← Chapters

ကာကွယ်စောင့်ရှောက်ခြင်း(1)

Vol. 15 Ch. 144

ကာကွယ်စောင့်ရှောက်ခြင်း(1)

Vol. 15 Ch. 144

“မဖြစ်နိုင်တာ၊ ထောင်ထောင် အဲလိုအရာတွေကို မမြင်ရပါဘူး”

ဖူလန်ယွဲ့ ခေါင်းကို ခါရမ်းကာ ကုကျစ်စုန့်၏ စကားကို ငြင်းဆန်လိုက်သည်။

ခင်ပွန်းသည် ရှုရှန်ကလည်း သမီးငယ်သည်ကား ထိုသရဲများအား မြင်ရသည်ဟု တစ်ခါမှ မပြောဖူးကြောင်း၊ သာမန် ကလေးငယ် တစ်ယောက်ကဲ့သို့သာ ပြောဆိုနေထိုင်ကြောင်း သဘောတူပြောဆိုလာသည်။

“သူ ဘာလို့ အဲဒါတွေကို မမြင်ရတာလဲဆိုတာ အကြောင်းရင်းရှိတယ်လေ”

သူမ ပြောလက်စ စကားအား ဆက်မပြောဘဲ ဖူလန်ယွဲ့ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။

“ရှင်က မကောင်းတဲ့ အရာတစ်ခုကို အချိန်အကြာကြီးမွေးထားတာပဲ၊ အဲ့တာက ရှားနိုင်ငံရဲ့ မကောင်းဆိုးဝါးတော့ မဟုတ်ဘူးမလား?”

ကုကျစ်စုန့်အနေဖြင့် ‘ကူမန်သုန်’အား တစ်ခါမျှ မမြင်ဖူးခဲ့သောကြောင့် ဖူလန်ယွဲ့မွေးထားသည့် အရာက မည်သည်ဖြစ်ကြောင်း သူမ အတတ်မပြောနိုင်ပေ။

သို့သော် ကြွင်းကျန်နေသော ယင်စွမ်းအင်မှတဆင့် ဖော်ထုတ်နိုင်သည်မှာ ထိုမကောင်းဆိုးဝါးအား ဖန်တီးထားသည့် နည်းလမ်းများသည် ရှားနိုင်ငံ၏ ရိုးရာ ကလေးသရဲများ၊ သရဲငယ်များနှင့် ကွဲပြားကြောင်း သိနိုင်ခဲ်သည်။

ချင်ကျန်းမွေးထားသည့် ကလေးသရဲကဲ့သို့ပင် ဝိဉာဉ်သည်က လုံးဝပျက်စီးနေခဲ့သည်။  သို့သော် ချင်ကျန်း၏  ကလေးသရဲသည်ကား နှစ်ပေါင်းမည်မျှကြာမြင့်သည်ထိ နေထိုင်ပါစေ၊ အသက်ပေါင်းများစွာ ဝါးမျိုပါစေ၊ သူ၏ ခန္ဓာကိုယ်သည်ကား ကလေးပုံစံသာ ဖြစ်နေမည်ဖြစ်ပြီး အရွယ်အစားသာလျှင် ကြီးထွားလာမည်ဖြစ်သည်။

သို့သော် ဖူလန်ယွဲ့မွေးထားသည့် ‘ကူမန်သုန်’ကတော့ ထူးခြားသည်။

ထိန်းသိမ်းအရုပ်ထဲတွင် ချုပ်နှောင်ခံထားရသည့် သရဲသည်ကား အရွယ်ရောက်နိုင်သည်။

ဖူလန်ယွဲ့နှင့် ထောင်ထောင်၏ စကားအရ သူတို့ အိပ်မက်ထဲတွင် မြင်တွေ့ရသည်မှာ ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ဦးဖြစ်သည်။

ထိုမတူညီခြင်းတို့ကြောင့် ကုကျစ်စုန့်သည် ဤသရဲအမျိုးအစားအား စိတ်ဝင်စားကာ လေ့လာရန်အတွက် တစ်ကောင်လောက်ပင် ဖမ်းဆီးထားချင်စိတ်ပေါ်လာခဲ့သည်။

သူမ ဖူလန်ယွဲ့၏ မျက်နှာအား ကြည့်ကာ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

