အခန်း (၁၄၃)
Vol. 15 Ch. 143
ထိုအချိန်က ပိုင်ရှင်သည်ကား ငွေအမြောက်အမြားသုံးကာ ကူမန်သုန်အား ဖိတ်ခေါ်ခဲ့သော်လည်း ယခုတွင်မူ တစ်ယောက်ယောက်အား လာယူစေချင်ပြီး အလကားပေးမည်ဟုသာ ဆုံးဖြတ်ထားခဲ့ကြသည်။
ပိုင်ဆိုင်မှု ဗလာနတ္ထိဖြစ်နေခဲ့သည့် ဖူလန်ယွဲ့က ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့သည်။
သူမ၏လက်တွင် ပိုင်ဆိုင်မှုမရှိ၊ တစ်သက်လုံး ဆင်းဆင်းရဲရဲ နေထိုင်သွားရမည်ဆိုပါက သေသွားသည်နှင့် မကွာခြားတော့ပေ။
ထို့ကြောင့် သူမ အံကို ကြိတ်ကာ ကူမန်သုန်အား လက်လွှဲယူခဲ့ပြီး ပူဇော်ပသ,ခဲ့သည်။
အချိန်မကြာလိုက်ပါချေ။ သူမ၏ အလုပ်အကိုင်က ပို၍ ကောင်းလာခဲ့ပြီး ဧည့်သည်များလည်း တိုးလာခဲ့သည်။ အစပိုက်းက ဆောက်လက်စ အဆောက်အဦဘေးတွင် ကပ်ဖွင့်ထားသည့် အလှပြင်ဆိုင်ငယ်သည်ကား မြို့လယ်ခေါင်သို့ ပြောင်းရွေ့ဖွင့်လှစ်လာနိုင်ခဲ့သည်။
ထိုနေရာအနီးမှ ရုံးတွင် အလုပ်လုပ်သည့် ခင်ပွန်းသည်နှင့်လည်း တွေ့ဆုံခဲ့ရသည်။
လက်ထပ်ကာ ကလေးရသည်ထိ ဖူလန်ယွဲ့ ထိုရွှေကလေးအား မွေးမြူပျိုးထောင်ထားခဲ့သည်။
ဤသည်က ယောက္ခမဖြစ်သူမှ ရွှေကလေးအား မတော်တဆ ရှာတွေ့ကာ သူမ နောင်တများဖြင့် ထိုကလေးအား မစွန့်လွှတ်လိုက်ခင်ထိပင်ဖြစ်ခဲ့သည်။
ဟဲမီတူ တွေးနေရင်း ပြောလိုက်သည်။
“မထူးဆန်းပါဘူး၊ ဒီကူမန်သုန်က ရက်စက်တယ်ဆိုပေမယ့် မင်းအပေါ်မှာတော့ သံယောဇဉ်တွယ်နေတဲ့ပုံစံပဲ၊ ဒီလောက်နှစ်တွေ အများကြီးကြာပြီးတာတောင်မှ သွေးနည်းနည်းပဲ သောက်ထားတယ်၊ သူက သဘာဝကို ဆန့်ကျင်ပြီး မကောင်းတာ လုပ်မထားဘူးပဲ”
“အဲဒါကို ဘယ်လို ပြန်လွှတ်လိုက်တာလဲ?”
