ထာဝရညဈေးပွဲတော် (၁)
Vol. 14 Ch. 140
ဒုတိယပြိုင်ပွဲဝင်သည် ပြိုင်ပွဲဝင်သည်ကား နံပါတ် (၆) ဒေစီ၊ နော်ဝေးနိုင်ငံမှ သွေးနှောစုန်းမလေးပင်ဖြစ်သည်။
သူမ၏ ယနေ့အပြင်အဆင်သည် ထူးခြားမှုအပြည့်ပင်ဖြစ်သည်။ ရွှေအိုရောင်ဆံနွယ်များ၊ အပြာရောင် မျက်လုံးများနှင့် နှုတ်ခမ်းနီအမည်းရောင်ကိုဆိုးထားသည်။
သူမ၏ ဘယ်ဘက်လက်တွင် ခရမ်းရောင်ဇာလက်အိတ်အား ဝတ်ဆင်ထားပြီး ညာဘက်လက်တွင်မူ ကြောင်နက်ရုပ်သေးရုပ်လေး ကိုင်ထားခဲ့သည်။
တင်ဆက်သူနှင့် ကင်မရာအား မြင်ရပြီးနောက် သူမ၏ ညာဘက်လက်မှ ကြောင်နက်လက်ထိုးရုပ်လေးအား မြှောက်လိုက်ပြီး ပရိတ်သတ်ဘက်သို့ လှည့်၍ ခေါင်းငြိမ့်ပြလိုက်သည်။
“အားလုံးပဲမင်္ဂလာနေ့လည်ခင်းပါ ၊ နောက်တစ်ကြိမ် ပြန်တွေ့ကြပြီနော်၊ သိပ်မကြာသေးခင်မှာပဲ အသန်မာဆုံး ထူးခြားပညာရှင်တစ်ဦးကို ရွေးချယ်မဲပေးနိုင်မှာပါ၊ ဒီတော့ ကျွန်မကို သဘောကျတဲ့ ပရိတ်သတ်တွေကလည်း ကျွန်မကို မဲပေးလို့ ရပါတယ်”
ဒေစီ ချစ်စရာကောင်းစွာပြောလိုက်ပြီး မျက်လုံးများ ပေကလပ်၊ပေကလပ် လုပ်နေခဲ့သည်။
သူမသည်ကား ယခင်အပိုင်းများတွင် ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့ပြီး နာမည်ကြီးသော ပြိုင်ပွဲဝင်တစ်ဦးလည်းဖြစ်ပေသည်။
ယခုအချိန်တွင် သူမအနေဖြင့် ပရိတ်သတ်များအား မဲဆွယ်ခြင်းမှာ ပျော်စရာဖြစ်နေခဲ့သည်။
တင်ဆက်သူလျို့ ရယ်ရင်း ပြောလိုက်သည်။
“ ပြိုင်ပွဲဝင်ဒေစီက ဘာလို့ ဒီနေ့အစီအစဉ်ကို အရုပ်လေး ယူလာရတာလဲ? ဘာများ ထူးခြားတဲ့ အဓိပ္ပာယ်ရှိလို့များလဲ?”
