← Chapters

အခန်း (၁၄၅)

Vol. 15 Ch. 145

အခန်း (၁၄၅)

Vol. 15 Ch. 145

သို့သော် ကူမန်သုန်ကတော့ နှလုံးသားထဲတွင် အမြဲမှတ်မိနေခဲ့သည်။

သို့သော်လည်း သူသည်ကား စိတ်ဝိညာဉ်အရကတော့ အသက်ငယ်သေးသည့် မကောင်းဆိုးဝါးဖြစ်သည့်အလျောက် အစကနေ အဆုံးထိ ဖူလန်ယွဲ့၏ ဂရုစိုက်မှုများအား အပိုင်သိမ်းသွားသည့် ညီမငယ်ကိုတော့ သဘောမကျခဲ့ပါချေ။

ဇနီးမောင်နှံနှစ်ယောက်လုံး မင်သက်နေကြချိန်တွင် ကုကျစ်စုန့်ကတော့ ဆက်ပြောသည်။

“ရှင့်ရဲ့သမီး အခုတစ်ခါ အပြင်းအထန်နေမကောင်းဖြစ်တာက ရှင်တို့ရဲ့အိမ်ကနေ အဲဒီမကောင်းဆိုးဝါးကို ရှင်တို့ စွန့်ပစ်လိုက်ကြလို့ပဲ၊

ဒါကြောင့် လျှောက်သွားနေတဲ့ ဝိဉာဉ်တွေက အခုအခွင့်အရေးယူပြီး ရှင်တို့သမီးရဲ့ ခန္ဓာကိုယ်ကို နေ့ရော၊ညပါ လုယူဖို့ ကြိုးစားနေကြလို့လေ”

ထောင်ထောင်သည်ကား အပြင်းအထန် နေမကောင်းဖြစ်နေကာ ကျန်းမာရေးသည်လည်း တစ်နေ့တစ်ခြား ပိုဆိုးလာခဲ့သည်။

သူမ၏ ဝိဉာဉ်က မတည်ငြိမ်ဘဲ ခန္ဓာကိုယ်တွင်းမှ အချိန်မရွေး ဝိဉာဉ်လွင့်သွားနိုင်သည့် အန္တရာယ်ရှိနေသည်။

ဤအချေအနေတွင် မည်သို့ ကျန်းမာလိမ့်မည်နည်း?

အထူးသဖြင့် တိမ်ထူသည့် ညများတွင်ဖြစ်သည်။ ထောင်ထောင်အနေနှင့် လျှာအရှည်ကြီးများနှင့် ထူးဆန်းသော အန်တီများ၊ ကြောက်စရာကောင်းသည့် ဦးလေးကြီးများနှင့် ကြောက်ဖို့ကောင်းကာ တစ်ကိုယ်လုံးစိုရွှဲနေသည့် ကလေးများအား နေ့စဉ် အိပ်မက်,မက်သည်။

သူတို့အားလုံးက သူမ၏ဝိဉာဉ်အား ခန္ဓာကိုယ်မှ ဆွဲထုတ်၍ ခန္ဓာကိုယ်အား အပိုင်သိမ်းရန် ကြိုးစားနေကြခြင်းပင်။

“ရှင်က ကတိကို ဖျက်ပြီး သူ့ကို သူများဆီကို ပေးပစ်လိုက်ပေမယ့် သူကတော့ ထွက်မသွားနိုင်ဘဲ နေရစ်ခဲ့တယ်၊ ညတိုင်း ရှင့်သမီးရဲ့ ဝိဉာဉ်ကို သရဲတွေက ဆွဲထုတ်ပြီး သူ့ရဲ့ ဝိဉာဉ်ပျက်စီးတော့မဲ့ အခြေအနေကိုရောက်လာတိုင်း အဲဒီမကောင်းဆိုးဝါးလေးကပဲ ရှင့်သမီးရဲ့ အိပ်မက်ထဲက ဝိဉာဉ်တွေကို မောင်းထုတ်ပေးနေခဲ့တာ”

“ရှင်တို့ရဲ့သမီးက ဝိဉာဉ်ကို ဆုံးရှုံးလိုက်ပြီး ကိုမာဝင်မသွားသေးတာက အကုန်လုံးက သူ့ရဲ့ ကျေးဇူးတွေကြောင့်ပဲ”

