Chapter 71
Vol. 8 Ch. 71
ဈေးတန်းအပြည့်ဆိုင်ခန်းများဖွင့်မထားသေးသော်လည်း လက်ရှိအခြေအနေအရဆိုလျှင်ပင် မှောင်ခိုဈေးကြီးတစ်ခုနှင့် ယှဉ်နိုင်နေပြီဖြစ်၍ မသေးငယ်ပါချေ။ ဈေးသည်များမှာလည်း ပစ္စည်းအမယ်စုံလင်စွာ ရောင်းချထားကြ၏။ ကြက်ဥ၊ဘဲဥနှင့် ဆားစိမ်ဥသည်များ၊ကြက် ဘဲအရှင်ရောင်းချသူများ၊အသားသည်များ၊ပြောင်းဖူး မြေပဲ သစ်ကြားသီး နှမ်း စပါး ဆန်ချော ဂျုံဖြူတို့ရောင်းချသည့် ကောက်နှံသည်များ၊အဝတ်အထည်ေရာင်းသူများ၊ဒယ်အိုး ကျောက်မီးသွေးမီးဖို ကျောက်မီးသွေးရောင်းချသူများ၊မုန့်သည်များ၊ဟင်းသီးဟင်းရွက် သစ်သီးဝလံသည်များဖြင့် ပြည့်နှက်နေသည်။
လာရောက်စပ်စုသူများမှာ စုံလင်လှသောပစ္စည်းများကြောင့် သူတို့ဝယ်ယူနေသည်မဟုတ်လျှင်တောင် အမြင်ဖြင့်ပင် ကျေနပ်နေကြ၏။ ငွေကြေးစို့စို့ပို့ပို့ပါလာကြသူများမှာတော့ ငွေထုတ်မသုံးပဲမနေနိုင်ကြတော့ပေ။ အမျိုးသားကြီးအချို့ပင်လျှင် အိမ်အတွက် အသားတစ်တွဲ နှစ်တွဲလောက်ဝယ်ဖြစ်သွားကြသည်။ ကွင်းနှစ်ဖက်ဒယ်အိုးကြီးများရောင်းရာနေရာမှာတော့ အထူးစည်ကားနေတော့၏။
"အဲ့တော့ ဒီဒယ်အိုးတွေကို လက်မှတ်ပေးစရာမလိုပဲ ဝယ်လို့ရတယ်ပေါ့လေ။ သေရောသေချာလို့လား"
"ဟုတ်တယ် တော်ကြာငါတို့ဝယ်သွားပြီးမှ ပြဿနာတက်ရင် ဘယ်လိုလုပ်မလဲ။ ငါတို့ကဒီနားတင်ေနကြတာဆိုတော့ နည်းနည်းပါးပါးစုံစမ်းလိုက်ရင်တောင် သိသွားကြမှာလေ"
"ကျောက်မီးသွေးက ဘယ်လိုရောင်းလဲ။ လက်မှတ်မလိုဘူးဆိုတော့ ဝယ်ရတာပိုအဆင်ပြေတာပေါ့"
"ဟုတ်ပါ့ ဒီမှာအတွင်းရေးမှူးလျို့ရဲ့ ဂုဏ်ပြုစာတမ်းကြီးချိတ်ထားမှတော့ စိတ်ချလက်ချဝယ်နိုင်ပါတယ်လေ။ သူတို့လည်းရောင်းနိုင်လို့ရောင်းတာပေါ့အေ့။ အရမ်းကြီးလျှောက်တွေးမနေကြစမ်းပါနဲ့"
"အမှန်ပဲ အိမ်ကမီးဖိုတစ်လုံးထပ်ဖြည့်ရမှာကို လက်မှတ်မရှိသေးတော့ ကြန့်ကြာနေတာလေ။ ဒီမှာကငွေပဲပေးရမှာဆိုတော့ ကောင်းတာပေါ့"
