အိပ်ယာအောက်မှာ(3)
Vol. 14 Ch. 137
အိမ်တွင်းတွင် မြွေနှင့် ပိုးမွှားအသေများအား ဆေးစိမ်ထားသော ပုလင်းများ၊ ပုတ်သင်ညိုနှင့် ပင့်ကူအရှင်များ မွေးထားသည့် မွေးမြူရေးသေတ္တာများနှင့် ပြည့်နေကာ မြင်ရသူတိုင်း ကျောချမ်း၊ကြက်သီးထသွားစေနိုင်သည်။
သူ၏ မီးဖိုချောင်တွင်လည်း အင်မတန်ထက်မြိနေသော ဓားများ၊ လွှများကို ပြသထားကာ အမျိုးအမည် စုံလွန်း၍ ထိတ်လန့်ဖွယ်ပင် ကောင်းလှသည်။
ခုန်ပေါက်နေသော ကြွက်ကလေးလည်း နောက်ဆုံးတော့ သူမသည်ကား သေတွင်းနှုတ်ခမ်းဝတွင် လမ်းလျှောက်နေခဲ့မိကြောင်း ပို၍ သဘောပေါက်သွားသည်။
သူမ၏ဘေးတွင် ရဲသားများနှင့် သူမ၏ဖုန်းတွင် သန်းပေါင်းများစွာသော ကြည့်ရှုသူများနှင့်သာ ချိတ်ဆက်မထားပါဘူးဆိုပါက သူမ ယခုချိန်တွင် ပုံလဲကာ အော်ငိုနေမိလိမ့်မည်။
ရဲသားများသည် ထိုသက်ကြီးပုလူသား၏ အိပ်ခန်းထဲတွင် ခုန်ပေါက်နေသော ကြွက်၏ ဓာတ်ပုံမြောက်များစွာကိုလည်း ရှာတွေ့ခဲ့သည်။
တချို့ပုံများသည် အိမ်တွင် ရိုက်ထားသော ပုံများဖြစ်ပြီး တချို့ကတော့ သူမ အိမ်ရာတွင် ကူညီရေးလုပ်နေသည့် အချိန်များက ချောင်းရိုက်ထားသော ဓာတ်ပုံများဖြစ်ကြသည်။
သူ့အိမ်မှ ကွန်ပြူတာထဲတွင် ဗီဒီယိုများစွာလည်း ရှိသေးသည်။
ထိုလူ၏ လက်ရေးအား မြင်တွေ့ရပြီးနောက် ကုကျစ်စုန့်မှ သူနှင့် ပတ်သတ်သော အချက်အလက်များအား ပို၍ အသေးစိတ် ကောက်ချက်ချနိုင်ကာ ထိုသူ ထွက်ပြေးသွားပြီးဖြစ်ကြောင်းလည်း သိလိုက်ရပြီးဖြစ်သည်။
အစကတော့ သူ သံသယမဝင်သေး။ ‘ခုန်ပေါက်နေသောကြွက်ကလေး’ဆိုလာသော အသံအား ကြားလိုက်ရချိန်တွင် သူရင်တုန်သွားသောငြား ဟောပြောသူက အိမ်တွင် ‘သရဲ’ရှိသည်ဟု ပြောစကားကို ကြားလိုက်ရသည်။
ကုကျစ်စုန့်မှ အိမ်ထဲရှိ ပစ္စည်းများ နေရာရွေ့နေရခြင်းသည် သရဲခြောက်ခြင်းကြောင့်ဖြစ်သည်ဟု ပြောလိုက်ချိန်တွင် သက်ကြီးပုလူသားက စိတ်ချသွားကာ အနည်းငယ်လည်း မခန့်လေးစားဖြစ်သွားသည်။
ကုကျစ်စုန့်သည် ဆရာယောင်တစ်ဦးဖြစ်သည်ဟု ခံစားလိုက်ရပြီးနောက် ခုန်ပေါက်နေသော ကြွက်ကလေးအား အိမ်ပြန်မည့်လက်မှတ်အား ငွေပြန်အမ်းခိုင်းလိုက်ချိန်တွင် သူစိတ်ချလက်ချဖြစ်သွားကာ သူမ ထွက်သွားတော့လည်း အေးအေးဆေးဆေးပင်။
