← Chapters

အခန်း (၁၄၂)

Vol. 15 Ch. 142

အခန်း (၁၄၂)

Vol. 15 Ch. 142

သို့သော် အမေရှုကတော့ ပြတ်သားသည်။ လန်ယွဲ့သာ ထိုအရာကို ဆက်မွေးထားမည်ဆိုပါက သူမ ၏သားနှင့် ကွာရှင်းခိုင်းမည်ဖြစ်သည်။

သားဖြစ်သူမကွာရှင်းနိုင်ပါက သူမ ရှုရှန်နှင့် သေခန်းပြတ် အဆက်အသွယ်ဖြတ်ကာ သူမ ထိုကဲ့သို့ မကောင်းသည်များအား မွေးထားကြောင်းကို ကုမ္ပဏီကိုလည်း ပြောပြလိုက်မည်ဟု ခြိမ်းခြောက်လာခဲ့သည်။

ဖူလန်ယွဲ့သည်ကား အလှပြင်ဆိုင် ဖွင့်ထားခြင်းဖြစ်ပေသည်။

ပြီးခဲ့သည့်နှစ်အနည်းငယ်က သူမ၏စီးပွားရေး အောင်မြင်လာခဲ့ပြီး ဆိုင်သို့ လာသည့် ဧည့်သည်များသည်လည်း ချမ်းသာသည့် မိသားစုများမှ အမျိုးသမီးများဖြစ်ကြသည်။

သူတို့သည် ထိုကဲ့သို့ အောက်လမ်းကိစ္စများအား အင်မတန်ကြောက်လန့်ကာ ရှောင်ရှားတတ်ကြသည်။

ယောက္ခမဖြစ်သူသာ ထိုကဲ့သို့ သောင်းကျန်းလိုက်ပါက သူမ၏ စီးပွားရေး၊ အလှပြင်ဆိုင်လည်း ထိခိုက်မည်ဖြစ်သည်။

အကြောင်းအမျိုးမျိုး စဉ်းစားပြီးနောက် ဖူလန်ယွဲ့ မတတ်သာစွာပင် သူမ ဆယ်နှစ်ကျော် ပျိုးထောင်ခဲ့သည့် ‘ဝိဉာဉ်သတ္တဝါ’အား လက်လွှတ်ရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။

ထိုသတ္တဝါအား စွန့်လွှတ်ပြီးချိန်တွင်လည်း အိမ်တွင်တော့ မည်သည့်အရာမှ အပြောင်းအလဲမရှိခဲ့ချေ။ သူမ၏ သမီးငယ်သည်ကား အချိန်တိုင်း ဖျားနာနေဆဲဖြစ်ကာ တိုးတက်လာမှုလည်း မရှိပေ။

ထိုအချိန်က  ထောင်ထောင်၏ ဖျားနာမှုသည် ထိုသတ္တဝါနှင့် မည်သို့မှ မသက်ဆိုင်ဟု သူမတွေးမိသည်။ ထို့အတွက် စွတ့်လွှတ်ခဲ့သည်ကို  နောင်တရမိသည်။

သို့သော် လအနည်းငယ်အကြာတွင် ထောင်ထောင် ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်လာတော့သည်။

ထိုအချိန်မှ စ၍ သူမသည်ကား ပို၍ ကြည်လင်ပြတ်သားစွာမြင်ရကာ ပို၍ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်ဆိုးများအား တစ်ခါတစ်ရံမက်လေ့ရှိပြီး အိပ်မက်ထဲတွင် ခြောက်သွေ့နေသော အသားအရည်ဖြင့် မိန်းကလေးတစ်ဦးက သူမ၏လက်ကောက်ဝတ်အား တင်းကျပ်စွာ ဆွဲထားတတ်သည်။

တစ်ကြိမ်ကဆိုလျှင် သမီးငယ်ဖြစ်သူသည် အိပ်မက်မှ လန့်နိုးပြီးနောက် ကျယ်လောင်စွာ ငိုကြွေးနေခဲ့ပြီး သူမ၏ ဖြူနုနေသော လက်ကောက်ဝတ်တွင် ချုပ်နှောင်ခံထားရသကဲ့သို့ အနီရောင်အမှတ်များ ပေါ်နေခဲ့ရှာသည်။

