← Chapters

အခန်း (၁၃၂)

Vol. 14 Ch. 132

အခန်း (၁၃၂)

Vol. 14 Ch. 132

ဝိဉာဉ်နှင့် ခန္ဓာကိုယ်ကို ခွဲခြားလိုက်ပြီးနောက် ဝိဉာဉ်ရေးရာအထူးဌာနမှ လူများက ကျိုးဟန်၏ ဝိဉာဉ်ကို ထည့်ထားသော ကိရိယာအား အပူအပြင်းရှာဖွေနေခဲ့ကြသည်။

တစ်ယောက်မှာ ချန်ရှင်းထံသို့ လျှောက်သွားပြီး မေးလိုက်ပြန်သည်။

“ချန်ရှင်း၊ ကျိုးဟန်ရဲ့ ဝိဉာဉ် ဘယ်မှာလဲ? မင်းအခု ဝန်ခံမယ်ဆိုရင် အပြစ်ကို လျော့ပေါ့နိုင်သေးတယ်!”

ဒေါသတကြီးဖြစ်နေသော ချန်ရှင်းကတော့ နှာခေါင်းကိုသာရှုံ့လာသည်။

“ကျိုးဟန်? မင်းတို့ သူ့ကို ဘယ်တော့မှ တွေ့မှာမဟုတ်ဘူး!”

ကုကျစ်စုန့် ပြောစကားကိုလည်း ကြားလိုက်ရသည်ကြောင့် သူအနည်းငယ် ပြန်၍ မာန်တက်လာသည်။

အဘယ်ကြောင့်ဆိုသော သူ့ကို တစ်စုံတစ်ယောက်က ဆွဲဖမ်းဖို့ရောပ်လာပြီဆိုသည်ကို သိသည်နှင့် တပြိုင်နက် ကျိုးဟန်၏ ဝိဉာဉ်ထည့်ထားသော အရာအား သူစွန့်ပစ်လိုက်ပြီးဖြစ်သည်။

ထိုလူများကိုမဆိုထားနှင့်၊ သူကိုယ်တိုင်ပင် ထိုကိရိယာ မည်သည့်အနားသို့ ကျသွားသည်ကို မသိလိုက်ပေ။

ထိုလူများသာ ကျိုးဟန်ကို မသေစေချင်ပါက သူ့အား ထိ၍ မရနိုင်ပေ။

“ခင်များတို့တွေ၊ ကိုယ့်ကိုကိုယ် နတ်ဘုရားတွေလို ပုံဖမ်းမနေနဲ့၊ ကျုပ်က ကျိုးဟန်ပဲ၊ ဒါကိုတောင် ကျုပ်က ကျိုးဟန်လို့ ဟန်ဆောင်နေတာတဲ့လား? DNA စစ်ကြည့်ပေးရဦးမလား? ‘ဝိဉာဉ်လဲတာ’ဆိုတဲ့ ဗရုတ်သုတ်ခနဲ့ ကျုပ်ကို နာမည်ဖျက်နေတာပဲ၊ ခင်ဗျားတို့မှာ  သက်သေရှိလား? ကျုပ် အခုရဲခေါ်လိုက်မယ်၊ ခင်များတို့ လုပ်နေတဲ့ အဓိပ္ပါယ်မရှိတာတွေ အကုန်ဖော်ပစ်မယ်!!”

“ကျုပ်ကို အခု မြန်မြန်လွှတ်ရင်လွှတ်လိုက်၊ မဟုတ်ရင် ရှေ့နေခေါ်ပြီး တရားစွဲမယ်!”

ဝိဉာဉ်ရေးရာအထူးဌာနမှ အဖွဲ့သားများမှာ သူ၏ မောက်မာသည့် ဟန်နှင့် လေသံကြောင့် ဒေါသူပုန်ထသွားကြသည်။

“မင်း!!”

ဌာနခွဲမှုးက ချန်ရှင်းဘေးနားသို့ လျှောက်လာပြီးနောက် ပုခုံးအား တို့လိုက်သည်။ ထို့နောက် ဖုန်းမျက်နှာပြင်အား သူ့မျက်နှာရှေ့တွင် ပြသလိုက်လေသည်။

“ရှောင်ရှင်း??”

