အခန်း (၁၄၉)
Vol. 15 Ch. 149
ပိုင်စစ် နျူနျူလေးအား ပထမဆုံးတွေ့လိုက်ရချိန်တွင် အလွန်သနားသွားမိခဲ့ရသည်။
သူ့အနေဖြင့် ဤမျှ ငယ်ရွယ်သော ကလေးငယ်တစ်ဦးအား ခန္ဓာကိုယ်တစ်ခုလုံးတွင် ဆေးပိုက်များအပြည့်ဖြင့် ရှိနေရသည်ကို ပထမဆုံးမြင်ဖူးခြင်းဖြစ်ကာ သေခြင်းတရား၏ အငွေ့အသက်ကိုပင် ခံစားနေခဲ့ရသည်။
သူ ဆေးရုံခုတင်ဘေးတွင် မတ်တပ်ရပ်လိုက်ပြီး လက်ကို ဆန့်ထုတ်ကာ နျူနျူ၏ လက်မောင်းပေါ်သို့ တင်ထားလိုက်သည်။
“မင်းရဲ့ ခန္ဓာကိုယ်မှာ နာကျင်မှုတွေ ပြည့်နေတာပဲ”
နျူနျူ အနည်းငယ်စိတ်လှုပ်ရှားနေသောငြား ဖြူဥနေသော အသားအရည်နှင့် နူးညံ့သော ကောကော၏ လက်ဖဝါးသည်ကား နွေးထွေးလွန်းနေသောကြောင့် အံ့ဩမိသည်။
“ဟုတ်၊ နည်းနည်း…”
“မကြောက်နဲ့နော်၊ ကောကောက မင်းရဲ့ပြဿနာက ဘယ်လိုဖြစ်ရတာလဲဆိုတာကို ရှာကြည့်ပေးမယ်”
စကားဆုံးသည်နှင့် သူက နျူနျူ ခြုံထားသော စောင်လေးအား အနည်းငယ်ဖယ်လိုက်ပြီးနောက် သူ့လက်ဖဝါးကို ကလေးငယ်၏ ဝမ်းဗိုက်နား၊ ခန္ဓာကိုယ်နှင့် တိုက်ရိုက်ထိတွေ့ရန် အနည်းငယ်အကွာတွင် ထားလိုက်သည်။
သူ့၏လက်ဖဝါးအောက်မှ ဝမ်းဗိုက်သည်ကား ပိန်လှီနေခဲ့သည်။ ဆိုရလျှင် အရိုးများအား အရေပြားတစ်လွှာခြုံထားသကဲ့သို့ပင် နံရိုးပြိုင်းပြိုင်းထနေခဲ့သည်။
ထိုမြင်ကွင်းအား မြင်ရပြီးနောက် သူ့ဘေးမှ ကလေးမိဘများက မျက်လုံးပြုးသွားသည်။
“သူ အဲဒါ ဘာလုပ်နေတာလဲ?”
“ဒီပညာရှင် ပိုင်စစ်က ကောင်းကင်ဘုံနဲ့ ဆက်နွယ်နေတဲ့ အမျိုးလေ၊ သူက မသေမျိုး ဝိဉာဉ်ကို ဆင့်ခေါ်နိုင်ပြီး အဲဒီမသေမျိုးက ရောဂါကုသခြင်းမှာ ကျွမ်းကျင်တယ်။ သူက ခန္ဓာကိုယ်ကို စစ်ဆေးမှု လုပ်နေတာပါ”
မစ်စတာဟဲကတော့ အခန်းထဲမှ ကင်မရာများ၊ သမီးငယ်ရှေ့တွင် ရပ်နေသော လူငယ်လေးအား ကြည့်ရင်း သူ့စိတ်ထဲ ဘဝင်မကျ ဖြစ်နေခဲ့သည်။
ဇနီးဖြစ်သူမှ ဤသဘာဝလွန်အစီအစဉ်အား အကူအညီတောင်းစာ ရေးနေချိန်တွင် သူကတော့ အားမပေးခဲ့ပေ။
ဆရာဝန်များကလည်း ကုသစရာဆေးမရှိတော့ဟု ဆိုထားသည်။ ထို့ကြောင့် ဤ မြင့်မြတ်လှသော မသေမျိုးများ၊ ဝိဉာဉ်ကြားခံများက နျူနျူလေးကို အနည်းငယ် ကုသပေးရုံနှင့် အသက်ကို ကယ်တင်နိုင်ပါ့မလား?
