← Chapters

ထာဝရညစျေးပွဲတော်(2)

Vol. 15 Ch. 141

ထာဝရညစျေးပွဲတော်(2)

Vol. 15 Ch. 141

ဒေစီက မှန်ဝိုင်းလေးတစ်ချပ်နှင့် အမည်းရောင်ဖယောင်းတိုင် တစ်တိုင် ထုတ်လိုက်ပြီးနောက် မီးညှိလိုက်သည်။‌

ဖယောင်းတိုင်မီး တစ်ဖြတ်ဖြတ်နှင့် မှန်မှ အလင်းပြန်ခြင်းတို့သည်လည်း သူမ၏ မျက်နှာအချိုးအစားအား ထင်ရှားနေစေသည်။

“ထောင်ထောင် သမီးလေး၊ ဒီမမက ထောင်ထောင်လေးရဲ့ လက်ကို ကိုင်ချင်လို့၊ ရနိုင်မလားဟင်? ဒီမှာကြည့်ပါဦး၊ ကြောင်လေး ချစ်ဖို့မကောင်းဖူးလား?”

ကလေးငယ်လေးအား ကြောင်ရုပ်နှင့် မြူလိုက်ရင်း သူမ၏လက်ဖောင်းဖောင်းလေးအား ဆုတ်ကိုင်လိုက်သည်။

“မကြောက်နဲ့နော်၊ ထောင်ထောင်လေးနှင့်မမတို့ ဂိမ်းလေးတစ်ခုလောက် ကစားကြမယ်”

ဒေစီ သူမ၏ ခရမ်းရောင်ဇာလက်အိတ်ဝတ်ဆင်ထားသည့် လက်အားဖြန့်ကာ မှန်၏ အပေါ်နားတွင် သေသေချာချာကိုင်ထားလိုက်သည်။

ထိုလက်ဖဝါး ရွေ့လျားချိန်တွင် အက်ကွဲကာ ထူးဆန်းသည့် အသံတစ်ခုက သူမလည်ချောင်းမှ ပေါ်ထွက်လာခဲ့သည်။ ထိုအသံသည်ကား မြွေ၏ တီးတိုးစကားသံအလား အထင်မှားရစေသည်။

သူမ ချက်ချင်း ခေါင်းကိုမော့ကာ တစ်ခုခုအား ကြည့်နေခဲ့ပုံ ပေါ်နေခဲ့သည်။

ထို့နောက် တစ်ခုခုအား တွေ့လိုက်ရသကဲ့သို့ သူမ ရုတ်တရက် တုန်ရီသွားပြီးနောက် မြွေတစ်ကောင်၏ခါးကဲ့သို့ အရှေ့သို့ ခါးကုန်းလိုက်ပြီးနောက် ရေရွတ်သံသည်လည်း ပို၍ မြန်,မြန်လာခဲ့သည်။

သူမ မှန်နှင့် စကားပြောနေခဲ့ခြင်းပင်။

ထိုထူးဆန်းသည့် မြင်ကွင်းကြောင့် အနီးအနားမှ လူများ ထိတ်လန့်ကာ အသက်ပင် ပြင်းပြင်းမရှူရဲကြ။

ဒေစီနှင့် လက်ချင်းဆုတ်ကိုင်ထားသော ထောင်ထောင်မှာ ထိုမိန်းမှလှလေး၏ အနီးမှ‌ အ‌ငွေ့အသက်သည် ပို၍ ထိုင်းမှိုင်းလာသည်ကို ခံစားမိလိုက်သည်။

သူ‌မ ကြောက်လန့်‌လွန်း၍ အော်ငိုမိသော်လည်း တွဲထားသော လက်မှ ရုန်းမထွက်နိုင်ခဲ့ပေ။

အမေရှုသည်လည်း ကြက်သီးများပင် ဖြန်းဖြန်းထသွားသည်။

ဒေစီ၏ ထူးဆန်းသော ဝတ်စုံနှင့် အမည်းရောင် နှုတ်ခမ်းနီတို့အား စ,တွေ့ကတည်းက သူမ ဘဝင်မကျပါချေ။