သို့သော် ‘ခုန်ပေါက်နေသောကြွက်ကလေး’ထွက်သွားသည်မှာ ကြာလွန်းပြီဖြစ်တာကြောင့် သူသံသယဝင်လာခဲ့သည်။
ထို့နောက် အိမ်ရာဝင်း၏ အဝင်တံခါးဝမှ ရဲများဝင်လာသည်ကို ခပ်လှမ်းလှမ်းကတည်းက ပြတင်းပေါက်မှ မြင်လိုက်ရသည်ကြောင့် ထွက်ပြေးသွားခဲ့သည်။
ဤအချိန်တွင် လုပ်ဆောင်ရန် ကျန်သည့် တစ်ခုတည်းသော အရာမှာ ထွက်ပြေးသွားသော လူပုအား ဖမ်းဆီး၍ ခုန်ပေါက်နေသော ကြွက်ကလေးအတွက် တရားမျှတမှုပြန်ယူပေးရန်သာဖြစ်သည်။
ခုန်ပေါက်နေသော ကြွက်ကလေးလည်း ကုကျစ်စုန့်အား ကျေးဇူးတင်စကားဆိုကာ တိုက်ရိုက်ထုတ်လွှင့်မှုမှ ထွက်ခွာသွားတော့သည်။
နေ့လည်ခင်းလည်း ရောက်ပြီဖြစ်သောကြောင့် ကုကျစ်စုန့် အိမ်၏ ယင်၊ယန်ဖွဲ့စည်းပုံအား သိချင်သော ကြည့်ရှုသူအချို့၏ ဖုန်းရွှေနှင့် အိမ်တွင်းအလှဆင်ခြင်းတို့အား ဆက်ကြည့်ပေးနေခဲ့ပြီး မနက်ခင်းအတွက် တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားခဲ့သည်။
သူမ ဖုန်းမရသေးခင်ထိ မမြင်ရသေးသော်ငြား မနက်ခင်းအစီအစဉ်သည်လည်း ထိပ်တန်းရှာဖွေမှုထဲသို့ ရောက်နှင့်နေပြီးဖြစ်သည်။
ထိုအထဲတွင် ‘ခုန်ပေါက်နေသောကြွက်ကလေး’၏ ပြဿနာသည်က ထိပ်တန်းရှာဖွေမှု၏ ပထမအဆင့်သို့ ခုန်တက်သွားခဲ့သည်။
တချို့လူများကတော့ အစီအစဉ်၏ ပွင့်လင်းတိကျမှုအား မေးခွန်းထုတ်လာကြသည်။
မည်သို့ဖြစ်ပြီး ကုကျစ်စုန့် တိုက်ရိုက် ထုတ်လွှင့်ချိန်တွင် အချိန်ကိုက်ဖြစ်လွန်းကာ ထိုတရားခံက နစ်နာသူ၏ အိပ်ရာအောက်ကို ရောက်နေရပါသနည်းဟု မေးခွန်းထုတ်လာကြသည်။
ဇာတ်ညွှန်းရေးထားသည်ဟုလည်း သံသယဝင်လာကြသည်။
သို့သော် ရဲသားများပါ ပါဝင်လာပြီးနောက် ဝေဖန်သူတချို့ကတော့ နောက်ဆုတ်သွားကြသည်။
ကျန်းရူယွီကတော့ ထိုအဖြစ်အပျက်၏ နောက်ဆက်တွဲရလဒ်များအား သူမထံသိုး ပို့ထားပေးခဲ့သည်။
ပတ်ပတ်လည်ဧရိယာသည်ကား လုံခြုံရေးအစောင့်များ ရှိသည်ကြောင့် လူပုမှာ အဝေးသို့ မပြေးနိုင်ခင် အဖမ်းဆီးခံလိုက်ရသည်။
ဒေသခံရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ အိမ်ရာဝင်းထဲတွင် နေထိုင်စဉ် သူအသုံးပြုထားသော အမည်နှင့် အခြားအချက်အလက်များသည် အတုများသာဖြစ်သည်။