ချန်ရှင်း ခေါင်းကို မော့လိုက်ချိန်တွင် သူ၏ နီမြန်းနေသော မျက်လုံးများနှင့် ဖုန်းမျက်နှာပြင်ပေါ်တွင် ထပ်ပေါ်လာသော လူအား မြင်လိုက်ရသည်။ ထိုသူမှာ သူ၏ မွေးသမိခင် မစ္စကျိုးပင်။

မစသကျိုးသည်ကား သားငယ်မှ သားကြီးအား သတ်လိုက်ကြောင်း ကြားလိုက်ရချိန်တွင် အမှန်တရားအား လက်မခံနိုင်ခဲ့ပေ။ သူမ အသက်ရှူရကြပ်သွားကာ မေ့လဲသွားခဲ့သည်။

ကယ်ဆယ်ခံရပြီးနောက် သတိလည်လာချိန်တွင် ချန်ရှင်းအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိလိုက်ရချိန်၌ သူမ တွေ့ချင်ခဲ့သည်။

အမေဖြစ်သူအား မြင်လိုက်ရချိန်တွင်ပင် ချန်ရှင်းက နှာခေါင်းရှုံ့ကာ နှုတ်ခမ်းကို မဲ့ထားခဲ့သည်။

မစစကျိုးသည်ကညး ရင်းနှီးနေသော မုန်းတီးသည့် မျက်နှာထား၊ နှုတ်ခမ်းထောင့်မှ မနှစ်မျို့မှုအား အတိုင်းသား မြင်နေရသည်။

သူမရှေ့မှ လူငယ်သည် ချန်ရှင်းမဟုတ်ပါဟု ကိုယ့်ကိုကိုယ် မလိမ်နိုင်တော့ပေ။ သူမ ရင်ကွဲကာ ချုံးပွဲချ ငိုမိပြန်သည်။

“ရှောင်ရှင်း? သား ဘာလို့ ဒီလိုတွေ လုပ်ခဲ့ရတာလဲ? အမေ့ကို မုန်းရင် မုန်းလိုက်လို့ရတယ် အမေ ဂရုမစိုက်ပါဘူး၊ အမေမှားတာကို သိပါတယ်။ ဒါပေမယ့် အဲဒါတွေက မင်းအစ်ကိုနဲ့ ဘာများ သက်ဆိုင်နေလို့လဲ?

မင်းအပေါ်မှာ အပြစ်ရှိတာ ဒီက မင်းအမေပါ! ဘာလို့များ ဒီလောက် လူမဆန်တဲ့ အလုပ်မျိုးကို လုပ်နိုင်ရတာလဲ!?”

“အမေ ဘာတွေပြောနေတာလဲ? ကျွန်တော်က ‘ကျိုးဟန်’ပါ”

ချန်ရှင်းမှာ အဖြစ်မှန်ကို ဝန်မခံချင်သော်လည်း အမေဖြစ်သူအား စကားနာထိုးရန်တော့ မမေ့။

“အမေဆီမှာ ဒီနေ့ဖြစ်သမျှအားလုံးက နည်းတောင် နည်းသေးတယ်”

သူ မစသကျိုး၏ အားနည်းချက်ကို သိသည်။ သူ၏ ဂျစ်ကန်ကန်လေသံသည်ကား မိခင်အရင်း၏ နှလုံးအား သံနှင့်ထိုးသကဲ့သို့ပင်။

အစမှ အဆုံးထိ ချန်ရှင်းသည် သူ့ဘဝ၏ ကျရှုံးမှုအားလုံးက မစ္စကျိုး၏ အပြစ်ဟုသာ ခံစားခဲ့ရသည်။

ထိုကဲ့သို့ မိသားစုဘဝမျိုးတွင် ကြီးပြင်းခဲ့ရသော်လည်း မိခင်၏ ဝေဒနာနှင့် နာကျင်မှုများအား လုံးဝနားမလည်နိုင်ပေ။