“အဲဒီတုန်းက သူ့ကို လိုချင်တဲ့ မိသားစုတစ်ခုကို ဆက်သွယ်ခဲ့တာ၊ ပြီးတော့ သုံးရက်တိတိ ယဇ်ပူဇော်ပြီးမှ သူ့ကို ပေးလိုက်တာ”
“ဆိုလိုတာက သူက ထွက်မသွားချင်ဘူးပဲ”
“ကူမန်သုန်တွေက အရမ်းငယ်ငယ်ရွယ်ရွယ်နဲ့ သေခဲ့ရတဲ့ ကလေးတွေ၊ သူတို့က ကြေကွဲဝမ်းနည်းမှုတွေနဲ့ အစွဲအလမ်းတွေရှိတယ်၊ မိသားစု၊ မိဘတွေတွေက သူတို့ရဲ့ အစွဲအလမ်းတွေ ဖြစ်တာများတယ်၊
မင်းက အရင်က သူ့အပေါ်မှာ အရမ်းကောင်းခဲ့တယ်။ သူကလည်း မင်းနဲ့အတူ ဆယ်နှစ်ကျော်တောင် အတူရှိနေခဲ့ပြီး မင်းကိုလည်း ထိခိုက်အောင် မလုပ်ခဲ့ဘူး၊ မင်းက သူ့ကို ကတိတွေအများကြီးပေးခဲ့ပေမယ့် မင်း ကတိမတည်ခဲ့ဘူး”
ဖူလန်ယွဲ့ နှုတ်ခမ်းအား တင်းတင်းစေ့ကာ ရင်ထဲတွင်လည်း အောင့်သက်သက်ဖြစ်သွားခဲ့ရသည်။
သူမ တစ်ယောက်ထဲ ရုန်းကန်နေရချိန်တွင် ‘ထိုကလေး’အပေါ် အားကိုးခဲ့သည်။
သူ့အား မွေးထားပြီးချိန်တွင် သူမ၏ အလုပ်အကိုင်လည်း တိုးတက်ကာ ချမ်းသာလာခဲ့သည်။
ပထမ ၂နှစ်၊၃နှစ်ခန့်တွင် သူမ ထိုကလေးပေါ်တွင် အများကြီး မှီခိုခဲ့လေသည်။
တချို့ကတော့ ပြုံးနေသောမျက်နှာဖြင့် ရွံ့ရုပ်အား အိမ်တွင် နေရာပေးထားရန် ကြောက်စရာကောင်းသည်ဟု ထင်ကြမည်ဖြစ်သော်လည်း သူမအနေနဲ့တော့ ထိုကလေးနှင့် အင်မတန်နီးစပ်နေသည်ဟု ခံစားခဲ့ရသည်။
ဤကူမန်သုန်သည်ကား မြို့ပြကြီးတွင် သူမ၏ တစ်ဦးတည်းသော ‘ဆွေမျိုး’၊ သူမအား ကောင်းကောင်းဆက်ဆံသည့် တစ်ဦးတည်းသော သူဖြစ်သောကြောင့် သူမ ပူဇော်ပ,သသည့် အချိန်တိုင်း ပြောလေ့ရှိသည်။
‘မင်းကို ငါ့ရဲ့မိသားစုလို့ သဘောထားတာ၊ အနာဂတ်မှာလည်း မင်းကို ပြုစုစောင့်ရှောက်မှာပါ”
“မင်းက ငါ့ရဲ့ ကလေးလိုပါပဲ”
ဖူလန်ယွဲ့ ရင်ထဲမှ စကားအား ပြောခဲ့ခြင်းဖြစ်ကာ ထိုကလေးအား တစ်သက်လုံး အိမ်တွင်ထားရန်လည်း ရည်ရွယ်ထားခဲ့သည်။
သို့သော် ခင်ပွန်းနှင့် ကလေးရှိလာချိန်တွင်တော့ မိသားစုအစစ်၏ ချည်နှောင်ကြိုးသည် ‘ထိုကလေး’နှင့် သံယောဇဉ်ကြိုးထက် ပို၍ ခိုင်မာနေခဲ့သည်။
ထို့ကြောင့် သူမ နောင်တများဖြင့် ကူမန်သုန်အား ယောက္ခမ၏ တိုက်တွန်းချက်အရ စွန့်လွှတ်ခဲ့ခြင်းဖြစ်သည်။
ဟဲမီတူ မျက်မှောင်ကြုတ်ကာ အပြစ်တင်ခဲ့သည်။
“အဲဒီကတိတွေကို မတည်နိုင်ဘူးဆိုရင် မင်း သူ့ကို ကတိတွေ မပေးခဲ့သင့်ဘူး”
ဖူလန်ယွဲ့ မျက်နှာအား အုပ်ထားရင်း အသံမှာလည်း အက်ကွဲနေခဲ့သည်။
“ကျွန်မ နောင်တရတယ်၊ ထောင်ထောင်ကိုလည်း အားနာသလို အဲ့’ကလေးလေး’ကိုလည်း အားနာမိတယ်”
“ထောင်ထောင်ရဲ့ ခန္ဓာကိုယ်က အရမ်းအားနည်းနေတာ၊ သူက ကျွန်မကို လက်စားချေဖို့အတွက် ထောင်ထောင်ကို ထိခိုက်အောင် လုပ်နေတာလားဟင်? သူ ကျွန်မကို အပြစ်တင်နေတာလားဟင်....”
