို ရုတ်တရက် ဘာကြောင့် ..........။

ခုနက အနမ်းအား တွေးလိုက်မိသောအခါ သူမမျက်နှာမှ ပျောက်ကွယ်သွားပြီဖြစ်သည့် ရှက်ရွံမှုသည် တစ်ဖန် ပြန်ပေါ်လာတော့သည်။

စားပြီးနောက် လုလျန့်ဝေသည် ခြုံထည်ကို အနည်းငယ် ပူးလိုက်ပြီး အိမ်ထဲမှ ထွက်လာလိုက်သည်။ သေချာပါ၏။ ခြံဝန်းထဲတွင် မတ်တပ်ရပ်နေသော လုံယန်ကို သူမ‌ တွေ့လိုက်ရသည်။သူသည် သူမအား နောက်ကျောပေး၍ ရပ်နေပြီး လကိုကြည့်နေလျက် လက်ကိုနောက်ပစ်၍ ကိုင်ထားလေသည်။

လုလျန့်ဝေလည်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။ လရောင်သည် တောက်ပ၍ လှပနေပေသည်။ ယနေ့ညသည် လရောင်ကို ကြည့်ရှုခံစားရန် အမှန်ပင် ကောင်းမွန်သောအချိန် ဖြစ်သည်။သူမ ခြေလှမ်း လှမ်းလိုက်သည်။သူ့နောက်မှ ခြေသံအား ကြား၍ လုံယန်မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားပြီး လှည့်ကြည့်လိုက်သည်။

လုလျန့်ဝေ လုံယန်အနီးသို့ ခြေလှမ်း အနည်းငယ် လှမ်းလိုက်ပြီး သူ့ကို ကြည့်လိုက်သည်။ သူ၏ ချောမွေ့သော နဖူးပြင်တွင် ချွေးအနည်းငယ် ထွက်နေကြောင်း သူမ တွေ့လိုက်ရသည်။ ထို့ကြောင့် သူမ လက်ထဲတွင် ကိုင်ထားသော ပုဝါအား အမြန်ပေးလိုက်လေသည်။

သူမ နှလုံးသားထဲတွင် မနေနိုင်ဘဲ ရေရွတ်လိုက်သည်။ အခုချိန်မှာ မေလကုန်ပိုင်း ရောက်နေသော်လည်း အရမ်းတော့မပူသေးပေ။ သူသည် ခြံဝန်းထဲတွင် ရပ်နေပြီး အဘယ်ကြောင့် ချွေးထွက်နေ‌ပါသနည်း။

ဆက်ရန် ______

Chapter 297

May 16, 2024 by Nay Chi Lynn

အပိုင်း ၂၉၇

အရှင်မင်းကြီး၊ အရှင်ရဲ့ ခန္ဓာကိုယ်က အလွန် အားနည်းနေပါတယ်

လုံယန်သည် သူမ လှမ်းပေးသော ပုဝါအား ကြည့်၍ မယူလိုက်ပေ။ သို့သော် သူသည် ခေါင်းငုံ့လိုက်ပြီး သူမအနားသို့ ချဉ်းကပ်လာလေသည်။

“ဝေ‌ဝေက ကိုယ်တော့်အတွက် သုတ်ပေးလေ။”

လုလျန့်ဝေ သူမလက်ထဲမှ ပုဝါအား အနည်းငယ် ဖျစ်ညှစ်လိုက်သည်။ သူမ လက်တွေမြောက်ခါနီးအချိန်တွင် သူတစ်ဖန် ခေါင်းငုံ့လာပြီး မရိုးမဖြောင့် ‌ပြောလာသည်။

“မင်းမှီဖို့အတွက် ကိုယ်တော့်အရပ်က မြင့်နေတာပဲ။”

လုယန်က အနည်းငယ် ထပ်၍ ငုံ့လာပြီး သူမအား ပြုံးပြုံးလေး ကြည့်နေသည်။

“ဒီလောက်ဆို ရပြီလား။”