လင်နှင့် မယားကြားမှ ‘အသေးအမွှားရန်ဖြစ်ခြင်း’များမှာ ထူးဆန်းလှသည်ဟု သူမထင်ခဲ်။

အဘွားနှင့် အဖေတို့ ပြောစကားများက မှန်သည်။ သူ၏အမေသာလျှင် အိမ်ထောင်ကျပြီးနောက် ဘဝအဆင်မပြေဖြစ်ကာ ဇွတ်အတင်း မကွာရှင်းခဲ့ပါလျှင် သူတို့မိသားစုသည်လည်း ရွာထဲတွင် ခေါင်းမော့၊ရင်ကော့ကာ နေနိုင်လိမ့်မည်ဖြစ်သည်။

မစ္စကျိုး သူ့အား ပိုက်ဆံပေးသည်မှာလည်း ဖြစ်သင့်သည့် သဘာဝသာဖြစ်သည်။

သို့သော် ချန်ရှင်းဘဝတွင် အမှန်တကယ် အမုန်းဆုံးမှာ မစစကျိုးမဟုတ်။ အစ်ကိုဖြစ်သူ ကျိုးဟန်သာဖြစ်ပေသည်။

ကျိုးဟန်က ဖခင်ဘက်မှ ဆွေမျိုးများအား မနှစ်မြို့မှန်း သူသိသည်။

သူ့အားလည်း မနှစ်မြို့ခဲ့ပေ။

သားတစ်ယောက်အနေဖြင့် လူကြီးများထံသို့ အလည်အပတ်မလာ၊ ဂါရဝမပြုသည့်အပြင် ဖခင်အပေါ်တွင်လည်း သိတတ်မှုတစ်စုံတစ်ရာမရှိခဲ့။

အမေဖြစ်သူအား သူတို့နှင့် အဆက်အသွယ်ဖြတ်ရန်ပင် တိုက်တွန်းလေ့ရှိသေးသည်။

ထိုအကြောင်းများကြောင့်ပင် ချန်ရှင်း၏ ဖခင်နှင့် ဘိုးဘွားများက အိမ်၌ အားသည့် အချိန်တိုင်း‌ အကြီးဆုံးမြေးအား ကျိန်ဆဲလေ့ရှိကြသည်။

ထိုသူသည်ကား မျက်လုံးဖြူဝံပုလွေတစ်ကောင်ဖြစ်ပေသည်။ ကျိုးဟန်က ချန်ရှင်းအား အမွေမခွဲပေးချင်၍ ထိုသို့ လုပ်နေကြောင်း သွေးခွဲပြန်သေးသည်။

“မင်းအမေက အခု သူဌေးမကြီးဖြစ်နေပြီလေ၊ သူက အိမ်အကြီးကြီးမှာနေ၊ ကားအကောင်းစားကြီးစီးပြီး ဟိုတယ်တွေလည်း အများကြီးပိုင်တာ? အဲဒီစက်ရုံတွေက မင်းပိုင်ရမယ့်ဟာတွေ!

အဲဒီကောင်စုတ်လေးက မင်းအမေ မင်းကို ပိုချစ်သွားပြီး နောက်ကျရင် အဲ့ဒီအမွေတွေကို အကုန်လုံးရသွားမှာကို ကြောက်နေတာ!

အဲ့ဒါကြောင့် ငါတို့နဲ့ မပတ်သတ်စေချင်တာပေါ့၊ ချန်ရှင်း၊ မင်း ကိုယ့်အမေကို အပိုင်ကိုင်ထားပြီး အဲဒီအမွေတွေကို ရအောင်တောင်း၊ အဲ့တာတွေက မင်း ရကို ရ,ရမယ့် ဟာတွေပဲကို! အဲလောက်တော့ မင်းကို ပေးရမှာပဲလေ”

ချန်ရှင်း သဘောတူစွာခံစားခဲ့သည်။

ကျိုးဟန်က နာမည်ကြီးတက္ကသိုလ်မှ ဘွဲ့ရထားပြီး ပိုက်ဆံရှိကာ ချမ်းသာသော ချစ်သူရှိကြောင်းလည်း သူသိထားသည်။

သို့သော် ထိုအောင်မြင်မှုအားလုံးသည် သူ့ထံမှ ခိုးယူထားခြင်းပင်!