"ငါ့သမီးကမကြာခင် မင်္ဂလာဆောင်တော့မှာ။ သတို့သားဘက်က ကမ်းလှမ်းလာတဲ့ထဲ မီးဖိုပါမလာဘူး။ သူတို့သာအိမ်ခွဲေနချင်ရင် ကိုယ့်ဘာသာရှာဝယ်ကြတဲ့လေ။ အဲ့သဘောက ငါ့သမီးကိုအိမ်ခွဲမနေခိုင်းဘဲ သူတို့မိသားစုကြီးကို ပြုစုစေချင်တဲ့ သဘောမလား။ ဟားဟား ကံကောင်းလို့ အခုဒီမှာငွေရှိရင်ဝယ်လို့ရနေပြီဆိုမှတော့ ငါ့သမီးလည်း အဲ့သွေးစုပ်မိသားစုနဲ့ အတူမနေရတော့ဘူးပေါ့"
"ဒါနဲ့များ ညည်းသမီးကိုဘာလို့အဲ့အိမ်ကလူနဲ့ ချိတ်ပေးနေရသေးတာလဲ။ မိသားစုကောင်းကောင်းလေးထဲက ရွေးပေးလိုက်ပေါ့"
"သူ့မိသားစုကသာ အလိုကြီးကြတာ သမက်လေးကကျတော်တယ်ဟဲ့။ ပြီးတော့ သူ့လစာဆိုလည်း ငါ့သမီးဆီ အကုန်အပ်တာ။ ငါ့သမီးကနေတစ်ဆင့် သူ့မိသားစုဆီ ထောက်ပံ့ငွေသင့်တင့်သလောက် ပြန်ပေးတာပေါ့။ သူကလေ ငွေရေးကြေးရေးနဲ့ ပက်သက်ပြီး ဝင်မပါပဲ ငါ့သမီးဆီအကုန်အပ်ထားတော့ သူ့မိသားစုကမကျေနပ်ကြတော့ဘူးလေ။ အဲ့ဒါကြောင့်လည်း သူတို့ကပိုဖိနှိပ်ချင်နေကြတာ။ ငါ့သမီးရော သမက်ရောက လူရည်လည်လို့ တော်သေးတယ်ပြောရမယ်။ အဲ့လိုဆိုမှတော့ ငါတို့ဘက်ကလည်း ဒီလိုသမက်ကို ငြင်းနေစရာ အကြောင်းမရှိတော့ဘူးလေ"
"အမလေး ညည်းတို့က ကံကောင်းလိုက်တာအေ"
"ရှေ့ကအဒေါ်ကြီးနှစ်ယောက် စကားပြောကြဦးမယ်ဆို ရှေ့ကနေဖယ်ပေးကြပါ။ ကျွန်တော်ပစ္စည်းဝယ်ချင်လို့"
နာရီဝက်အတွင်းမှာပင် ဈေးတန်းကြီးတစ်ခုလုံးမှာ ဝယ်ယူကြည့်ရှုသူများဖြင့် ပွက်ပွက်ညံသွားတော့သည်။ ယီချန်ဘက်တွင်လည်း အလုပ်နှင့်လက်မပြတ်အောင် ရှုပ်နေတော့၏။ သူ၏ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများမှာ စိမ်းစိုလတ်ဆတ်နေသည့်အပြင် အရွယ်အစားမှာလည်းပုံမှန်မြင်နေကျထက် ဖွံ့ထွားနေသောကြောင့် ဈေးမြင့်သည်ဆိုသော်ငြား အကောင်းကြိုက်သည့်ဝယ်သူများဖြင့် ပြည့်နှက်နေသည်။
ယီချန်၏သူမတူသော ခန့်ညားချောမောသောရုပ်ရည်လေးကြောင့် လည်းပါ,ပါသည်ပေါ့။ ထိုစဉ် ပထမဆုံးဝင်ရောက်လာသည့် အမျိုးသမီးအုပ်စုမှာ ယီချန့်ဆိုင်ဘက်ရောက်လာကာ ထိုထဲမှအမျိုးသမီးတစ်ဦးက ယီချန့်အားနှုတ်ဆက်လာသည်။
"လူငယ်လေးက အရင်ဟိုနေရာမှာ ပန်းသီးရောင်းတဲ့ကလေးမလား"