ဟဲမီတူ၏ မျက်လုံးများ အေးစက်သွားပြီးနောက် အတန်ကြာမှ သူမျက်နှာကို ထိန်းလိုက်ရင်း ပြန်ဖြေသည်။
“ကျွန်တော် မပြောခဲ့ဘူးလား? သူ့ကို မစွန့်လွှတ်ခင်ထိ သူက ဘယ်လိုမကောင်းမှုမှ မလုပ်ခဲ့ဘူး”
“မင်းရဲ့ သမီးဖြစ်သူရဲ့ ကျန်းမာရေးမကောင်းတဲ့ကိစ္စ သူ့ဘာသာ ဖြစ်တဲ့ ပြဿနာပဲ”
အမေရှုက စောင့်ဆိုင်းခန်းထဲကနေ ထိုစကားများအား ကြားလိုက်ရပြီးနောက် အော်ဟစ်ပြောတော့သည်။
“ဒီပြိုင်ပွဲဝင်က စကားကို ဘယ်လိုပြောနေတာလဲ? အဲဒီဟာကြီးကြောင့် ဖြစ်တာလေ! ဘယ်လိုလုပ် မဟုတ်ရမှာလဲ? အရှေ့က ပြိုင်ပွဲဝင်တွေကတောင် အဲဒီသရဲလေးက ထောင်ထောင်ရဲ့ အိပ်မက်ထဲမှာ နှောင့်ယှက်နေတာလို့ ပြောခဲ့ပြီးသားကို! သူင ငါ့မြေးကို အိပ်မရအောင် လုပ်နေတာ”
“သူ့ပုံစံကို ကြည့်ရတာတော့ သူက အဲ့မကောင်းတဲ့ဟာကို ကာကွယ်ချင်နေတဲ့ပုံပဲ! ငါ အင်တာနက်ပေါ်မှာ တွေ့လိုက်ဖူးတယ်! ဒီကောင်လေးက ထိုင်းမှာ ကြီးတာဆိုလား! သူက ဆိုက်ကိုကောင်ပဲ”
ဘေးတွင်ရှိနေကြသည့် ဝန်ထမ်းများ ထိုစကားအား ကြားရချိန်တွင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိကြသည်။
အဘွားအို၏ စကားလုံးများသည် ဘောင်ကျော်ကာ အရုပ်ဆိုးလှသည်ဟုလည်း ခံစားလိုက်ရလေသည်။
တင်ဆက်သူလျို့ မစောင့်နိုင်ပဲ ထုတ်မေးမိပြန်သည်။
“အဲဒါက တကယ်ပဲ... ထွက်မသွားချင်တာဆိုရင်... ဘယ်လိုနည်းလမ်းနဲ့များ ဖြေရှင်းလို့ ရနိုင်မလဲဟင်?”
“လွယ်ပါတယ်၊ မင်းလုပ်ချင်တဲ့ စိတ်ဆန္ဒအပေါ်မှာပဲ မူတည်တယ်”
“ပထမနည်းလမ်းက သူ့ကို ပြန်ခေါ်ပြီးတော့ ကူမန်သုန်ကို အရင်ကလိုပဲ အိမ်မှာထားလိုက်၊ အားလုံးက မူလကအတိုင်း ပြန်ဖြစ်သွားလိမ့်မယ်”
“ဒုတိယနည်းလမ်းက ပိုတောင် လွယ်သေးတယ်၊ သူ့ရဲ့ ဝိဉာဉ်ကိုပါ တစ်ခါတည်း ရှင်းပစ်လိုက်၊ အဲဒါဆိုရင် ဒီကူမန်သုန်လည်း တည်ရှိတော့မှာ မဟုတ်သလို အရာအားလုံးကလည်း သူ့သဘာဝအတိုင်း ဖြစ်သွားလိမ့်မယ်၊ အချင်းချင်း တိုင်ပင်ပြီးမှ ဆုံးဖြတ်လို့လည်း ရပါတယ်”
ဖူလန်ယွဲ့ ကြက်သေ,သေသွားရပြန်သည်။ သူမ ဘေးမှ ခင်ပွန်းသည်အား လှမ်းကြည့်လိုက်ချိန်တွင် ခင်ပွန်းသည်၏ စိုက်ကြည့်နှင့်နေသော မျက်လုံးများဖြင့် ဆုံလိုက်ရသည်။
ရှုရှန် စကားစသည်။
“မင်း ဘယ်လို ဖြေရှင်းချင်လဲ? ကိုယ် မင်းရဲ့ ရွေးချယ်မှုကို ဦးစားပေးပါမယ်”
ဖူလန်ယွဲ့ နှုတ်ခမ်းများ အနည်းငယ်စေ့သွားခဲ့ပြီး အာခေါင်များလည်း ခြောက်သွေ့နေခဲ့သည်။
သူမ ‘ထိုကလေး’အား ပြန်ခေါ်ချင်သည်ဟု ပြောလိုက်ချင်သော်လည်း ယောက္ခမဖြစ်သူမှ လုံးဝသဘောတူမည်မဟုတ်ကြောင်း စိတ်ထဲတွင် သိနှင့်နေသည်။
ထောင်ထောင်၏ အိပ်မက်ဆိုးများအား မြင်တွေ့နေရပြီးနောက် ခင်ပွန်းသည်လည်း ယခင်ကကဲ့သို့ သူမ၏ ‘ဝါသနာ’အား လိုက်လျောပေးနိုင်ပါမည်လော?