ထိုအချိန်က မိခင်ခေါ်သွားသူက သူသာ ဖြစ်ခဲ့ပါလျှင် ထိုအိမ်ကြီးအိမ်ကောင်းများ၊ တက္ကသိုလ်ကောင်းကောင်းနှင့် ဘဝကောင်းကောင်းတို့သည် သူ၏ အပိုင်သာ ဖြစ်လိမ့်မည်။ အသုံးမကျကာ ပညာမဲ့ဖြစ်လာမည့်သူမှာ ကျိုးဟန်ပင်။

အစ်ကိုဖြစ်သူအား မုန်းတီးမှုနှင့် မနာလိုမှုတို့က ချန်ရှင်း၏ ဆုံးဖြတ်နိုင်စွမ်းကို အဆိပ်ကဲ့သို့ နေ့စဉ် တိုက်စား၊ လှိုက်စားနေခဲ့သည်။

သူ အရက်မူးကာ ခြေထောက်ကျိုးသွားသည့် အချိန်တွင် မိခင်ဖြစ်သူ ဖုန်းခေါ်နေသည်ကို ကြားလိုက်ရသည်။

ကျိုးဟန်က မကြာခင် လက်ထပ်တော့မည်ဖြစ်ကာ ရာထူးတိုးတော့မည် ဖြစ်သည်ကြောင့် လစာလည်း တိုးတော့မည်ဟူသည့် အကြောင်း သိခဲ့ရသည်။

ထိုအချိန်တွင် သူ၏ မနာလိုမုန်းတီးစိတ်က အထွဍ်အထိပ်သို့ ရောက်သွားခဲ့သည်။

သားငယ်ဖြစ်သူက ထိုသို့ ပြောထွက်လိမ့်မည်ဟု မစ်စ်ကျိုး မယုံကြည်နိုင်ခဲ့ပါချေ။ သူမ ခေါင်းကိုတွင်တွင် ခါနေခဲ့သော်ငြား မှတ်ဉာဏ်တစ်ချို့က မြင်းပျံတစ်ကောင်ကဲ့သို့ ခုန်ထွက်လာခဲ့ပြန်သည်။

ကျိုးဟန်သည်ကား ကလေးဘဝတည်းက သိတတ်ကာ စကားနည်းခဲ့သည်။ သူမအား ခင်ပွန်းဟောင်းက ရိုက်နှက်သည့် အချိန်များတွင် ကျိုးဟန်က ကာကွယ်ပေးလေ့ရှိသည်။

သူ့အား အနည်းငယ် ထိခိုက်မိသွားလျင်တောင်မှ မျက်ရည်ကို ထိန်းထားရင်း မေးလေ့ရှိခဲ့သည်။

“မေမေ နာသွားသေးလား?”

ချန်ရှင်းကတော့ အဘိုးအဘွားများ၏ ရင်ခွင်ထဲတွင် ပုန်းကာ ကြောက်လန့်၍ ငိုကြွေးနေတတ်သည်။

ကွာရှင်းနေချိန်မှာလည်း ယောက္ခမများက ကလေးများဒရှေ့တွင် မလိုအပ်သည့် စကားများ ပြောဆိုလေ့ရှိသည်။ အမေနှင့် လိုက်သွားလျှင် သူတို့က ဘီစကွတ်နှင့် ချိုချဉ်လည်း မစားရတော့သလို အင်္ကျီအသစ်များလည်း ဝတ်ရတော့မည် မဟုတ်။

ကျိုးဟန်ကတော့ ငိုကြွေးရင်း ပြောရှာသည်။

“မေမေ၊ သားကို မထားခဲ့ပါနဲ့”