ယီချန်လည်း ထိုအမျိုးသမီးအားကြည့်ကာ သူမယောက္ခထီးအတွက် ပန်းသီးဝယ်သွားသူဖြစ်ကြောင်း မှတ်မိလိုက်၍ အပြုံးလေးဖြင့်ပြန်နှုတ်ဆက်လိုက်သည်။
"ကျွန်တော့်ကို မှတ်မိဦးမယ်လို့ ထင်မထားဘူး။ အစ်မကြီးတို့ မိသားစုဝင်ရော အဆင်ပြေရဲ့လား"
ယီချန်၏စကားကြောင့် သူမမှာဝမ်းသာအားရထုတ်ပြောလာသည်။
"ပြေပါ့ကွယ် မင်းရဲ့ပန်းသီးတွေက တစ်ကယ်ရလဒ်ကောင်းတယ်။ အခုဆို အစ်မယောက္ခထီးက အခြေအနေတိုးတက်လာပြီလို့ ဆရာဝန်ကပြောတယ်လေ။ အဲ့အချိန်တုန်းက မင်းကိုကျေးဇူးတင်ဖို့ လိုက်ရှာသေးပေမယ့် မတွေ့ခဲ့ရဘူး။ အခုမင်းက ဒီမှာဆိုင်ထိုင်နေပြီဆိုတော့ ခဏခဏလာအားပေးရမယ်"
"ကြိုဆိုပါတယ် ကြိုဆိုပါတယ်။ ကျွန်တော့်ဆီ ပန်းသီးအပြင် သစ်တော်သီး၊ဇီးသီး၊ဖရဲသီး၊မက်မန်းသီး၊မက်မွန်သီးအစုံရှိနေပြီနော်။ ဟင်းသီးဟင်းရွက်လည်း အမျိုးအစားအစုံပါပဲ။ အရသာအနေနဲ့ကတော့ ထုံးစံအတိုင်းအေကာင်းဆုံးဖြစ်ရစေပါ့မယ်။ ရာသီပေါ်ဟုတ်ဟုတ်မဟုတ်ဟုတ် ကျွန်တော့်ဆီဆို လိုတာရနေရမယ်နော်"
အမျိုးသမီးကြီးမှာ သူမနှင့်ပါလာသော အုပ်စုအားသူမအဖြစ်အပျက်တို့အပြင် ယီချန်ရောင်းသည့် ပန်းသီး၏အရသာကိုပါ ပြောပြလိုက်ရာ ကျန်အမျိုးသမီးများကလည်း စိတ်ဝင်စားလာကြ၏။ သူမတို့သည်လည်း ပြေလည်သောမိသားစုများပေမို့ အသီးအနှံများအား ရံဖန်ရံခါစားနိုင်ကြလေသည်။ ထို့ကြောင့် ယီချန့်ထံမှ သူမတို့နှစ်သက်သည့် သစ်သီးများအပြင် ဟင်းသီးဟင်းရွက်များကိုပါ ဝယ်ယူလိုက်ကြ၏။
ယီချန်မှာ သူမတို့ဝယ်ယူသည့်ပစ္စည်းအမယ်များအပြင် မြည့်စမ်းကြည့်ရန် ဟင်းသီးဟင်းရွက် အချို့အားလက်ဆောင်ထပ်ထည့်ပေးလိုက်သေးသဖြင့် စောင့်ကြည့်နေကြသူများပါ လိုက်ဝယ်ကုန်ကြသည်။ အမျိုးသမီးများဆိုသည်မှာ ငွေစသုံးသည်နှင့် လက်ထဲမကျန်မချင်းသုံးတတ်သော အမျိုးဖြစ်ရာ တွေ့သမျှလက်ညှိုးထိုး၍ စိတ်လွတ်ကိုယ်လွတ် ဝယ်ယူကြတော့၏။
