← Chapters

အခန်း (၁၄၆)

Vol. 15 Ch. 146

အခန်း (၁၄၆)

Vol. 15 Ch. 146

ပြိုင်ပွဲဝင်များ အနားယူနေချိန်တွင် ကြည့်ရှုသူများသည်လည်း တိုက်ရိုက်ထုတ်လွှင့်ခန်းမှ social mediaများ သို့ ရွှေ့သွားကြသောကြောင့် တိုက်ရိုက်ထုတ်လွှင့်ခန်းက ရုတ်တရက် တိတ်ဆိတ်သွားသည်။

ထောင်ထောင်၏ သဘာလွန်စွမ်းအားကို ချုပ်တည်းပြီးနောက် ကုကျစ်စုန့်လည်း အနားယူခန်းသို့ ပြန်ရောက်လာခဲ့သည်။

သူမ အိတ်ကပ်ထဲမှ အကြည်ရောင်ဖန်ပုလင်းလေးအား ထုတ်ကြည့်လိုက်မိသည်။ ထိုပုလင်းသည်ကား လက်မအရွယ်ခန့်သာ ရှိပြီး အတွင်းထဲတွင် ထောင်ထောင်၏ ခန္ဓာကိုယ်မှ သူမ ထုတ်ယူလာခဲ့သော ကူမန်သုန်၏ ဝိဉာဉ်အပိုင်းအစလေး ပါဝင်နေခဲ့လေသည်။

သူ၏ ခန္ဓာကိုယ်သည်ကား မိခင်ရှု၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသောကြောင့် ရွံ့ရုပ်နှင့် တွဲစပ်နေသော ဝိဉာဉ်မှာလည်း ထိခိုက်မှု ပြင်းထန်ခဲ့သည်။

ထို့ကြောင့် ကူမန်သုန်နှင့် မိခင်ရှုကြားတွင်လည်း မကောင်းမှုကြိုးတစ်ချောင်း ဆက်နွယ်သွားလိမ့်မည်။

မိခင်ရှုအနေဖြင့် အချိန်အတိုင်းအတာတစ်ခုထိ ကံဆိုးနေလိမ့်မည်ဖြစ်သည်။

သူ့အား သေသေချညချာ မစွန့်လွှတ်နိုင်ခဲ့သည့် ဖူလန်ယွဲ့သည်လည်း တန်ပြန်သက်ရောက်မှုကို ခံရလိမ့်မည်ဖြစ်သည်။

ဤ ‘ဝိဉာဉ်ရေးရာ’အပိုင်း ထုတ်လွှင့်မှု ပြီးသည်နှင့် သူမက အနည်းငယ် နာမည်ကြီးလာလိမ့်မည်။

သူမ၏ ဆိုင်သို့ အလှပြင်ရန် လာသည့် ဖောက်သည်များသည်လည်း ဤအပိုင်းမှာ မြင်တွေ့ပြီးဖြစ်ပေလိမ့်မည်။

အောက်လမ်းနှင့် သက်ဆိုင်သော အရာများအား ကြောက်လန့်သည့် ဖောက်သည်များအနေဖြင့် ဆိုင်သို့ လာကြမည်မဟုတ်တော့ပေ။

ထိုအချိန်တွင် ကူမန်သုန်၏ စွမ်းအင်ကြောင့် ရောက်လာသည့် ဖောက်သည်များနှင့် ချမ်းသာခြင်းတို့ ပျောက်ကွယ်သွားတော့မည်ဖြစ်ကာ သူမသည်လည်း အခြေမခိုင်သော အဆောက်အဦကဲ့သို့ ပြိုလဲကျသွားလိမ့်မည်ဖြစ်သည်။

ထို့အပြင် သူမ၏ အနာဂတ်ကျန်းမာရေး၊ စီးပွားရေးနှင့် ကံကြမ္မာတို့သည်လည်း သိသိသာသာ ထိခိုက်မှုရှိလာပေလိမ့်မည်။

သေသေချာချာ စစ်ဆေးပြီးချိန်တွင် ကုကျစ်စုန့်အနေဖြင့် ထူးခြားမှုတစ်စုံတရာအား မတွေ့ရသောကြောင့် ဖန်ပုလင်းလေးအား သူမ၏ အိတ်ကပ်ထဲသို့ ပြန်ထည့်ထားလိုက်သည်။