“ရှင်က ဒီနှစ် ၃၃နှစ်ပြည့်တာပဲ၊ အတိတ်အကြောင်းကို ပြောဖို့မလိုပါဘူး၊ ရှင်က ခင်ပွန်းသည်နဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်က လက်ထပ်ခဲ့ပြီး သမီးတစ်ယောက်မွေးခဲ့တယ်၊ အဲ့ကလေးက အခုဆို ၇နှစ်ရှိပြီ”

“ရှင့်ရဲ့ မျက်နှာကျနဲ့ နန်းတော်တွေ တည်နေရာအရ ခန့်မှန်းရရင် ရှင့်ရဲ့ တည်မြဲခြင်းတည်နေရာက မြင့်တယ်၊ အဲဒါက နှာခေါင်းတစ်ခုလုံးကို ထောက်ထားသလိုပဲ။ ဆိုလိုတာက ရှင်က အရမ်း အလုပ်ကို အလေးထားတယ်၊

တစ်ချိန်တည်းမှာပဲ အလုပ်ကို သေသေချာချာ စီမံခန့်ခွဲနိုင်တယ်၊ ဒါပေမယ့် ရှင့်ရဲ့ တောင်ခြေ၊ အသက်တံခါးဝမှာတော့ ယင်စွမ်းအင်တိမ်တိုက်ဖုံးနေတယ်၊ အဲဒါက ရှင်က ရှင့်ရဲ့ စီးပွားရေးနဲ့ ချမ်းသာကြွယ်ဝမှုအတွက် မကောင်းတဲ့ အရာတွေနဲ့ ဆက်နွယ်ထားတယ်ဆိုတာကို ပြနေတာပဲ”

ဖူလန်ယွဲ့သည်ကတော့ ပြောစရာစကားပင် မရှိတော့ချေ။

မူလအစပိုင်းတွင် သူမ အလှပြင်ဆိုင် အောင်မြင်စေရန်အတွက် ‘ကူမန်သုန်’အား စွန့်စား၍ မွေးခဲ့ခြင်းပင်ဖြစ်ခဲ့ပေသည်။

“ဒါ့အပြင် ရှင့်မျက်နှာမှာ ထူးဆန်းတာ ရှိနေသေးတယ်၊ အကြမ်းဖျင်းပြောရရင် ရှင့်ရဲ့ သားသမီးနဲ့ ဆက်ဆံရေးက ပုံမှန်ပဲ၊ ပြီးတော့ လတ်တလောမှာ သမီးတစ်ယောက်ပဲ ရှိသေးတယ်၊

ဒါပေမယ့် မိသားစု လမ်းကြောင်းမှာ ဝိုးတဝါး လမ်းကြောင်းတစ်ခုကို မြင်နေရတယ်”

ထိုလမ်းကြောင်း ထူးဆန်းနေရခြင်းမှာ ထိုမိသားစုလမ်းကြောင်းသည်ကား လေတိုက်လျှင်ပင် လွင့်ထွက်သွားတော့မည့်အလား မှုန်ဝါးနေခဲ့ခြင်းကြောင့်ပင်။

“ရှင် အဲဒါက ဘာကို ဆိုလိုလဲဆိုတာကို နားလည်ရဲ့လား?”

ကုကျစ်စုန့်ပင် အံ့အားသင့်ကာ မေးလိုက်မိသည်။

“အဲဒီ မကောင်းဆိုးဝါးဝိဉာဉ်က ရှင့်ကို သူ့အမေလို့ သဘောထားတာ၊ ကြည့်ရတာ ရှင်က သူ့ကို‌ သေချာလေး ဂရုစိုက်ပြီး ပျိုးထောင်ခဲ့ပုံပဲ”

ဖူလန်ယွဲ့ မှင်သေ,နေချိန်တွင် ကုကျစ်စုန့် ရှေ့ကို တိုးကာ သူမ၏ ပုခုံးပေါ်သို့ လက်တင်လိုက်သည်။

သူမ မျက်လုံးကို ဖြည်းညင်းစွာ ပိတ်လိုက်ပြီး သာမန်မျက်လုံးဖြင့် မမြင်နိုင်သော ယင်စွမ်းအင်တိမ်တိုက်အား သူမ ခန္ဓာကိုယ်ကို ဖောက်ထွက်စေလိုက်သည်။ ထို့နောက်တွင် သူမ မှတ်ဉာဏ် အစိတ်အပိုင်းအချို့အား မြင်တွေ့လိုက်ရလေသည်။