ဖူလန်ယွဲ့တစ်ယောကာ ငယ်ထိပ်အား မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် ဖြစ်ခဲ့ရသည်။ သမီးဖြစ်သူ၏ အိပ်မက်ထဲမှ ထူးဆန်းသည့် မိန်းကလေးသည်ကား သူမ နှစ်ပေါင်းများစွာ ပျိုးထောင်ခဲ့သော ‘ဝိဉာဉ်သတ္တဝါ’ဖြစ်နေကြောင်း သူမ အတတ်သိနေခဲ့သည်။

ထိုကလေးပျောက်သွားပြီး အတော်ကြာမှ သူမ ထိုကလေးအား အိပ်မက်မက်ခဲ့သည်။

ကလေးငယ်သည်ကား အမှောင်ထုဖုံးလွှမ်းနေသည့်အဝေးတစ်နေရာတွင် ရပ်နေခဲ့ကာ သူ၏ ခန္ဓာကိုယ်သည် ပိန်ပါးခြောက်သွေ့ကာ ပုံပျက်ပန်းပျက်ဖြစ်နေသည်။

ရှုပ်ထွေးနေသော ဆံနွယ်များ၏ အောက်တွင် အမုန်းတရားများနှင့် ပြည့်နှက်နေသော မျက်ဝန်းတစ်စုံနှင့် ကြောက်မက်ဖွယ်မျက်နှာတစ်ခု ရှိနေခဲ့သည်။

‘အမေ၊ အမေပြောတော့ ကျွန်မကို တစ်သက်လုံး ချစ်သွားမှာဆို’

‘အမေ၊ ဘာလို့ ကျွန်မကို စွန့်ပစ်ခဲ့တာလဲ…’

ဖူလန်ယွဲ့ ထိုအိပ်မက်မှ နိုးထလာချိန်တွင် သူမ သမီးငယ်အား အိပ်မက်ထဲတွင် မည်သူက ခြောက်လှန့်နေကြောင်း သေသေချာချာသိလိုက်ရပြီဖြစ်သည်။

ယောက္ခမဖြစ်သူ၏ စကားသည်ကား အမှန်ဖြစ်ခဲ့သည်။ သူမ ထိုကလေးအား စွန့်ပစ်ခဲ့ခြင်းကြောင့် မိသားစုအပေါ် အငြိုးထား၍ ထောင်ထောင်အား လက်စားချေရန် အိပ်မက်ထဲတွင် နှိပ်စက်နေခဲ့ခြင်းပင်။

တစ်နေ့တစ်ခြား ပိန်ပါးလာသည့် သမီးဖြစ်သူအား ကြည့်ကာ ဖူလန်ယွဲ့ နောင်တကြီးစွာရရင်း ကိုယ့်ကိုကိုယ် တစ်ချိန်လုံး အပြစ်တင်နေခဲ့သည်။

သူမ အိပ်မက်ထဲတွင် ထိုကလေးအား အမျိုးမျိုး တောင်းပန်ခဲ့သည်။ ထောင်ထောင်လေးအား လွှတ်ပေးဖို့၊ ထိုအမုန်းတရားများအား သူမအပေါ်သာ ပုံချရန် တောင်းပန်ခဲ့သော်ငြား ကလေးငယ်သည်ကား သူမအား အနီရောင်မျက်လုံးများနှင့်သာ စိုက်ကြည့်နေခဲ့ပြီး စကားလည်း ပြန်မပြောသကဲ့သို့ အဖြေလည်း ပြန်မပေးခဲ့ပေ။

သမီးငယ်၏ အိပ်မက်ဆိုးများသည်ကား မလျှော့သွားသည့်အပြင် တစ်နေ့တစ်နေ့ ထိုဝေဒနာကြောင့် ပို၍ပင် ပိန်ချုံးလာခဲ့သည်။

နောက်ဆုံးတွင် ဖူလန်ယွဲ့နှင့် ခင်ပွန်းသည်တို့ မည်သို့မှ မခံစားနိုင်တော့သည့်အဆုံး စုန်းမများ၊ တောက်ကျန့်များ ဖိတ်ခေါ်ခဲ့သော်လည်း မဖြေရှင်းနိုင်ခဲ့ကြပေ။