လုလျန့်ဝေ သူမ လက်ကောက်ဝတ်ကို ပွတ်၍ အပြုံးဖြင့် ‌ပြောလိုက်သည်။

“ကျွန်တော်မျိုးမ လက်နာနေလို့ လက်မမြှောက်နိုင်ဘူး။”

လုံယန် မျက်ခုံးပင့်လိုက်ပြီး ထိုအမျိုးသမီးလေးသည် အမှန်တကယ်ပင် ကူညီမပေးချင်၍ ရှောင်လွှဲရန် အကြောင်းပြချက် ရှာနေကြောင်းကို အဆုံးတွင် နားလည်သွားတော့သည်။

သူ၏နှုတ်ခမ်းထောင့်များမှာ အနည်းငယ် ကော့တက်သွားရပြီး ရုတ်တရက် လက်တစ်ဖက်ဖြင့် သူမခါးကို ပွေ့ဖက်၍ သူမအား ပင့်တင်လိုက်၏။ အခြားလက်တစ်ဖက်က ပုဝါကိုင်ထားသည့် သူမလက်ကို ဆွဲယူ၍ သူ့နဖူးပေါ်သို့ တင်ပေးလိုက်သည်။

လုလျန့်ဝေ တစ်ဖန် ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူမနှုတ်ခမ်းကို ဖိ၍ သူ့နဖူးပေါ်မှ ချွေးကို စိတ်မပါလက်မပါ သုတ်ပေးလိုက်ရသည်။ နောက်ဆုံးတွင် သူမက တိုးတိုးလေး ပြောလိုက်သည်။

“အရှင်၊ အရှင် အရမ်း အားနည်းနေတာလား။ ဒီလိုရာသီဉတုမျိုးမှာ ဘာလို့ အရှင်က ချွေးအရမ်း ထွက်နေတာလဲ။”

သူ အလွန် အားနည်းနေသည်လား။သူတို့၏ ခန္ဓာကိုယ်က အရမ်း အားနည်းနေသည်ဟု အပြောခံရခြင်းကို မည်သည့်အမျိုးသားမှ မကြိုက်ကြပေ။ လုံယန်သည်လည်း ချွင်းချက် မဟုတ်။

လုံယန် သူမကို ဒေါသထွက်ထွက်ဖြင့် ကြည့်၍ ရယ်လိုက်သည်။ သူ စကား‌ပြောခါနီးတွင် သူမကိုယ်သူမ ‌ပြောနေသည်အား ကြားလိုက်ရသည်။

“အရှင့်ရဲ့ ခန္ဓာကိုယ်က အရမ်း အားနည်းနေရင် အရှင် မကြာခဏ ချွေးအေးတွေ ထွက်လိမ့်မယ်။ ကျောက်ပွင့်၊ အနီရောင်စွန်ပလွံ၊ ဂိုဂျီတို့က အကောင်းဆုံး‌ရွေးချယ်မှုပဲ။ ဒါမှမဟုတ်ရင် တရုတ်တိုင်းရင်းဆေး အချို့ကိုလည်း အရှင် သောက်နိုင်ပါတယ်။”

လုလျန့်ဝေ စကား‌ပြောပြီးသောအခါ လုံယန့်လက်မောင်းအား သူမ တွန်းလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့်

“အရှင်မင်းကြီး၊ ကျွန်တော်မျိုးမကို အောက်ချပေးပါဦး။ အရှင့်ခန္ဓာကိုယ်အတွက် အားပြန်ပြည့်စေမယ့် ဆေးညွှန်းကို ကျွန်တော်မျိုးမ ရေးပေးမယ်။ ပြီးတော့ လင်ယွမ်ကို ဆေးကြိုခိုင်းပြီး ဆယ်ရက်လောက် ဆေးရည်ကို သောက်လိုက်။”

လုံယန် အသားရောင်သည် အနည်းငယ် မဲမှောင်သွားသည်။ သူ၏ခန္ဓာကိုယ်မှ အပူဓါတ်သည်လည်း ချက်ချင်း ကျဆင်းသွားပြီး အေးစိမ့်စိမ့် ဖြစ်လာတော့သည်။