သမီးဖြစ်သူအား ထိခိုက်စေသည့် ‘ကူမန်သုန်’အား ပြန်ခေါ်လိုက်ပါလျှင် ခင်ပွန်းသည်၏ ရင်ထဲတွင် အဆူးအညှောင့်မရှိပဲ နေနိုင်ပါမည်လော?
ထောင်ထောင် အရွယ်ရောက်လာ၍ သူမ၏ ဆုံးဖြတ်ချက်အကြောင်း အဘွားထံမှ ကြားသိရလျှင် မိခင်ဖြစ်သူအပေါ် အမုန်းတရားများ ပေါ်ပေါက်လာလိမ့်မည်လော?
တခြားသူကို မဆိုထားနှင့်၊ သူမ ကိုယ်တိုင်ကရော သမီးအရင်းဖြစ်သူအား ထိခိုက်နာကျင်စေခဲ့သည့် ‘ထိုကလေးငယ်’ကို အငြိုးမထားဘဲ ယခင်ကကဲ့သို့ ဂရုစိုက်ပေးနိုင်မည်လော?
ထိုသို့လောပေါင်းမြောက်များစွာဖြင့် သူမ တွေဝေနေခဲ့သော်လည်း သူမ၏ဘဝအား ကံကောင်းခြင်းများ ယူဆောင်လာပြီး သူမနှင့် ဆယ်နှစ်ကျော် အတူရှိခဲ့သော ထိုကလေးငယ်အား သတ်ပစ်ရန်လည်း ဆုံးဖြတ်ချက် မပြတ်သားနိုင်ခဲ့ပေ။
ဇနီးသည်၏ အကျပ်ရိုက်နေခြင်းအား မြင်တွေ့လိုက်ရသည့် ရှုရှန် တင်ဆက်သူလျို့အား ပြန်ပြောလိုက်သည်။
“သူမကို အချိန်နည်းနည်းလောက် ထပ်ပေးပြီး သေချာစဉ်းစားချိန်လေး ပေးလို့ရမလား”
“ကောင်းပါပြီ၊ ဒါဆိုရင် နောက်ဆုံးကျန်တဲ့ ပြိုင်ပွဲဝင် ကုကျစ်စုန့်ကို ဖိတ်ခေါ်လိုက်ကြရအောင်ပါ၊ သူမကရော ဘယ်လို ရှာဖွေတွေ့ရှိမှု အသစ်တွေရှိနေမလဲဆိုတာကို ကြည့်ကြရအောင်နော်”
သူ့၏အသံဆုံးသည်နှင့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် အုန်းအုန်းကျက်ကျက် ဆူညံသွားတော့သည်။
မှတ်ချက်များမှာ များလွန်း၍ မျက်နှာပြင်တစ်ခုလုံးပင် ဖုံးကွယ်တော့မည့်အလား အထင်မှားရသည်။
ဒါရိုက်တာအဖွဲ့မှ လူများကတော့ လူတွေ၏ အချိန်ကိုက် တုံ့ပြန်မှုအား ကြည့်ရင်း ကုကျစ်စုန့်၏ ကြောက်စရာကောင်းလှသည့် ကျော်ကြားမှုအား တဖန်ပြန်၍ မြင်လိုက်ရပြန်သည်။
တစ်နာရီကျော် စောင့်ဆိုင်းလိုက်ရပြီး ပျင်းရိနေသည့် ကုကျစ်စုန့်လည်း သူမအား ခေါ်သံကြားလိုက်ရချိန်တွင် အကြောဆန့်ကာ စောင့်ဆိုင်းခန်းထဲမှ အပြင်သို့ ထွက်လာခဲ့သည်။
စင်ပေါ်သို့ ရောက်ချိန်တွင် သူမ မြင်လိုက်ရသည်မှာ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားပြီး မျက်လုံးများ နီမြန်းရောင်ရမ်းနေကာ သာမန်မဟုတ်သော စိတ်နေစိတ်ထားဖြင့် အမျိုးသမီးတစ်ဦးပင်ဖြစ်သည်။