နောက်ဆုံးမျှော်လင့်ချက်အနေဖြင့် ပရိုဂရမ်အဖွဲ့ထံသို့လည်း အသနားခံစာတင်ကာ အကူအညီမျှော်လင့်ခဲ့ကြသည်။

ဖူလန်ယွဲ့စကားအား နားထောင်ပြီးနောက် ဒေစီသက်ပြင်းသာ ချနိုင်သည်။

“ကျွန်မလည်း သူ့ကို ဆင့်ခေါ်ခဲ့ပေမယ့် စကားတစ်လုံး၊နှစ်လုံးထက် ပိုပြီး ပြောလို့ မရခဲ့ဘူး၊ ကျွန်မ သေချာ ခံစားနေရတာကတော့ သူ့မှာ အမုန်းတရားအပြင် အခြား ရှုပ်ထွေးတဲ့ ခံစားချက်တွေလည်း ရှိနေတယ်”

“အဲလို မကောင်းဆိုးဝါးတွေရဲ့ အဆိုးမြင်ခံစားချက်တွေက အရမ်းအားပြင်းတယ်၊ သူက ရှင့်ကို အမေလို့ သတ်မှတ်ထားတော့ ထောင်ထောင်ကို မနာလိုပြီး မုန်းတာမျိုးလည်း ဖြစ်နိုင်တယ်၊ ဒီတော့ သူ့ကို စွန့်လွှတ်ခံရစေတဲ့ ‘မီးစာ’ဆိုပြီး ထောင်ထောင်ကို လက်စားချေခြင်းတာမျိုးလဲ ဖြစ်နိုင်တယ်လေ”

“ဒါပေမယ့် အဲဒါတွေကတော့ ကျွန်မရဲ့ အထင်သက်သက်ပါပဲ၊ ကျွန်မ ရှင်တို့နိုင်ငံက မကောင်းဆိုးဝါးတွေနဲ့ မကြုံဘူးတော့ သူ့ရဲ့ အမုန်းတရားကို ဘယ်လို ဖြေရှင်းပေးရမလဲ မသိတော့ဘူး”

တင်ဆက်သူလျို့ ခေါင်းကို အသာငြိမ့်သည်။

“ပြိုင်ပွဲဝင် ဒေစီရဲ့ ကျေးဇူးနဲ့ ကျွန်တော်တို့တွေ အဖြစ်အပျက်တွေ အကုန်နီးနီးကိုတော့ တွေ့ခဲ့ရပြီးဖြစ်ပါတယ်”

“အခု စင်ပေါ်ကို နောက်ထပ်‌ ပြိုင်ပွဲဝင်တစ်ယောက်ကို ဖိတ်ခေါ်ချင်ပါတယ်။ ပြိုင်ပွဲဝင် နံပါတ်၈ ရှုဖူဖြစ်ပါတယ်”

ရှု့ဖူ စင်ပေါ်သို့ တက်လာပြီးနောက် ခန့်မှန်းချက်အများအပြားရှိခဲ့သော်ငြား အဖြစ်မှန်နှင့်တော့ တက်တက်စင်အောင် လွဲနေခဲ့သည်။

သူ၏ အရည်မရ၊အဖတ်မရ စကားများအား နားထောင်ပြီးနောက် နဂိုက သုန်မှုန်နေသည့် တိုက်ရိုက်ထုတ်လွှင့်မှုခန်းထဲမှ ရာသီဥတုလည်း နည်းနည်းလောက် ပြန်လည်အသက်ဝင်လာခဲ့သည်။

[ဒီမှော်တုတ်တံအတုက အခုထိ ဘာလုပ်နေသေးတာလဲ? အစတည်းက ပြုတ်မသွားတာ အံ့ဩစရာမကောင်းဘူးလား?]