တစ်ခါတစ်ရံ လုလျန့်ဝေ ပြော‌သောစကားများသည် ခြံဝန်းထဲတွင် မတ်တပ်ရပ်နေပြီး လေ‌စိမ်း အတိုက်ခံရခြင်းထက် ပို၍ အကျိုးသက်ရောက်မှုရှိ‌ကြောင်း သူ တွေ့ရှိလိုက်ရသည်။လုံယန် သူမကို မလှုပ်မယှက် ဖက်ထား‌ပြီး သူ၏ အသံမှာလည်း အတက်အကျမရှိဘဲ မှိန်ဖျော့နေသည်။

“မင်း ကိုယ်တော့်ကို သွေးကြောတောင် မစမ်းသပ်‌ပေးဘဲ ဒီလိုမျိုး ကောက်ချက်ချလိုက်တယ်။ မဆင်မခြင်တွေ ပြောနေတာပဲ။”

ထိုသို့ကြားသောအခါ လုလျန့်ဝေက သူမလက်ကို သူ့သွေးကြောပေါ်သို့ သ‌ဘောထားကြီးစွာ တင်လိုက်သည်။

“ကျွန်တော်မျိုးမ အခု အရှင်ရဲ့ သွေးကြောစမ်းပေးမယ်။ ကျွန်တော်မျိုးမ အမှားလုပ်ခဲ့လို့ရှိရင် ဒါက တကယ်ကို မကောင်းဘူး။”

သူမ၏ လေးနက်နေသည့် အသွင်အပြင်အား မြင်သောအခါ လုံယန်၏ မျက်နှာအမူအရာမှာ ပြေလျော့သွားပြီး သူမကို စမ်းသပ်ခွင့် ပေးထားလေသည်။ထိုအချိန်တွင် လုလျန့်ဝေက ခေါင်းမော့လိုက်ပြီး သူ့ကို မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။

“အရှင်မင်းကြီးရဲ့ သွေးကြော အခြေအနေအရ အရှင့်ရဲ့ ခန္ဓာကိုယ်က ‌ကောင်းမွန်နေပြီး အားနည်းတဲ့ လက္ခဏာ မရှိပါဘူး။ ဒါဆို ခုနက အရှင် ရှင်းရှင်းလင်းလင်းကြီး ချွေးအရမ်းထွက်နေပြီး အားနည်းပုံပေါ်နေတယ်လေ။ ထူးဆန်းလိုက်တာ။”

လုလျန့်ဝေက လေးနက်သော အမူအရာဖြင့် ခေါင်းရမ်းလိုက်သည်။

“ကျွန်တော်မျိုးမက ဘာလို့ ဒီလို မျှော်လင့်‌နေရမှာလဲ။ အရှင်မင်းကြီးရဲ့ နဂါးခန္ဓာကိုယ် ကျန်းမာနေပြီး သက်တော်ရှည်ဖို့ကိုပဲ ကျွန်တော်မျိုးမ‌ မျှော်လင့်ပါတယ်။”

လုံယန် ကျန်းမာနေပြီး အသက်ရှည်‌နေသမျှ ကာလပတ်လုံး မင်းသားလုံချီသည်လည်း သူ၏ရည်မှန်းချက်ဖြစ်‌သော ဘုရင်နေရာကို ဘယ်သောအခါမှ ရရှိနိုင်မည်မဟုတ်ပေ။ လုံယန် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူမကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။

“မင်း ဒီလိုမျိုး တကယ် တွေးတယ်လား။ ကိုယ်တော့်ကို အသက်ရှည်ရှည် နေထိုင်စေချင်တယ်ပေါ့။”

လုံယန်က သူမကို အောက်ချလိုက်ပြီး နက်နက်နဲနဲ ကြည့်လာသည်။

“ကောင်းပြီ။ မင်းအတွက် ကိုယ်တော် ထာဝရ အသက်ရှည်နေပေးမယ်။”

ဝေဝေသည် ဆယ့်ငါးနှစ်သာ ရှိသေးလေသည်။ သူမကို သူ အချိန်ကြာကြာ ကာကွယ်ပေးနိုင်ရန် သူ့ခန္ဓာကိုယ်ကို ကောင်းကောင်း ဂရုစိုက်ရ‌မည်။သူသည် အရင်က အချိန်ကြာကြာ အသက်ရှင်နေထိုင်ရန် မတွေးခဲ့ဖူးပေ။ သို့သော် အခုတော့ ..........။

