အိပ်ယာအောက်မှာ (2)
Vol. 14 Ch. 136
ရဲစခန်းသို့ ရောက်လာပြီးနောက် မောပန်းနေသည့် တာဝန်ကျရဲမေမှ သူမအား ကြည့်ရင်း မေးလာခဲ့သည်။
“မင်္ဂလာပါ၊ ဘာများ ကူညီပေးရမလဲ?”
“ကျွန်မ ရဲခေါ်ချင်လို့ပါ၊ ကျွန်မ အိမ်ထဲမှာ လူဝင်နေလို့ပါ!”
ရဲမေမှ သူမ၏ အခြေအနေနှင့် မည်သို့ ရှာတွေ့သည့်အကြောင်း မေးလာချိန်တွင် သူမအိမ်ထဲမှ ပစ္စည်းများ နေရာရွေ့နေသည့်အကြောင်းနှင့် အခြေားအကြောင်းအရာများအား အလုံးစုံပြောပြလိုက်သည်။
“ကျွန်မရဲ့ အိမ်က အရမ်း အကြီးကြီးမဟုတ်ဘူးလေ၊ ၇၀၊၈၀ စတုရန်းမီတာလောက်ပဲ ရှိတာ၊ အဲဒီထဲမှာ လူတစ်ယောက်ပုန်းနေလို့ ရတယ်လို့လဲ မထင်တော့ ရဲမခေါ်ခဲ့မိဘူး…”
ခုန်ပေါက်နေသော ကြွက်ကလေး၏ စိတ်ထဲတွင်တော့ ကြောက်ရွံ့နေဆဲဖြစ်သော်လည်း သူမသည် အနည်းငယ် တွေဝေတတ်သည်။
သူမသည်ကား ထိခိုက်ဒဏ်ရာမရသကဲ့သို့ အခြား ထူးခြားလွန်းလှသည့် ကိစ္စများ မရှိသည်ကြောင့် ရဲခေါ်ရန် မလိုဟုသာ တွေးခဲ့မိသည်။
ရဲတွေကသာ မည်သည်ကိုမှ ရှာမတွေ့ခဲ့ပါလျှင် အချည်းနှီးသာ ဖြစ်သွားလိမ့်မည်လော?
သူမ၏ အိမ်နီးချင်းများကိုလည်း ရဲခေါ်လိုက်ရခြင်းကြောင့် မထိတ်လန့်စေချင်ပါချေ။ သူတို့ မေးလာလျှင်လည်း ရှင်းပြရ ခက်ချေလိမ့်မည်။
ရဲမေလေးက သေချာ နားထောင်ပြီးနောက် :
“ကျွန်မ ရဲသားတွေနဲ့ ချိတ်ဆက်ပေးပါမယ်၊ မင်း ဒီလို ထူးဆန်းတာတွေ သတိထားမိတည်းက ရဲကို ခေါ်လိုက်သင့်တာ”
တစ်ဖက်မှကုကျစ်စုန့်လည်း ကျန်းရူယွီအား ဖုန်းဆက်ထားလိုက်သည်။
ကျန်းရူယွီသည်လည်း ခုန်ပေါက်နေသော ကြွက်ကလေး နေထိုင်ရာမြို့မှ ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့၏ ဌာနခွဲအား ဆက်သွယ်၍ ပူးပေါင်းဆောင်ရွက်ရန် ပြောထားလိုက်လေသည်။
မကြာလိုက်ပေ။ ရဲသားများက စစ်ဆေးရေးကိရိယာများနှင့်အတူ ခုန်ပေါက်နေသော ကြွက်ကလေး၏ အိမ်သို့ ရောက်ရှိလာကြသည်။
အိမ်ရာအတွင်းသို့ လူစုကာ ဝင်လာသည့်အချိန်တွင် အရိပ်ထဲတွင် စကားစမြည် ပြောနေကြသည့် အိမ်နီးနားချင်းများနှင့်လည်း ဆုံလိုက်ပြန်သည်။
ကြွက်ကလေး၏အနီးတွင် ရဲသားများ ဝိုင်းနေသည်အား မြင်လိုက်ရပြီးနောက် တစ်ယောက်က လှမ်းမေးလိုက်သည်။
“ကောင်မလေး၊ ဘာဖြစ်လို့လဲ?”