သို့သော် ဇနီးသည်က စိတ်ဆုံးဖြတ်ချက်ချထားသောကြောင့် တားမရခဲ့ပေ။
သူ့အတွေးအရတော့ ဇနီးဖြစ်သူသည်ကား သမီးငယ်သေဆုံးရတော့မည်ကို လက်မခံနိုင်သောကြောင့် စိတ်ကစဉ့်ကလျား လုပ်ချင်ရာ လုပ်နေသည်ဟု ထင်မိသည်။
သို့သော် မစ်စတာဟဲက ကင်မရာရှေ့တွင်တော့ ဘာတစ်ခွန်းမှမဆို၊ သက်ပြင်းဖွဖွသာ ချသည်။
ပိုင်ခီ၏ သွယ်လျသည့် လက်ဖဝါးသည် နျူနျူ၏ ဝမ်းဗိုက်မှ တဖြည်းဖြည်း ရင်ဘတ်နှင့် လည်ပင်းသို့ ရွေ့ကာ ထိုအတိုင်း နောက်ပြန်ကျော့ကာ လုပ်နေခဲ့သည်မှာ ဆယ်မိနစ်ခန့်ပင် ကြာသည်။
ဆယ်မိနစ်အကြာတွင် သူ့လက်ကို ပြန်ရုတ်လိုက်သည်။
သူ့၏ခန္ဓာကိုယ်က ဒယီးဒယိုင်ဖြစ်နေကာ အနီးအနားမှ ဘီရိုအား ကိုင်၍ ခန္ဓာကိုယ်ကို ထိန်းထားနေရသည်။
သူကခေါင်းလှည့်ကာ မစ်စ်လျှို့နှင့် အခြားလူများအား ပြန်ကြည့်လိုက်ချိန်တွင် မျက်နှာတစ်ခုလုံး ဖြူဖွေးကာ သွေးဆုတ်နေခဲ့ပြီး နဖူးတွင်လည်း ချွေးစေးများထွက်နေခဲ့သည်။ သူ၏ စွမ်းအင်အားလုံး ကုန်ခန်းသွားသယောင်ပင်ဖြစ်နေခဲ့လေသည်။
မစ်စတာဟဲ အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။ သူ၏စိတ်ထဲတွင်လည်း ဤမှော်တုတ်တံအတုလေးက တော်တော်ဘေးသရုပ်ဆောင်ကောင်းသည်ဟု မှတ်ချက်ချလိုက်မိသည်။
သို့သော် ဇနီးသည်ကတော့ ရှေ့ကို တိုးလိုက်ရင်း မေးမြန်းလိုက်လေ၏။
“ဘယ်လိုလဲဟင် ဆရာလေးပိုင်? နျူနျူရဲ့ ရောဂါက…?”
“ခဏလေး…”
ပိုင်စစ် နှုတ်ခမ်းများကို စေ့ထားကာ ဘေးမှ ထိုင်ခုံသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားပြီးနောက် ထိုင်ချလိုက်သည်။
သူ့အနေဖြင့် မစ်စ်လျှို့အား စကားပြန်မဖြေနိုင်သေးပေ။
ဆေးရုံခန်းထဲမှ လူများနှင့် တိုက်ရိုက်ထုတ်လွှင့်ခန်းမှ လူများ ဘာပြောရမှန်းပင်မသိဖြစ်နေခဲ့ကြချိန်တွင် ဖျားနာနေသော နျူနျူက ရုတ်တရက်ပြောလိုက်သည်။
“အမေ၊ သမီး ဗိုက်ဆာတယ်”
သမီးငယ် ဘာပြောလိုက်သည်အား ကြာစလိုက်ရလျှင် မစ်စ်လျှို့တစ်ယောက် ကြက်သေ,သေသွားရသည်။ ပြီးမှသာ မျက်နှာတွင် အံ့ဩဝမ်းသာခြင်းများ ပေါ်လာခဲ့သည်။
“ဗိုက်ဆာတယ်? ယောင်္ကျားရေ၊ ကြားလိုက်လား? သမီးလေးက ဗိုက်ဆာတယ်တဲ့!”