ဒေစီက ကြောင်လက်ဝါးလေးအား မြှောက်လိုက်ရင်း :
“တကယ်တော့ ဒီနေ့က နော်ဝေးနိုင်ငံ အမှောင်စုန်းတွေရဲ့ အထူးပွဲတော်လေ၊ မင်းတို့ ရိုးရာအရဆိုရင် ‘ထာဝရ ညဈေးပွဲတော်’လို့လည်း ခေါ်တယ်”
ထာဝရညဈေးပွဲတော်သည်ကား အမှောင်စုန်းမျိုးဆက်များအတွက် အကြီးမားဆုံးပွဲတော်ဖြစ်ကာ သုံးရက်တိတိ ကြာမြင့်သည်။
ထိုသုံးရက်တွင် ညတို့၏ နတ်ဘုရား ‘Zambeto’ သည် ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာပြီးနောက် သူ့အား ယုံကြည်သူများကို အမှောင်စွမ်းအင်နှင့် ကောင်းချီးများ ချီးမြှင့်သည်ဟု ဆိုကြသည်။
အမှောင်စုန်းမတစ်ဦးသည် ထိုပွဲတော်ချိန်၌ ဂါထာမန္တာန်များ အသုံးပြုပါက သာမန်အချိန်ထက် ပို၍ ထိရောက်နေမည်ဖြစ်သည်။
ယနေ့သည် တိုက်ဆိုင်စွာပင် ဤနှစ်၏ ‘ထာဝရ ညဈေးပွဲတော်’၏ နောက်ဆုံးရက်ပင်ဖြစ်သည်။
ဒေစီက ဆက်ပြောသည်။
“ကျွန်မတို့အဖွဲ့ရဲ့ ဝိဉာဉ်ဝတ္ထုက ကြောင်နက်လေ၊ ဒါကြောင့် ဒီနေ့ ကျွန်မရဲ့ စွမ်းအင်တိုးအောင် ခန္ဓာကိုယ်မှာ ဆောင်ထားတာ၊ ဒီနေ့တော့ ညရဲ့ နတ်ဘုရားတန်ခိုးနဲ့ ကျွန်မ ပိုပြီးတော့ မြင်နိုင်လိမ့်မယ်ထင်တယ်”
“ဒီလိုဆိုရင် ဒီနေ့ ဒေစီရဲ့ လုပ်ဆောင်ချက်ကို သေချာလေး စောင့်ကြည့်နေမယ်နော်၊ အခု ရှေ့ပိုင်းမှာက လူတစ်ယောက်ကို ကြည့်ပြီးပြီ၊ မင်းအနေနဲ့ သူတို့မှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲဆိုတာကို သိနိုင်မလား?”
ဒေစီခေါင်းငြိမ့်လိုက်ပြီးနောက် သူမနှင့် ပိုနီးသည့် ရှုရှန်ဆီသို့ အရင်သွားလိုက်သည်။ သူမက လက်ကို ဆန့်ထုတ်လိုက်ပြီးနောက် ဆိုလာလေသည်။
“မစ်စ်တာ၊ ကျွန်မကို လက်လေး ပေးလို့ ရမလား? ရှင့်ရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအင်ကို ခံစားကြည့်ဖို့ လိုလိမ့်မယ်”
ရှုရှန်မှာ ရုတ်တရက်ကြောင်အသွားသော်လည်း လက်ကို ဆန့်ကာ ဒေစီနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
တစ်အောင့်ကြာပြီးနောက် ဒေစီ မျက်လုံးများ ပြန်ဖွင့်လိုက်သည်။
“အင်း... ရှင့်ရဲ့ စွမ်းအင်က အင်မတန်မှကို ငြိမ်းချမ်းတယ်၊ ဒီလူကြီးမင်းဆီက ဘယ်လို ခံစားချက်မျိုးရလဲဆိုတော့ ကြင်နာတတ်ပြီး မာန်မာနကင်းတဲ့သူပဲ၊ ရှင်က မိသားစုအတွက်လည်း အရမ်းကောင်းတဲ့လူဖြစ်ပြီး အားကိုးရတဲ့ ယောင်္ကျားတစ်ယောက်ပါပဲ”
“ဒါပေမယ့် ရှင့်ရဲ့ ကိုယ်ထဲမှာ အမှောင်စွမ်းအင်အချို့တော့ ရှိနေတယ်၊ ကျွန်မ သေချာထပ်ကြည့်ဖို့တော့ လိုလိမ့်မယ်”
ဒေစီပြောနေရင်းနှင့်ပင် ရှုရှန်၏ လက်ကို လွှတ်လိုက်ကာ ဖူလန်ယွဲ့ထံသို့ လျှောက်သွားလိုက်သည်။
“ရှင်နဲ့ရော လက်ဆွဲနှုတ်ဆက်လို့ ရနိုင်မလား၊ မိန်းမလှလေး?”
ဖူလန်ယွဲ့ လက်ကို ဆန့်ပေးလိုက်သည်။ ဒေစီ လန်ယွဲ့အား လက်ဖျားနှင့် ထိလိုက်မိချိန်မှာပင် ရုတ်တရက် ဓာတ်လိုက်သည့်အလား လက်ကို ပြန်ဆွဲရုတ်လိုက်ပြီးနောက် သူမ၏ရှေ့မှ အမျိုးသမီးအား အံ့ဩနားမလည်သည့် အကြည့်ဖြင့် ကြည့်လိုက်မိသည်။
ဒေစီမျက်လုံးများသည်ကား အရောင်များ တောက်လောင်နေသကဲ့သို့ပင် စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။
“မဒမ်၊ ရှင်က အရမ်း အန္တရာယ်များတာကို လုပ်နေခဲ့တာပဲ”
“ရှင်က နတ်ဆိုးနဲ့ အပေးအယူလုပ်ခဲ့တာပဲ!”