“ဘာမှ မဖြစ်ပါဘူး အန်တီ၊ ရဲတွေက ဒီအတိုင်း စစ်စရာလေး ရှိလို့ပါတဲ့”
အန်တီကြီး ယုံမယုံကိုတော့ သူမ မသိ၊ အန်တီကတော့ ယပ်တောင်တစ်ချက်ဝေ့လိုက်ရင်း ဆိုသည်။
“ကျုပ်တို့က ဒီကလေး ကြီးလာတာကို မြင်ခဲ့ရပါတယ်၊ သူက လိမ္မာပြီး လူကြီးတွေကိုလည်း လိုရင် လိုသလို ပစ္စည်းကူသယ်၊ ကူချ လုပ်ပေးတတ်တဲ့ ကလေးမျိုးပါ”
“စကားမစပ် အောက်ထပ်က လူကလည်း သူ့ကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်ဆိုပြီး ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတောင် ပြောနေသေးတယ်”
ခုန်ပေါက်နေသော ကြွက်ကလေးလည်း ရှက်သွားကာ အိမ်ဘက်သို့သာ ဆက်လျှောက်သွားခဲ့သည်။
သူမအိမ်၏ တံခါးအား မြင်လိုက်ရချိန်တွင် စိတ်ထဲ၌ ကြောက်ရွံ့အားငယ်လာကာ အိမ်ထဲမှ မကောင်းသည့် အရာတစ်ခုက သူမ ဝင်သည်နှင့် ဝါးမျိုလိုက်မည်ဟု ခံစားနေခဲ့ရသည်။
သူမ၏ နောက်ကျောမှ ရဲမေလေးက ပုခုံးကို အသာပုတ်ကာ နှစ်သိမ့်သည်။
“စိတ်မလှုပ်ရှားပါနဲ့၊ ငါတို့ မင်းဘေးမှာ ရှိတယ်”
တံခါးဖွင့်လိုက်ချိန်တွင် ဧည့်ခန်းသည်လည်း ဗလာနတ္ထိဖြစ်နေကာ အိမ်ထဲတွင်လည်း လူတစ်ယောက်မှမရှိပေ။
ရဲသားများက ထောင့်စေ့အောင် ရှာဖွေခဲ့သော်ငြား လူတစ်ယောက်မှ မတွေ့ရပေ။ ကုကျစ်စုန့် မှား၍ တွက်ချက်မိသလားဟုပင် တွေးလိုက်မိသည်။
သို့သော် မကြာလိုက်ပါ။ တာဝန်ကျ ရဲအရှာရှိများက တစ်ခုခုအား တွေ့သွားခဲ့သည်။
“ဒီမှာ ကင်မရာတစ်ခုရှိနေတယ်၊ အိပ်ခန်းတံခါးဘက်ကို လှည့်ထားတာ”
ကင်မရာသည်ကား စင်ပေါ်မှ အရုပ်တစ်ခုအတွင်း၌ ထည့်သွင်းထားကာ အရုပ်၏ မျက်လုံးများမှ တစ်ဆင့် သူမ၏ အိပ်ခန်းအား အတိုင်းသား မြင်တွေ့နေရသည်။
ထိုအချိန်မှ စ၍ တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်းမှ မှတ်ချက်များသည်လည်း ကျွတ်ကျွတ်ညံအောင် ဆူညံနေခဲ့သည်။
ထို့အပြင် ရဲသားများက နောက်ထပ် ကင်မရာ ၃ခု ထပ်မံ ရှာတွေ့ခဲ့သည်။ တစ်ခုသည်ကား ရေချိုးခန်းထောင့်မှ ရေပိုက်အနီးတွင် ဖြစ်ကာ ကျန်တစ်ခုသည် အိပ်ခန်းနှင့် မီးဖိုအတွင်းမှ ဖြစ်သည်။
လက်မခန့်သာ ရှိသည့် ကင်မရာများအား ကြည့်ရင်း သူမရင်ထဲတွင် တုန်လှုပ်ကာ မျက်နှာသည်လည်း သွေးဆုတ်လာခဲ့သည်။