“အမေ အခုပဲ စားစရာ သွားယူပေးမယ်!”
ပရိတ်သတ်အား ရှင်းပြပြီးမှသာလျှင် ကြည့်နေကြသူများ အဘယ်ကြောင့် မစ်စ်လျှို့နှင့် ခင်ပွန်းသည်တို့သည် သမီးဖြစ်သူ၏ ဗိုက်ဆာသည်ဆိုသော စကားကြောင့် အပျော်လုံးဆို့နေရမှန်း သိသွားကြတော့သည်။
သူမ ရောဂါအခြေအနေဆိုးလာပြီးနောက် နျူနျူ၏ ခန္ဓာကိုယ်သည်ကား ရောင်ရမ်းနာကျင်နေတတ်သည်။
အစာစားခြင်းသည်လည်း သူမအတွက်တော့ ငရဲကျသကဲ့သို့ပင်။ ထို့အပြင် နျူနျူလေးသည်ကား အစာမခြေဖျက်နိုင်ခြင်းနှင့် အစာအိမ်အောင့်သည့် ဝေဒနာတို့လည်း ခံစားနေရသည်။
ပြီးခဲ့သည့် သုံးလအတွင်း သူမ တစ်ကြိမ်မျှပင် အစာမတောင်းခဲ့ဖူးပေ။ ထို့ကြောင့်လည်း ဤမျှ ပိန်ချုံးနေရခြင်းဖြစ်သည်။
ဖော်ပြလို့ မရသည့် အရသာမျိုးနှင့် အစာရည်ဖျော်စပ်ပြီးနောက် မစ်စ်လျှို့ သမီးငယ်အနီးသို့ သွားကာ သမီးဖြစ်သူ ပုလင်းတစ်ဝက်လောက်ထိ မော့ချလိုက်သည်အား စိတ်ပူစွာ ကြည့်နေခဲ့သည်။
“သမီးလေး ဘယ်လိုနေသေးလဲ ?”
နျူနျူက မျက်လုံးများ ပုတ်ခတ်၊ပုတ်ခတ်လုပ်လိုက်ပြီးနောက် အသံမှာလည်း ပျော်ရွှင်နေခဲ့သည်။
“အရမ်းမိုက်တာပဲ ၊ အမေ ကောကောရဲ့ လက်က သမီးရဲ့ဗိုက်နားကို ရောက်လာတော့ အရမ်းကို နွေးပြီး သက်တောင့်သက်သာ ရှိတာပဲ! အခု သမီးဗိုက်နဲ့ လည်ပင်းလည်း မနာတော့ဘူး!!”
သူမ ခန္ဓာကိုယ်၏ အခြားနေရာများကတော့ အနည်းငယ်နာကျင်နေဆဲဖြစ်သော်ငြား တစ်ချိန်လုံး ဝေဒနာကို ခါးစည်းခံခဲ့သည့် သူမအတွက်ကတော့ မပြောပလောက်ပေ။
“တကယ်လား? ကောင်းလိုက်တာ! အရမ်းကောင်းတာပဲ!!”
မစ်စ်လျှို့က ပုံမှန်ထက် ပိုပြီး စိတ်လှုပ်ရှားနေပုံပေါ်သော သမီးငယ်အား ကြည့်ကာ ဤတစ်ကြိမ်တော့ သမီးငယ်၏ မနာကျင်တော့ဘူးဆိုသည့် စကားအား သူမ အပြည့်အဝယုံကြည်မိသည်။
သူမသည်ကား ပျော်ရွှင်စိတ်လှုပ်ရှားမှုကြောင့် လက်များပင် တုန်ရီနေခဲ့သည်။
ပိုင်စစ် မလာခင်က နျူနျူလေးမှာ နှလုံးနှင့် အဆုတ် အလုပ်မလုပ်နိုင်သောကြောင့် အမြဲလိုလို အောက်ဆီဂျင်စက်၏ အကူယူထားရသည်။
သူမ၏ အသက်ရှူလမ်းကြောင်းသည်လည်း ကောင်းကောင်းအလုပ်မလုပ်သောကြောင့် သူမ ယခုကဲ့သို့ စကားကို ကြည်လင်ပြတ်သားစွာ မပြောနိုင်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
“ယောင်္ကျား၊ ရှင်မြင်ရဲ့လား? နျူနျူလေးကို ကယ်နိုင်ပြီ!”
