← Chapters

Chapter 72

Vol. 8 Ch. 72

Chapter 72

Vol. 8 Ch. 72

ယောင်းမကျန့်မှစကားစကိုဖြတ်လိုက်ရာ ကျန်အမျိုးသမီးများက အလှည့်ကျဆက်ပြောလာ၏။

"ဒါ့အပြင် ဈေးမျက်နှာစာကို မှန်အပြည့်ကပ်ထားတာနော်။ ငါတို့ရောက်စကဆို ဝင်တောင်မဝင်ရဲဖြစ်သွားကြသေးတယ်။ ပြီးတော့ အထဲမှာလည်း လျှပ်စစ်မီးတွေထွန်းထားတာများ လင်းထိန်နေရောပဲ"

"အဓိက,ကဝင်ကြေးပေးစရာမလိုဘူးအေ့။ ငါတို့တွေ ဘာမှမဝယ်ပဲ လှည့်ပတ်ကြည့်ရင်တောင် ရတယ်။ ဒါ‌ေပမယ့်လက်ရှိဆိုင်ခန်းတွေက ဈေးအပြည့်တော့မရှိသေးဘူးနော်"

"လက်ရှိဖွင့်ထားတဲ့ ဆိုင်ခန်းတွေနဲ့တင် တော်တော်စုံနေပါပြီအေ။ ဒါနဲ့ ကျန်တဲ့ဆိုင်ခန်းတွေပါ အကုန်ဖွင့်လိုက်ရင် ဈေးကြီးကအရမ်းစည်ကားနေတော့မှာပဲ"

"အေးငါလည်း အဲ့လိုတွေးမိတယ်။ ဒါ‌ေကြာင့် အားတဲ့အချိန်လေး ငါ့ဝမ်းကွဲဆီ ဒီအကြောင်းသွားပြောပြမလို့လေ။ သူကတရားဝင်ဆိုင်ဖွင့်ချင်နေတာဆိုတော့ ကျူးလင်မှာဆိုင်ခန်းတစ်နေရာရရင် သူလည်းအဆင်ပြေသွားတာပေါ့"

"အေးဟဲ့ နင့်အကြံမဆိုးဘူး။ ငါလည်း ငါ့အမျိုးတွေကို ဒီအကြောင်းပြောပြရဦးမယ်။ ငါတို့အိမ်မှာဆို ပိုလျှံနေတဲ့ပစ္စည်းတွေကရှိနေတတ်တော့ ဒီမှာလာရောင်းနိုင်ရင် ကောင်းမှာပဲ"

"လုပ်စရာရှိတာ သွက်သွက်လုပ်ကြဟေ့။ အတွင်းရေးမှူးလျို့ရဲ့ ဂုဏ်ပြုစာတမ်းပါရှိနေတာဆိုတော့ ကျူးလင်ကယုံကြည်စိတ်ချရတယ်။ နောက်ကျသွားရင် နင်တို့အတွက် ဘာမှကျန်မှာမဟုတ်လောက်တော့ဘူး"

သူမတို့အုပ်စုစကားပြောနေသည်ကို နားထောင်နေကြသူများမှာ အတွင်းရေးမှူးလျို့ပါ ပါဝင်နေသောကြောင့် သိချင်စိတ်တို့ကြွတက်လာပြန်သည်။

"ယောင်းမကျန့် ကျူးလင်ဈေးမှာ အတွင်းရေးမှူးလျို့ရဲ့ ဂုဏ်ပြုစာတန်းက တစ်ကယ်ကြီးရှိနေတာလား။ ဒါဆိုနင်တို့ပြောတဲ့ တရားဝင်ဈေးဆိုတာ တစ်ကယ်ကြီးပေါ့"

ယောင်းမကျန့်မှာ ထိုစကားကြောင့် မျက်စိလှန်လိုက်ရင်း မကျေမနပ်ပြောလိုက်သည်။

"အမှန်ပါဆိုနေ ငါကညည်းတို့ကိုညာလို့ ဘာရမှာမလို့လဲ တကတည်း"

"ဟုတ်ပါ့ ငါတို့ကဖြင့် သူတို့ကိုအဆင်ပြေအောင် စေတနာနဲ့ပြောပြတာကို"

ယောင်းမကျန့်တို့အုပ်စု ‌စိတ်ဆိုးသွားမှန်းသိလိုက်ရာ ကျန်သူများကအမြန်ချော့မော့ကြတော့၏။

"ငါတို့ကစတာပါဟယ် ညည်းတို့ကလည်း စိတ်မဆိုးပါနဲ့"

"ဟုတ်တယ် ဟုတ်တယ် ငါတို့ကိုကျူးလင်အကြောင်းသေချာပြောပြပါဦး"

ယောင်းမကျန့်တို့မှာလည်း တစ်ကယ်ကြီးစိတ်ဆိုးသွားသည်မဟုတ်ရာ ပြန်ဖြေပေးလာ၏။

"ထားလိုက်တော့ ညည်းတို့ကိုမနိုင်ပါဘူးအေ။ ငါတို့အဓိကပြောရမှာတော့ အဲ့မှာဆို လက်မှတ်တစ်ခုမှပေးစရာမလိုပဲ ကြိုက်တာဝယ်ရတာပဲ"

"တစ်ကယ်ကြီးလား ဈေးကဘယ်နားမှာလဲပြောစမ်းပါဦး။ ‌မနက်ဖြန်နေ့ခင်းအလုပ်အားတဲ့အချိန်သွားကြည့်လိုက်ချင်လို့"