ထိုမှတ်ဉာဏ်များသည်က ‘ကူမန်သုန်’၏ မှတ်ဉာဏ်များပင်ဖြစ်သည်။

သူ သိတတ်သည့် အချိန်မှ စ၍ မိခင်ဖြစ်သူ၏ စွန့်ပစ်ခံထားရကြောင်း ကောင်းကောင်းသိနေပြီးဖြစ်သည်။

သူ၏ မိခင်အရင်းသည်ကား ထိုင်းနတ်ဆရာတစ်ဦးထံသို့ သူ့အား ငွေအမြောက်အမြားဖြင့် ရောင်းစားခဲ့သည့် ထိုင်းလူမျိုး အမျိုးသမီးတစ်ဦးဖြစ်ခဲ့သည်။

နောက်ပိုင်းတွင် သူသည်ကား နှိပ်စက်ညှင်းပန်းခံရပြီးနောက် ရွံ့အိုးရုပ်လေးထဲသို့ ဖိနှိပ်ထည့်သွင်းခံလိုက်ရပြန်သည်။

အကြိမ်ပေါင်းများစွာ သခင်ပြောင်းလဲနေခဲ့ပြီးနောက် နောက်ဆုံးတွင် အမျိုးသမီးငယ်တစ်ဦး၏လက်ထဲသို့ ရောက်သွားရပြန်သည်။

အစကတော့ ကူမန်သုန်မှာ မကျေမနပ်ဖြစ်နေခဲ့ကာ ထိုအမျိုးသမီးအား အိပ်မက်ထဲအထိ လိုက်၍ ခြိမ်းခြောက်ခဲ့သေးသည်။

သို့သော် အမျိုးသမီးငယ်သည်ကား သူ့အား နေ့စဉ် ပူဇော်ပသသော်ကြောင့် အချိန်ကြာသည်နှင့်အမျှ သူ၏ စိတ်နေစိတ်ထား အနည်းငယ် ပျော့ပြောင်းလာခဲ့သည်။

မိန်းမငယ်၏ တောင်းဆိုမှုသည်လည်း မများပြားလှပါချေ။ သူမက ပိုက်ဆံချမ်းသာချင်နေခဲ့သည်။ ထိုဆုတောင်းသည် သူ့အတွက်တော့ မခက်ခဲလှပေ။

အမျိုးသမီး၏ ပထမဆုံး အော်ဒါအမြောက်အမြား လက်ခံရချိန်အား သူ မှတ်မိနေသေးသည်။ သူမသည်ကား အပျော်လွန်သောကြောင့် သူ၏ ရွံ့ရုပ်လေးကို ပူဇော်ခံနေရာမှ မြှောက်ကာ နှစ်ကြိမ်တိုင်တိုင် ပွေ့ဖက်ကာနမ်းခဲ့သည်။

ထိုအချိန်က သူ့အနေဖြင့် မိခင်၏ အငွေ့အသက်အား ပထမဆုံးအကြိမ် ခံစားမိခြင်းပင်ဖြစ်သည်။

နောက်တစ်ရက် သူမ အိမ်သို့ပြန်လာချိန်တွင် အရုပ်လေးအတွက် အင်္ကျီအချို့ဝယ်လာပြီး တီးတိုးပြောခဲ့သည်။

‘နောက်ပိုင်း ငါ ပိုက်ဆံရှိတဲ့အချိန်ကျရင် အရုပ်တွေရောင်းတဲ့ အိမ်ကိုသွားပြီး သူတို့ကို မင်းအတွက်သီးသန့် အင်္ကျီသွားအပ်ပေးမယ်…’

‘အမေက မင်းကို သေချာလေး ဂရုစိုက်မယ်နော်’

ထိုအချိန်က ကူမန်သုန်သည်ကား သူမကို ရင်ထဲမှ အမေဟု ခေါ်မိခဲ့သည်။

နောက်ပိုင်းတွင် အမျိုးသမီး၏ စီးပွားရေး အောင်မြင်လာခဲ့ပြီး သူမ၏ ချစ်သူနှင့်တွေ့ဆုံကာ လက်ထပ်ခဲ့သည်။

