ခန္ဓာကိုယ်အား ပြန်လည်သိမ်းယူခြင်း (1)
Vol. 14 Ch. 131
ဝိဉာဉ်ဆိုင်ရာအထူးဌာနသားများက ရထားတွဲထဲသို့ ဝင်လိုက်ချိန်တွင် ခရီးသည်က များစွာ မရှိကြတော့ချေ။
တောက်ကျန့်ဝတ်စုံများ ဝတ်ဆင်ကာ ဓားရှည်များ၊ မှော်လက်နက်များ ကိုင်ဆောင်ထားသည့် လူတစ်စုအား မြင်လိုက်ရပြီးနောက် ပစ္စည်းသိမ်းဆည်းနေဆဲ ခရီးသည်တချို့မှာ မျက်လုံးများပင် ပြူးသွားကာ အချို့ကတော့ ဖုန်းထုတ်၍ ဓာတ်ပုံရိုက်ယူနေကြသည်။
“ဘော့စ်၊ အဲဒီကောင်လေး လူအုပ်ထဲကနေ ထွက်သွားပြီလား?”
“မဖြစ်နိုင်တာ၊ ထွက်ပေါက်မှာ သူရဲ့ အချက်အလက်နဲ့ ဆိုင်တာ တစ်ခုမှ မရှိဘူး၊ အပြင်က အဖွဲ့သားတွေကလည်း သူ့ကို မမြင်ရသေးဘူးတဲ့”
“ရထားပေါ်မှာတင် အငွေ့ပျံသလို ပျောက်သွားတာ မဖြစ်နိုင်ဘူးလေ”
အဖွဲ့သားများ တိုးတိုးရေရွတ်ညည်းတွားနေချိန်တွင် သူတို့ထဲမှ တစ်ယောက်က အပြင်တွင် ခပ်သုတ်သုတ်ပြေးသွားသည့် လူရိပ်တစ်ခုကို ပြတင်းပေါက်မှ မြင်လိုက်ရသည်။ သူက ထိုလူအား လက်ညှိုးထိုးလိုက်ရင်း :
“အဲဒီကောင်လေးမဟုတ်ဘူးလား!?”
၎င်းမှာ ကျိုးဟန်၏ခန္ဓာကိုယ်အား အသုံးချနေသည့် ချန်ရှင်းပင်ဖြစ်သည်။
သူက ကောက်ကျစ်ကာ လျင်မြန်ပါးနပ်သော်လည်း အဆုံးတွင် ဝိဉာဉ်ဆိုင်ရာအထူးဌာနသားများ၏ ဖမ်းဆီးခြင်းအား ခံလိုက်ရချေသည်။ လူတစ်စုက သူ့အား မြေပေါ်တွင် ဖိထားကာ ခြေလက်များအား ချုပ်နှောင်ထားလိုက်ကြသည်။
ဖမ်းဆီးခံလိုက်ရချိန်တွင် ချန်ရှင်းက ရူးနှမ်းချင်ယောင်ဆောင်ကာ အော်ဟစ်နေခဲ့သေးသည်။
“ခင်များတို့က ဘယ်သူတွေလဲ? ဘာလို့ ကျွန်တော့်ကို ချုပ်ထားကြတာလဲ? တစ်ယောက်လောက်..! ဒီမှာ လူကို ပြန်ပေးဆွဲနေပါတယ်ဗျို့၊ ပြန်ပေးသမားတွေပါဗျို့!”