တစ်ဖက်လူက သူမ၏  ချွေးမဖြစ်သူကဲ့သို့ ထူးဆန်းသည့် မိန်းကလေးဟု ထင်နေမိသည်။

အမေရှုက အလွန် မကျေနပ်တော့ပေ။

“အဲဒီမိန်းမ ဘာတွေ လုပ်နေတာလဲ?လုပ်တာ ရပ်လိုက်စမ်း!”

တင်ဆက်သူလျို့ နှင့် ရိုက်ကူးရေးအဖွဲ့တို့ ပုံမှန်ရိုက်ကူးရေးလုပ်နေသည့် ရိုက်ကွင်းတွင် အနှောင့်အယှက်ပေးသည့် အမယ်အိုအား ပထမဆုံးကြုံဖူးခြင်းပင်။

သူတို့ ခေါင်းတောင် ကိုက်သွားခဲ့ရသည်။

“အဘွားရေ၊ ဒါက ကျွန်တော်တို့ရဲ့ ပြိုင်ပွဲဝင် ကစားသမားတွေရဲ့ ပုံမှန်လုပ်နေကြတွေပါပဲ၊ ဒီလို နှောင့်ယှက်လို့ မရဘူးလေ”

ထိုအချိန်တွင် မှန်၌ တီးတိုးရေရွတ်နေသော ဒေစီက နောက်တစ်ခေါက် တုန်ရီသွားပြန်သည်။

သူမ သက်ပြင်းအရှည်ကြီးချလိုက်ကာ ထောင်ထောင်၏ လက်အား လွှတ်ပေးလိုက်သည်။

နဖူးတွင်လည်း ဘယ်အချိန်ကတည်းမှန်းမသိ၊ ချွေးများပင် စို့နေခဲ့သည်။

တင်ဆက်သူမေးခွန်းအဆုံးတွင် သူမ လေးနက်သေချာ၀ွာ ပြန်ဖြေသည်။

“ကျွန်မ အဲဒါကို မြင်လိုက်ရတယ်၊ အခုလေးတင်ပဲ ကျွန်မ သူ့ကို တခြားကမ္ဘာကနေ ဆင့်ခေါ်ဖို့ လုပ်ခဲ့ပြီး သူနဲ့ စကားနည်းနည်း ပြောလို့ရလိုက်တယ်”

တင်ဆက်သူလျို့ စကားများပင် တုန်ရီသွားသည်။

“ပြိုင်ပွဲဝင်ဒေစီ၊ မင်းပြောချင်တာက ခုနက မှန်ထဲမှာ မင်းက မစ်စ်ဖူမွေးထားတယ်ဆိုတဲ့ အရာနဲ့ စကားပြောခဲ့တာလား?”

“မှန်ပါတယ်”

ဒေစီခေါင်းငြိမ့်သည်။

“ကျွန်မ တခြားကမ္ဘာမှာ မြင်ခဲ့ရတဲ့ နတ်ဆိုးက အသက် ၁၂နှစ်၊ ၁၃နှစ်လောက် ကလေးမလေးပဲ၊ သူမက အဝတ်မပါဘူး၊ သူမရဲ့ ခန္ဓာကိုယ် အရေပြားက ဘယ်လိုလဲဆိုတော့ မီးကျွမ်းထားတဲ့ သစ်ခေါက်လို ဖြစ်နေတာ ၊ မျက်လုံးတွေက အနီနဲ့ အနက်တွေဖြစ်နေတယ်၊ ကျွန်မကို တိတ်တိတ်လေး ကြည့်နေတာ…”