ကုကျစ်စုန့် စကားဆုံးသည်နှင့် ပရိတ်သတ်ကတော့ အုန်းအုန်းကျက်ကျက်ဖြစ်သွားပြန်သည်။

သူတို့ အစက ထင်ထားသည့် ကူမန်သုန်၏ လက်စားချေမှုနှင့် တက်တက်စင်အောင် လွဲနေသည့်အပြင် ပြောင်းပြန်ပင်ဖြစ်နေသေးသည်။

မှတ်ချက်ဧရိယာထဲမှ သံသယစကားများအား မြင်ရပြီးနောက် တင်ဆက်သူလျို့ မေးလိုက်လေသည်။

“ခဏလေးပါ၊ စုန့်စုန့်၊ သူက ထောင်ထောင်ကို ကာကွယ်ပေးနေတယ်ဆိုတာကို ဘယ်လိုလုပ်ပြီး သေချာ ပြောနိုင်ရတာလဲ? အရှေ့က ပြိုင်ပွဲဝင်တွေ အဲဒါကို မမြင်ခဲ့ဘူးလေ”

“ယင်နဲ့ ယန်စွမ်းအင်တွေက ရောယှက်ပြီး ရှုပ်ထွေးနေပေမယ့် သေချာတာက ဒါက အခုမှဖြစ်တဲ့ ရောဂါမဟုတ်ဘူးလေ၊ သရဲဖမ်းစားခံရတာမျိုးလည်း မဟုတ်ဘူး”

ကုကျစ်စုန့် သံသယမျက်လုံးများဖြင့် ပြောမိသည်။

“မြင်ရဖို့ ခက်လို့လား??”

တင်ဆက်သူလျို့: “… …”

ပရိတ်သတ်: “… …”

သူတို့ မြင်နိုင်တာကျလို့!!

ထိုအချိန်တွင် ချုပ်တည်းမထားနိုင်တော့သည့် ဖူလန်ယွဲ့က မျက်ရည်များ ကျကာ‌ မေးမိသည်။

“သူက ဘာလို့ ကျွန်မကို အဲ့တာတွေ မပြောပြခဲ့တာလဲ!?”

သူမ အိပ်မက်ထဲတွင် ‘ထိုကလေး’၏ အမုန်းမျက်လုံးများအား မြင်နေရသော်လည်း ရှင်းပြချက်အား တစ်ကြိမ်မျှပင် မကြားခဲ့ရ။ ထို့ကြောင့်သာလျှင် ထိုကလေးက ထောင်ထောင်အား ရန်ပြုနေခဲ့သည်ဟု သူမ အထင်လွဲခဲ့မိသည်။

ကုကျစ်စုန့်ကတော့ ခပ်ပေါ့ပေါ့ပင် ဆိုလိုက်သည်။

“သူမက နေစရာနေရာတောင်မရှိတော့သလို ခန္ဓာကိုယ် ဖျက်စီးခံလိုက်ရလို့ ပျောက်ကွယ်သွားရတော့မယ့်ဆဲဆဲဖြစ်နေပြီလေ၊ ရှင့်ရဲ့အိမ်မှာနေလို့ရနေတာက သူ့ရင်ထဲက အစွဲအလမ်းကြီးတစ်ခုကြောင့်ပဲ၊  အခုလိုကိစ္စမျိုးဆိုရင် သူက အိပ်မက်ထဲကိုတောင် မနည်းဝင်နေရတာဆိုတော့ ရှင်နဲ့ ဘယ်လိုလုပ်ပြီး ဆက်သွယ်စကားပြောနိုင်မှာလဲ?”

ဖူလန်ယွဲ့မှာ မျက်လုံးများပင် ပြုးကျယ်သွားကာ ကြားလိုက်ရသည့်စကားကိုလည်း မယုံကြည်နိုင်ခဲ့ပေ။

“ဒါက ဘာကို ဆိုလိုတာလဲ? ကျွန်မ သူ့ကို မွေးစားဖို့အတွက် မိသားစုကောင်းကောင်းရှာပေးထားတာလေ၊ အဲဒီမိသားစုကို ယွမ်၅သောင်းတောင် ပေးခဲ့ပြီး သေသေချာချာ ဂရုစိုက်ပေးဖို့ မှာထားခဲ့တာ၊ သူတို့ ကတိပေးခဲ့တာလေ!!”