ယခုအချိန်တွင် သူမ သိချင်နေသည့် တစ်ခုတည်းသော အရာမှာ မြေအောက်ကမ္ဘာသည်ကား ဤကူမန်သုန်ကဲ့သို့ နယ်မြေကျော်ကာ တရားမဝင်ရောက်ရှိလာသည့် မကောင်းဆိုးဝါးများအား လက်ခံနိုင်၊မခံနိုင်ကိုသာဖြစ်ပေတော့သည်။

မိနစ် ၂၀ ဟူသောအချိန်သည်ကား ကုန်သည်မှာ မြန်ဆန်လှသည်။

ပြိုင်ပွဲဝင်များ၏ အနားယူချိန်ဆိုသည်မှာ အမှန်တကယ်တမ်းတွင် နောက်ထပ်ရိုက်ကူးရေးနေရာသို့ ကားဖြင့် ရွေ့ပြောင်းချိန်သာဖြစ်ပေသည်။

ကုကျစ်စုန့် ကားပေါ်က ဆင်းလိုက်သည်နှင်ပင် ပရိုဂရမ်အဖွဲ့က ရိုက်ကူးရန် အသင့်ဖြစ်နေခဲ့ပြီ။

ကံကောင်းစွာဖြင့် သူမသည်ကား နောက်ဆုံးမှ ဝင်ရမည်ဖြစ်သောကြောင့် အနားယူချိန်ရသေးသည်။

ထိုအခိုက်တွင် ကင်မရာ၏ရှေ့တွင် နာရီကို စောင့်ကြည့်နေသော ဝန်ထမ်းမှ ကင်မရာအား အချိန်ကိုက် စတင်လိုက်လေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင် ပွင့်သည်နှင့် ကြည့်ရှုသူများလည်း တဖွဲဖွဲ တိုးလာခဲ့ကြသည်။

အချိန်က ညနေခင်း ၄နာရီခန့် အချိန်လောကာဖြစ်ကာ ကြည့်ရှုသူအများဆုံးအချိန်ကိုတော့ မရောက်သေးပေ။

သို့သော် ယနေ့တစ်နေကုန် ထိပ်တန်းရှာဖွေမှုမှ မဆင်းသောကြောင့် အဖွဲ့လိုက်ပြိုင်ပွဲစတင်သည်နှင့် ကြည့်ရှု့သူဦးရေ ဆယ်သိန်းကျော်သွားခဲ့ကာ ဝက်ဘ်ပေ့ချ်ပင် ရပ်သွားလုမတတ်ဖြစ်သွားခဲ့သည်။

[ဒီပရိုဂရမ်ကတော့ ကြည့်ကောင်းလွန်းတော့ အခု ကြည့်ရှုသူ ဆယ်သိန်းတောင် ကျော်သွားပြီ!]

[ဘုရားရေ၊ ဒီနေ့ လိုင်းတွေကို ကြပ်နေတာပဲ၊ မှတ်ချက်တွေများလွန်းတော့ တင်ဆက်သူရဲ့ မျက်နှာကိုတောင် မမြင်ရတော့ဘူး၊ မှတ်ချက်ဧရိယာကို ခဏခေါက်ထားရတယ်]

[ဟုတ်ပါရဲ့၊ ဒီပြိုင်ပွဲက တော်တော်ကို နာမည်ကြီးနေတာ၊ ငါ့ရဲ့ အဖေနဲ့အမေက ငါ့ကို ဘယ်တော့မှ တိုက်ရိုက်လွှင့်တာတွေ မကြည့်ခိုင်းဘူး၊ ဒီလို အစီအစဉ်ဆို သူတို့တွေ သိတောင်မသိဘူး၊

ဒါပေမဲ့ အခုကျ သူတို့က နေ့လည်အစီအစဉ်ကို ကြည့်ချင်လို့တဲ့ ဖွင့်ပေးခိုင်းနေကြလေရဲ့]

တင်ဆက်သူလျို့က မိုက်ကရိုဖုန်းအား ကိုင်ကာ  ကင်မရာဘက်သို့ အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

“ကြည့်ရှုသူများနဲ့ သူငယ်ချင်းများ အားလုံးပဲ မင်္ဂလာပါ၊ ‘ဝိဉာဉ်ရေးရာ’အစီအစဉ် တတိယရာသီရဲ့ ရိုက်ကူးရေးကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်၊ ကျွန်တော်တို့တွေက အခု ဒုတိယမြောက် အကူအညီတောင်းခံမှုကို စတင်တော့မှာဖြစ်ပါတယ်”