မစ်စ်လျှို့၏ အသံများက တုန်ရီနေခဲ့ကာ ပိုင်ခီအနီးသို့ လျှောက်သွားပြီး ကျေးဇူးတင်စကားဆိုသည်။
“ကျေးဇူးတင်လိုက်တာ ဆရာလေးပိုင်! ကျေးဇူးတင်လိုက်တာရှင်”
မျက်စိရှေ့တွင် ဖြစ်ပျက်သွားသော ထူးခြားဖြစ်ရပ်ကြောင့် မစ်စတာဟဲတစ်ယောက် သူ၏ သဘာဝလွန်ပညာများအပေါ် ထားသည့် အမြင် လုံးဝပြောင်းလဲသွားကြောင်း ခံစားလိုက်ရသည်။
သူသည်ကား သဘာဝလွန်ဖြစ်ရပ်များအား နည်းနည်းမျှ အယုံအကြည်မရှိသောငြား သမီးငယ်၏ ချက်ချင်း တိုးတက်လာသည့် အခြေအနေကြောင့် ယုံကြည်မိချင်ချင်ဖြစ်သွားသည်။
ချက်ချင်းပင် စိတ်ထဲမှ မကောင်းတွေးမိသည်များကို ဘေးဖယ်ကာ ပိုင်စစ်ကို ထပ်ခါ ထပ်ခါ အရိုအသေပြုနေခဲ့သည်။
“ဆရာလေး၊ နျူနျူကို ကယ်ပေးပါဦး”
[မိုက်တယ်ဟေ့၊ ဒါမှ တကယ့် ပညာရှင်အစစ်ကွ!]
[ငါ့မျက်စိရှေ့မှာတင် အဲဒီကလေးမလေးရဲ့ မကုသခင်နဲ့ ကုသပြီး ပုံစံကို မမြင်လိုက်ရဘူးဆိုရင် အဲ့လောက်အဆင့်ထိ လူတစ်ယောက်က ချက်ချင်းပြောင်းလဲလိမ့်မယ်လို့ ယုံမှာတောင် မဟုတ်ဘူး၊
တကယ်လို့ ဒါကသာ ကြိုပြီး ဇာတ်ညွှန်းရေး၊ ဇာတ်တိုက်ထားတာဆိုရင်တော့ အဲဒီကလေးမလေးက အော်စကာဆုတောင် ရသင့်တယ်]
[ဘုရားရေ၊ ငါတို့ သိပ္ပံပညာကို ယုံရမှာမဟုတ်ဘူးလား?]
ချွေးများ သုတ်နေသည့် ပိုင်စစ် ဖြည်းညင်းစွာ စကားပြန်လာခဲ့သည်။
“တောင်းပန်ပါတယ်၊ ကျွန်တော် လုပ်မပေးနိုင်ပါဘူး”
မစ်စ်လျှို့နှင့် ခင်ပွန်းသည်တို့မှာ ပါးစပ်အဟောင်းသားဖြင့် ပိုင်ခီ၏စကားကို နားထောင်နေခဲ့ကြသည်။
“အခုလေးတင် သမီးဖြစ်သူရဲ့ ရောဂါအခြေအနေကို ကြည့်လိုက်တော့ သူမရဲ့ ခန္ဓာကိုယ်ထဲက အင်္ဂါတွေက အိုမင်းရင့်ရော်နေတာကိုတွေ့လိုက်ရတယ်၊ အဲဒီ ရောင်ရမ်းတာနဲ့ ရောဂါတွေကလည်း ရောဂါပိုးကြောင့် ဖြစ်ရတာပဲ၊ သဘောပေါက်လား?”