သူမက မျက်ခုံးကို အသာပင့်လိုက်ပြီးနောက် တင်ဆက်သူအား အရင် ခေါင်းငြိမ့်ပြလိုက်သည်။
“ဒီနှစ်ဦးက ဒီနေ့ရဲ့ ပထမဆုံး အကူအညီတောင်းသူတွေပါ”
ကုကျစ်စုန့် ခေါင်းကို ငြိမ့်လိုက်ပြီးနောက် ဖူလန်ယွဲ့ကို ကြည့်ရင်း ပထမဆုံး စကားဆိုသည်။
“ရှင့်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက နည်းနည်းလေး ထူးခြားတယ်၊ အဲဒါကို သိပြီးပြီမဟုတ်လား?”
ရှုရှန်: “???”
ပရိတ်သတ်: “???”
ထိုစကားက မည်သည်ကို ဆိုလိုခြင်းဖြစ်သနည်း??
ကုကျစ်စုန့် သူမအား မော့ကြည့်လိုက်သည်။
“မသိဘူးလား? ရှင့်မှာ စိတ်စွမ်းအင်ခန္ဓာကိုယ်ရှိတယ်ဆိုတာကိုလေ?”
ဖူလန်ယွဲ့ အံ့အားသင့်သွားရပြီးနောက် မချင့်မရဲဖြင့် ခေါင်းငြိမ့်သည်။
“ကျွန်မ သိပါတယ်”
ရှုရှန်ကတော့ အံ့ဩတကြီးဖြင့် မေးခွန်းထုတ်ရှာသည်။
“ဘယ်လိုဖြစ်တာလဲ? မင်း ကိုယ့်ကိုလည်း တစ်ခါမှ မပြောဖူးဘူး”
“ကျွန်မ ငယ်ငယ်တုန်းက တချို့ သရဲတစ္ဆေတွေကို မြင်ရတယ်၊ ဒါပေမယ့် ကြီးလာတော့ သိပ်ပြီး မမြင်ရတော့ဘူး၊တစ်ခါတစ်လေ အရိပ်အယောင်လောက်ပဲ မြင်ရတော့တာ၊
တကယ့်အရိပ်လား၊ သရဲလားတောင် သိပ်မခွဲနိုင်ဘူး၊ ကျွန်မ အဲဒါတွေကို တကယ် မြင်ရတာလား၊ မမြင်ရတာလား အတတ်မပြောနိုင်လို့ ရှင့်ကို ပြောမပြခဲ့တာ”
သူမ အင်မတန် အံ့ဩသွားသည်။ ကုကျစ်စုန့် ဤသည်ကိုပါ သိနေလိမ့်မည်ဟု ထင်မထားခဲ့။
သို့သော် ယခု သူမ အကူအညီတောင်းသည့် ကိစ္စနှင့် မည်သို့ သက်ဆိုင်သည်ကိုတော့ သူမ နားမလည်နိုင်ပေ။
ကုကျစ်စုန့် ဆက်ပြောလိုက်သည့် စကားကြောင့် သူမ လုံးဝ မှင်သေသွားရပြန်သည်။
“ရှင့်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ယင်၊ယန် မျက်လုံးရှိတဲ့ သူတွေနဲ့ မတူဘူး၊ ရှင့်ရဲ့ ဘယ်ဘက်လက်ညိုးပေါ်မှာ အနက်ရောင်မှဲ့တစ်လုံးရှိတယ်၊ရှင်ရော၊ ရှင့်အမေ၊ ရှင့်ရဲ့ သမီး အကုန်လုံးမှာ အတူတူရှိနေကြတယ်၊