သူမ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ချိုးဖောက်ခံရကာ ဤအိမ်အတွင်း နေထိုင်စဉ် သူမဘဝတစ်ခုလုံးသည်လည်း သူစိမ်းများ စောင့်ကြည့်ခံနေရကြောင်း သိလိုက်ရချိန်တွင် သူမ တစ်ကိုယ်လုံး မသိုးမသန့်ဖြစ်နေရသည်။
ထို့အပြင် ရဲသားများက ခုတင်အောက်တွင် ကျန်ခဲ့သည့် ထိုနှာပူး၏ ဆံပင်နှစ်ချောင်းနှင့် အိပ်ရာဘေးမှ သစ်သားပေါ်တွင် ကျန်ရစ်ခဲ့သည် လက်ဖဝါးအရာတစ်ဝက်အား ရှာတွေ့ခဲ့သည်။
ဆံပင်မွှေးများအား DNA စစ်လိုက်လျှင် တရားခံအား ရှာတွေ့နိုင်မည်ဖြစ်သော်လည်း အချိန်တစ်ခုတော့ ကြာမြင့်မည်ဖြစ်သည်။
ရဲသားများ မျက်စိလည်သွားရသည့် အချက်မှာ ထိုလက်ဖဝါးအရာသည် အင်မတန် သေးငယ်လွန်းလှသည်။ ရဲမေ၏ လက်ဖဝါးထက်ပင် သေးငယ်ကာ ကလေးလက်ကဲ့သို့ ဖြစ်နေသည်။
ရဲသား: “မင်းရဲ့အိပ်ရာဘေးက ခွက်ထဲမှာ အမှုန့်လေးတွေ နည်းနည်းကျန်နေတယ်၊ အဲဒါ အိပ်ဆေးပဲ ဖြစ်ရမယ်”
“မင်းအနားက လူတွေထဲက သံသယရှိတဲ့သူရော ရှိလား?”
ခုန်နေသော ကြွက်၏ ခေါင်းထဲတွင်တော့ ဗလာနတ္ထိပင်:
“ကျွမ်မ မသိဘူး.. မိဘတွေကလည်း တစ်လကျော်လောက်ကမှ အိမ်ပြန်သွားတာ၊ ချစ်သူလည်း မရှိသလို အိမ်ကိုလည်း ဘယ်သူ့ကိုမှ ခေါ်မလာဖူးပါဘူး”
ထိုအချိန်တွင် တစ်ချိန်လုံး အသံတိတ်နေခဲ့သော ကုကျစ်စုန့်မှ ရုတ်တရက် စကား ထပြောလိုက်သည်။
သူမက အရှေ့မှ စားပွဲပေါ်တွင် ဝါးတုတ်ချောင်းကတ်လေးများ ချထားပြီး တစ်ကတ်ချင်းစီ၌ ရှေးခေတ်တောက်စကားလုံးများ ထွင်းထားသည်။
ထိုကတ်များသည်ကား သူမ ကိုယ်တိုင် ပြုလုပ်ထားသည့် ကတ်များဖြစ်ပြီး ဆင်တူယိုးမှားမရှိပေ။
ရှေးအကြွေစေ့များက ဗေဒင်ဟောရန်တွင်သာ ပို၍ သင့်တော်ပြီး ဝါးကတ်များကတော့ ရွေးချယ်စရာလည်း များကာ ပို၍ အသေးစိတ်ဆန်ခြင်းကြောင့် ကိုယ်နှင့် နီးစပ်သူများ ရှာဖွေရန် အသင့်တော်ဆုံးပင်ဖြစ်သည်။
“အဲဒီ ဆံပင်နဲ့ ကင်မရာကို လက်ထဲမှာ ကိုင်ထားပြီးတော့ ဝါးကတ် သုံးကဒ်ရွေးလိုက်”
တစ်ချို့ ကြည့်ရှုသူများကတော့ ဝေဖန်ကြသည်။
[ရယ်ရလို့သေတော့မယ်၊ ထူးဆန်းလိုက်တာ၊ သူမက ရဲရှေ့ကိုသွားပြီး ဗေဒင်ဟောရင် လိမ်လည်မှုနဲ့ အဖမ်းခံရမှာကို မကြောက်ဘူးလား?]