“ရောဂါပိုးမွှားတွေကြောင့် ဖြစ်ရတယ်ဆိုတာက ခန္ဓာကိုယ်ထဲမှာ သူ့ဘာသာ ဖြစ်ပေါ်တဲ့ ရောဂါကို ပြောတာ၊ အဲဒါက ဘယ်သရဲမှ ဖမ်းစားတာမျိုး မဟုတ်ဘူး”
“ကျွန်တော်က သူ့ခန္ဓာကိုယ်ထဲက ရောင်ရမ်းတာနဲ့ ရောဂါပိုးကူးထားတာကို လျှော့ချပေးလိုက်တာ၊ ပြီးတော့ ကျွန်တော့်ရဲ့ စွမ်းအားကို သုံးပြီး သူ့ခန္ဓာကိုယ်ထဲက ကိုယ်တွင်းအင်္ဂါတွေကို နည်းနည်း အားဖြည့်ပေးပြီး ပြန်အလုပ်လုပ်နိုင်အောင် လုပ်ထားတာ? ဒီရလဒ်က တစ်လလောက်ထိ အလွန်ဆုံးခံလိမ့်မယ်၊ ပြောရရင် ဒါက ယာယီလောက်ပဲရမယ်။ အမြစ်ပြတ်ကုသတာမျိုးတော့ မဟုတ်ဘူး”
“ဘယ်လိုလုပ်ပြီး ဖြစ်ရတာလဲ? လုံးဝဖြေရှင်းနိုင်တာမျိုးများ မရှိတော့ဘူးလားဟင်?”
ပိုင်စစ် ခေါင်းကို ရမ်းသည်။
“ကျွန်တော်က ဒီကိုယ်တွင်းအင်္ဂါတွေကို အိုမင်းမလာအောင် လုပ်ပေးလို့မရဘူး? သူတို့က ပြန်ပြီးတော့ အလုပ်လုပ်ဆောင်မှု ပျက်စီးဦးမှာပဲ၊ ပြီးရင် သမီးဖြစ်သူကလည်း တစ်လလောက်နေရင် ခုနကလို ပုံစံမျိုး ပြန်ဖြစ်သွားလိမ့်မယ်”
နောက်ဆုံးတွင်တော့ သူသည်ကား တောက်ပညာအား လေ့ကျင့်ထားသည့် တိရစ္ဆာန်ငယ်လေးသာလျှင် ဖြစ်ခဲ့သည်။
သူ၏ အရည်အချင်းသည်က ရောဂါကုသခြင်းဖြစ်သော်လည်း သူသည် သေခြင်းနှင့် ရှင်ခြင်းအား ပြောင်းပြန်လှန်ရန်ထိ မစွမ်းဆောင်နိုင်သေးပေ။
နျူနျူ၏ကိုယ်တွင်းမှ ရောင်ရမ်းမှုများနှင့် ကိုယ်တွင်းအင်္ဂါများအား ပြန်လည်အားဖြည့်ပြီးချိန်တွင် သူ၏ စွမ်းအင်ရော၊ စွမ်းအားပါ ပင်ပန်းနေခဲ့ပြီး ပြန်လည် အားပြည့်ရန် အချိန်အနည်းငယ်ယူရမည်ဖြစ်သည်။
ပြိုင်ပွဲအတွက်သာ မဟုတ်ပါက သူသည် ဤမျှထိပင် ကူညီပေးလိမ့်မည်မဟုတ်။
ပိုင်ခီ သေချာစဉ်းစားလိုက်ပြီးနောက် မစ်စ်လျှို့နှင့် ခင်ပွန်းသည်တို့အား လှည့်ပြောလိုက်သည်။
“ခင်ဗျားတို့ ရောဂါကို အမြစ်ပြတ်အောင်တော့ ကုလို့ ရနိုင်မှာမဟုတ်ဘူး၊ ကျွန်တော့်ထက်ပိုပြီး စွမ်းဆောင်နိုင်တဲ့ ပညာရှင်တွေကို ရှာပြီး နျူနျူရဲ့ ခန္ဓာကိုယ်ကို ပုံမှန် ကုသခိုင်းမယ်ဆိုရင်တော့ သူမခန္ဓာကိုယ်ကို နည်းနည်း ပိုကောင်းအောင် ထိန်းထားနိုင်လိမ့်မယ်၊