ထိုလူသည်ကား အသက် ၄၇နှစ်ရှိပြီဖြစ်သည်။ ကုကျစ်စုန့် ခန့်မှန်းသကဲ့သို့ သူသည် ၁၉နှစ်အရွယ်က အကြံအစည်ရှိရှိ လူသတ်ဖြတ်မှုနှင့် ထောင်ကျထားသူဖြစ်သည်။
ပြန်လည်ပြုပြင်ရေးနှင့် လေ့ကျင့်မှုများ ပြီးဆုံးပြီးနောက် ယမန်နှစ်ကမှ ထောင်က ထွက်လာခြင်းဖြစ်သည်။
သူသတ်ဖြတ်ခဲ့သူမှာ တစ်ရွာတည်းသူ မိန်းမငယ်လေးတစ်ဦးဖြစ်ခဲ့သည်။
ထိုမိန်းကလေး၏ မိသားစုနှင့် လူပု၏ မိသားစုတို့သည် သူငယ်ချင်းဟောင်းများဖြစ်ခဲ့ကြသည်။ သူငယ်ရွယ်စဉ် ကြီးထွားမှုမရပ်တန့်ခင်တွင် သူတို့နှစ်ဦးအား မိဘချင်း သဘောတူထားကြသည်။
နောက်ပိုင်း သူ ဆယ်ကျော်သက်အရွယ်ခန့်တွင် သူသည်ကား ရွယ်တူများထက် အရပ်ပုနေခဲ့သည်။ ဆေးရုံသို့ သွားကာ စစ်ဆေးမှုရယူပြီးချိန်တွင် သူသည် ဟော်မုန်းများနှင့် မျိုးရိုးဗီဇတွင် ပြဿနာရှိနေသောကြောင့် တစ်သက်လုံး အရပ်ရှည်တော့မည်မဟုတ်ကြောင်း သိလိုက်ရသည်။
မိဘချင်း သဘောတူညီထားသည့် စေ့စပ်ပွဲသည်လည်း တစ်ခန်းရပ်ကာ ပြတ်ဆဲသွားခဲ့သည်။
သူက ငယ်စဉ်ကတည်းက အရပ်ပုသောကြောင့် ရွာထဲတွင်လည်း အမြဲ တစေ အနိုင်ကျင့်ခံခဲ့ရသည်။
သူ့ကိုယ်သူ အားငယ်စိတ်ဝင်ကာ လောကကြီးကိုလည်း စိတ်ကုန်နေခဲ့သည်။
သူ၏ လက်ထပ်ပွဲပျက်သွားပြီးနောက် မိသားစုကလည်း သူ့အား အထင်သေး၊မနှစ်မျို့ဖြစ်နေသည်ဟု ခံစားရကာ မိန်းကလေးအား မုန်းတီးနေခဲ့မိသည်။
နောက်ပိုင်းတွင် ထိုမိန်းကလေးက ချစ်သူရပြီးနောက် လက်ထပ်ရန် စကားစ,နေသည့်အချိန်တွင် သူ့ထံ၌ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံလိုက်ရပြီးနောက် သူလည်း ထောင်ကျသွားခဲ့သည်။
သူ ထောင်ကလွတ်လာပြီးနောက် ယခင်ထက် ပို၍ ရက်စက်လာခဲ့သည်။ သို့သော် သူသည်ကား ပို၍လည်း ဟန်ဆောင်ကောင်းလာသည်။ ရိုးရှင်းကာ ကြင်နာတတ်သည့် လူများနေထိုင်သည့် အိမ်ရာဝင်း၌ ရောနှောနေခဲ့သည်။
သူ ခုန်ပေါကာနေသော ကြွက်ကလေးအပေါ်သို့ မျက်စိကျသွားရသည့် အကြောင်းရင်းမှာ ထိုမိန်းကလေးက သူ့အား ဓာတ်လှေကားထဲတွင် ကူညီခဲ့ကာ ကြင်ကြင်နာနာပြုံးပြခဲ့ခြင်းကြောင့်ပင် ဖြစ်ချေသည်။
မိန်းကလေးသည် အင်မတန်ကြင်နာတတ်သည်ဟု ခံစားလိုက်ရပြီးနောက် ထိုအချိန်မှ စ၍ သူ ခုန်ပေါက်နေသော ကြွက်ကလေးအား ချောင်း၍ ကြည့်တတ်သည်။