ခုန်ပေါက်နေသော ကြွက်ကလေး ရွေးချယ်ပြီးနောက် ကုကျစ်စုန့် တစ်ခုချင်းစီ အဓိပ္ပာယ်ကောက်တော့သည်။
“ဒီလူက မင်းကို သတ်ချင်တာ၊ ဒါပေမယ့် မင်းကို မုန်းလို့တော့ မဟုတ်ဘူး၊ သူ့မှာက နက်ရှိုင်းပြီး ထူးဆန်းတဲ့ လိုအင်တစ်ခုရှိတယ်၊ မင်းအပေါ်မှာတော့ အမြင်ကြည်တယ်လို့ ပြောလို့ရတယ်”
“အဲဒီလူက မင်းနဲ့ နီးစပ်တဲ့လူပဲ၊ သူစိမ်းမဟုတ်ဘူး၊ မင်းက သူနဲ့ အရင်က တွေ့ဖူးတယ်၊ သူက မင်းနောက်ကို အကြောင်းရင်းမဲ့ လိုက်တာတော့ မဟုတ်ဘူး၊ အသက်လည်း မငယ်တော့ဘူး၊
၄၀ ဝန်းကျင်ထဲကပဲ၊ အရင် မင်းနဲ့ မတွေ့ဖူးခင်က ထောင်ကျဖူးတယ်၊ သူ အရင်က လူသတ်ခဲ့ဖူးတယ်”
“သူ့မှာ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက် ဒါမှမဟုတ် ထူးဆန်းတဲ့ ရောဂါမျိုး ရှိလိမ့်မယ်၊ အဲဒါက သူ့ကို သိမ်ငယ်ပြီး နိမ့်ကျတယ်လို့ ခံစားရစေတယ်၊ သူ့ရင်ထဲမှာ အမုန်းတရားနဲ့ မကောင်းတဲ့ စိတ်တွေပဲ ရှိပြီး အမှိုက်ပုတ်နံ့ထွက်နေတယ်၊
ဒါပေမယ့် သူက အပေါ်ယံမှာ ဟန်ဆောင်ကောင်းလွန်းတယ်၊ ရိုးသားပွင့်လင်းယောင်ဆောင်တဲ့နေရာမှာလည်း ပညာရှင်ပဲ၊ မင်းက သူ့ကို သနားစရာကောင်းတဲ့ လူကောင်းတစ်ယောက်လို့တောင် တွေးမိလိမ့်မယ်”
ဝါးကတ်များ၏ အဖြေအား ပြောပြပြီးနောက် ကုကျစ်စုန့် မော့ကြည့်လိုက်သည်။
“သေသေချာချာ စဉ်းစားကြည့်ပါဦး၊ မင်းနဲ့ မကြာခဏတွေ့တဲ့လူတွေထဲမှာ အဲ့လိုမျိုးရှိလား?”
သူမ အကြာကြီးစဉ်းစားနေခဲ့သော်လည်း မည်သူဖြစ်လိမ့်မည်ကို တွေး၍မရခဲ့ပေ။
သို့သော် သူမ ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာပြီးနောက် ခေတ္တ တွေဝေသွားခဲ့သည်။
“ကျွန်မတို့ အိမ်နီးနားချင်းတွေထဲက ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတာဆိုရင်တော့ တစ်ယောက်ပဲရှိတယ်…”
သူမ၏ စကားအရ သူမနေထိုင်သည့် အခန်း၏ အောက်ထပ်တွင် နေထိုင်သူမှာ လွန်ခဲ့သည့် နှစ်ကမှ ပြောင်းလာသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်သည်။
ထိုလူသည် မျက်နှာတွင်လည်း အရေးအကြောင်းများရှိကာ ဆံပင်ဖြူနေခဲ့သော်လည်း အရပ်ကတော့ တစ်မီတာ (သုံးပေကျော်)ခန့် သာ ရှိသည်။ သူသည်ကား လူပုလေးကဲ့သို့ ပိန်ပါးသေးသွယ်ကာ တစ်ကိုယ်တည်း သမားဖြစ်သည်။
သူ စ၍ ပြောင်းရွှေ့လာချိန်တွင် တစ်ယောက်နှင့်တစ်ယောက် မတွေ့ကြသေးပေ။