ကူမန်သုန်အား အိမ်မှ စွန့်လွှတ်ရန် သူမ ဆုံးဖြတ်ချက် ခက်ခက်ခဲခဲ ချခဲ့ရသည်။ သူမ ဆယ်နှစ်ကျော် ပျိုးထောင်လာခဲ့သည့် ထိုကလေးအား အမှန်တကယ်ပင် သံယောဇဉ်ရှိသည်။ ထို့ကြောင့်လည်း သူမ အိတ်ထဲမှ ပိုက်ဆံကိုထုတ်ကာ သူ့အား သေသေချာချာ ဂရုစိုက်ထားပါမည်ဟု ကတိပေးသည့် မိသားစုတစ်ခုကို ရှာပေးခဲ့သည်။

ထိုမိသားစုသည်ကား သူတို့ လက်ထပ်ပြီးသည်မှာ ကြာပြီဖြစ်သော်လည်း ကလေးမရနိုင်ခဲ့ချေ။

ထို့ကြောင့် ‘ဝိဉာဉ်သတ္တဝါ’အား ကလေးအဖြစ် မွေးစားချင်ခဲ့သည်ဟု ပြောခဲ့သည်။

သူမ အထပ်ထပ်အခါခါ ကတိတောင်းပြီးမှ ကူမန်သုန်အား သုံးရက်တိုင်တိုင် ပူဇော်ပသပြီး ပေးခဲ့ခြင်းဖြစ်သည်။

သို့သော် ကုကျစ်စုန့်ကတော့ ထိုကလေး၏ ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရပြီဟု ပြောလာခဲ့သည်!!?

ကုကျစ်စုန့်က နှုတ်ခမ်းစွန်းလေးများ တွန့်ရုံပြုံးလိုက်ပြီး လေသံအေးအေးဖြင့် ပြောလိုက်သည်။

“အဲဒါကတော့… မဒမ်ရှုကိုပဲ ဘယ်လိုဖြစ်တာလဲဆိုတာ မေးကြည့်လိုက်ပါ”

ပရိုဂရမ်အဖွဲ့မှ အမေရှုအား စင်ပေါ်သို့ ဖိတ်ခေါ်လိုက်ပြီး သူမ စင်ပေါ်သို့‌ ရောက်လာသည်နှင့် ဖူလန်ယွဲ့  ပူပန်စွာဖြင့် မေးခွန်းထုတ်သည်။

“အမေ၊ အမေ ဘာလုပ်ခဲ့တာလဲဟင်?”

မိခင်ရှုက အပြစ်ရှိသလို ခံစားလိုက်ရသည်။

“ငါ.. ငါဘာလုပ်လို့လဲ? ငါဘာမှမလုပ်ခဲ့ဘူး!”

သူမ၏ ခေါင်းမာလှသော ပါးစပ်က အဖြစ်မှန်အား ဝန်ခံမည်မဟုတ်ကြောင်း သိလိုက်ရသောကြောင့် ကုကျစ်စုန့် သူမ၏ အပြစ်များအား တစ်ခုချင်းစီ ဖော်ထုတ်ပြလိုက်သည်။

“မစ္စဖူ၊ ရှင် စဉ်းစားကြည့်လိုက်ပါဦး၊ ရှင် အဲဒီမကောင်းဆိုးဝါးကို စွန့်လွှတ်တော့မယ်ဆိုတဲ့ အချိန်မှာပဲ တကယ်ကို လိုလိုချင်ချင် ရှိတဲ့ မိသားစုတစ်ခုက ဗြုန်းစားကြီးပေါ်လာတာက တိုက်ဆိုင်လွန်းတယ်လို့ မထင်ဘူးလား?

အဲဒီမိသားစုက မဒမ်ရှု စီစဉ်ထားတဲ့ မိသားစုပဲ ၊ သူတို့က မဒမ်ရှု အဲဒီမကောင်းဆိုးဝါးကို ရှင့်အိမ်ကနေ အမြန်ဆုံးထွက်သွားဖို့အတွက် ငှားထားတဲ့ လူတွေပဲ”

“ရှင် သူတို့လက်ထဲကို အပ်လိုက်ပြီးတာနဲ့ မကောင်းဆိုးဝါးရဲ့ မူလခန္ဓာကိုယ်ကို မဒမ်ရှုက မီးရှို့ပစ်လိုက်တယ်၊ ဒီအဘွားရဲ့ ကိုယ်ပေါ်မှာ အခုထိ အဲဒီမကောင်းဆိုးဝါးရဲ့ မီးလောင်ထားတဲ့ အငွေ့အသက်တွေ ရှိနေသေးတယ်”