ပြီးရင် ကျန်းမာတဲ့ ကိုယ်တွင်းအင်္ဂါတွေ ရှာပြီး မကြာခဏတော့ ခွဲစိတ်မှုလုပ်ရလိမ့်မယ်၊ သူ့ခန္ဓာကိုယ်ထဲက ပျက်စီးသွားတဲ့ ကိုယ်တွင်းအင်္ဂါတွေကို အစားထိုးဖို့လုပာရမှာ၊ ဒါဆိုရင်တော့ အသက်ရှင်နိုင်ခြေ ရှိကောင်းရှိနိုင်လိမ့်မယ်”
ပြောရသည်က လွယ်ကူသော်ငြား အမှန်တကယ်လုပ်ဆောင်ရန်ကမူ ကောင်းကင်ကို ထိရခြင်းကပင် ပို၍ လွယ်ကူလိမ့်မည်။
ထို့အပြင် ကမ္ဘာပေါ်တွင် ပိုင်စစ်ထက် စွမ်းအားကြီးသော ဆရာဝန်ဦးရေမှာ များလှသည်မဟုတ်။ ထို့အပြင် ထိုကဲ့သို့ လူများသည်လည်း ရွှေထက်ပင် ရှာရခက်သေးသည်။
နျူနျူ့အနေဖြင့် ထိုအခြေအနေရောက်ရန် တစ်နှစ်လျှင် ခြောက်ကြိမ်ထပ်မနည်း ခွဲစိတ်ကုသခံရမည်ဖြစ်ကာ ကုန်ကျစရိတ်သည်လည်း တစ်နှစ်လျှင် ဆယ်သန်းကျော်ပင် မက ကုန်ကျမည်ဖြစ်သည်။
ထို့အပြင် သူတို့သည်က ကိုက်ညီသည့် ကိုယ်တွင်းအင်္ဂါကိုလည်း ရှာရမည်၊ အစားထိုးရာတွင်လည်း အင်မတန် သတိကြီးကြီး ထားရမည်ဖြစ်ပြီး အဆုံးထိ ခန္ဓာကိုယ်မှ ငြင်းဆိုမှုရှိမရှိလည်း စောင့်ကြည့်ရမည်ဖြစ်သည်။ အခန့်မသင့်ပါက သူမ ခွဲစိတ်ခန်းထဲတွင် အသက်ဆုံးရှုံးရနိုင်သေးသည်။
ထိုအရာအားလုံး အဆင်ပြေချောမွေ့စွာ အောင်မြင်သည်ဆိုစေအုန်းတော့။ ကုန်ကျမည့် ငွေ၊ အချိန်နှင့် စွမ်းအင်တို့သည်လည်း မနည်းမနော ပမာဏဖြစ်သည်ကြောင့် မစ်စ်လျှူတို့ကဲ့သို့ သာမန်မိသားစုလေးအတွက်ကတော့ အိပ်မက်တစ်ခုသာ ဖြစ်နိုင်ပေလိမ့်မည်။
မစ်စ်လျှို့တစ်ယောက် ဖြူဖျော့သွားပြန်ကာ နေမကောင်းဖြစ်နေသည့် သမီးငယ်လေးအား အားလျော့စွာ ကြည့်လိုက်သည်။
မျှော်လင့်ချက်မဲ့ခြင်းထက် ထိုမျှော်လင့်ချက်ရောင်ခြည်အား မြင်လိုက်ရပြီးမှ ပျောက်ကွယ်သွားခြင်းသည် ပို၍ နာကျင်ရသည်။
“ပြောင်းလဲနိုင်ချေ ရှိဦးမှာပါ၊ အခြားပြိုင်ပွဲဝင်တွေရော ဘယ်လိုပြောမလဲဆိုတာကို နားထောင်ကြည့်ကြရအောင်”
မစ်စ်လျှို့လည်း စိတ်ကို ပြန်တင်းကာ ခေါင်းငြိမ့်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဆရာလေးပိုင်စစ်ကို ကျေးဇူးတင်ပါတယ်ရှင်”
*