သူသည် သူ့ရှေ့ရှိ အမျိုးသမီးငယ်လေးအား နူးညံ့စွာ ငေးကြည့်လိုက်သည်။သူမသည် အရမ်းငယ်ရွယ်‌နေသေးပြီး လှပ၍ ချစ်စရာကောင်းစွာ မွေးဖွားလာခဲ့သည်။ သူသာ မရှိတော့ပါက သူမ ........။

သူ၏ အသက်ရှူမှု ရပ်တန့်သွားပြီး သူ့နှလုံးသားမှာလည်း ရုတ်တရက် နာကျင်သွားရသည်။သူမကိုထားခဲ့ပြီး သူသာ အရင် ထွက်ခွါသွားပါက သူမ ဘာဖြစ်သွားနိုင်ကြောင်းကို သူ စိတ်ကူးကြည့်ရန်တောင် မဖြစ်နိုင်ပေ။

ဆက်ရန် _____

Chapter 298

May 16, 2024 by Nay Chi Lynn

အပိုင်း ၂၉၈

ကောင်းသောညပါ အရှင်မင်းကြီး။

သူ ပြောလိုက်သည့် စကားကြောင့် လုလျန့်ဝေ လန့်သွားပြီး သူမနှလုံးသားထဲတွင် ဂယက်ထသွားတော့သည်။သူမနှလုံးသားထဲမှ ရုတ်တရက်ဖြစ်ပေါ်လာသည့် ချိုမြိန်သော ပျော်ရွှင်မှုကို သူမတောင် သတိမထားမိလိုက်ပေ။

ထိုအချိန်တွင် သူ၏ ဂုဏ်အဆင့်အတန်းမှာ အရှင်ဧကရာဇ်ဖြစ်ကြောင်း သူမ ရုတ်တရက် မေ့သွားပြီး သူမလက်ကို ဆန့်ထုတ်၍ ထိုသူ၏ဝတ်ရုံလက်အား ဆွဲကိုင်လိုက်သည်။

“အရှင့်ရဲ့ ခန္ဓာကိုယ်ကို ကျွန်တော်မျိုးမ ဂရုစိုက်ပေးပါ့မယ်။ အရှင်မင်းကြီး အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာနေရမှာပါ။”

ထိုအမျိုးသမီးငယ်လေး၏ ပြုံးနေသည့် မျက်ခုံးနှင့် မျက်လုံးများကို မြင်သောအခါ သူ ရုတ်တရက် တွန့်ဆုတ်သွားရသည်။သူမက အရမ်းကောင်းမွန်လှသည်။ သူမကို အတင်းအကျပ် လက်ထပ်လိုက်ခြင်းမှာ သူ အရမ်းများ တစ်ကိုယ်ကောင်းဆန်သွား‌လေသလား။

သူသည် သူမထက် ဆယ့်ငါးနှစ်လောက် အသက်ပိုကြီးလေသည်။ သူ့ခန္ဓာကိုယ်ကို မည်သို့ပင် ကောင်းမွန်စွာ ထိန်းသိမ်းပါစေ။ သူမကို ထားခဲ့ပြီး အရင် ထွက်သွားရလိမ့်မည်။လုံယန့်မျက်ခုံးများမှာ အနည်းငယ် သုန်မှုန်နေပြီး သူ့အမူအရာမှာ ကြက်သေသေနေသည်ကို လုလျန့်ဝေ မြင်‌လိုက်ရသည်။ သူမ အနည်းငယ် စိုးရိမ်သွားပြီး

လုံယန် အသိပြန်ဝင်လာပြီး ကိုင်ထားခြင်းခံရသော သူ့ဝတ်ရုံလက်ကို ကြည့်လိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် သူမ၏ မျက်ခုံး‌တောက်တောက်များကို သူ မကြည့်ဝံ့ပေ။အနာဂါတ်တွင် သူမကိုယ်သူမ အပြစ်တင်လိမ့်မည်လား။