“အခု ဒီနေရာက အကူအညီတောင်းသူတွေက အနည်းငယ် ထူးခြားတဲ့ အခြေအနေရှိတာကြောင့် မစတင်ခင်မှာ အားလုံးကို အခြေအနေတွေကို နည်းနည်းလောက် နားလည်အောင် ဗီဒီယိုလေးတစ်ပုဒ်လောက် ဖွင့်ပြပါမယ်”

စကားဆုံးသည်နှင့် နောက်ခံအဖွဲ့မှ ကင်မရာများအားပြောင်းလဲကာ ကြိုရိုက်ထားသည့် ဗီဒီယိုတစ်ပုဒ်ကို ဖွင့်ပြလိုက်သည်။

ဒုတိယပိုင်း အကူအညီတောင်းခြင်းမှာလည်း ကလေးနှင့် ဆက်စပ်နေခဲ့သည်။

ဗီဒီယို၏ အစတွင် မိသားစု ဓာတ်ပုံတစ်ပုံရှိနေလေသည်။ ထိုပုံထဲတွင် ပြုံးပျော်နေသော သက်လတ်ပိုင်းစုံတွဲတစ်တွဲသည်ကား မိန်းကလေးငယ်လေးတစ်ဦး၏ လက်ကို ဆွဲထားခဲ့သည်။

ထိုပုံက ကင်မရာရှေ့တွင် ရပ်တန့်နေခဲ့သည်။

ထိုအချိန်တွင် နောက်ခံမှ အသံဖြင့် ရှင်းပြသံပေါ်လာခဲ့သည်။

“မစ်စ်လျှို့နဲ့ မစ်စတာဟဲတို့က အိမ်ထောင်သက် (၁၂)နှစ်ရှိပြီဖြစ်ပြီး နျူနျူဆိုတဲ့ (၉)နှစ်အရွယ် သမီးလေး တစ်ယောက်ရှိပါတယ်၊

နျူနျူက ငယ်ငယ်လေးကတည်းက သွက်လက်ပြီး ချစ်ဖို့ကောင်းတဲ့ သမီး‌လေးပါ၊ သူမက မိဘတွေအပေါ်မှာ သိတတ်သလို လိမ္မာရေးခြားလည်း ရှိတယ်၊

ပြောရရင် တစ်မိသားစုလုံးရဲ့ အချစ်တော်‌လေးပဲ၊ သမီးလေး အသက်( ၅)နှစ်အရွယ်ကို ရောက်တော့ မစ်စ်လျှို့က သမီးလေးကို တိုက်ကွမ်ဒိုနှင့် ရေကူးသင်ပေးဖို့ ကျောင်းအပ်ပေးခဲ့တယ်လေ၊ဒါကြောင့် သူမရဲ့ ခန္ဓာကိုယ်က ငယ်ငယ်လေးကတည်းက ဒေါင်ဒေါင်မြည် ကျန်းမာတဲ့ ကလေးလေးပါ”

ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင်မှု မြင်ကွင်းထဲတွင် နျူနျူအနိုင်ရခဲ့သည့် တိုက်ကွမ်ဒိုအသင်းပြိုင်ပွဲဓာတ်ပုံများနှင့် သူမ ရေကူးလေ့ကျင့်နေသည့် ဓာတ်ပုံများ၊ ဗီဒီယိုများသို့  ပြောင်းသွားပြန်သည်။

ဗီဒီယိုထဲမှ ကလေးငယ်လေးသည်ကား တိုက်ကွမ်ဒိုဝတ်စုံကို ဝတ်ဆင်ထားကာ ကင်မရာဘက်သို့ ပြုံးပြလိုက်ရင်း သစ်သားပြားနှစ်ချပ်ကို ကန်လိုက်လေသည်။ ထိုမြင်ကွင်းကြောင့် ကြည့်ရှုသူများပင် မသိစိတ်က လိုက်ပါပြုံးမိခဲ့ကြသည်။

မျက်နှာပြင်က တစ်ချက် ထပ်မံပြောင်းသွားချိန်တွင်မူ ဆေးရုံနှင့် ဆေးရုံကုတင်များအား မြင်လိုက်ရပြန်သည်။