အဝေးတွင် ဝင်ထွက်သွားလာနေသည့် ခရီးသည်များက အသံဆူဆူညံညံကြောင့် အာရုံစိုက်လာကြပြီးနောက် တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်နေခဲ့ကြသည်။
တချို့ကဆိုလျှင် ဖုန်းများကို ထုတ်ကာ ဗီဒီယို ရိုက်နေခဲ့ကြသေးသည်။
ဝိဉာဉ်ဆိုင်ရာအထူးဌာနသားများလည်း စိတ်ထဲမှ ကြိတ်ကာကျိန်ဆဲလိုက်ပြီးနောက် ‘နှုတ်ပိတ်ဂါထာ’အားသုံးကာ ချန်ရှင်း၏ ပါးစပ်ကို ပိတ်ထားလိုက်ပြီးနောက် လူမရှိသည့် နေရာဆီသို့ ခေါ်ဆောင်သွားခဲ့ကြသည်။
ထိုအချိန်မှသာလျှင် ရထားပေါ်သို့တက်သွားသည့် အဖွဲ့ထံမှ သတင်းကိုကြားလိုက်ရလေသည်။ ချန်ရှင်းက ရထားမရပ်ခင်ကတည်းက သူ့နေရာမှ ထသွားခဲ့သည်ဟု ဆိုသည်။
ရထားဆိုက်တော့မည့်အချိန်၊ ဝန်ထမ်းများ အလုပ်များနေချိန်တွင် သူက ရထားနောက်ဆုံးမှ စက်ခေါင်းမောင်းသူ၏ နားနေခန်းသို့ ခိုးထွက်သွားခဲ့သည်။
သူတို့ လုံခြုံရေးကင်မရာအား မကြည့်မိသေးခင်ထိ ထိုအချက်ကို မသိခဲ့ကြပေ။
“မင်း တော်တော့်ကို ဆိုးရွားတဲ့ကောင်ပဲ၊ မိန်းကလေးဝန်ထမ်းတွေရဲ့ လော့ကာခန်းထဲကိုတောင် ပြေးပုန်းလိုက်သေးတယ်၊ အဲလောက်တောင် အရှက်မရှိလား?”
ရထားပေါ်တွင် သူ့အား ရှာမတွေ့သည်မှာ မထူးဆန်းတော့ချေ။
ချန်ရှင်းကတော့ ရူးချင်ယောင်ဆောင်နေဆဲပင်။
“တာ့ကောတို့၊ ခင်ဗျားတို့ ဘာဖြစ်ချင်နေကြတာလဲ? ကျွန်တော်လည်း ခင်များတို့ကို မသိပါဘူး၊ ဒါက အများပြည်သူပိုင်နေရာနော်၊ ခင်များတို့အခုလုပ်နေတာတွေက ဥပဒေကိုချိုးဖောက်နေတာပဲ”
အဖွဲ့ခေါင်းဆောင်က သူ၏ ရဲတံဆိပ်အား ထုတ်ပြလိုက်သည်။
“ငါက ဝိဉာဉ်ဆိုင်ရာအထူးဌာနကပဲ၊ ချန်ရှင်း၊ မင်းက မင်းအစ်ကို ကျိုးဟန်ကို သတ်ဖြတ်ခဲ့တဲ့ အမှုမှာ သံသယရှိသူ ဖြစ်တာကြောင့် မင်းကို ဥပဒေအတိုင်း ဖမ်းဆီးစစ်ဆေးခွင့်ရှိတယ်၊ မင်း အားလုံးကို အမှန်တိုင်းပြောရင် ကောင်းလိမ့်မယ်”
သူ၏ နာမည်အရင်းအား ခေါ်သံကြားလိုက်ရချိန်၌ ချန်ရှင်းမှာ သူ၏ လိမ်ဆင်များ ပေါ်သွားပြီဖြစ်ကြောင်း သိလိုက်ပြီဖြစ်သည်။
သူ့၏စိတ်ထဲတွင် တုန်လှုပ်သွားသော်ငြား တစ်ချိန်တည်းမှာပင် လက်မခံနိုင်ဖြစ်နေခဲ့သည်။
အဲဒီလူပြောတော့ အမြွှာတွေက ဝိဉာဉ်ပြောင်းလဲလိုက်ရင် အခြားသူတွေ သတိမထားနိုင်ဘူးဆို?
သူက ဘဝကောင်းကောင်းနဲ့ ရက်ပိုင်းလောက်ပဲ နေလိုက်ရသေးတယ်လေ။ အခု အရင်မူလဘဝကိုပဲ ပြန်ရောက်ရတော့မှာလား!?