မဒမ်ရှုက မူလတွင် ယုံကြည်မှုမရှိသော်လည်း သူမ၏လုပ်ရပ်များ အားလုံးဖော်ထုတ်ခံလိုက်ရချိန်တွင်‌ လေသံမာမာဖြင့် အော်ဟစ်ပြောဆိုတော့သည်။

“ငါက ဘာလို့ မီးရှို့လိုက်တာလဲ ဟုတ်လား? သူမကို လိမ်ဖို့ လူငှားတော့ရော ဘာဖြစ်လဲ? ငါက ငါ့သားနဲ့ ငါ့မြေးကောင်းဖို့အတွက် စဉ်းစားပြီး လုပ်ခဲ့တာပဲ! နောင်တစ်ချိန်ကျရင်ရော သူက အဲဒီပျက်စီးနေတဲ့ မကောင်းဆိုးဝါးကို အိမ်ပြန်မခေါ်လာဘူးလို့ ပြောနိုင်လား? အဲ့တော့ ငါက တစ်ခါတည်း ကိစ္စကို အမြစ်ရှင်းပေလိုက်ရတာပေါ့!”

ဖူလန်ယွဲ့၏ မျက်နှာများသည်ကား သွေးမရှိတော့သကဲ့သို့ ဖြူဖျော့နေခဲ့ပြီး နှုတ်ခမ်းများမှာလည်း ဒေါသကြောင့်တုန်ရီနေခဲ့သည်။ သူမ၏ လေသံသည်လည်း အနည်းငယ်မာနေခဲ့သည်။

“ဘယ်လိုလုပ်ပြီး အဲ့လိုမျိုး လုပ်ရက်ရတာလဲ!?”

“နင်ကတောင် အကြောက်အလန့်မရှိ အဲဒါတွေကို ကိုးကွယ်ရဲရင် ငါကရော ဘာလို့ မီးမရှို့နိုင်ရမှာလဲ? အစောကြီးတည်းက ပြာချပစ်လိုက်ရမှာ!!”

ရှုရှန်မှာ မိခင်ဖြစ်သူက ဇနီးသည်အား ဤသို့လိမ်လည်လိမ့်မည်ဟု ထင်မထားခဲ့။ သူ သည်းမခံနိုင်စွာ ဒေါသဖြင့် ဆိုမိသည်။

“အမေ! ဒါကတော့ အမေလွန်လွန်းအားကြီးသွားပြီ၊ လန်ယွဲ့က သူများကို ပေးလိုက်ဖို့တောင် ဆုံးဖြတ်ထားပြီးသားလေ! ပြီးတော့ ငွေငါးသောင်းကရော? အဲဒီငွေတွေ ဘယ်ရောက်သွားလဲ? အမေယူထားတာလား?”

“အေး ဟုတ်တယ်! ငါက နင်နဲ့ ထောင်ထောင်အတွက် လုပ်ခဲ့တာတွေချည်းပဲ! အခုတော့ ငါကပဲ လူမဆန်တဲ့ အပြစ်သားကြီးပေါ့! ဟုတ်ပါပြီ! အခုပဲ ယဇ်တိုင်ရှာပြီး မင်းမိန်းမကို တောင်းပန်တဲ့ အနေနဲ့ ကိုယ့်ကိုကိုယ် သတ်သေလိုက်ပါ့မယ် ကောင်းပြီလား!?”

“ငါက မင်းကို မွေးထားတဲ့ မင်း အမေပါ၊ ဒါတောင် ဒီငွေနည်းနည်းလေးအတွက် မင်းက ငါ့ကို ပြောချင်၊ ဆိုချင်တယ်ပေါ့!!”

“အမေ၊ အခုကိစ္စက မတူဘူးလေ! ကျွန်တော်က အမေ့ကို မလေးစားဘူးလို့လည်း မပြောခဲ့ဖူးဘူး၊ ဒါပေမယ့် ဒီငွေတွေက လန်ယွဲ့ရဲ့ ပုံမှန်ငွေနဲ့ မတူဘူး၊ အမေ ဘယ်လိုလုပ်ပြီး တိတ်တိတ်လေး ယူထားနိုင်ရတာလဲ?”