မတိုင်ခင်က နေလုံးငယ်လေးကဲ့သို့ တောက်ပစွာဖြင့် တိုက်ကွမ်ဒိုလေ့ကျင့်နေသည်အား အားလုံးမြင်ခဲ့ရသည့် ကလေးငယ်သည်ကား လက်ရှိတွင် မျက်လုံးများကို မှိတ်ထားကာ ဖြူဖျော့နေသော မျက်နှာဖြင့် ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေခဲ့ရရှာသည်။

သူမ၏ မျက်နှာတွင် အောက်ဆီဂျင် mask ဖြင့် ဖုံးထားခဲ့ရကာ အိပ်ရာဘေးတွင်လည်း ဆေးပိုက်များ၊ ဆေးပုလင်းများနှင့် နှလုံးခုန်နှုန်းတိုင်းတာသည့် စက်ကိရိယာများ အပြည့်ရှိနေခဲ့ရသည်။

ကလေးမလေးသည်ကား အင်မတန် အပြင်းအထန် နာမကျန်းဖြစ်နေပုံပေါ်သည်။

နောက်ခံအသံက ဆက်ပြောလာသည်:

“လွန်ခဲ့တဲ့ နှစ်ဝက်လောက်ကစပြီး နျူနျူလေးက အမြဲလိုလို မူးဝေတယ်၊ အားနည်းပြီး အခြားရောဂါလက္ခဏာတွေအပြင် အစားအသောက်ပျက်တာ၊ ဝမ်းမမှန်တာတွေ ဖြစ်ခဲ့တယ်၊

ဒါကြောင့် မစ်စ်လျှို့လည်း ကလေးကို ဆေးရုံဆီကို ခေါ်သွားပြီး စစ်ဆေးခိုင်းတော့ သူမရဲ့ ကျောက်ကပ်က ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်မလုပ်နိုင်တော့ဘူးဆိုတဲ့ အဖြေထွက်လာခဲ့တယ်၊

ဒါတွေကြောင့် အပေါ်က လက္ခဏာတွေ ဖြစ်ရတာတဲ့လေ၊

ဆေးရုံမှာ ကုသမှုခံယူပြီးတဲ့နောက်မှာ နျူနျုရဲ့ ခန္ဓာကိုယ်အခြေအနေက မသက်သာလာတဲ့အပြင် ပိုပိုပြီးတောင် ပြင်းထန်လာခဲ့တယ်၊

စစ်ဆေးမှုလုပ်ဆောင်နေတဲ့ အချိန်မှာ ဆရာဝန်က မစ်စ်လျှုနဲ့ မစ်စ်တာဟဲတို့ကို ပြောခဲ့တာက... နျူနျူလေးရဲ့ အခြားကိုယ်တွင်းအင်္ဂါတွေကလည်း အလုပ်မလုပ်တော့တဲ့ လက္ခဏာတွေ ပြနေပြန်ပြီတယ်တဲ့၊

သိပ်မကြာခင်မှာပဲ နျူနျူလေးက ကိုယ်တွင်းအင်္ဂါ ၄ခုလောက်က အလုပ်မလုပ်နိုင်တော့ဘူးလို့ စစ်ဆေးတွေ့ခဲ့ရတယ်၊ သူမက ဆေးရုံရဲ့ အထူးလူနာဆောင်မှာ အမြဲစောင့်ကြည့်လူနာအဖြစ် နေပြီး အသက်ဆက်နေရရှာတယ်၊

မစ်စ်လျှို့နဲ့ မစ်စ်တာဟဲတို့က သူတို့သမီးလေးကို ချစ်လွန်းတာကြောင့် သမီးလေးရဲ့ အခြေအနေကို မြို့ကြီးတွေမှာရှိတဲ့ဆေးရုံကြီးတွေမှာ လိုက်လံပြီးတော့  ပြခဲ့ပေမယ့် နျူနျူရဲ့ ကျန်းမာရေးအခြေအနေနှင့် ရောဂါဇစ်မြစ်ကို ရှာမတွေ့ခဲ့ကြပါဘူး၊

ယခုဆိုရင်င် နျူနျူလေးက အသက်ရှူဖို့၊ အစားစားဖို့နှင့် အညစ်အကြေးစွန့်ဖို့ကိုတောင် ခက်ခဲနေရှာတယ်၊

သူ့ရဲ့ ခန္ဓာကိုယ်ကလည်း တစ်ခါတရဲတွေမှာ ရောင်ရမ်းနေတတ်ပြီး အသက်အန္တရာယ်ကိုတောင်မှ  စိုးရိမ်နေရတယ်”