“ကျွန်တော်က ကျိုးဟန်လေ၊ ခင်များတို့ ဘာကို ပြောနေကြမှန်းကို နားမလည်နိုင်တော့ဘူး”
ချန်ရှင်းကဆော့ ပါးစပ်ကို ပိတ်ထားဖို့သာ ဆုံးဖြတ်လိုက်သည်။
သူ၏ အလိမ်အညာများ ပေါ်သွားခဲ့သော်လည်း ဤလူများ သူ့အား မည်သည့်အရာမှ မလုပ်နိုင်ကြောင်း သူသိနေသည်။
ဒီလူများတွင် သူ့အား ကျိုးဟန် ၏ခန္ဓာကိုယ်မှ ဆွဲထုတ်နိုင်သည့်နည်းလမ်းရှိပါက လုပ်နှင့်နေပြီးဖြစ်လိမ့်မည်။
ထိုအချိန်တွင် ဝိဉာဉ်ဆိုင်ရာအထူးဌာနမှ အဖွဲ့သားများက သူ့ကိုယ်ပေါ်တွင်ရော၊ သူ့အိတ်ကိုပါ အပြန်ပြန်အလှန်လှန် စစ်ဆေးပြီးဖြစ်ပေသည်။ သို့သော် ဝိဉာဉ်အား သိမ်းထားနိုင်သည့် မည်သို့သော အရာကိုမှ ရှာမတွေ့ခဲ့ကြပေ။
ထိုအချင်းအရာကို မြင်လိုက်ရသည့် ချန်ရှင်းမှာ ပို၍ပင် မာန်တက်သွားသည်။
ဌာနခွဲခေါင်းဆောင်က မျက်မှောင်ကြုတ်ကာ ဖုန်းကို ထုတ်လိုက်ပြီးနောက် ချန်ရှင်းဘက်သို့ ဖုန်းကို ထိုးပြလိုက်သည်။ ထို့နောက် မျက်နှာပြင်တစ်ဖက်မှ အသံတိတ်နေသူအား မေးလိုက်သည်။
“မစ်စ်ကု၊ ကျွန်တော်တို့ ဒီလူကိုတော့ ဖမ်းပြီးသွားပြီ၊ ဒါပေမယ့် ကျွန်တော့်အထင်အရ သူ့ရဲ့ ဝိဉာဉ်နဲ့ ခန္ဓာက ပေါင်းစည်းနေပြီ၊ တကယ်လို သူ့ရဲ့ ဝိဉာဉ်ကိုသာ ဇွတ်အတင်းထုတ်လိုက်ရင် ထိခိုက်မှုရှိနိုင်တယ်”
အမြွှာများ..
ခန္ဓာတစ်ခု ဝိဉာဉ်နှစ်ခု။
ကျိုးဟန်နှင့် ချန်ရှင်းတို့၏ ခန္ဓာကိုယ်သည်ကား မျိုးအောင်သော ဥတစ်လုံးထဲမှ ဖြစ်တည်လာခြင်းကြောင့် ချန်ရှင်း၏ဝိဉာဉ် ကျိုးဟန် ကိုယ်ထဲသို့ ဝင်လာချိန်တွင် ခန္ဓာကိုယ်က အလွယ်တကူပင် လက်ခံခဲ့သည်။
ဝိဉာဉ်ဆွဲထုတ်ချိန်၌ သူသာ အတင်းအကြပ် ရုန်းကန်ခဲ့မည်ဆိုပါက မူလခန္ဓာကိုယ်၏ ကိုယ်တွင်းအင်္ဂါများနှင့် အာရုံကြောများအား ထိခိုက်စေမည်ဖြစ်သည်။
သူတို့သာ သတိကြီးကြီးမထားပါက ကျိုးဟန်မှာအရူးတစ်ယောက်လိုပင် ဖြစ်သွားနိုင်သည်။
*
ရုန်းကန်နေဆဲဖြစ်သည့် လူငယ်အား ကြည့်ကာ ကုကျစ်စုန့် နှုတ်ခမ်းစွန်းလေးများကို တွန့်ရုံ ပြုံးလိုက်သည်။
“ငါတို့က ဝိဉာဉ်ကို အားသုံးပြီးဆွဲထုတ်လို့ မရပါဘူးလို့ ဘယ်သူက ပြောလိုက်တာလဲ? တစ်ခုလောက်ပြောပြပေးမယ်.. ‘ဝိဉာဉ်ခွဲခြင်းကျိန်စာ’၊ မှတ်ထားနော်၊ အဲဒီကျိန်စာကို စတင်တော့မယ်ဆိုရင် သူ့ရဲ့ ကောင်းကင်ဘုံဆုံချက်အမှတ်၊ အသက်ရှည်ခြင်းဆုံမှတ်တို့ကို သေသေချာချာလိုက်မှတ်ပြီး အဲဒီဆုံချက်အမှတ်တွေမှာ မူလခန္ဓာကိုယ်ကို ကာကွယ်ဖို့အတွက် အားအင်ထည့်ပေးရမယ်”