သူမ မှန်ထဲမှာ မြင်ခဲ့ရသည့် အကြောင်းအရာကို သေချာ ပြန်စဉ်းစားလိုက်သည်။

“ကျွန်မ မြင်ခဲ့တာက အဲဒါက သစ်သားသေတ္တာသေးသေးလေးထဲမှာ ထည့်ပိတ်ထားတယ်၊ ဘာလို့ အခုလိုမျိုး သေးသေးလေး ဖြစ်နေရလဲဆိုတာကိုတော့ သိပ်နားမလည်ဘူး၊ နောက်ပြီး မစ်စ်ဖူကိုလည်း မြင်လိုက်ရတယ်၊

ရှင်က ရှင့်လက်ချောင်းထိပ်ကို အပ်နဲ့ဖောက်ပြီးတော့ အဲဒီသေတ္တာပေါ်က မြောင်းလေးထဲကို သွေးစက်ချလိုက်တယ်၊ နောက်ပြီး တစ်ခုခုပြောလိုက်သေးတယ်…”

“အဲဒီအချိန်မှာတုန်းက သူက ရှင့်ရဲ့ ခံစားချက်တွေအပေါ်မှာ အရမ်းကို မှီခိုနေပြီးတော့ ရှင့်ကိုလည်း မိသားစုဝင်တစ်ယောက်လို ယူဆထားတာပဲ”

ဖူလန်ယွဲ့၏ မျက်နှာအမူအယာ ရုတ်ချည်းပြောင်းလဲသွားသည်။

ဒေစီ၏ပြောပြချက်မှ ‘နတ်ဆိုး’၊ ယဇ်စင်နှင့် ပူဇော်ပသမှုတို့အားလုံးသည် သူမ၏ မျက်လုံးနှင့် မြင်တွေ့ခဲ့၊ သူမလက်နှင့် ကိုယ်တိုင်လုပ်ဆောင်ခဲ့ဘူးသော အရာများပင်ဖြစ်သည်။

သူမ လက်ချောင်းထိပ်အား အပ်နှင့်ဖောက်သည့် မြင်ကွင်းမှာ သူမ ‘နတ်ဆိုးဝိဉာဉ်အား မွေးရန်’ သူမ သွေးအား အသုံးပြုနေခဲ့ချိန်ပင် ။

ဒေစီ သူမ မြင်တွေ့ခဲ့ရသည်များကို ဆက်ပြောလာသည်:

“သူမက တစ်ခါတစ်လေ ရှင့်သမီးဘေးမှာ ပေါ်နေတာကိုလည်း မြင်ခဲ့ရတယ်၊ သူမက သမီးဖြစ်သူရဲ့ လက်ကို တင်းတင်းဆွဲထားပြီး မျက်လုံးထဲမှာတော့ အမုန်းတွေ အပြည့်ပဲ။ ဒါပေမယ့် အမုန်းတင်တော့ မဟုတ်ဘူး၊ သူ့မျက်လုံးတွေက ခံစားချက်ရှုပ်ထွေးနေတဲ့ ပုံစံမျိုးပဲ”

“ကျန်တာတွေကတော့ အကြမ်းဖျင်းသဘောမျိုးပဲ မြင်လိုက်ရတယ်၊ ပတ်ဝန်းကျင်က မှန်တွေကလည်း အရမ်းကို ရှုပ်ထွေးနေတာ၊ ကျွန်မမှာ ‘ထာဝရညဈေးပွဲတော်’ရဲ့ ကောင်းချီးရထားတယ်ဆိုပေမယ့်လည်း ဒီနတ်ဆိုးက ဆင့်ခေါ်တာကို အရမ်းတင်းခံနေခဲ့တယ်၊ ဒီတော့ ကျွန်မ ကျန်တာတွေတော့ ဆက်ပြီး ဝေခွဲပေးလို့ မရတော့ဘူး”

သူမ စကားဆုံးသည်နှင့် အမေရှုက အော်ဟစ်သောင်းကျန်းတော့သည်။

“မြင်လား? ထောင်ထောင်ရဲ့ ခန္ဓာကိုယ်က အရမ်းကို အားနည်းနေတယ်လို့ ငါမပြောဘူးလား?