အစကတော့ ခင်ပွန်းသည်,က သူ၏ ဖြစ်တည်မှုအား လက်မခံခဲ့ပေ။

သို့သော် အမျိုးသမီးက သူ့အား နားချခဲ့သည်။ နောက်တွင် ကူမန်သုန်အား အနာဂတ်တွင် ‘အဖေ’ရတော့မည်ဖြစ်ကြောင်း ပြောပြခဲ့သည်။

အမှန်ပင် သူတို့သည်က ရွံ့ရုပ်လေးအတွက် သီးသန့် ဝတ်စုံများ အော်ဒါအပ်ပေးခဲ့ပြီးနောက် သူတို့ထမင်းစားချိန်တိုင်းတွင်လည်း ပန်းကန်လုံးလေးနှင့် ဇွန်းငယ်တစ်ချောင်း စားပွဲပေါ်တွင် တင်ထားတတ်ကြသည်။

သူ့အတွက် နေရာတစ်ခုရှိကြောင်း သေချာသိထားခဲ့ကြသည်။

သူသည်လည်း ဤမိသားစုနှင့် တစ်သားတည်း ဖြစ်နေပြီဟု ခံစားရပြီးနောက် နှလုံးသားတွင်လည်း ပျော်ရွှင်နေခဲ့သည်။

ထို့နောက် ‘အမေ’ ထံ၌ ကိုယ်ဝန်ရှိလာခဲ့သည်။

သူမ၏ လုံးဝန်းသော ဗိုက်အား ညင်ညင်သာသာ ပွတ်သတ်နေတတ်သည်၊ ဝမ်းဗိုက်ထဲမှ ကလေးငယ်အတွက် သီချင်းညည်းသည်၊ မိဘတစ်ဦးသိထားသင့်သည်များကိုလည်း လေ့လာနေတတ်သည်။

‘ကူမန်သုန်’ အနည်းငယ် လမ်းပျောက်သွားသကဲ့သို့ ခံစာစခဲ့ရလေ၏။ သူသည်ကား ဘယ်တုန်းကမျှ ထိုကဲ့သို့ ဂရုစိုက်မှုမျိုး မခံခဲ့ရဖူးပေ။

သူနားလည်လိုက်ရသည်။ သူသည်က အခြားသော လူသားကလေးငယ်များနှင့် မတူညီပေ။

သို့သော် တစ်ရက်တွင် ‘အမေ’သည် သူ့ရှေ့တွင် ရပ်ကာ ညင်သာသော အသံဖြင့် စကားဆိုသည်။

“အမေ ဒီနေ့ ဓာတ်မှန်ရိုက်ကြည့်ခဲ့တာ၊ မင်းမှာ ညီမလေး အသစ်ထပ်ရတော့မှာတဲ့၊ ညီမလေးကိုလည်း သေသေချာချာ ဂရုစိုက်ပြီး ကာကွယ်စောင့်ရှောက်ပေးနော်”

ထိုညီမလေး မွေးလာချိန်တွင် ကလေးငယ်၏ ခန္ဓာကိုယ်သည်ကား သူ၏ မာကျောသော ရွံ့ကိုယ်ထည်နှင့်မတူဘဲ နူးညံ့နေခဲ့သည်။

သူ၏ တစ်ချိန်လုံး ပုံသေရိုက်ထားသည့် အပြုံးမဟုတ်ဘဲ ထိုကလေးငယ်က ငိုလည်း ငိုကြွေးနိုင်သည်။

ထိုကလေးငယ်က ‘အမေ’၏ ဂရုစိုက်မှုကိုလည်း တစ်နေ့တစ်ခြား အပိုင်သိမ်းထားနိုင်ခဲ့သည်။

သူမ မွေးဖွားချိန်မှ စ၍ ‘အမေ’သည်လည်း သူမအား ယခင်ကဲ့သို့ ‘ကလေးရေ’ဟု မခေါ်နိုင်တော့ချေ။ သူ့အတွက် အဝတ်အစားငယ်လေးများ သီးသန့် မအပ်ပေးနိုင်တော့။