[ရှုဖူက အရင် ရာသီနှစ်ခုတုန်းက ကစားသမားတွေနဲ့ တစ်ပုံစံတည်းပဲ၊ သူ့ရဲ့ စွမ်းအားက ကျန်တဲ့ အကောင်ကြီးတွေနဲ့ ယှဉ်လိုက်ရင် ဘယ်လိုမှ ရောမရတော့ သူ့မြင်ရင် ရယ်ပဲရယ်ချင်တော့တယ်]

တင်ဆင်သူပင် မထိန်းနိုင်ပဲ ရယ်လိုက်သည်အား မြင်ရပြီးနောက် ရှုဖူကိုယ်တိုင်လည်း သူ၏ ခန့်မှန်းချက် ထပ်၍ မှားပြန်ပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

သူနှာခေါင်းထိပ်အား အသာပွတ်လိုက်ရင်း တမင်ဇာတ်ရှုပ်ရန်အတွက် သူ့ကုမ္ပဏီနှင့် တောက်ဓမ္မကျောင်းတစ်ကျောင်း ဖက်စပ်လုပ်ထားသည့် မှော်တုတ်တံအား ကင်မရာရှေ့တွင် ထုတ်လိုက်သည်။ သူ၏ အကြံမှာ ပြိုင်ပွဲမှ မပြုတ်ခင် ရသမျှ screentime အား ကုမ္ပဏီပစ္စည်း တစ်ခုပိုရောင်းရ၊ရောင်းရ အသုံးချရန်ပင်။

ဒါရိုက်တာအဖွဲ့နှင့် လီချန်ဟဲတို့ ကြည့်နေရင်း မျက်မှောင်ကြုတ်မိကြသည်။

“ကောင်းပြီ ကောင်းပြီ မြန်မြန်စင်ပေါ်က ဆင်းခိုင်းပြီး နောက်ထပ်ပြိုင်ပွဲဝင်ကို တက်ခိုင်းလိုက်တော့”

ရှုဖူ၏နောက်မှ ပြိုင်ပွဲဝင်မှာ ရှီဟိုင်ဟုန်နှင့် ပိုင်စစ်ဖြစ်လေသည်။

သူတို့နှစ်ဦးသည်ကား ယခုပြဿနာနှင့် မတူညီသော အပိုင်းများဖြစ်ကြသည်။ သူတို့က တချို့သောအရာများကို မြင်နိုင်သော်ငြား အရှေ့မှ ဒေစီနှင့် ရှင်းယီချင်းတို့လောက်တော့ မတိကျပါချေ။

သူတို့နှစ်ယောက်၏အလှည့်အပြီးတွင် တင်ဆက်သူလျို့ ထပ်၍ ဖိတ်ခေါ်လိုက်သည်။

“နောက်ထပ်ပြိုင်ပွဲဝင်ကတော့ ပြိုင်ပွဲဝင် နံပါတ်၉ ဟဲမီတူဖြစ်ပါတယ်၊ စင်ပေါ်သို့ ဖိတ်ခေါ်လိုက်ကြရအောင်ပါ!”

ဟဲမီတူ စင်ပေါ်သို့ တက်လာချိန်တွင် တည်ငြိမ်နေသည့် မှတ်ချက်ဧရိယာက အနည်းငယ် ဆူပွက်သွားခဲ့သည်။

သူက ယနေ့တွင် အပြာရောင် မန်ဒရင်းဝတ်စုံ ဝတ်ဆင်ထားပြီး ဆံပင်အရှည်များအား ကျစ်ဆံမြီးကျစ်ကာ ပုခုံးနားတွင် စု,ချထားသည်။

သူ၏ မြေခွေးမျက်လုံးစွန်းများသည်ကား ဖူလန်ယွဲ့အား မြင်လိုက်ချိန်တွင် အနည်းငယ် ဝိုင်းစက်သွားပြီးနောက် အသံကလည်း အံ့ဩနေပုံပေါ်နေလဲ့သည်။

“မင်း ‘ကူမန်သုန်’ မွေးထားတာလား?”