တင်ဆက်သူလျို့ မနေနိုင်၍ မေးမိပြန်သည်။
“ဒေစီက ဘာကိုဆိုလိုချင်တာလဲ?”
“ကျွန်မတို့ အနောက်တိုင်းနိုင်ငံတွေမှာ ယုံကြည်ကြရှိတယ်၊ လူသားတွေက သူတို့ရဲ့ ဝိဉာဉ်ကို ရောင်းပြီး စေတန်ရဲ့ နောက်လိုက်တွေနဲ့ အပေးအယူလုပ်လို့ ရနိုင်တယ်၊
သူတို့က သူတို့ရဲ့ ဝိဉာဉ်တွေနဲ့ ငရဲမှာရှိတဲ့ နတ်ဆိုးနဲ့ စာချုပ်ချုပ်ဆိုပြီးတော့ ငွေကြေးပကာသနတွေ၊ ဂုဏ်ဒြပ်တွေနဲ့ ကံကောင်းအောင် လုပ်လို့ရတယ်၊
ပေးဆပ်ရတဲ့ တန်ဖိုးကတော့ သူတို့ရဲ့ ဝိဉာဉ်တွေက နတ်ဆိုးရဲ့ အစာ၊ နတ်ဆိုးရဲ့ ကျွန်ဖြစ်လာပြီး နောက်ဆုံးမှာ အလုံးစုံ ဝါးမျိုခံလိုက်ရမှာပဲ”
“အခု ဒီအမျိုးသမီးလုပ်နေတာ အဲ့လိုမျိုးပဲ”
“သူမကြုံခဲ့ရတာက အရင်က အကူအညီတောင်းသူတွေနဲ့ မတူဘူး၊ အဲဒီအရာက ဒီက တရုတ်လူမျိုးတွေ သိတဲ့၊ ထင်တဲ့ ‘သရဲတွေ’မဟုတ်ဘူး၊ သူက နတ်ဆိုးတွေနဲ့ ပိုပြီး ပုံစံတူတယ်”
သူမ စကားပြောနေရင်းနှင့် မျက်လုံးသည် ဖူလန်ယွဲ့၏ လက်ကောက်ဝတ်သို့ ရောက်သွားပြန်သည်။
ခဏလေး အသားချင်းထိလိုက်ရုံနှင့်ပင် ဒေစီ ထိုမြွေရိုးလက်ကောက်မှ ထွက်လာနေသော အမှောင်စွမ်းအင်ကို ခံစားနေခဲ့ရသည်။
ဖူလန်ယွဲ့၏ ခန္ဓာကိုယ်တွင်းမှ စွမ်းအင်များက မတည်မငြိမ်ဖြစ်နေခြင်းသာ မရှိပါက ဒေစီ ဤအမျိုးသမီးအား စုန်းမတစ်ဦးဟုပင် ထင်မိမှာအမှန်ပင်။
“စာချုပ်ကနေ ဘာတွေ ရခဲ့လဲတော့ မသိပေမယ့် တစ်ခုခုကိုတော့ ဆုံးရှုံးပြီးသားဖြစ်ရမယ်၊ ပြောစရာရှိတာတစ်ခုက ရှင့်မှာ ဆုံးရှုံးမှုနည်းတယ်၊ ဝိဉာဉ်တောင် အကောင်းတိုင်းရှိနေသေးတယ်”
“ဒါပေမယ့် မဒမ်၊ နတ်ဆိုးကတော့ နတ်ဆိုးပဲလေ၊ သူတို့က လောဘကြီးတယ်၊ ကောက်ကျစ်ပြီး သွေးဆာနေတဲ့သူတွေပဲ၊
သူတို့လိုချင်တာ မရသရွေ့ ရပ်မှာမဟုတ်ဘူး၊ မဟုတ်ရင် ရှင်တို့ ဒီပြိုင်ပွဲကို အကူအညီလာတောင်းဖြစ်မှာတောင် မဟုတ်ဘူး၊ ဟုတ်တယ်မဟုတ်လား??”