သူ့အမေက မကောင်းဆိုးဝါးတွေနဲ့ သွားပြီး ပြဿနာရှာ၊ပတ်သတ်နေလို့လေ! သူ အဲဒီသရဲ၊တစ္ဆေတွေကို လျှောက်မွေးနေမှန်းသိရင် ငါ့သားနဲ့ လက်ထပ်ဖို့ သဘောတူခဲ့မှာ မဟုတ်ဘူး!”

သူမ ဆက်၍ သူမ၏ ဘဝသည် မည်မျှ စိတ်ရှုပ်ထွေးစရာကောင်းကြောင်း၊ သားဖြစ်သူသည် ရူးသွပ်ကာ ချွေးမ၏ လိမ်ညာလှည့်ဖျားခံနေရကြောင်း ရေရွတ်ပြောဆိုနေခဲ့သည်။

ဖြစ်ကြောင်းကုန်စင်မှာ ဖူလန်ယွဲ့၏ မိသားစုသည် အလွန်အမင်းအဆင်မပြေခဲ့ပါချေ။

မိဘနှစ်ပါးလုံး ဆုံးပါးသွားပြီးနောက် အဘွားဖြစ်သူသာ အသက်ရှင်ကျန်ရစ်သည်။

ရှုရှန်း သူမအား ချစ်ခင်စုံမက်သွားချိန်တွင် မိခင်ရှုကတော့ မိန်းကလေး၏ မိသားစုသည် ဆင်းရဲလွန်းသည်ဟု ခံစားခဲ့ရသည်။

သူမသည်ကား ဖူလန်ယွဲ့၏ စိတ်နေစိတ်ထားကိုလည်း မနှစ်မျို့သောကြောင့် ရှုရှန်နှင့် သူမ လက်ထပ်ရန် အပြင်းအထန် ကန့်ကွက်ခဲ့သည်။

သို့သော် ရှုရှန်၏ ခေါင်းမာမှုကြောင့် သူမ သားဖြစ်သူအား နားမချနိုင်ခဲ့ပေ။ နောက်ဆုံးတွင် အောင့်သက်သက်နှင့် မင်္ဂလာပွဲအား သဘောတူခဲ့ရသည်။

လက်ထပ်ပြီးချိန်တွင်လည်း အမေရှုသည်ကား ဖူလန်ယွဲ့အား မနှစ်သက်ခဲ့ပါချေ။ ထို့ကြောင့် သားဖြစ်သူတို့နှင့် အတူမနေခဲ့ပေ။ တစ်နှစ်လျှင် တစ်ကြိမ်၊နှစ်ကြိမ်သာ အလည်လာလေ့ရှိသည်။

ဖူလန်ယွဲ့ ထောင်ထောင်အား မွေးဖွားပြီးနောက် သူမ၏ အလုပ်အကိုင်သည်လည်း အဆင်ပြေချောမွေ့နေသည်။

သူမ၏ ဝင်ငွေမှာလည်း ရှုရှန်ထက်ပင် များနေသောကြောင့် အမေရှု၏ ချွေးမအား ဆက်ဆံပုံ အနည်းငယ် ပြောင်းလာခဲ့သည်။

သို့သော် ပြီးခဲ့သည့် နှစ်များတွင် ထောင်ထောင်သည်ကား အမြဲတစ်စေ ဖျားနာနေခဲ့ကာ အဆုတ်အအေးမိခြင်းမှစ၍ သာမန်ဖျားနာခြင်းအထိ ရောဂါစုံစေ့နေခဲ့သည်။

အမေရှု၏ စိတ်ထဲတွင်တော့ ချွေးမဖြစ်သူသည် မြေးမလေးအား သေချာဂရုမစိုက်ဟု ထင်ကာ အမြဲတစေ မြေးဖြစ်သူအကြောင်းကို မေးလေ့ရှိသည်။

တစ်နေ့တွင်တော့ သူမ အိမ်သို့ အကြောင်းမကြားဘဲ ရောက်လာချိန်တွင် မြင်တွေ့လိုက်ရသည်မှာ ချွေးမဖြစ်သူသည် သူမ၏ နောက်ကွယ်တွင် မကောင်းသည့် အရာများအား သိမ်းဆည်းထားခြင်းကိုသာဖြစ်ပေသည်။

သားဖြစ်သူကလည်း ထိုအကြောင်းကို သိနေပြီးဖြစ်သည်!