ထို့အပြင် မိန်းမငယ်လေးက သူ့အား အထင်မသေးသည့်အပြင် ကူညီတတ်သောကြောင့် သူ့စိတ်ထဲတွင်တော့ ထိုကောင်မလေးမှ သူ့ကို ကြိုက်နှစ်သက်၊ စိတ်ဝင်စားနေသည်ဟု ထင်သွားတော့သည်။
ခုန်ပေါက်နေသော ကြွက်ကလေးတို့ မိသားစုက ခြေသုတ်ခင်း၏ အောက်တွင် သော့အပိုတစ်ချောင်းထားလေ့ရှိသည်ကိုလည်း သိထားကာ သူ့အတွက် သော့အပိုတစ်ချောင်း ပွားထားလိုက်လေသည်။
လွန်ခဲ့သည့် တစ်လခန့်က လူကြီးများ ရွာပြန်သွားချိန်တွင် သူ့အတွက်တော့ အခွင့်အရေးရသွားခဲ့သည်။
သူက သူ၏ အရပ်အား အခွင့်ကောင်းယူကာ မထင်မှတ်နိုင်သည့် နေရာများတွင် ခွေခေါက်ပုန်းနေတတ်သည်။
ဥပမာအားဖြင့် ကြောင်အိမ်၊ သေတ္တာများနှင့် အိပ်ရာအောက်ကဲ့သို့ နေရာများပင်ဖြစ်သည်။ သူက သူမအား စိတ်ပိုင်းဆိုင်ရာ ဖျက်ဆီးရန်အတွက်လည်း တမင် အသံပြုလေ့ရှိသည်။
မိန်းမငယ်လေး စိတ်များ ပို၍ ထွေပြားကာ ကြောက်လာလာလေ၊ သူ့ကိုယ်သူ ဂုဏ်ယူလေ ဖြစ်သည်။
ပူးပူးဆိုသော ကြောင်လေးက သူ့အား မြင်တွေ့နေရသည်ကြောင့် စိတ်ရှုပ်ထွေးနေပုံပေါ်သည်။
သူ့အတွက်လည်း ထိုကြောင်က လမ်းရှုပ်နေသောကြောင့် သူကိုယ်တိုင် ပြတင်းပေါက်မှ ပစ်ချခဲ့ခြင်းပင်။
ခုန်ပေါက်နေသော ကြွက်ကလေးသည် ကြောက်လန့်လွန်းသောကြောင့် အမေတို့ရှိရာ ရွာသို့ပြန်ရန် ဖုန်းဆက်နေချိန်တွင် သူမ မိခင်၏ အသံကျယ်ကျယ်ဖြင့် ပြောစကားကို သူကြားလိုက်ရသည်။
“မလာတာလဲ ကြာပြီဆိုတော့ လာလိုက်တာ ကောင်းပါတယ်၊ ခဏလောက်တော့ နေလိုက်ဦးပေါ့၊ မင်းလည်း အသက်ပဲ ၂၅နှစ်ရှိနေပြီ၊ ရည်းစားကလည်း တစ်ယောက်မှ မရှိသေးဘူး၊ မင်း ရွာပြန်လာရင် ကြင်ဖက်တွေ့ကြည့်လို့ရအောင် အမေ ကောင်လေးတွေ ရှာထားပေးမယ်”
‘ကြင်ဖက်တွေ့ရန်’ဆိုသော စကားအား ကြားလိုက်ရချိန်တွင် သူဒေါသူပုန်ထသွားသည်။
သူသည်ကား ခုန်ပေါက်နေသော ကြွက်ကလေ့အား သူ့အပိုင်ဟု သတ်မှတ်ထားပြီးဖြစ်ချေသည်။
ထို့နောက် လွန်ခဲ့သော နှစ်(၂၀)က သူနှင့် လက်ထပ်ပွဲဖျက်ခဲ့သော မိန်းကလေးအား ပြန်လည်သတိရလိုက်သည်။
ထိုအချိန်က သူခံစားခဲ့ရသော အရှက်ကွဲခြင်းနှင့် သူ့အရပ်ကြောင့် အထင်သေးသော သူစိမ်းများ၏ အကြည့်များကိုလည်း ပြန်မြင်ယောင်လာခဲ့သည်။
ခုန်ပေါက်နေသော ကြွက်ကလေးသည်လည်း မဖြူစင်တော့ဟု ခံစားလိုက်ရပြီးနောက် လွန်ခဲ့သော နှစ်၂၀မှ မိန်းကလေးကဲ့သို့ သူမအား သတ်ရန် ဆုံးဖြတ်လိုက်သည်။