ဖူလန်ယွမ် မည်သည်ကိုမျှပင် မငြင်းဆန်ခဲ့ပေ။ ဒေစီသက်ပြင်းဖွဖွချက်လိုက်ပြီး နောက်ထပ် လက်ကမ်းလိုက်သည်။
“သေသေချာချာ အနီးကပ်ကြည့်ကြည့်မယ်”
ယခုတစ်ကြိမ်တွင်တော့ သူမ ဖူလန်ယွဲ့၏ လက်ဝဖဝါးကို တင်းတင်းဆုတ်ကိုင်ကာ မျက်လုံးကို ကြပ်နေအောင် ပိတ်ထားခဲ့သည်။ တစ်မိနစ်ကျော်မှ မျက်လုံးများကို အသာဖွင့်သည်။
တင်ဆက်သူ: “တစ်ခုခုများ ထပ်ပြီးရှာတွေ့သေးလား?”
“တွေ့ခဲ့တယ်”
ဒေစီ ဖူလန်ယွဲ့လက်ဖဝါးအား မလွှတ်တမ်းဆွဲထားရင်း သူမ၏အပြာရောင်မျက်လုံးများက ထိုဇနီးသည်အား စိုက်ကြည့်နေခဲ့သည်။
“ရှင် နာကျင်နေရတာပဲ၊ ကျွန်မ ခံစားလို့ရနေတယ်”
ဖူလန်ယွဲ့ ရုတ်တရက်မှင်သေသွားပြီးနောက် သူမအား စိုက်ကြည့်နေသည့် သွေးနှောစုန်းမလေးအား ခေါင်းမော့ကြည့်လိုက်မိသည်။
“ကျွန်မ...”
“ရှင့်ရဲ့ နှလုံးသားက black hole တစ်ခုလိုပဲ၊ ဝမ်းနည်းမှု၊ နောင်တနဲ့ ကိုယ့်ကိုကိုယ်အပြစ်တင်ခြင်း စတဲ့ စိတ်ခံစားချက်တွေ ပြည့်လျှံနေတယ်၊ ရှင်က နေ့တိုင်း ကိုယ့်ကိုကိုယ် အပြစ်တင်နေခဲ့တာပဲ၊ ဟုတ်ပါသလား?”
ဖူလန်ယွဲ့၏ မျက်လုံးများ တစ်ဖြည်းဖြည်းမျက်ရည်ဝိုင်းလာချိန်တွင် သူမက လက်ကို ကျစ်ကျစ်ဆုတ်ကိုင်ပေးထားရင်း ဆက်ပြောနေခဲ့သည်။
“ရှင့်မှာ သမီးလေးတစ်ယောက်ရှိတယ်၊ အရမ်းချစ်ဖို့ကောင်းတဲ့ သမီးလေး၊ သူမရဲ့ ဆံပင်က အညိုရောင်နဲ့ မျက်လုံးတွေက တောအုပ်ထဲက သမင်လေးရဲ့ မျက်လုံးလိုပဲ၊ သူမက အရမ်းလိမ္မာပြီး တော်တော်လေးလည်း ငယ်သေးတယ်”
‘ထာဝရညဈေးပွဲတော်’ကြောင့် ဒေစီသည်ကား ယခင်ကထက်ပင် ပို၍ သန်မာနေခဲ့ပြီဖြစ်သည်။
မှန်၊ ဖယောင်းတိုင်တို့တွင် ဂါထာ၊မန္တာန်များ မန်းမှုတ်ရန်ပင် မလိုတော့ချေ။ ဖူလန်ယွဲ့၏ လက်ကို ဆုတ်ကိုင်ထားရုံနှင့်ပင် ကိုယ်တွင်းမှ စွမ်းအင်များသာမက၊ အခြားအရာများစွာကိုလည်း မြင်တွေ့နိုင်နေသည်။
သူမ ထောင်ထောင်၏ ဖြစ်တည်မှုကိုလည်း မြင်လိုက်ရသည်။
“ကျွန်မ မြင်လိုက်ရတာက ရှင် ပြတင်းပေါက်ရှေ့မှာ ရပ်နေပြီး ဖတ်ထားတယ်၊ သားချော့တေးတွေ ဆိုပြတယ်၊ သံစဥ်လေးတွေကို ညည်းပြတတ်တယ်၊ သူမရဲ့ ပါးဖောင်းဖောင်းလေးကို ခပ်ဖွဖွနမ်းလိုက်ရရင်ကို ရှင် အရမ်းပျော်နေခဲ့တယ် “