သူသည်ကား သိပ်ပြီးသဘောမကျသော်လည်း ဇနီးသည်၏ တောင်းဆိုမှုကြောင့် ဖူလန်ယွဲ့အား ချစ်ခင်သောကြောင့် သူမ လုပ်ချင်သည့်အရာကို လက်ခံထားခဲ့သည်။

အမေရှုကတော့ သိပြီးချိန်တွင် ထိုအရာကို လက်မခံနိုင်ခဲ့ချေ။

သူမ ထင်သည်မှာ ထောင်ထောင် အမြဲတစေ ဖျားနာ၍ အားနည်းနေရသည်မှာ ဖူလန်ယွဲ့မှ ထိုမကောင်းသည့် အရာများကို အိမ်တွင်ထားသည့်အတွက် ကလေးအား‌‌ ခြောက်လှန့်နေသည်ဟုပင်။

သားဖြစ်သူသည်ကား ထိုမိဘမဲ့ကောင်မလေးအား လက်ထပ်ချင်သည်မှာ ဖူလန်ယွဲ့၏ သာမန်မဟုတ်သည့် နည်းလမ်းများနှင့် ဖျားယောင်းခံရခြင်းကြောင့်ဟုပင် ခံစားလာခဲ့ရသည်။

အမေရှုက ဖြူဖတ်ဖြူယော်ဖြစ်နေသော ချွေးမအား ကြည့်ကာ နှာခေါင်းရှုံ့သည်။

“သူမ ဘာတွေ လုပ်နေလဲဆိုတာကို ငါမသိဘူး၊ ဒါပေမယ့် ထောင်ထောင်ရဲ့ ကျန်းမာရေးက ဟိုတလောတည်းက ပိုပိုပြီး ဆိုးလာနေတာ၊ ကလေးက ထူးဆန်းတာတွေလည်း ကြုံ၊ ညတိုင်းအိပ်မက်ဆိုးတွေလည်း မက်၊ အိပ်မက်ထဲမှာဆိုလည်း လန့်ပြီး ငိုနေတာချည်းပဲ”

“ကလေးကို မေးလိုက်ရင် အမြဲ ဖြေတာက ကြောက်ဖို့ကောင်းတဲ့ မမက ဖမ်းထားတာတဲ့၊ တခြားသရဲတွေလည်း ရှိသေးတယ်။ စဉ်းစားကြည့်ကြပါဦး၊ လူကြီးတွေတောင်မှ ဒါမျိုးဆို သွေးပျက်အောင် ကြောက်ကြတာ၊ ကလေးဆိုရင် ပိုတောင်ဆိုးနေမှာပေါ့!”

“အဲဒါတွေအားလုံးက နင့်ကြောင့်ချည်းပဲ ဖူလန်ယွဲ့၊ နင်က ထောင်ထောင်ရဲ့ အမေပါ? ဘယ်လိုလုပ်ပြီး ဒါမျိုးတွေ လုပ်နိုင်ရတာလဲ?”

မိခင်ရှု၏ မျက်လုံးထဲတွင်တော့ ချွေးမဖြစ်သည်သည် စုန်းမတစ်ယောက်သာသာပင်။

ဒေစီကတော့ ပြဿနာရှာနေသည့် အဘွားအိုရှုအား လျစ်လျူရှုကာ ထိုင်၍ ကြောင်လက်ဝါးလေးကို မြှောက်ပြလိုက်သည်။ ထို့နောက် ထောင်ထောင်အား အိပ်မက်တွင် မြင်ရသည်ကို ပြောပြရန် လေသံအေးအေးလေးနှင့် ချော့နေခဲ့သည်။

“ကလေးလေး ထောင်ထောင်၊ မမကို ပြောပြလို့ရမလား?”