သက်ကြီးပု၏ ပြစ်မှုကျုးလွန်ရသည့် အကြောင်းရင်းအား ကြားရပြီးနောက် ကုကျစ်စုန့် ပြောစရာစကားပင် မရှိတော့ချေ။
“အဲဒီကောင် ရူးနေတာပဲဖြစ်ရမယ်”
ကျန်းရူယူလည်း သက်ပြင်းချကာ ဆိုသည်။
“အဲဒီလူက တကယ်လည်း စိတ်မမှန်ဘူး။ အခုအဖြစ်အပျက်ပြီးတော့ အထက်လူကြီးတွေက သူ့ကို အန္တရာယ်ရှိဆဲလူလို့ပဲ သတ်မှတ်ပြီး ပြန်လွှတ်မပေးခဲ့သင့်ဘူးလို့ ဆုံးဖြတ်လိုက်တယ်၊ သူ့ကို ပြန်ပြီး စစ်ဆေးမှုပြုလုပ်ရမယ်၊ စစ်ဆေးမှုသာ ချောချောမွေ့မွေ့ပြီးသွားမယ်ဆိုရင် သူ ထောင်ထဲကို ပြန်ဝင်ရလိမ့်မယ်၊ ဒါပေမယ့် ဒီတစ်ခါတော့ ပြန်ထွက်လာလို့ ရတော့မှာ မဟုတ်ဘူး”
“အဲဒီကောင်မလေးက မမျှမတခံစားခဲ့ရတာ၊ အခုလိုမျိုး ကိစ္စဖြစ်ပြီးနောက် စိတ်ဒဏ်ရာနဲ့ အရိပ်မည်းတော့ ကျန်ခဲ့မှာပဲ”
ကုကျစ်စုန့်: “အပြစ်ဒဏ်ကလည်း ပေါ့လွန်းလိုက်တာ”
ထိုကဲ့သို့ လူ့အမှိုက်မျိုးအတွက် တစ်သက်လုံးအချုပ်ကျနေခြင်းကပင် ပေါ့လျော့လွန်းသည့် အပြစ်ဖြစ်သည်။
ဖုန်းချလိုက်ပြီးနောက် ကုကျစ်စုန့် လွန်ခဲ့သည့်နှစ်(၂၀)က ထိုလူပု သတ်ဖြတ်ခဲ့၍ သေဆုံးခဲ့ရသော မိန်းကလေး၏ အချက်အလက်များအား ရှာဖွေရန် ပြင်လိုက်သည်။
ထိုကောင်မလေးသာ ပြန်မဝင်စားသေးပါက သူမ သေဆုံးသူအတွက် လမ်းကြောင်းဖွင့်ပေးရန် စဉ်းစားထားသည်။ ထိုမှသာ မိန်းကလေး၏ ဝိဉာဉ်သည် ပြန်မဝင်စားခင်ထိ လူပု၏ အိပ်မက်ထဲသို့ နေ့တိုင်း သွားကာ ခြောက်လှန့်၍ လက်စားချေနိုင်မည်ဖြစ်သည်။
သူမ နားနေဆောင်ထဲတွင် ထိုင်၍ တွက်ချက်နေစဉ် အခန်းထဲတွင် မှောင်မည်းနေသော တစ္ဆေတံခါးဝတစ်ခု ပွင့်လာပြီးနောက် တစ်ခန်းလုံးလည်း ထိုင်းမှိုင်းခြောက်ခြားဖွယ် အငွေ့အသက်များ ဖုံးလွှမ်းသွားသည်။
ကုကျစ်စုန့်: “???”
သူမ ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် အမည်းရောင်ဝတ်ရုံနှင့် အရာရှိဦးထုပ်ဆောင်းထားကာ တစ်စုံတစ်ယောက်က ကြောက်မက်ဖွယ်မျက်နှာဖြင့် သရဲတစ္ဆေတစ်စုအား ဆွဲခေါ်လာသည်ကို တွေ့လိုက်ရသည်။ သူသည် အနက်ရောင် ဝိညာဉ်လမ်းပြအရာရှိ ဖန်းဝူကျို့ပင်ဖြစ်ချေသည်။
သူမ မတ်တပ်ရပ်ကာ ဖန်းဝူကျို့အား အရိုအသေပြုလိုက်သည်။
“ဘယ်လိုအကြောင်းကြောင့်များ ယင်အရာရှိက ကျွန်မဆီကို အလည်လာရတာပါလဲ?”