ထိုကဲ့သော ‘ဝိဉာဉ်ခွဲခြင်းကျိန်စာ’သည်ကား လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာထဲက တားမြစ်ခံထားရသော ပညာရပ်တစ်ခုဖြစ်သည်။
‘ဝိဉာဉ်ရှာခြင်းနည်းပညာ’ကဲ့သို့ပင် ထိုကျိန်စာသည်လည်း မကောင်းသော ကျင့်ကြံသူများသာ အသုံးပြုသည့် နည်းလမ်းတစ်ခုဟု သမုတ်ခံထားရသည်။
ထိုနည်းလမ်းသည်ကား ခန္ဓာကိုယ်မှ ဝိဉာဉ်အား အားသုံးကာ ဆွဲထုတ်နိုင်သည်။
ခန္ဓာကိုယ်က ပျက်စီးမှုမရှိသော်လည်း ဆွဲထုတ်ခံလိုက်ရသည့် ဝိဉာဉ်သည်တော့ အပြင်းအထန်ထိခိုက်သွားလိမ့်မည်ဖြစ်သည်။
ကုကျစ်စုန့်၏ အတိတ်ဘဝတုန်းကပင်လျှင် ထိုနည်းလမ်းကို အသုံးပြုနိုင်သူသည် အနည်းငယ်သာရှိခဲ့ပြီး ယခုအချိန်တွင်မူ ထိုပညာရပ်သည်လည်း ပျောက်ဆုံးလုနီးနီးပင်ဖြစ်နေပေပြီ။
ထို့ကြောင့် ထိုပညာရပ်အား ကြားလိုက်ရချိန်တွင် ဌာနခွဲမှူးနှင့် အဖွဲ့ဝင်များအားလုံး အံ့ဩသွားခဲ့ပြီးနောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အဖြေရှာချိန်တွင်လည်း ဗလာနတ္ထိပင် ဖြစ်နေခဲ့ကြသည်။
ဌာနခွဲမှူး၏ အနည်းငယ်နှိမ့်ထားသော ဖုန်းမျက်နှာပြင်မှ မိန်းမငယ်လေး၏ မျက်နှာအား ဖမ်းဆီးထိန်းချုပ်ခံထားရသည့် ချန်ရှင်း မြင်နေခဲ့ရသည်။
သူ၏ မူလက မောက်မာထောင်လွှားကာ မထီမဲ့မြင်ပြုနေသည့် အမူအယာမှာလည်း ပျက်သွားကာ စိတ်ထဲတွင် မသက်မသာ ဖြစ်လာခဲ့သည်။ သူ၏မျက်လုံးများတွင်လည်း အမုန်းမီးတောက်များ တောက်လောင်နေခဲ့သည်။
ဒါက ဒီမိန်းမလက်ချက်ပဲ!
ဒီကောင်မက သူ့လုပ်ရပ်တွေကို ဖော်လိုက်တာပေါ့!!
ချန်ရှင်းမှာ ‘ဝိဉာဉ်ရေးရာ’အစီအစဉ်အား ကြည့်သူမဟုတ်ပေ။ သို့သော် ထိုအစီအစဉ်သည်ကား သက်လတ်ပိုင်းနှင့် အသက်ကြီးပိုင်း လူများကြားတွင် ရေပန်းစားနေသောကြောင့် ရထားပေါ်တွင် ထိုအစီအစဉ်အား ကြည့်နေကြသူ ခပ်များများပင်ရှိနေခဲ့သည်။
သူ၏အရှေ့ခုံတန်းမှ အဘွားအိုတစ်ယောက်သည်လည်း ဗီဒီယိုများအား နားကြပ်မတပ်ပဲ ကြည့်နေခဲ့သည်။
ဆူဆူညံညံအသံများကြောင့် သူ အလွန်အမင်း စိတ်ရှုပ်ခဲ့ရသည်။
ရလဒ်ကတော့ သူ ရုတ်တရက် ‘အမြွှာများ’နှင့် ‘အမှန်မဟုတ်’ ဆိုသော စကားများကို ကြားလိုက်ရသည်။
ရင်ထဲတွင် သရဲတစ်ကောင်ကပ်နေသော ချန်ရှင်းသည်ကား အရာတိုင်းအား ထိတ်လန့်နေခဲ့သည်။ ထို့ကြောင့် သူ အနီးကပ် တိုးကြည့်လိုက်ချိန်တွင် ပို၍ပင် အံ့အားသင့်သွားရသည်။
မျက်နှာပြင်ပေါ်မှ လူသည်ကား အခြားမဟုတ်၊ အစ်ကိုဖြစ်သူ၏ ဇနီးလောင်း ဖန်းမြောင်ပင်!