“သမီးဖြစ်သူက နေမကောင်းဘူး၊ သူမရဲ့မျက်နှာက အိပ်ရာပေါ်မှာ လှဲနေရင်းနဲ့ မျက်နှာတစ်ခုလုံး ရဲတွတ်နေတာပဲ၊
သူမက တိတ်တိတ်လေး ငိုနေခဲ့တာ၊ ရှင်လည်း ငိုနေခဲ့တယ်၊ ရှင် သူ့ကိုဖက်ထားပြီးတော့ တောင်းပန်စကားပဲ ဆက်ဆိုနေခဲ့တယ်၊ အဲဒီအချိန်တည်းက ရှင့်ရင်ထဲမှာ ဗလာနတ္ထိဖြစ်သွားတော့တာပဲ”
ဒေစီ စကားပြောရင်း ပိုသဘောပေါက်လာသည်။
ဖူလန်ယွဲ့၏ သမီးနာမကျန်းဖြစ်ရခြင်းမှာ မိခင်ဖြစ်သူ၏ နတ်ဆိုးနှင့် အပေးအယူလုပ်ထားခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့်သာလျှင် သူမ ကိုယ့်ကိုကိုယ် အပြစ်တင်၍ မဆုံးဖြစ်နေခဲ့ရခြင်းပင်။
တချို့မြင်ကွင်းများတွင် ဖူလန်ယွဲ့၏ ဘေး၌ ရပ်နေသည့် ရှုရှန်၏ စိုးရိမ်ပူပန်သော အကြည့်၊ ဖူလန်ယွဲ့အား လက်ညိုးငေါက်ငေါက်ထိုးကာ ဆူပူနေသော အမျိုးသမီးကြီးတစ်ယောက်အားလည်း ဒေစီ မြင်တွေ့ခဲ့ရသည်။
သူမ၏ နောင်တနှင့် အပြစ်ရှိစိတ်၊ မိသားစု၏ စွပ်စွဲချက်တို့ကြောင့် ရင်ထဲတွင် နာကျင်ခံစားနေခဲ့ရသည်။
ဒေစီ စိတ်ပူသွားကာ ရှေ့ကိုတိုး၍ ဖူလန်ယွဲ့အား ပုခုံးလေး ပုတ်ပြီး မေးမိသည်။
“မဒမ်၊ ရှင် ကိုယ်တိုင် နေမကောင်းဖြစ်နေတာရော သိရဲ့လားဟင်?”
သူမ ဖူလန်ယွဲ့ နှလုံးသားမှ စိတ်ဓာတ်ကျခြင်းများကို ခံစားမိနေခဲ့သည်။
ဖူလန်ယွဲ့ မျက်ရည်များ မိုးရွာသွန်းသကဲ့သို့ ကျလာခဲ့သော်လည်း နှုတ်ခမ်းအား ကိုက်ထားခဲ့လေသည်။
“ကျွန်မ အပြစ်ပါ၊ ကျွန်မကြောင့် ထောင်ထောင်လေး ထိခိုက်ရတာပါ...”
“ရှင်လုပ်ချင်လို့ မဟုတ်ဘူးလေ၊ ရှင့်သမီးလေးအပေါ်ထားတဲ့ မေတ္တာကိုလည်း ကျွန်မ ခံစားလို့ ရနေပါတယ်၊ လူသားတွေရဲ့ ချစ်ခင်ကြင်နာခြင်းက တုပလို့ မရဘူး၊ ဒါတွေအားလုံးက မတော်တဆဖြစ်သွားတာပါ”
“ကိုယ့်ကိုကိုယ် အရမ်း အပြစ်မတင်ပါနဲ့ရှင်”
ရှုရှန် သက်ပြင်းဖွဖွချရင်း ဇနီးသည်၏ ပုခုံးကို ဖက်ကာ နှစ်သိမ့်လိုက်သည်။
“မငိုနဲ့တော့လေ၊ ကိုယ်တို့ ဒီအစီအစဉ်ကို လာခဲ့တဲ့ အကြောင်းအရင်းက ပညာရှင်တွေဆီက အကူအညီယူဖို့ပဲမဟုတ်ဘူးလား?”