“နောက်ဆုံး ကောက်ရိုးတစ်မျှင်အနေနဲ့ မစ်စ်လျှို့နဲ့ မစ်စတာဟဲတို့က ပရိုဂရမ်အဖွဲ့ဆီကို အကူအညီတောင်းစာပို့ခဲ့ပြီး ပြိုင်ပွဲဝင်တွေများ ကူညီပေးနိုင်မလားလို့ မျှော်လင့်နေခဲ့ကြပါတယ်”

ဗီဒီယိုသည်ကား ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေသော နျူနျူလေး၏ ဓာတ်ပုံဖြင့် အဆုံးသတ်သွားသည်။

[ဘုရားဘုရားရေ၊ ဘယ်လိုများ ဖြစ်ရတာလဲ? ဒီညီမလေးက ကိုးနှစ်ပဲ ရှိသေးတာလေ၊ ဘယ်လိုကြောင့်များ ဒီလိုရောဂါ ဖြစ်ရတာပါလိမ့်!]

[ငါက ဆေးကျောင်းတက်နေတာ၊ ဗီဒီယိုက တွေ့ရတာအရဆိုရင်တော့ ဒီကောင်မလေးက ကျောက်ကပ်နဲ့ နှလုံး၊ အဆုတ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေမှာ ပြဿနာဖြစ်နေတာပဲ၊ အဲဒါက သူ့ရဲ့ အစာခြေစနစ်ကိုလည်း ပျက်စီးစေပြီး အသက်ရှူစနစ်ကိုလည်း ထိခိုက်စေတယ်၊ ဆေးပညာမှာဆိုရင် အဲ့တာကို ‘ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်း’လို့ ခေါ်တယ်

ဒါပေမယ့် အခုက မဖြစ်နိုင်တဲ့ ကိစ္စပဲ? ပုံမှန်ဆိုရင် ကိုယ်တွင်းအင်္ဂါတွေ အစုလိုက်ပျက်စီးတာမျိုးက အသက်အရွယ်ကြီးတာ၊ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ထိခိုက်မှု၊ ရောဂါပိုး ကူးစက်မှုတွေကြောင့် ဖြစ်တာမျိုးလေ၊

ဥပမာ  အထိန်းအကွပ်မရှိဘဲ ညကို ညဉ့်နက်တဲ့အထိ နေတဲ့ လူငယ်တွေမှာတော့ ဒီလို လက္ခဏာမျိုး ပြတာတော့ မြင်ဖူးတယ်၊ ဒါပေမယ့် သူတို့က အနည်းဆုံးတော့ အသက်၂၀ ဝန်းကျင်တွေချည်းပဲ၊

ဒီလို အသက်ငယ်ငယ် ကလေးမျိုးမှာ အကြောင်းအရင်းလည်း မရှိဘဲ ဖြစ်တာက ကြားတောင် မကြားဖူးဘူး၊ ဒါက ပိုးဝင်တာ၊ ဒါမှမဟုတ် တစ်ခုခုများ စားမိသွားလို့ အပြင်းအထန် ရောဂါပိုးကူးစက်ခံလိုက်ရတာများလား]

[ငါတို့အမျိုးထဲမှာလည်း အဲ့လို ရောဂါရှိတဲ့သူ တစ်ယောက်ရှိတယ်၊ ဦးလေးက မီးလောင်ဒဏ်ရာတွေကနေ ပိုးဝင်သွားတာလေ၊ သူ့ကို ICU ထဲမှာဘဲ အမြဲ ထားရတာ၊ တစ်နေ့တစ်နေ့ စရိတ်က ယွမ်၁သောင်းကျော်တယ်၊

သူတို့ပြောတာတော့ ဦးလေးက အပြင်းအထန် နာကျင်ခံစားနေရပြီး အစား,စားရင်၊ သောက်ရင်နဲ့ အိပ်ရတာတောင် ခက်ခဲတယ်တဲ့]

[ဒါမျိုးကိုတော့ သိပ္ပံနယ်ပယ်ဘက်ကိုပဲ ဦးစားပေးသင့်တယ်၊ ဆရာဝန်နဲ့ပဲ သွားတွေ့ပါ၊ ဒါက သဘာဝလွန်ဖြစ်ရပ်မှ မဟုတ်တာ၊ ‘ဝိဉာဉ်ရေးရာ’က ပြိုင်ပွဲဝင်တွေလည်း ကူညီနိုင်မှာ မဟုတ်ဘူး]