ဖူလန်ယွဲ့လည်း အံ့အားသင့်သွားသည်။

သူမအနေဖြင့် ဤအသက်ငယ်ရွယ်ပုံပေါ်သည့် ထူးခြားပညာရှင်လေးသည် သူမအား မြင်တွေ့ရုံနှင့် သူမအကြောင်း သိသွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ပရိုဂရမ်အဖွဲ့၏ စည်းမျဉ်းအရ ထူးခြားပညာရှင်တို့သည်က ထိုအရာအား မမြင်တွေ့ပါက အကူအညီတောင်းသူမှလည်း အစ,ဖော်ပေးခွင့်မရှိ။

အရှေ့မှ ပညာရှင်များသည်ကား သူမ ‘တစ်ခုခု’အား မွေးထားမှန်းသိကြသော်လည်း ‘ကူမန်သုန်’ဖြစ်ကြောင်း မည်သူမျှ မသိနိုင်ခဲ့ကြပေ။

ဖူလန်ယွဲ့အနေနဲ့ ကံကောင်းနေသေးသည်ဟု ယူဆကာ မျက်နှာလည်း အနည်းငယ် နီမြန်းလာခဲ့ပြီးနောက် ပြန်ဖြေသည်။

“ဟုတ်ပါတယ်၊ ကျွန်မ အဲဒါကို မွေးထားတာပါ…”

[ဘုရားရေ၊ အဲ့တာက ‘ကူမန်သုန်’လား? နှင်လို့မရတာ မထူးဆန်းတော့ပါဘူး၊ အဲဒါကြီးက မွေးဖို့ လုံးဝမသင့်တဲ့ဟာမျိုးလေ!]

[အရှေ့နှစ်ပိုင်းတုန်းက ဟဲမီတူရဲ့ လုပ်ဆောင်ချက်တွေက ကောင်းလွန်းလို့ နည်းနည်းတောင် အံ့ဩနေမိတယ်]

[ရှောင်ဟဲကတော့ ဆက်တိုက်ကို အမှတ်ရနေတာပဲ၊ သူက ထိုင်းလူမျိုးတောက်ကျန့်ပဲလေ၊ ‘ကူမန်သုန်’က အစပြုတာ ထိုင်းကနေဆိုတော့ ကြည့်လိုက်ရုံနဲ့ သိတာ မထူးဆန်းပါဘူး]

[အိုး.. တကယ်သိတဲ့သူ လာပြီဟေ့!]

ကူမန်သုန်အား အဓိပ္ပာယ်ပြန်ဆိုလျှင် ‘ရွှေကောင်လေး’ဟု အဓိပ္ပာယ်ရသောကြောင့် ‘ရွှေ,ကလေး’ဟုလည်း ခေါ်တတ်ကြသည်။

ရာဇဝင်များအရ ရွှေကလေးများသည်ကား အသက်ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသည့် ကလေးငယ်များ၏ ဝိဉာဉ်များအား အထူးစွမ်းအင်ဖြင့် ဖန် သို့မဟုတ် ရွံ့ရုပ်လေးများတွင် ချုပ်ထားသောနည်းလမ်းဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။

ထိုနည်းအားဖြင့် ရွှေကလေးများက ဝိဉာဉ်စွမ်းအင်များ ရရှိနိုင်ပြီး ကပ်များအား နှိမ်နင်းနိုင်ကြသည်။

အစပိုင်းကတော့ ကူမန်သုန်အများစုက ကြင်နာကြသည်။

ပိုင်ရှင်က အမွှေးတိုင်ထွန်းပေးရုံနှင့် ပိုင်ရှင်လုံခြုံစေရန် ကောင်းချီးပေးတတ်ကြသည်။

သို့သော် လူသားများ၏ လောဘသည် အတောမသတ်နိုင်ကြချေ။ သူတို့သည်ကား အေးချမ်းငြိမ်သက်မှုနှင့်ပင် မရောင့်ရဲကြ။ ချမ်းသာကြွယ်ဝခြင်းနှင့် ဂုဏ်ဒြပ်များအား တပ်မက်လာကြပြန်သည်။

‘ကူမန်သုန်’များအား ပို၍ စွမ်းအားကောင်းစေရန် ပို၍ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများ အသုံးပြုရသည်။

အတိုချုံးပြောရပါက မသေခင် ခံစားခဲ့ရသည့် ဝေဒနာကြီးလေလေ၊ ‘ကူမန်သုန်’၏ အငြိုးတရားကြီးလေလေဖြစ်ကာ သူ၏ စွမ်းအားလည်း ကြီးလေဖြစ်သည်။