အခြားလူတစ်ယောက်ကတော့ မိခင်ဖြစ်သူပင်ဖြစ်နေခဲ့သည်!
ဘာလို့ အင်တာနက်ပေါ်မှာ ‘အမြွှာ’တွေ အကြောင်း ပြောနေရတာလဲ?
အံ့ဩမှုကြောင့်ပင် ချန်ရှင်း အစီအစဉ်အမည်အား မေးကာ ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ တုန်လှုပ်စွာ ဝင်ကြည့်ခဲ့မိသည်။
သူ နားထောင်လေလေ၊ သူ၏နှလုံးခုန်နှုန်း ပို၍ မြန်လာလေလေ ဖြစ်ခဲ့ရသည်။
ဒီအမျိုးသမီးက သူ၏ သရုပ်မှန်အား သိနေခဲ့သည်!
နောက်ဆက်တွဲအစီအစဉ်င ရုတ်တရက် ရပ်ဆိုင်းသွားသည်ကြောင့် ချန်ရှင်းမှာ မည်သည့်အရာများ ဆက်ဖြစ်သွားသည်ကို မသိခဲ့ချေ။
သို့သော် သူ တုန်လှုပ်ခြောက်ခြားနေခဲ့သည်။
‘အမြွှာများအကြောင်း ခန့်မှန်းချက်များ’ ဆိုသည့် trend မှာလည်း ဝေ့ပေါ်၏ ထိပ်တန်းရှာဖွေမှုပေါ် ရောက်လာကြောင်း သူမြင်လိုက်ရသည်။
သူနှိပ်ကြည့်လိုက်ပြီးနောက် ဝေဖန်သူများက သူတို့၏ သရုပ်မှန်နှင့် ပတ်သတ်၍ လွဲမှားနေရခြင်းမှာ ‘လူစားလဲခြင်း’ ဖြစ်နိုင်သည့်အကြောင်း ပြောနေကြသည်ကို တွေ့လိုက်ရပြန်သည်။
သူတို့က နောက်ဆုံးအဖြေမှန်ကို ခန့်မှန်းနိုင်သည် မဟုတ်သော်လည်း သိပ်ပြီးတော့ ကွာခြားမှုမရှိလှပေပါချေ။
နောက်ဆုံးတွင် ချန်ရှင်း ရထားပေါ်က ဆင်းသည်နှင့် ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။
သူ့အား ဖမ်းဆီးရန် ရဲများ ရောက်လာမည်အား ထိတ်လန့်နေခဲ့ကာ ရထားပေါ်မှ အမျိုးသမီးဝန်ထမ်းများ နားနေဆောင်တွင် ကြိုတင် ပုန်းကွယ်နေခဲ့ပြီးနောက် ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့သားများ အာရုံမထားမိသည့်အချိန်၌ ရထားနောက်ဆုံးတွဲမှ ထွက်ပြေးနိုင်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ အဖမ်းခံလိုက်ရသည်။
ချန်ရှင်း ကုကျစ်စုန့်အား ရင်ထဲ၊အသည်းထဲမှပင် မုန်းတီးမိသည်။ ထိုမိန်းမသာ သူများ ကိစ္စဝင်မပါဘူးဆိုလျှင် သူ့အနေနဲ့လည်း အဖမ်းခံရစရာ အကြောင်းမရှိ!
ဌာနခွဲမှူး သူ့အနားသို့ တဖြည်းဖြည်း ချဉ်းကပ်လာချိန်တွင် ချန်ရှင်း ပူပန်လာခဲ့သည်။
“ခင်များ ဘာ.. ဘာလုပ်မလို့လဲ!?”