တစ်ယောက်ဆိုလျှင် အစေ့လွတ်ဖရဲသီးကြီးနှစ်လုံးအား ဝယ်ယူခဲ့သေးသည်။ စိတ်တိုင်းကျ ဝယ်ယူပြီးသွားချိန်မှာတော့ အိမ်ပြန်ရန်ခက်ခဲကုန်ကြ၏။ ယီချန်မှာ အခြားဆိုင်ခန်းများဘက် ဝေ့ဝဲကြည့်သော် ထိုနေရာများတွင်လည်း သယ်ယူရန်ခက်ခဲနေကြသေးသူများရှိနေလေသည်။ ထို့ကြောင့် ယီချန်မှာ သန့်ရှင်းတာဝန်ယူထားသော လူများအားခေါ်ကာ အနီးအနားတွင် တွန်းလှည်းရှိသည့် လူရှိမရှိအား စုံစမ်းခိုင်းကာ သူတို့ရောက်လာချိန်မှာတော့ ငွေညှိနှိုင်း၍ အထုတ်အပိုးများဖြင့် ထိုအမျိုးသမီးအုပ်ကြီးအား အိမ်ပြန်ပို့စေ၏။
ကျူးလင်ဈေးတန်းအနီးရှိ အမျိုးသမီးအုပ်စုပြန်လာချိန်တွင် အိမ်ရာဝင်းတစ်ခုလုံး၏ အာရုံကို ဆွဲဆောင်သွားနိုင်သည်။ သူမတို့အုပ်စုနောက်တွင် တွန်းလှည်းတွန်းလာသော လူတစ်ဦးရှိကာ တွန်းလှည်းထဲတွင် ဟင်းသီးဟင်းရွက် သစ်သီးဝလံများအပြင် ပစ္စည်းအမျိုးအစားပေါင်းစုံဖြင့် ပြည့်နှက်နေလေ၏။ သူမတို့လည်း မှောင်ခိုဈေးတွင် ဝယ်ယူဖူးပါသော်လည်း ဤအုပ်စုလိုမော်ကြွားဟန်ဖြင့် ပြန်မလာရဲကြပါပေ။ အမျိုးသမီးအုပ်စုထဲရှိ တစ်ယောက်နှင့် ရင်းနှီးသည့် မိန်းမကြီးတစ်ဦးမှာ သိချင်စိတ်ဖြင့်လှမ်းမေးလိုက်သည်။
"ယောင်းမကျန့် ဘာတွေဝယ်လာတာလဲ ပစ္စည်းတွေကများလှချည်လား။ နင်တို့ဒီလိုသယ်လာဖို့အထိတောင် သတ္တိတွေအရမ်းေကာင်းနေတယ်ေနာ်"
ယောင်းမကျန့်ဆိုသူမှာ ထိုမိန်းမကြီးစကားကြောင့် ကျေနပ်သွားလေ၏။ သူမတို့မှာ ကြွားချင်နေကြသော်လည်း စမေးလာသူရှိမှ ထုတ်ကြွားပြနိုင်မည် မဟုတ်ပါလား။ ယခုတော့ အစဖော်လာသူရှိပြီဖြစ်ရာ ဝမ်းသာအားရပြောပြလိုက်၏။
"ယောင်းမရှရေ ကျွန်မတို့တွေက သတ္တိရှိနေလို့မဟုတ်ပါဘူး။ ဒီပစ္စည်းတွေက တရားဝင်ေစျးတန်းကရလာတာလေ။ ယောင်းမရှတို့လည်း နောက်လိုတာရှိရင် စိတ်ကြိုက်ပွင့်ပွင့်လင်းလင်းသွားဝယ်လို့ရနေပြီ"
ယောင်းမကျန့်စကားကြောင့် စပ်စုနေကြသည့်အမျိုးသမီးများကလည်း စကားဝိုင်းထဲဝင်ပါလာကြတော့သည်။ သူမစကားထဲရှိ သမဝါယမမှမဟုတ်ပါပဲ တရားဝင်ဈေးတန်းမှဆိုသည့် စကားမှာအတော်ကိုင်လှုပ်နိုင်လေ၏။