“နောက်ကျနေပြီ။ ညပိုင်းမှာ နည်းနည်းအေးတယ်။ သွားအိပ်တော့။”

လုံယန် သူ့အတွေးများကို အကျဉ်းချုံ့လိုက်ပြီး သူမလက်ကိုဆွဲ၍ သူမကို အိမ်ထဲသို့ ပြန်ပို့‌ပေးလိုက်သည်။သူမ လဲလျောင်းပြီးနောက် သူသည် သူမအား စောင်ခြုံပေးလိုက်လေသည်။ ထို့နောက် လုံယန်သည် ရပ်တန့်လိုက်ပြီး သူမကို ခေတ္တကြည့်ပြီးနောက် အိမ်ထဲမှ ဖယောင်းတိုင်မီးအား မှုတ်၍ ငြှိမ်းလိုက်တော့သည်။

သူ အိမ်ထဲမှ ထွက်သွားခါနီးတွင် အိပ်ရာပေါ်မှ ထိုအမျိုးသမီးငယ်လေး၏ နူးနူးညံ့ညံ့ အသံအား ရုတ်တရက် ကြားလိုက်ရသည်။

လုံယန်သည် “အင်း”ဟု ပြန်ပြောပြီး စိတ်မပါလက်မပါဖြင့် အိမ်ပြင်သို့ ထွက်သွားတော့သည်။ တံခါးဝသို့ရောက်သောအခါ မထွက်ခွါသွားမီ အမှောင်ထဲ၌ သူအချိန်ကြာကြာ မတ်တပ်ရပ်နေခဲ့မိသည်။

ကျောက်ချန်နှင့် ချူးချီတို့သည် အိပ်ဆောင်၏အပြင်တွင် ရပ်စောင့်နေကြလေသည်။ သခင် ပြန်ရောက်လာသောအခါ သူ၏ အမူအရာမှာ သိပ်မ‌ကောင်းလှ။ သခင်သည် စာကြည့်ဆောင်သို့ ဝင်သွားပြီးနောက် တစ်ဖန် ပြန်ထွက်လာခြင်း မရှိတော့ပေ။

ချူးချီသည် သူ့အနောက်မှ စာကြည့်ဆောင်ကို ဖျက်ကနဲကြည့်လိုက်ပြီး သုန်မှုန်စွာပြောလိုက်သည်။

“သခင်က ဒုတိယသခင်မလေးလုကို စိတ်ဆိုးလာတာ ဖြစ်နိုင်လား။”

ချူးချီက ပြန်ဖြေရန် ငြင်းဆိုနေသည်။သခင်၏ ဒုတိယသခင်မလေးလုအား အလွန်ပင် ချစ်မြတ်နိုးမှုကို အကဲဖြတ်ခြင်းအားဖြင့် ဤသို့ဖြစ်နေရခြင်းဟာ ဒုတိယသခင်မလေးလုကြောင့်ဆိုသည်မှာတော့ မဖြစ်နိုင်ပေ။

ထိုအချိန်တွင် ချူးယီသည် နန်းတော်တံခါးဝမှ ယိမ်းထိုး၍ ဝင်လာခဲ့သည်။စာကြည့်ဆောင်အပြင်တွင် ရပ်လျက် တီးတိုးပြောနေကြသည့် သူတို့နှစ်‌ယောက်အား မြင်သည့်အခါ သူတို့နှစ်‌ယောက် ဘာပြောနေသည်ကို မသိ‌၍ သူတို့အနား ချက်ချင်း ချဉ်းကပ်လာတော့သည်။

ကျောက်ချန်က သူ့အား ဖျက်ကနဲ ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို စဉ်းစားမိ၍ သူကို ပြုံးပြုံးလေး ပြန်ကြည့်လာသည်။

“ချူးယီ၊ သခင်က ဒုတိယသခင်မလေးလုဆီကနေ အခုလေးတင် ပြန်လာတာ။ သူ ဗိုက်ဆာနေ‌လောက်ပြီ။ သခင် သုံးဆောင်လို့ရ‌အောင် မင်း ညလယ်စာ ယူသွားပေးလိုက်။”