သူတို့သည်ကား လူ့အလိုတော်တော်များများအား ဖြည့်ဆည်းပေးနိုင်သကဲ့သို့ လိုအပ်သည့် ပူဇော်ပစ္စည်းများမှာလည်း ပို၍ ခက်ခဲလေဖြစ်ကာ တစ်ခါတစ်ရံ သွေးသံရဲရဲပင် တောင်းဆိုလေ့ရှိကြသည်။

ဟဲမီတူ မေးကို လက်ဖြင့်ထောက်လိုက်ပြီးနောက် စကားဆက်သည်။

“မင်းမွေးထားတဲ့ ကူမန်သုန်က တော်တော်လေး အားပြင်းတယ်၊ မင်းလည်း သိမှာပါ၊ မင်းကိုယ်တိုင်တောင် သွေးစိမ်းတွေ ကျွေးခဲ့သေးတာပဲလေ၊ မင်းရဲ့ လောဘနဲ့ သတ္တိက တော်တော်လေးတော့ များသားပဲ”

သွေးစိမ်းကျွေးသည်ဆိုသည်မှာ ဖူလန်ယွဲ့ သူမ၏ သွေးအား အသုံးပြု၍ ကူမန်သုန်အား ပို၍ ရက်စက်စွမ်းအားကြီးအောင် ပျိုးထောင်ခဲ့ခြင်းကို ဆိုလိုခြင်းပင်။

ဒေစီ မှန်ထဲတွင် မြင်ခဲ့ရသည့်မြင်ကွင်းမှာ သူမ သွေးစိမ်းကျွေးနေသည့် အချိန်ပင်ဖြစ်သည်။

“မင်း သူ့ဆီကနေ ဘာတွေ တောင်းခဲ့တာလဲ? ပိုက်ဆံ? ဒါမှမဟုတ် တစ်ယောက်ယောက်ကို ထိခိုက်အောင် လုပ်ခိုင်းထားတာလား?”

ဖူလန်ယွဲ့ တွေဝေနေခဲ့သော်လည်း နောက်ဆုံးတော့ ပြောပြလာခဲ့သည်။

သူမတို့ မိသားစုသည်ကား အင်မတန် ဆင်းရဲကြသည်။ အစောပိုင်းက သူမ မြို့ထဲတွင် အလှပြင်ဆိုင်သေးသေးတစ်ခု ဖွင့်ခဲ့ဖူးသော်လည်း လာရောက်သူ မရှိသလောက်ပင်။

သို့သော် သူမ ချမ်းသာသည့် ဘဝတွင် နေချင်သည်။ သူမ ငယ်ကတည်းက ကြီးပြင်းလာခဲ့သည့် ဆင်းရဲသားဘဝကို ကျော်လွှားချင်ခဲ့သည်။ သူမ တစ်ဘဝလုံးအား ရွံ့ဖုံးနေသည့် အတိတ်တွင် မနေထိုင်ချင်သော်ငြား သူမဘဝကို ပြောင်းလဲရန် အရင်းအနှီးငွေမရှိခဲ့ပေ။

ထိုအချိန်က သူမ တဆင့်စကားကြားကာ သွေးဆာသည့် အကျင့်စရိုက်ရှိသော်လည်း အလုပ်ညံ့ဖျင်းသောကြောင့် ပိုင်ရှင်မှ စွန့်ပစ်မည့် ကူမန်သုန်ရှိကြောင်း ကြားသိလိုက်ရသည်။

ယေဘုယျအားဖြင့် ပြောရလျှင် ‘နတ်ဘုရား’အား ပင့်ဖိတ်ရခြင်းမှာ ‘နတ်ဘုရား’အား စွန့်လွှတ်ရခြင်းထက် ပို၍ လွယ်ကူသည်။

အထူးသဖြင့် ကူမန်သုန်များဖြစ်သည်။

ဤကူမန်သုန်သည်ကား သာမန်မဟုတ်သော နည်းလမ်းဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ သူ အသက်ရှိစဉ်က ညှင်းပန်းနှိပ်စက်ခံရပြီးနောက် အမုန်းတရားလည်း ကြီးမားလွန်းသည်။

သူ့အား အလိုရှိသူက လိုလိုချင်ချင်လာမယူပါလျှင် စွန့်ပစ်ရခက်ခဲသည်။

*

All Chapters