တစ်နေ့ ဓာတ်လှေကားထဲတွင် တစ်ကြိမ်တွေ့ဆုံချိန်၌ ထိုလူကိုင်ထားသည့် အိတ်က ပေါက်ပြဲကာ အိတ်ထဲမှ ပစ္စည်းများလည်း ပျံ့ကြဲထွက်သွားခဲ့သည်။ ခုန်ပေါက်နေသော ကြွက်ကလေးမှ သူ့အား ပစ္စည်းများ ကူကောက်ပေးပြီးနောက် သူမတွင်ပါသော အိတ်နှင့်ပင် ထည့်ပေးလိုက်သည်။
ထိုအဖြစ်အပျက်ကြောင့် သူတို့ ရင်းနှီးလာကာ အချင်းချင်း တွေ့လျှင် နှုတ်ဆက်လေ့ရှိကြသည်။
ထို့အပြင် အိမ်ရာထဲ၌ သက်ကြီးရွယ်အိုများအား ကူညီဖေးမပေးသည့် အစီအစဉ်များ ပြုလုပ်တိုင်း ခုန်ပေါက်နေသော ကြွက်ကလေးသည် အမြဲပါဝင်လေ့ရှိသည်။
သွားသည့်အချိန်တိုင်းတွင်လည်း ထိုအိမ်နီးနားချင်းထံသို့ ဆန်၊ပြောင်းနှင့် ဆီများ ယူဆောင်သွားတတ်သည်။
ထိုလူ၏ အတိတ်ကိုတော့ သူမ မသိခဲ့ပေ။
“ခုနက တွေ့တဲ့ လက်ဖဝါးရာကလည်း ကလေးလက်လို သေးသေးလေး မဟုတ်ဘူးလား?”
သူတို့ အောက်ထပ်ကို ဆင်းကာ ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
သို့ရာတွင် သူတို့ တံခါးခေါက်သော်လည်း ပြန်လည် ဖြေကြားခြင်းမရှိချေ။ အတွင်းမှ လှုပ်ရှားသံကိုလည်း မကြားရပေ။
“ဘယ်သူမှ မရှိဘူးလား?”
ကုကျစ်စုန့် မျက်မှောင်ကြုတ်ကာ စကားစသည်။
“ရှာဖို့တောင် မလိုတော့ပါဘူး၊ တရားခံက တကယ်ကို အဲဒီလူပါပဲ”
သေဆုံးမှုလေငွေ့က ထိုတံခါးဝမှ လျှံထွက်နေကာ ကင်မရာများ၊ ဖုန်းများ၏ မျက်နှာပြင်မှ တဆင့် သူမ ထိုတံခါးကြားမှ စိမ့်ထွက်လာနေသည့် မီးခိုးရောင် မြူခိုးများအား မြင်တွေ့နေရသည်။
ရဲများသည်ကား ပုံမှန်ဆိုလျှင် ဖမ်းဝရမ်း သို့ သက်သေ မရှိပါဘဲနှင့် ရှာဖွေခွင့် မရှိသော်ငြား ယခုတစ်ကြိမ်တွင် ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့၏ အကူအညီဖြင့် အိမ်တံခါးကို သော့ဖွင့်ကာ ဝင်ရောက်ခဲ့ကြသည်။
သူတို့ တံခါးမှ ဝင်လိုက်သည်နှင့် ပြင်းပြင်းထန်ထန် စူးရှလွန်းသော ဆပ်ပြာအနံ့အား ရလိုက်ပြီး သာမန် လူနေအိမ်နှင့်မတူပေ။
အခန်းထဲတွင် လူတစ်ယောက်မျှမရှိနေခဲ့။
သို့သော် မီးဖွင့်လိုက်ချိန်တွင် ကျောရိုးများထဲထိ အေးစိမ့်သွားခဲ့သည်။
အိမ်ထဲတွင် ‘ဆေးဝိုင်ပုလင်း’ပေါင်းများစွာနှင့် အကြည်ရောင် မွေးမြူရေးသေတ္တာအမြောက်အမြားတင်ထားသည့် စင်ရှည်ကြီး နှစ်တန်းအား မြင်တွေ့လိုက်ရခြင်းကြောင့်ပင်။
**