စိတ်ထိခိုက်နေသည့် ဇနီးသည်က တစ်ဖက်၊ ပြဿနာရှာနေသည့် မိခင်ဖြစ်သူက တစ်ဖက်။ နှစ်ယောက်ကြားတွင် ရှုရှန်တစ်ယောက် ဗျာများနေခဲ့ကာ ရှက်ရွံ့မှုကြောင့် မျက်နှာပင် နီမြန်းလာခဲ့သည်။

ပြင်ပရိုက်ကူးရေးနေရာမှ ရုတ်ရုတ်သဲသဲ ဆူညံသံကြောင့် ဒါရိုက်တာအဖွဲ့ကတော့ ခေါင်းကိုက်နေရပြီဖြစ်သည်။

ကင်မရာရှေ့တွင် တိုက်ရိုက်ထုတ်လွှင့်နေမှန်း သိလျက်နှင့်ပင် အသံကျယ်လောင်စွာ ရန်ထောင်နိုင်သည့် အဘွားအိုတစ်ဦးအား သူ ပထမဆုံး မြင်ဖူးခြင်းပင်ဖြစ်သည်။

ထို့ကြောင့် သူတို့လည်း  မလွှဲမရှောင်သာသည့်အလျောက် ရန်ပွဲအား ဝင်၍ ဖျန်ဖြေရတော့သည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်းမှ ပရိတ်သတ်များလည်း ရှော့ရနေခဲ့သည်။

[အံ့ဩလိုက်တာ၊ ငါ့ရဲ့စိတ်ထဲမှာတော့ ဘယ်သူ့အပြစ်မှတော့ မဟုတ်ဘူး၊ ဒါပေမယ့် အားလုံးက နည်းနည်းတော့ မှားနေကြတယ်၊ ကူမန်သုန်လေးကပဲ အပြစ်ကင်းတယ်လို့ ထင်မိတာပဲ]

[ငါတော့ ကြည့်ရတာ ယောက္ခမက တစ်ခုခုတော့ တစ်ခုခုပဲ၊ သူ့ချွေးမက ဒီအရုပ်ကို ဆယ်နှစ်ကျော် မွေးထားမှန်းလည်း သိတယ်ကွာ၊ ဒါတောင် လိမ်ပြီးတော့ မီးရှို့ပစ်လိုက်တယ်၊ ဒါ့အပြင် ချွေးမဆီက ယွမ်၅သောင်းကိုတောင် ယူထားလိုက်သေးတယ်!]

[ကူမန်သုန်လေး ဘာဆက်ဖြစ်မလဲဆိုတာပဲ သိချင်မိတယ်၊ သူ့ခန္ဓာကိုယ်က မီးရှို့ခံလိုက်ရတော့ တော်တော်‌လေး ထိခိုက်သွားမှာပဲ၊ ဒါတောင် ထောင်ထောင်လေးကို အသံတိတ်ကာကွယ်ပေးနေသေးတယ်၊ သနားစရာကောင်းလိုက်တာ]

ဆူညံစွာ ငြင်းခုန်နေကြချိန်တွင် ကုကျစ်စုန့် ပျင်းလာပြီး ရှောင်ထွက်လာခဲ့သည်။

ဝန်ထမ်းတစ်ယောက်၏ မိုဘိုင်းဖုန်းအား ကပ်ကြည့်လိုက်ပြီးနောက် သနားစရာကောင်းတဲ့ ကူမန်သုန်ဆိုသော မှတ်ချက်များ မြင်လိုက်ရသောကြောင့် ဖြည်းညင်းစွာ ပြောလိုက်သည်။

“မလိုပါဘူး။ သူ့မှာ အသိစိတ်ရှိပြီးတော့ မကောင်းတာ လုပ်မထားဘူးဆိုပေမယ့် သူက လုံးဝအန္တရာယ်မရှိတာမျိုး မဟုတ်ဘူးလေ”

သူ၏ မှတ်ဉာဏ်အား ပြန်ကြည့်နေချိန်တွင် သူမ မြင်ခဲ့ရသည်မှာ ကူမန်သုန်သည် ထောင်ထောင်အား မနာလိုသောကြောင့် တစ်ခါတစ်ရံ ဖူလန်ယွဲ့အား တမင် ချော်လဲအောင် လုပ်တတ်သည်။