သို့သော် ချန်ရှင်းကတော့ သူမလက်အား တင်းတင်းဆွဲထားရင်း ဆိုသည်။

“မေမေ၊ သားတို့တွေကို မထားခဲ့ပါနဲ့”

သေချာ ပြန်စဉ်းစားကြည့်ပါလျှင် ကွာရှင်းပြီးကာစ နေ့ရက်များတွင်လည်း ကျိုးဟန်သည်ကား သူမနှင့်အတူ ငတ်တလှည့်၊ ပြတ်တလှည့် နေခဲ့ရသော်လည်း မညည်းငြူခဲ့ပါချေ။

သူသည် အမြဲတမ်း သိတတ်လိမ်မာကာ နေ့ခင်းဘက်တွင် သန့်ရှင်းရေးအတူလုပ်၍ ညဘက် ညဈေးရောင်းချိန်တွင်လည်း အဖော်ပြုပေးတတ်သည်။

ချန်ရှင်းကတော့ ရွာမှာဖြစ်သော်ငြား ယောက္ခမများ၏ အသည်းကျော်ဖြစ်ခဲ့သည်။ သူမ ငွေရှာနိုင်ချိန်တွင်လည်း အမြဲ တစ်ဝက်ပို့ပေးလေ့ရှိသည်။

သူက မည်သည့်အရာကိုမှ သိပ်မခံစားခဲ့ရသူဖြစ်သည်။

ထိုကဲ့သို့သော ကိစ္စများ များစွာရှိသေးသည်။ မစ္စကျိုး ရုတ်တရက် သဘောပေါက်လိုက်သည်မှာ သူမ ထိုလှောင်အိမ်ထဲမှ လွန်ခဲ့သော နှစ်များစွာက လွတ်မြောက်ခဲ့သည်ဟု တွေးမိခြင်းမှာ အမှားတစ်ခုသာ ဖြစ်နေကြောင်းကိုပင်။

နှစ်ပေါင်းများစွာ သူမက ချန်ရှင်းကြောင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ နေထိုင်ခဲ့ရသည်။

သူမ အတိတ်၏  အရိပ်မည်းများကြားမှ မလွတ်မြောက်နိုင်သေးပေ။

ကျိုးဟန်က ဖခင်ဖြစ်သူနှင့် ညီငယ်အား မနှစ်သက်သော်လည်း သူမ ညီငယ်ဖြစ်သူထံသို့ ငွေပို့နေခြင်းကို တစ်ခါမျှပင် မတားမြစ်ခဲ့ဖူးပေ။

သူမ ကိုယ်တိုင် ချန်ရှင်းကို သွားတွေ့ခြင်းကိုသာ လက်မခံနိုင်ခဲ့ခြင်းဖြစ်ပေသည်။

သားကြီးမှာ သူမ ခံစားနေရခြင်းအား မမြင်ရက်ခြင်းကြောင့်ပေလော?

မစသကျိုး ဒေါသတကြီးအော်ဟစ်လိုက်သည်။

“မင်း.. မင်းက မျက်လုံးဖြူနဲ့ ဝံပုလွေလို ရက်စက်လှချည်လား!?

ဘယ်တုန်းကမှ အားစိုက်ထုတ်ပြီး မသင်ယူ၊ မလေ့လာပါဘဲနဲ့ ဒီလို အရှက်မဲ့တဲ့ လုပ်ရက်ကို လုပ်ထားပြီး အစ်ကိုကို လွှဲချချင်သေးတယ်!”

မစစသကျိုး၏ ဒေါသတကြီး အော်သံအား ကြားရပြီးနောက် ချန်ရှင်း နှုတ်ခမ်းများ တွန့်ကာပင် ပြုံးလိုက်မိသည်။

ဒီလူတွေ သူ့ကို မကယ်တင်နိုင်တော့ဟုလည်း ခံစားလိုက်ရသည်။

ရုတ်တရက်ဆိုသလိုပင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ကုကျစ်စုန့် အသံ ဖုန်းထဲမှ ထွက်လာခဲ့သည်။

“ဆူညံနေတာပဲ…”

“ဌာနခွဲမှူး၊ အဲဒီကောင်ကို ခဏ ပါးစပ်ပိတ်ထားပေးပါ”