တစ်ခါတစ်ရံ သူ့အတွက် ပန်းကန်လုံးပြင်ဆင်ထားရန်ပင် မေ့လျော့နေတတ်သည်။

တဖြည်းဖြည်းဖြင့် ဤမိသားစုတွင် သူ့အတွက် နေရာမရှိတော့ဟု ခံစားလာရသည်။ ‘အမေ’သည်က သူ၏ ကိုယ်ပိုင်ကလေးအပေါ်တွင်သာ အာရုံရှိတော့သည်။

သူ အလွန် မနာလိုဖြစ်မိခဲ့သည်။

နောက်ကြောင်းကိုပြန်ကြည့်နေရာမှ ကုကျစ်စုန့် မျက်လုံးကို ရုတ်တရက်ဖွင့်လိုက်ကာ မျက်မှောင်ကြုတ်ရင်း သူမ၏ လှုပ်ရှားနေသော စိတ်ခံစားချက်များအား တည်ငြိမ်စေလိုက်သည်။

“ရှင့်ရဲ့ သမီးက ညသန်းခေါင်ကျော်မှ မွေးတာဟုတ်လား?”

“ဟုတ်ပါတယ်၊ ထောင်ထောင်က ည၁နာရီမှာ မွေးတာပါ”

သူမ သမီးငယ်အား မီးဖွားချိန်တွင် ညခုနှစ်နာရီတည်းက ဆေးရုံသို့ ရောက်ရှိခဲ့သော်လည်း ညသန်းခေါင်ကျော်ထိ မီးမဖွားနိုင်ခဲ့ပေ။

“အမှန်ပဲ၊ ညသန်းခေါင်ကျော်ခါစ အချိန်က ငရဲဂိတ်တံခါးဝဖွင့်တဲ့အချိန်ဖြစ်ပြီး ယင်စွမ်းအင် အားကောင်းတဲ့ အချိန်ပဲ၊ သူက အားပျော့တဲ့ နက္ခတ်နဲ့ မွေးတာဆိုတော့ သူ့ခန္ဓာကိုယ်က ယင်စွမ်းအင်နဲ့ အပြည့်ဖြစ်နေတယ်၊

သူက ဘယ်ဘက် လက်ညိုးမှာ မှဲ့လည်းပါလာပြီး မျိုးရိုးက စိတ်စွမ်းအင်အားကောင်းတဲ့ ခန္ဓာကိုယ်မျိုးလည်း ဖြစ်နေတယ်၊ သူက မွေးတုန်းက အရမ်းကို အားနည်းနေခဲ့ပြီး အမြဲတမ်း သရဲတွေကို မြင်နေရမှာပဲ”

“သေသေချာချာလေး ပြန်စဉ်းစားကြည့်ပါဦး”

ဘေးမှာ ရှိနေသည့် ရှုရှန်က ကုကျစ်စုန့် စကားကြောင့်  ဂရုတစိုက် ပြန်တွေးကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။

“အဲလို ပြောရရင်တော့ ထောင်ထောင်က ငယ်တုန်းက တော်တော်လေး ချူချာတယ်။ ပြီးတော့ ညဘက်ဆိုရင် ပုခက်ထဲမှာ တစ်ယောက်တည်းရယ်နေတာမျိုး၊ အိပ်ပျော်သွားတာနဲ့ အော်ငိုတာမျိုးတော့ ရှိဖူးတယ်…”

ထိုအချိန်က သူနှင့် ဇနီးသည်တို့သည်က သမီးငယ်၏ ကျန်းမာရေးအတွက် အင်မတန် စိတ်ပူခဲ့ရသည်။

သူတို့သည်ကား ညစဥ်ညတိုင်း လှုပ်ရှားသံအသေးလေးကို ကြားရသည်နှင့် ထ,ကာ စောင့်ကြည့်နေခဲ့ရသည်။

အစပိုင်းကတော့ ကလေး၏ငိုသံကြားရချိန်တွင် ဗိုက်ဆာ၍လော၊ ပင်ပန်း၍လောဟု ထင်ခဲ့မိသည်။

သို့သော် ကလေးငယ်အား သူမလက်ထဲတွင် ချီပိုးထားချိန်တွင် ကလေးသည် မျက်ရည်များနှင့် ပြန်အိပ်ပျော်သွားခဲ့သည်။ ထို့အတူ သူမ၏ သေးခံ,မှာလည်း ခြောက်သွေ့နေခဲ့သည်။