[အပေါ်ကလူ၊ မင်း ဗီဒီယိုမကြည့်လိုက်ဘူးလား? သူတို့က ဒီကိုလာတာ ဆရာဝန်တွေတောင် အဖြေရှာမရလို့လေ၊ ဘာမှလည်း အကြောင်းရင်းမရှိပါဘဲနဲ့ သူတို့သမီးရဲ့ ခန္ဓာကိုယ်ထဲက ကိုယ်တွင်းအင်္ဂါတွေ အလုပ်မလုပ်တော့တာ မထူးဆန်းဘူးလား]

မှတ်ချက်ဧရိယာမှ ရန်ပွဲများအား လျစ်လျူရှုကာ ပရိုဂရမ်အဖွဲ့သားများက မစ်စ်လျှို့ နှင့် မစ်စ်တာဟဲတို့အား စင်ပေါ်သို့ ဖိတ်ခေါ်လိုက်သည်။

သူတို့၏ လက်ရှိရိုက်ကူးရေးနေရာသည်ကား Xမြို့တော်၏ ပုဂ္ဂလိက ဆေးရုံတစ်ခုနှင့် မျက်နှာချင်းဆိုင်မှ  အဆောက်အဦတစ်ခုတွင် ဖြစ်ပေသည်။

နျူနျူ နာမကျန်းဖြစ်ပြီးနောက်တွင် မစ်စ်လျှို့ နှင့် ခင်ပွန်းတို့သည်ကား သမီးလေးအား ပို၍ အနီးကပ်စောင့်ရှောက်နိုင်ရန်အတွက် သမီးဖြစ်သူ ဆေးကုသမှုခံယူနေသည့် ဆေးရုံနှင့် မျက်နှာချင်းဆိုင်တွင် နေအိမ်တစ်လုံး ငှားရမ်းခဲ့သည်။

ထိုအဆောက်အဦးတွင် နေထိုင်သူအများစုမှာလည်း ဆေးရုံမှ လူနာများ၏ ဆွေမျိုးသားချင်းများ ဖြစ်ကြသည်။

တင်ဆက်သူနှင့် ပရိုဂရမ်အဖွဲ့သားများမှ ကင်မရာများ သယ်ဆောင်၍ ရိုက်ကူး‌ရေးနေရာသို့ သွားရောက်နေစဉ် အခြားအိမ်ငှားများမှ စူးစမ်းစွာ ကြည့်နေခဲ့ကြသည်။

တတိယထပ်မှ အခန်းတစ်ခန်းရှေ့သို့ အရောက်တွင် တင်ဆက်သူလျှို့ စကားစသည်။

“ကျွန်တော်တို့ ရောက်ပါပြီ၊ ဒါက မစ်စ်လျှို့နဲ့ သူ့ခင်ပွန်းတို့ နေတဲ့နေရာပါပဲ”

ပရိုဂရမ်အဖွဲ့ ‘ဝိဉာဉ်ရေးရာ’အစီအစဉ်၏ အပိုင်းငါးကို X မြို့တော်တွင် ရိုက်ကူးရန် ဆုံးဖြတ်ခဲ့ခြင်းမှာ နျူနျူလေးအနေဖြင့် ဆေးရုံမှ ထွက်ခွာ၍ မရသောကြောင့်ပင် ဖြစ်ပေသည်။

သူမ၏ ရောဂါအခြေအနေကြောင့် တစ်နေရာမှ တစ်နေရာ ရွှေ့ပြောင်းရန်မှာ လွယ်ကူသည့် ကိစ္စမဟုတ်ပေ။

တံခါးခေါက်ပြီးနောက်တွင် အလွန်ပင် ပင်ပန်းနေသော မျက်နှာ အမူအယာ၊ ရှုပ်ပွနေသော ဆံပင်တို့နှင့် အမျိုးသမီးတစ်ဦးက တံခါးကို ဖွင့်ပေးလိုက်သည်။

တင်ဆက်သူနှင့် သူ၏ နောက်မှ ဝန်ထမ်းများအား မြင်လိုက်ရပြီးနောက် မစ်စ်လျှို့က သူမ အဝတ်နှင့် ဆံပင်အား အမြန် သပ်လိုက်ပြီးနောက် အားနည်းသော အပြုံးတစ်ခုဖြင့် နှုတ်ဆက်သည်။