ကုကျစ်စုန့် သူမ လက်ထဲမှ အကြွေစေ့များနှင့် ကစားနေခဲ့ပြီးနောက် ပျင်းရိပျင်းတွဲ စကားဆိုလာသည်။

“စကားမစပ်၊ ကျွန်မ ကျိုးဟန်ရဲ့ ဝိဉာဉ်ကို ရှာတွေ့ပြီ။ ဌာနခွဲမှူး အဲ့ဒီကို လူလွှတ်ပေးပါဦး”

ချန်ရှင်း၏ အပြုံး ရပ်တန့်သွားခဲ့သည်။

သူ မအော်ဟစ်နိုင်ခင်မှာပင် သူ့ပါးစပ်အား ‘နှုတ်ပိတ်ခြင်းပညာ’ဖြင့် ချုပ်ခြင်း ခံလိုက်ရပြန်သည်။

ကုကျစ်စုန့် ဒေါသတကြီးဖြစ်နေသည့် လူငယ်အား ကြည့်ကာ ရွဲ့ပြုံးလေး တစ်ချက်ပြုံးပြလိုက်သည်။

“မင်းကိုယ်မင်း တော်လှပြီထင်နေတာလား? ကျိုးဟန်ရဲ့ ဘဝကို အစားထိုးနိုင်မယ်လို့ ထင်တယ်ပေါ့?”

“အမှန်တရားကတော့ မင်းက အရှုံးသမားပဲ၊ မင်းက အရင်ကလည်း ကျိုးဟန်လောက် မတော်ဘူး၊ သူ့ခန္ဓာကိုယ်ကို အပိုင်ယူပြီးတာတောင်မှ မင်းက အတွင်းထဲက ပုတ်နေတဲ့သူဆိုတော့ နွံထဲကနေ မထွက်နိုင်ဘူး၊

မင်း ဘဝတစ်လျှောက်လုံးက အရှက်မရှိတဲ့ အတုအယောင်ပဲ ဖြစ်နေဦးမှာပဲ”

“ပြီးတော့ မင်း ကျိုးဟန်ရဲ့ ခန္ဓာကိုယ်ကို ယူထားလို့ ရနိုင်မယ်လို့ ဘယ်သူကပြောလဲ? အိပ်မက်ကနေ ထဖို့ အချိန်တန်ပြီနော်”

စကားပြောပြီးနောက် သူမ နက္ခတ်ဗေဒင်မှ သိလိုက်ရသည်များကို ဌာနခွဲမှုးအား ပြောပြလိုက်သည်။

ရထားပေါ်မှ မဆင်းမှီ ချန်ရှင်းက ကျိုးဟန်၏ ဝိဉာဉ်ပါသည့် ကိရိယာအား ခရီးသည်တစ်ယောက်၏ အိတ်ထဲသို့ အလွယ်တကူ ထည့်လိုက်ခြင်းပင်။

ထိုခရီးသည် ကိရိယာအား ရှာတွေ့ရန် ရက်အနည်းငယ်လောက် ကြာမည်ဖြစ်ကာ ရှာတွေ့ခဲ့ပါလျှင်လည်း အမှိုက်ဟုသာ ယူဆ၍ လွှင့်ပစ်လိုက်မည်သာဖြစ်သည်။

အစမှ အဆုံးထိ သူ၏ အတွေးသည်ကား ‘သူအဖမ်းခံရလျှင်တောင်မှ ကျိုးဟန်၏ ဘဝကတော့ အဆင်မပြေစေရ’ ဟုသာ ဖြစ်ခဲ့သည်။

ကုကျစ်စုန့် ထိုခရီးသည်၏ တည်နေရာအား အနီးစပ်ဆုံး တွက်ချက်ပေးခဲ့သည်။

ထို့ကြောင့် ဌာနခွဲမှူးသည်လည်း ချက်ချင်း လူလွှတ်ကာ ထိုခရီးသည်အား ရှာဖွေစေခဲ့သည်။

*

All Chapters