"ညည်းစကားကတစ်ကယ်လားဟဲ့။ မြို့ထဲမှာ တရားဝင်ဈေးတစ်ခုရှိတယ်လို့ မကြားဖူးပါဘူးအေ။ ညည်းသမဝါယမကနေ ဝယ်လာတာမဟုတ်ဘူးလား"
"အဲ့လိုလည်း မဟုတ်လောက်ဘူး။ သူတို့ထွက်သွားတာ အသွားအပြန်တစ်နာရီလောက်ပဲရှိသေးတာလေ။ သမဝါယမဆီသွားရင် အဲ့အချိန်လောက်နဲ့ မရဘူးလေ။ ပြီးတော့ အသီးအရွက်တွေကိုကြည့်လိုက်ဦး။ စိမ်းစိုဖွံ့ထွားနေတာပဲ"
"ယောင်းမကျန့်ရေ ပြောစရာရှိတာကို မြန်မြန်ပြောချလိုက်ပါတော့ ငါတို့အရမ်းသိချင်နေပြီ"
"ဒါပေမယ့် နင်တို့အုပ်စုဝယ်လာတာတွေက ပိုက်ဆံအတော်ကုန်ခဲ့မှာပဲ။ နင်တို့ယောင်္ကျားတွေ ဆူဆဲနေပါဦးမယ်"
"တိတ်တိတ်နေကြပါဦးဟဲ့ ယောင်းမကျန့်တို့ အရင်ပြောပါစေ"
ယောင်းမကျန့်တို့အမျိုးသမီးအုပ်စုမှာ သူမတို့အား အားကျမနာလိုသည့်အကြည့်များဖြင့် ဝန်းရံခံထားရသည့်အတွက် မြောက်ကြွမြောက်ကြွဖြစ်နေတော့သည်။ သူမတို့မှာ စိတ်တိုင်းကျသုံးစွဲမိခဲ့၍ နှမျောစိတ်ဝင်ခဲ့မိသော်လည်း ယခုတော့သူမတို့ သုံးစွဲခဲ့သည်မှာ တန်သည်ဟုပင်တွေးနေမိတော့၏။ ထို့ပြင် သူမတို့ဝယ်လာသည်များမှာလည်း အပိုဆားဒါးတစ်ခုမှပါမနေ၍ တွန့်ဆုတ်နေရန်မလိုပေ။ ယောင်းမကျန့်မှာ အားကျနေသည့်အကြည့်များကြား ကျူးလင်ဈေးအကြောင်း ဖောက်သည်ချတော့သည်။
"မနက်အစောပိုင်းက ဗြောက်အိုးဖောက်သံတွေ နင်တို့ကြားကြတယ်မလား။ ငါတို့ေတွ သွားကြည့်ကြဖို့ နင်တို့ကိုခေါ်တာ နင်တို့ငြင်းလိုက်ကြတယ်လေ။ အဲ့တော့ ငါတို့ဘာသာသွားကြည့်ရင်း တွေ့လိုက်တာက ငါတို့အိမ်ရာတွေနားမှာ ဈေးတန်းတစ်ခုဖွင့်တာဖြစ်နေတယ်လေ။ ဈေးနာမည်က ကျူးလင်တဲ့ အမလေးဟယ် နာမည်အတိုင်းကို ဈေးလေးက စိမ်းစိုပြီးအမြင်ဆန်းနေပါရောလား
အဓိကအချက်ကလေ ဈေးထဲမှာငါတို့အိမ်ကလိုပန်ကာတွေတပ်ထားတာဟဲ့။ ဘယ်လောက်တောင် ကုန်ကျလိုက်မလဲမသိပေမယ့် ငါတို့တွေဈေးထဲဝင်လိုက်တာနဲ့ အေးသွားတာပဲ။ ပြီးတော့လေ ကြမ်းပြင်မှာလည်း ကြွေပြားတွေကပ်ထားသေးတာတော့။ နင်တို့ကြမ်းပြင်ပေါ် ကြွေပြားကပ်ထားတဲ့ နေရာမှာလျှောက်ဖူးလား လုံးဝကိုေချာမွေ့နေတော့ လမ်းလျှောက်ရတာဘယ်လောက်သက်တောင့်သက်သာရှိလိုက်သလဲ"