ဖန်းဝူကျို့ ရုတ်တရက် အသိလွတ်ကာ ပြောလိုက်မိသည်။
“မင်းက တော်တော်လေး အရည်အချင်းရှိတဲ့ တောက်ကျန့်တစ်ယောက်ပဲ၊ အခုရက်ပိုင်းအတွင်းမှာကို မင်း မကောင်းတဲ့ဝိဉာဉ်တွေ တော်တော်များများ ဖမ်းထားနိုင်တာပဲ၊ ယမမင်းနန်းတော်က လူအိုကြီးတွေလည်း အရမ်းကို သဘောကျနေကြတယ်”
ကုကျစ်စုန့်၏ မျက်ဆံနက်နက်များအား စိုက်ကြည့်နေရင်း အသားဖြူဖြူ၊ ခပ်ဝဝ အရာရှိငယ် ချောင်းဟန့်လိုက်သည်။
“ဘယ်လိုပြောရမလဲဆိုတော့ တစ်ခါတစ်လေကျရင် သူများတွေရဲ့ ကိစ္စကို အရမ်း ဝင်မပါ,ပါနဲ့၊ မင်းက ဒီနေ့ စည်းမျဉ်းတွေထဲက ဟာကွက်ကို အသုံးချသွားတာဆိုပေမဲ့ နောက်ထပ်သာ ထပ်ရှုပ်မိမယ်ဆိုရင်တော့ စည်းမျဉ်းဥပဒေကို ချိုးဖောက်ရာ ကျသွားလိမ့်မယ်”
ဖန်းဝူကျို့ ဆိုလိုသည်မှာ ခုန်ပေါက်နေသော ကြွက်ကလေး၏အကြောင်းပင်ဖြစ်သည်။
ကုကျစ်စုန့်ကြောင့်သာ မဟုတ်ပါလျှင် ထိုမိန်းကလေးသည်ကား ယခုအချိန်တွင် သေဆုံးနေပြီးဖြစ်သည်။
သို့သော် မိန်းကလေး၏ ဘဝသက်တမ်း ပြောင်းလဲသွားသောကြောင့် မြေအောက်ကမ္ဘာမှ သေဆုံးရှင်သန်ခြင်း စာအုပ်သည်လည်း ပြောင်းလဲသွားခဲ့သည်။
သူမ၏ သက်တမ်းသည်လည်း ပို၍ ရှည်သွားပြီဖြစ်သည်။
သို့သော် ကုကျစ်စုန့်မှ ဗေဒင်ဟောနေရုံသာဖြစ်ပြီး နောက်ဆက်တွဲစုံစမ်းခြင်းနှင့် ဖမ်းဆီးခြင်းတို့သည် ပြင်ပကမ္ဘာ၏ တရားဝင်အဖွဲ့အစည်းများက လုပ်ဆောင်ခြင်းဖြစ်သောကြောင့် စည်းမျဉ်းများ၏ စွမ်းအင်သည် သူမအား တန်ပြန်သက်ရောက်မှုမရှိခဲ့ပေ။
ကုကျစ်စုန့် ပြန်မပြောနိုင်ခင်မှာပင် ဖန်းဝူကျို့ သက်ပြင်းဖွဖွချရင်း မကောင်းမှုဝိဉာဉ်တစ်သိုက်အား လည်ပင်းမှ ချုပ်ဆွဲကာ ငရဲဂိတ်တံခါးဝထဲသို့ ဆွဲခေါ်သွားတော့သည်။
ငရဲဂိတ်တံခါးဝပျောက်ကွယ်သွားချိန်ထိ ကုကျစ်စုန့် မှင်သေနေခဲ့သည်။
မြေအောက်ကမ္ဘာမှ အရာရှိများသည် အလွန်အေးဆေးကာ ….. ဤမျှပင်ကြင်နာကြသည်လား???
*