“ရောက်လာကြပြီလား? ဝင်ခဲ့ကြပါရှင်၊ အားနာလိုက်တာ၊ မနက်က ကလေးရဲ့အခြေအနေက ထ,ဖောက်လာလို့ အဲဒီကို သွားကြည့်လိုက်ရတာနဲ့ ရှင်တို့ရဲ့ အချိန်တွေကို နှောင့်နှေးသွားစေပါတယ်”

တင်ဆက်သူလျှို့  အမြန်လက်ခါလိုက်ပြီးနောက် ပြောလိုက်လေ၏။

“ဘာမှ မဖြစ်ဘူး၊ ဘာမှ မဖြစ်ဘူးရယ်”

တံခါးမှ ဝင်လိုက်ပြီးနောက်ျွင် ရိုက်ကူးရေးအဖွဲ့သားအများစု၏ အတွေးမှာ ဤအိမ်ခန်းလေးသည် သေးလွန်းသည်ဟုပင်။

အိပ်ခန်းတစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းပါဝင်ပြီး စုစုပေါင်း စတုရန်းမီတာ ၃၀ခန့်သာ ရှိသည်။ ဧည့်ခန်းတစ်ခုလုံးတွင် အာဟာရဆေးများ၊ အခြားဖြည့်စွက်စာများက နေရာယူထားခဲ့သည်။

ရိုက်ကူးရေးဝန်ထမ်းကောင်လေးတစ်ချို့ဆိုလျှင် ကြပ်ကြပ်ညှပ်ညှပ်ပင် ဖြစ်နေခဲ့ရသည်။

မစ်စ်လျှို့  ရှက်ရွံ့စွာဖြင့် ပြောလာလေ၏။

“ဒီနေရာလေးက ကျဉ်းနေတယ်၊  ကျွန်မ ထပ်ပြီး တောင်းပန်ပါတယ်ရှင်၊ အားလုံးပဲ ထိုင်ကြပါ၊ ကျွန်မ ရေလေး သွားယူလိုက်ဦးမယ်နော်”

“စိတ်မပူပါနဲ့၊ သူတို့က ရိုက်ကူးရေး လုပ်ရုံပဲ၊ ကင်မရာထဲမှာ ပါဖို့ မလိုပါဘူး၊ တံခါးပေါက်နားမှာ ရပ်နေလို့ ရပါတယ်? ကျွန်တော်တို့က ဒီကိုလာပြီး အခြေအနေကို ပိုပြီး သိရရင် ကူညီလို့ ရနိုင်၊မရနိုင်လေး သိရရုံလောက်ပါပဲ”

“အိုး၊ ကောင်းပါပြီ၊ လာပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင်”

ကင်မရာကို ဖွင့်ထားမှန်း သိလိုက်ရပြီးနောက် သူမကအလွန် စိတ်လှုပ်ရှားကာ မည်သည့်အပြောင်းကို မည်သို့ ပြောရမှန်းမသိ ဖြစ်နေရှာသည်။

“အခုက အိမ်မှာ တစ်ယောက်တည်းလား?”

“ကလေးအဖေက ဆေးရုံခန်းမှာ စောင့်နေပါတယ်၊ တစ်ယောက်ကတော့ အဲဒီနေရာမှာ အမြဲစောင့်နေရတာလေ”

အစပိုင်းက ဤအကူအညီတောင်းသူ မိသားစု၏အခြေအနေသည်က ပရိုဂရမ်၏ မူလအစီအစဉ်တွင် မပါဝင်ပါချေ။

လွန်ခဲ့သည့် နှစ်ရက်လောက်ကအထိ ပရိုဂရမ်အဖွဲ့အနေဖြင်် ယခုအပိုင်းအတွက် တခြားသောအစီအစဉ်နှစ်ခု ရွေးချယ်ပြီးဖြစ်သော်လည်း ရုတ်တရက် နောက်ထပ် အကူအညီတောင်းစာတစ်စောင်အား လက်ခံရခဲ့သည်။

စာထဲတွင် နျူနျူ၏ ထူးခြားသော ရောဂါနှင့် သေရေးရှင်ရေး အခြေအနေတို့အား ရေးသားထားသောကြောင့် ပရိုဂရမ်အဖွဲ့က သူတို့အား အရေးပေါ်အနေဖြင့် အစား ထည့်သွင်းပေးခဲ့ခြင်းသာ ဖြစ်သည်။

**

All Chapters