ဌာနခွဲမှူးက ကျိုးဟန်၏ ခန္ဓာကိုယ်ပေါ်မှ သွေးကြောအမှတ်များအား ကုကျစ်စုန့်ပြောစကားအတိုင်း ချုပ်တည်းလိုက်ပြီးနောက် ‘ဝိဉာဉ်ခွဲခြင်းကျိန်စာ’အား စမ်းသပ်လေ့ကျင့်နေခဲ့သည်။
ခန္ဓာကိုယ်တွင်းမှ ချန်ရှင်းသည်ကတော့ သူ၏ ဝိဉာဉ်ကိုယ်အား ပြင်းထန်သော စွမ်းအားတစ်ခုက ကျိုးဟန်၏ ခန္ဓာကိုယ်ထဲမှ အတင်းအဓမ္မ ဆွဲထုတ်နေသည်ကို ခံစားလိုက်ရသည်။
ဝိဉာဉ်အား အတင်း ဆွဲထုတ်ခံရသည့် နာကျင်မှုကြောင့် သူ့မျက်နှာတစ်ခုလုံး ရှုံ့မဲ့ကာ ဒေါသကြီးနေခဲ့ပြီးနောက် လည်ပင်းမှ သွေးကြောများပင် တင်းကာ ထင်ရှားနေခဲ့သည်။
ဌာနခွဲမှူးနှင့် ကုကျစ်စုန့်၏ မျက်လုံးထဲတွင် ကြည်လင်နေသော လူပုံစံတစ်ခုသည် ကျိုးဟန်ကိုယ်ပေါ်တွင် ခပ်ရေးရေး ပေါ်လာခဲ့သည်။
ကုကျစ်စုန့်: “သူ့ဝိဉာဉ်ကို ထွက်မလာစေနဲ့ဦး”
“ခန္ဓာကိုယ်ကနေ ဝိဉာဉ်လုံးဝထွက်သွားပြီဆိုရင် ခန္ဓာကိုယ်က ချက်ချင်း အေးစက်လာတတ်တယ်၊ ကျိုးဟန်ရဲ့ ဝိဉာဉ်ကိုသာ အချိန်မှီ ပြန်ပြီး မထည့်နိုင်ဘူးဆိုရင် ဒီခန္ဓာကိုယ်က တစ်နာရီအတွင်း သေဆုံးသွားလိမ့်မယ်”
ချန်ရှင်း၏ ဝိဉာဉ်အား ခန္ဓာကိုယ်ထဲတွင် ခဏချုပ်ထားခြင်းမှာ အကောင်းဆုံးနည်းလမ်းပင် ဖြစ်သည်။ သူက ထွက်ပြေး၍လည်း မလွတ်နိုင်သလို ကျိုးဟန်အတွက်လည်း ခန္ဓာကိုယ်အား ခေတ္တထိန်းသိမ်းပေးထားနိုင်သည်။
ဌာနမှူးလည်း ပြောသည့်အတိုင်း တသဝေမတိမ်းလိုက်နာခဲ့သည်။ တစ်ဖက်မှ ဝိဉာဉ်ဆွဲထုတ်ခံရလုနီးဖြစ်သွားသော ချန်ရှင်းကတော့ စက္ကူအလား ဖြူဆွတ်နေကာ ချွေးစေးများလည်း ပြန်နေခဲ့လေသည်။
သူ၏ ဝိဉာဉ်မှာ ဘောလုံးတစ်ခုထဲတွင် ချုပ်တည်းခံထားရသကဲသို့ ဖြစ်နေပုံပေါ်ကာ ကျိုးဟန်၏ခန္ဓာကိုယ်အပေါ်တွင်လည်း သူ၏ ထိန်းချုပ်နိုင်စွမ်း မသက်ရောက်တော့ပေ။
ခန္ဓာကိုယ်ထဲမှ ထွက်ပြေးချင်သော်ငြား မမြင်ရသည့် တံတိုင်းများက ကာရံထားသကဲ့သို့ပင်ဖြစ်နေခဲ့သည်။
နောက်ဆုံးကြံရာမရတော့သည့် ချန်ရှင်းမှာ ကျိန်ဆဲလျက် ကျိုးဟန်၏ ခန္ဓာကိုယ်အား အတွင်းမှ ဆက်တိုက် တိုက်ခိုက်တော့သည်။
သူ၏ အကြံမှာ ကျိုးဟန်၏ ကိုယ်တွင်းအင်္ဂါများအား ထိခိုက်စေလိုခြင်းပင် ဖြစ်ချေသည်။
သို့သော်လည်း တိုက်ခိုက်မှုများကတော့ သက်ရောက်မှုအလျဉ်းမရှိခဲ့ပေ။
*