တင်ဆက်သူလျို့ ကလည်း ဘေးကနေ စကားထောက်သည်။
“ပြိုင်ပွဲဝင် ဒေစီကလည်း မစ်စ်ဖူက ကိုယ့်သဘောနဲ့ကိုယ် တစ်စုံတစ်ခုနဲ့ အပေးအယူပြုလုပ်ခဲ့တယ်လို့ မြင်နေရပါတယ်၊ နောက် သမီးငယ် ထောင်ထောင်ကိုလည်း တွေ့ခဲ့တာဆိုတော့ နောက်ထပ်ဘာတွေများ ထပ်ပြီး ရှာဖွေတွေ့နိုင်ဦးမလဲ?”
ထောင်ထောင်က နားနေခန်းတွင် ရှိနေကြောင်း ကြားရပြီးနောက် ဒေစီနှင့် အဖွဲ့သားတို့ ကလေးငယ်နှင့် ဆုံရန် ထွက်လာခဲ့ကြသည်။
“ကျွန်မ ကလေးလေး ဘယ်လိုနေသလဲဆိုတာကို အရင်ကြည့်,ကြည့်လိုက်ပါဦးမယ်”
တံခါးပွင့်သွားသည်နှင့် ခပ်ပြည့်ပြည့် ကလေးငယ်တစ်ယောက်က ဖူလန်ယွဲ့အား ပြေးဖက်လိုက်သည်။
မိခင်ဖြစ်သူ ငိုကြွေးနေသည်ကို စောင့်ဆိုင်းခန်းမျက်နှာပြင်မှ မြင်တွ့လိုက်ရခြင်းကြောင့် စိတ်မသက်မသာဖြစ်နေခဲ့ရရှာသည်။
ထို့နောက် သူမ မိခင်၏ မျက်ရည်များအား လက်ချောင်းပြည့်ပြည့်ဖောင်းဖောင်းလေးများနှင့် သုတ်ပေးနေရှာသည်။
“မေမေ မငိုနဲ့တော့နော် ၊ ထောင်ထောင်က နာကျင်တာတွေ ပျောက်သွားအောင် အုံဖွလုပ်ပေးမယ်နော်”
မိခင်ရှုကတော့ မျက်မှောင်ကို ကြုတ်ကာ၊ နှာခေါင်းကို ရှုံ့သည်။
ကင်မရာရှေ့တွင် ဖြစ်စေ၊ ကင်မရာမရှိသည်ဖြစ်စေ သူမ ဂရုမစိုက်ချေ။
သူမက ချွေးမအား လှမ်း၍ စကားနာထိုးပြန်သည်။
ရှုရှန် စိတ်မကြည်လင်စွာနှင့် မိခင်ဖြစ်အား ကြည့်လိုက်သည်။
“အမေ၊ ကျွန်တော်ပြောပြီးပြီလေ၊ လန်ယွဲ့က တမင်ရည်ရွယ်ပြီး လုပ်တာမှ မဟုတ်တာ၊ ခုနက ဆရာမလေးပြောသွားတာ အမေ မကြားလိုက်မိဘူးလား? မတော်တဆဖြစ်တာပါတဲ့”
“အမလေး၊ ငါက သားနဲ့ မြေးအတွက် စိတ်ပူလို့ ပြောမိတာ အခုတော့ ငါကို ဗီလိန်မကြီး ဖြစ်အောင်ပြောနေတာပဲ!”
ငြင်းခုံနေကြချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်းမှ တချို့ကြည့်ရှု့သူများက ယောက္ခမဖြစ်သူက ချွေးမအား အရှိုက်ထိမည့် စကားလုံးများဖြင့် ဆူပူနေခြင်းသည် လွန်,လွန်းသည်ဟု ထင်ကြသည်။
တချို့ကတော့ ဖူလန်ယွဲ့သည် ထိုမကောင်းဆိုးဝါးများအား ကိုယ်တိုင်မွေးမြူခဲ့သော်ကြောင့် အိမ်တွင်း ပြဿနာများ ပေါ်ပေါက်လာရသည်။ ထို့ကြောင့် ယောက္ခမဖြစ်သူ မှန်သည်ဟု ထင်ကြပြန်သည်။
ဒေစီတစ်ယောက်သာ ထိုရန်ပွဲအား လျစ်လျူရှု၍ ကိုယ်ပိုင်ကမ္ဘာထဲတွင် အတွေးလွန်နေခဲ့သည်။
*