ကလေးငယ်လေးမှာ ငိုနေဆဲပင်ဖြစ်သည်။ အိပ်မက်ထဲတွင် မြင်တွေ့ရသည်များကို ပြောပြခိုင်းချိန်တွင် သူမ ကြောက်လန့်နေခဲ့ပြီး ပြန်မတွေးချင်သောကြောင့် စကားလုံးများမှာ နားရှုပ်စရာဖြစ်နေခဲ့သည်။

တစ်ခါတစ်ရံ ကြောက်စရာကောင်းသည့် ဦးလေးကြီးများက သူမအား လိုက်ဖမ်းနေတတ်ကြောင်း၊ တစ်ခါတစ်ရံ ထူးဆန်းသည့် မျက်နှာများနှင့် ကလေးငယ်များက သူမအနားတွင် ဝိုင်းနေပြီး သူမအား ရေထဲသို့ တွန်းချရန် လုပ်နေတတ်ကြောင်း ပြောလာခဲ့သည်။

သို့သော် ထိုအိပ်မက်တိုင်းတွင် ပိန်ပိန်ပါးပါး၊ အသားရောင် အနီ၊အနက်ယှက်နေသော မမတစ်ယောက်က သူမ၏ လက်အား တင်းတင်းဆွဲထားပြီး ကြောက်စရာကောင်းသည့် မျက်လုံးများနှင့် စိုက်ကြည့်နေတတ်သည်။

သူမ ဖမ်းမိခံလိုက်ရသည့် အကြိမ်တိုင်း နာကျင်ရသော်ငြား ထိုမမက လုံးဝလွှတ်မပေးခဲ့။

ဖူလန်ယွဲ့ကလည်း ဝန်ခံခဲ့သည်။ ထိုထူးဆန်းသည့် မိန်းကလေးသည်ကား သူမနှင့် အမှန်တကယ်လည်း ပတ်သတ်နေခဲ့သည်။

သူမ အသံခပ်အက်ကွဲစွာဖြင့် ပြောလိုက်သည်။

“အဲဒါက ကျွန်မ အရင်က မွေးထားတဲ့ ‘ဝိဉာဉ်သတ္တဝါ’ဖြစ်ပါလိမ့်မယ်”

ဖူလန်ယွဲ့မှာ သူမ လက်ထပ်၊ ကလေးရပြီးသည်ထိ  ထိုအရာအား ပျိုးထောင်ပြုစုခဲ့သည်။

သူမအနေဖြင့် ထိုအရာသည်က မကောင်းမှန်းကို သိသော်ငြား မွေးလာခဲ့သည်မှာ ကြာလွန်းပြီဖြစ်သောကြောင့် သူမ မစွန့်လွှတ်နိုင်ခဲ့ပါချေ။

ယောက္ခမဖြစ်သူသိသွားချိန်တွင် တစ်မိသားစုလုံး မိုးမီးလောင်သကဲ့သို့ ဆူပွက်သွားတော့သည်။

ယောက္ခမဖြစ်သူ၏စကားမှာ ထိုကဲ့သို့ ကြောက်စရာကောင်းသည့်အရာများအား မွေးထားခြင်းသည် မိသားစုအား ကံဆိုးစေသောကြောင့် သမီးဖြစ်သူ၏ မကျန်းမာမှုများသည် သူမလက်ချက်ပင်ဖြစ်ကြောင်းကိုသာဖြစ်ပေ၏။

ထိုအချိန်က ဖူလန်ယွဲ့ လက်မခံနိုင်ခဲ့ပေ။

*

All Chapters