ထိုသို့ပြောပြီး သူ့လက်ထဲမှ လင်ဗန်းအား ချူးယီထံ ပေးလိုက်သည်။ချူးယီ နောက်သို့ ခြေတစ်လှမ်းဆုတ်၍ သူ့အား သတိအနေအထားဖြင့် ကြည့်လေသည်။

“ငါက လုံချန်နန်းတော်ရဲ့လုံခြုံရေးအတွက်ပဲ တာဝန်ရှိတာ။ ဒါ ငါ့တာဝန် မဟုတ်ဘူး။ ငါ့ကို လာမလှည့်စားနဲ့။”

ကျောက်ချန် မျက်နှာ တုန်လှုပ်သွားပြီး သူ့ကို မကျေမနပ် စိုက်ကြည့်လိုက်သည်။ မည်သည့်အချိန်မှစ၍ ထိုကောင်က ဉာဏ်ကောင်းသွားသနည်း။ခုန သခင်ပြန်ရောက်လာသည့်အချိန်တွင် သူ့စိတ်အ‌ခြေအနေဆိုးရွားနေသည်မှာ အသိသာပင် ဖြစ်သည်။ အခုချိန်တွင်တော့ သူ လုံးဝ အထဲဝင်သွားမည် မဟုတ်ပေ။

ထိုသို့တွေးလိုက်ပြီး သူ အပြုံးလေးဖြင့် ပြောလိုက်သည်။

“မင်း ဘယ်လိုတောင် ‌ပြောနိုင်တာလဲ။ သခင်ကို အမှုထမ်းဖို့က မင်းတာဝန်ပဲလေ။ မင်း ဘယ်လိုတောင် ငါ့ကို ရှင်းရှင်းလင်းလင်း ‌ပြောနိုင်ရတာလဲ။ အရင်တစ်ခေါက်တုန်းက မင်းကို ကယ်ဖို့အတွက် ချောက်ကမ်းပါးထဲ ဘယ်သူ ခုန်ချခဲ့တာလဲဆိုတာ မင်း မေ့လိုက်ပြီမလား။”

“သွား။ သခင် ပျော်ရွှင်သွားပြီး မင်းကို လက်ထပ်ပွဲ ချီးမြှင့်လိမ့်မယ်။”

ချူးယီ လင်ဗန်းကို ယူ၍ တံခါးဖွင့်ပြီး ဝင်သွားတော့မည့်အချိန်တွင် တံခါးက အထဲမှ အရင် ဖွင့်လာလေသည်။လုံယန်သည် သူတို့သုံးယောက်ကို မကြည့်ဘဲ အပြင်သို့ ထွက်လာခဲ့သည်။ သူသည် သူတို့ကို ဖြတ်ကျော်သွားပြီး သူတို့ဘေးရှိ အိပ်ဆောင်ထဲသို့ တိုက်ရိုက် ဝင်သွားတော့သည်။

တစ်စုံတစ်ယောက် ထွက်လာသည်ကို စောင့်ပြီးနောက် ကျောက်ချန် စာကြည့်ဆောင်သို့ ချက်ချင်း ပြေးဝင်သွားလေသည်။သခင်သည် ထိုနေရာ၌ အချိန်ကြာကြာ နေခဲ့ပေသည်။ သူ မည်သည့်အရာ လုပ်ခဲ့သနည်း။

သခင်၏ စိတ်အခြေအနေမှာ ဆိုးရွားနေခဲ့သည်။ ထို့ကြောင့် စာရွက်များကို အပြစ်ရှာနေခြင်းမှာ လုံးဝ မဖြစ်နိုင်ပေ။သို့သော် သခင်သည် ထိုနေရာ၌ အချိန်ကြာကြာ နေသွား၏။ ဘာမှမလုပ်သွားဘူးဆိုသည်မှာ မဖြစ်နိုင်ပေ။

ရုတ်တရက် သူ တော်ဝင်စားကြည့်စားပွဲအောက်သို့ ငုံ့ကြည့်လိုက်သည်။

All Chapters