တစ်ခါတစ်လေ သရဲပွဲတော်တို့ အသုဘတို့ ရှိတဲ့ အချိန်မျိုးမှာဆိုရင် သရဲတွေ မြင်ရတတ်တယ်၊ အဲဒါက ထူးခြားတဲ့ အချိန်ကာလတွေလေ”
ဤထူးခြားပညာရှင်သည်ကား အကြည့်တစ်ချက်နှင့်ပင် သူမတွင် သမီးရှိကြောင်း သိလိုက်ပြန်သည်။
ဖူလန်ယွဲ့ ရုတ်တရက် တစ်စုံတစ်ခုအား သတိရသွားသည်။
သူမ၏ မိခင်သည်ကာစ သူမအား မွေးဖွားပြီး မီးတွင်းထဲ၌ ဆုံးပါးသွားခဲ့သည်။ သူမက မိခင်ဖြစ်သူအား တစ်ကြိမ်မျှပင် မမြင်ဘူးခဲ့ပေ။ အဘွားဖြစ်သူကလည်း မိခင်အကြောင်း တစ်ခါမှ မပြောပြခဲ့ဖူး။
မိခင်ဖြစ်သူ၏ လက်ချောင်းတွင် မှဲ့ရှိ၊မရှိကို သူမ မသိပါချေ။
သို့သော် အဘွားဖြစ်သူ၏ ဘယ်ဘက်လက်ညိုးတွင်တော့ မှဲ့တစ်လုံးရှိသည်။
အဘွားဖြစ်သူသည်ကား အနီးအနားမှ ရွာတွင် နာမည်ကြီး စုန်းမတစ်ဦးဖြစ်ခဲ့သည်။
ငယ်စဉ်တည်းက အဘွားဖြစ်သူ၏ လက်ပေါ်တွင် ကြီးပြင်းခဲ့ရပြီး ကလေးဘဝတည်းက သဘာဝလွန်ဖြစ်ရပ်များအကြောင်း ကြားသိခဲ့ရသော်ကြောင့် ဖူလန်ယွဲ့ မြို့ပေါ်သို့ ရောက်ချိန်၌ ကူမန်သုန်အား လက်ခံယူရန် မကြောက်ရွံ့ခဲ့ပါချေ။
ထို့ကြောင့်သာ သူမသည်ကား ငယ်ငယ်ရွယ်ရွယ် တစ်ယောက်တည်းနေစဉ်ကပင် ထိုအရာကို အိမ်သို့ခေါ်ကာ ပူဇော်ထားရန် ဝန်မလေးခဲ့ပေ။
ထောင်ထောင် မွေးဖွားချိန်တွင်လည်း သမီးငယ်၏ ဘယ်ဘက်လက်ညိုးတွင် မှဲ့နက်လေးတစ်လုံး တွေ့လိုက်ရပြန်သည်။
ထိုအချိန်က သူမ၏ လက်နှင့်ယှဉ်ပြခဲ့ပြီး ခင်ပွန်းသည်အား အဘွားဖြစ်သူမ၏ လက်ညိုးတွင်လည်း မှဲ့နက်လေးတစ်လုံး ပါကြောင်း ပြောပြခဲ့သည်။
သူမ ပြုံးနေရင်းပင် ထိုမှဲ့လေးသည်ကား ဆွေစဉ်မျိုးဆက် ၄ခု လက်ဆင့်ကမ်းလာသည့် မိသားစုအမွေဖြစ်ကြောင်းကိုပင် ပြောခဲ့မိသေးသည်။
ဖူလန်ယွဲ့ ထိုအချိန်က ခပ်ပေါ့ပေါ့ပြောခဲ့ခြင်းဖြစ်ပြီး ထိုအရာသည် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံဖြစ်ကြောင်း တွေးတောင် တွေးမကြည့်မိခဲ့။
ထိုအခါမှ သူမ သတိရကာ ထအော်မိသည်။
“ဒါဆို.. ထောင်ထောင်ကလည်း ကျွန်မတို့လို ခန္ဓာကိုယ်မျိုးရှိတာဆိုရင် သူကလည်း သရဲတွေကို မြင်နိုင်တယ်ဆိုတဲ့ သဘောမျိုးလား!?”
ကုကျစ်စုန့်: “သေချာတာပေါ့”
*