သို့သော် ထိုအဖြစ်အပျက်များသည် ထောင်ထောင်အသက် ငါးလခန့်အထိသာ ဖြစ်ခဲ့သည်။ သမီးဖြစ်သူ ညဘက်ဆိုလျှင် ထငိုခြင်း၊ အော်ရယ်ခြင်းတို့ မည်သည်သအချိန်တွင် အကြိမ်ရေလျော့ကာ လုံးလုံးပျောက်ကွယ်သွားသည်အား  သူတို့ မမှတ်မိခဲ့တော့။

သူတို့၏ အတွေးမှာ ထောင်ထောင်မွေးကင်းစက ကျန်းမာရေးချူချာသောကြောင့်ဟုသာ ထင်ခဲ့မိကြသည်။

ကုကျစ်စုန့် ခေါင်းကိုငြိမ့်သည်။

“သူမက အဲဒီအချိန်တုန်းက သရဲကို မြင်ရုံတင်မကဘူး၊ လျှောက်သွားနေတဲ့ အထီးကျန်သရဲတွေကိုပါ ဆွဲဆောင်နိုင်တယ်၊ သူမရဲ့ ထူးခြားတဲ့ မွေးဖွားမှုကြောင့်လေ၊ အဲဒီလျှောက်သွားနေတဲ့ သရဲတွေအတွက်ကတော့ ရှင်တို့သမီးရဲ့ ခန္ဓာကိုယ်က သူတို့ အပိုင်စီးဖို့ အရမ်းသင့်တော်တယ်လေ”

“သူ့ရဲ့ ခန္ဓာကိုယ်က အားနည်းပြီး အမြဲတမ်းဖျားနာနေတယ်၊ အဲ့တာက ရောဂါပိုးတွေကြောင့်တော့ မဟုတ်ဘူး၊ သူ့ဘေးမှာ တစ်နှစ်ပတ်လုံး သရဲတွေ ဝိုင်းနေလို့ ခန္ဓာကိုယ်ရဲ့ ယန်စွမ်းအင်က အရမ်းကို နည်းနေတာကြောင့်ပဲ”

ထိုစကားကို ကြားလိုက်ရသည့် ရှုရှန်ရော၊ ဖူလန်ယွဲ့တို့ပါ ဖြူဖျော့သွားခဲ့သည်။

“ဘယ်လိုလုပ်ပြီး အဲလိုဖြစ်ရတာလဲ!?”

“ဒါက အဖြစ်မှန်ပဲ”

ကုကျစ်စုန့် အေးစက်စွာ ပြောလိုက်သည်။

“ဒါပေမယ့် ရှင်တို့ သမီးရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်အခြေအနေနဲ့တောင်မှ ဒီလောက်နှစ်တွေ ကြာတာတောင် ဘာလို့ အားနည်းရုံလောက်ပဲ ဖြစ်တယ်လို့ ထင်လဲ?”

ဇနီးမောင်နှံနှစ်ယောက်လုံး တစ်ခုခုအား တွေးလိုက်မိသကဲ့သို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြသည်။

“မစ်စ်ဖူ၊ အဲဒါက ဘာလို့လဲဆိုတော့ ရှင်မွေးထားခဲ့တဲ့ အဲဒီ ‘မကောင်းဆိုးဝါး’က ရှင်တို့ကို မိသားစုတွေလို့ သဘောထားလို့ပဲ၊

သူက ရှင့်ရဲ့သမီးကို ရှင့်ရဲ့ဆန္ဒအတိုင်း ကာကွယ်စောင့်ရှောက်ပေးနေခဲ့တာလေ၊ အဲဒီမကောင်းဆိုးဝါးတွေ သူမရဲ့ခန္ဓာကိုယ်ကို အပိုင်စီးလို့ မရအောင် သူက တားပေးထားလို့ပဲ”

ဖူလန်ယွဲ့သည်ကား သူမ ကိုယ်ဝန်ရှိစဉ်က အမှတ်တမဲ့ ပြောခဲ့မိသည့် ‘ညီမလေးကို သေသေချာချာ ကာကွယ်စောင့်ရှောက်ပေးနော်’ဆိုသော စကားအား သူမကိုယ်တိုင် မေ့လျော့နေခဲ့မိသည်။

*

All Chapters