နောက်ထပ်ဥပမာကတော့ သူမအား လဲကျစေခြင်း၊ ညအိပ်နေချိန်တွင် ရင်ဘတ်ပေါ်သို့ ဖိကာ ခြောက်လှန့်ခြင်း၊ တစ်ခါတစ်ရံ ဖူလန်ယွဲ့ထံမှ နွေးထွေးစွာ ပွေ့ဖက်မှုအား ခံစားနိုင်ရန် ထောင်ထောင်ကိုယ်ထဲသို့ ဝင်တတ်ခြင်းတို့သာ ရှိခဲ့သည်။

သို့သော် သူ့တွင် လူသတ်လိုစိတ်မရှိ။ ကလေးများကြား အချစ်ပြိုင်ကြသည့် ပုံစံမျိုးသာ ဖြစ်သည်။

အမှန်တကယ် သူ၏ နှလုံးသားထဲတွင် ထောင်ထောင်၏ ခန္ဓာကိုယ်အား အပိုင်သိမ်းရန် အတွေးမျိုး လုံးဝမရှိပေ။

သူသည်ကား ဖူလန်ယွဲ့၏ အိမ်တွင် ဆက်နေကာ ရံဖန်ရံခါ ထောင်ထောင်၏ ခန္ဓာကိုယ်အား ဝင်ပူးတတ်သည်။ သို့သော် သူ မိသားစုအား စိတ်ဆိုးမုန်းတီးနေသော်လည်း ထောင်ထောင်အား ကာကွယ်ပေးနေဆဲဖြစ်သည်။

ထို့အပြင် သူက အခြားသရဲများ ထောင်ထောင်၏ကိုယ်အား အပိုင်စီးသွားမည်ကို စိုးရိမ်သွားကြောင့်လည်း ထွက်မသွားချင်ခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် သူသည်ကား ဆယ်နှစ်ကြာသံယောဇဉ်အား ရင်ထဲတွင် တန်ဖိုးထားသောကြောင့် အမှားကြီးကြီးမားမား မပြုခဲ့ပေ။ သူ့တွင် ပြန်ဝင်စားနိုင်သည့် အခွင့်အရေးရှိနိုင်သေးသည်။

မိခင်ရှုအား စိတ်လျှော့စေပြီးနောက် ပရိုဂရမ်အဖွဲ့လည်း ပထမဆုံးအကူအညီတောင်းခံခြင်းကဏ္ဍပြီးဆုံးကြောင်း အဆောတလျင် ကြေငြာချက်ထုတ်ပြန်လိုက်သည်။

ကုကျစ်စုန့် ထောင်ထောင်၏ခန္ဓာကိုယ်ထဲမှ ကူမန်သုန်၏ ဝိဉာဉ်အစိတ်အပိုင်းအား ထုတ်ယူထားလိုက်ပြီး သိမ်းဆည်းထားသည်။ ထိုကူမန်သုန်အား သူမ ကယ်ဆယ်နိုင်သေးလားဟု စစ်ဆေးကြည့်ရန်ဖြစ်ပေသည်။

ထောင်ထောင်၏ ထူးခြားမှုရှိသော ကိုယ်ခန္ဓာအား ဖြတ်သွားဖြတ်လာသရဲတစ္ဆေများ သတိမပြုမိစေရန် သူမ၏ ဝိဉာဉ် စွမ်းအင်ကိုလည်း ချုပ်တည်းပေးထားလိုက်သည်။

ထောင်ထောင်၏ ခန္ဓာကိုယ်က အနာဂတ်တွင် တဖြည်းဖြည်း ကျန်းမာလာမည်ဖြစ်ပြီး အထီးကျန်တစ္ဆေများအားလည်း ဆွဲဆောင်တော့မည်မဟုတ်ပေ။

ကျန်သည့်ကိစ္စများအတွက်တော့ ရှုမိသားစုဝင်များက ရိုက်ကူးရေးမှ ထွက်ခွာသွားပြီး အိမ်ကိုရောက်လျှင် သေသေချာချာ ဆွေးနွေးကြရန်သာ ကျန်ရှိတော့သည်။

တင်ဆက်သူလျို့ ချွေးများ သုတ်လိုက်ရင်း အပြုံးနှင့် စကားဆိုသည်။

“ အားလုံးပဲ ပထမဆုံးအကူအညီတောင်းသူတွေကတော့ ပြီးဆုံးသွားပြီဖြစ်ပါတယ်၊ နောက်တစ်ပိုင်းကို မိနစ် ၂၀ အနားယူချိန်ပြီးသွားရင်  ပြန်စပါမယ်!”

*

All Chapters