"ဟုတ်ပါပြီ နေ့လည်စာချက်ပြုတ်ပြီးမှ ကျွန်မတို့ဆီစကားဆက်ပြောရအောင် လာခဲ့ကြတော့နော်။ ကျွန်မတို့ဝယ်လာ‌တဲ့ပစ္စည်းတွေကို နေရာချရဦးမယ့်အပြင် တွန်းလှည်းကလည်း ငှားလာရတာမလို့ပါ။ ပြီးမှ လာခဲ့ကြတော့ဟေ့"

ထိုမြင်ကွင်းမျိုးမှာ တစ်နေ့ခင်းတည်းတွင်ပင် ရှန်ဟိုင်းတစ်မြို့လုံးအားပျံ့နှံ့သွားတော့၏။ ကျူးလင်ဈေးမှာ အလားအလာရှိသည့်အပြင် လုံခြုံသည်ဆိုသောအချက်ကြောင့်တုံ့ဆိုင်းနေကြသေးသည့် ဈေးသည်များမှာ လက်နှေးမသွားစေရန် အမြန်လာငှားတော့၏။ မှောင်ခိုဈေးပိုင်ရှင်တို့မှာလည်း တစ်စထက်တစ်စကျဲပါးလာသည့် သူတို့၏ဈေးအားကြည့်ကာ အံတခဲခဲဖြစ်နေကြပေသိ တစ်ဖက်ရှိပြိုင်ဘက်မှာ သူတို့ဝါးနိုင်သည့်ပမာဏဟုတ်မနေ၍ မကျေမနပ်အမြှီးကုပ်နေရတော့သည်။

ယီချန်မှာတော့ တွန်းလှည်းသမားများအားကြည့်ကာ အကြံတစ်ခုရလာပြီး သူ့အကြံကိုအကောင်အထည်ဖော်ရန်လုပ်တော့သည်။ ညနေခြောက်နာရီရောက်သော် ယီချန်သည်ဈေးပိတ်ချိန်ရောက်ပြီဖြစ်ကြောင်း အသိပေးကာ ကုန်များအားသိမ်းဆည်းလိုက်၏။ ကျန်ဈေးသည်များမှာလည်း ဤအချိန်ထိရောက်သွားပြီကို မယုံနိုင်ဖြစ်နေကြသည်။ သူတို့အတွက် သက်တောင့်သက်သာဖြင့် အကြာကြီးဈေးရောင်းဖူးသည်မှာ ယခုပထမဆုံးအကြိမ်ဖြစ်ရာ အချိန်ကုန်မှန်း‌သတိမထားမိခဲ့ချေ။

ထို့ကြောင့် သူတို့သည်လည်း ကိုယ်ပိုင်လှည်းလေးများထဲ လက်ကျန်ပစ္စည်းများသိမ်းကာ အိမ်ပြန်ရန်တက်ကြွနေကြတော့၏။ သူတို့၏ယနေ့ဝင်ငွေမှာ ယခင်တစ်လတာရောင်းကြေးနှင့်ပင် ယှဉ်နိုင်နေပြီဖြစ်သည့်အပြင် နောက်နှစ်ရက်သုံးရက်ဆိုလျှင် ဆိုင်ခန်းငှားခကိုပင် မှီနေပြီဖြစ်၍ စိတ်လှုပ်ရှားနေကြသည်။ မနက်ဖြန်တွင်တော့ ကုန်ပိုကောက်ရန်အတွေးမှာ ဈေးသည်တိုင်း၏စိတ်ထဲတွင် နေရာယူနေတော့၏။

ယီချန်လည်း ဂိုဒေါင်ထဲရောက်သည်နှင့် နယ်မြေထဲဝင်ကာလက်ကျန်ပစ္စည်းများအား မြေသြဇာအနေနှင့်သုံးရန်သာ လုပ်လိုက်ပြီး ကုန်အသစ်များထပ်ဖြည့်ခဲ့ကာ ဈေးထဲပြန်ဝင်လာခဲ့သည်။ သန့်ရှင်းရေးဝန်ထမ်းများမှာလည်း လုပ်ငန်းစနေပြီဖြစ်ရာ ယီချန်သည် လုံခြုံရေးဝန်ထမ်းများအား စကားအနည်းငယ်ပြောခဲ့၍ ထွက်လာလိုက်၏။ သူသည်အိမ်တန်းမပြန်သေးပဲ စက်ဘီးအရောင်းဆိုင်များဘက် ထွက်လာလိုက်သည်။

စက်ဘီးအရောင်းဆိုင်ဆီရောက်သော် လက်မတင်လေးကံကောင်းသွား၏။ စက်ဘီးဆိုင်မှာ ခုမှပိတ်ရန်ပြင်နေသေးသည်ဖြစ်ရာ ခုံပေါ်ပျင်းရိစွာထိုင်နေသောလူအားကြည့်၍ ထိုလူကပိုအာဏာရှိလောက်မည်မှန်းသတိထားမိကာ ထိုသူ့ဆီဆေးလိပ်တစ်လိပ်ကမ်းပေးရင်း စကားစလိုက်သည်။

"ဆရာ ကျွန်တော်အကူအညီတစ်ချို့လိုနေလို့ ကူညီပေးနိုင်မလား"

ထိုလူမှာ ယီချန်ဝင်လာထဲမှ သာမန်လူမဖြစ်နိုင်ကြောင်း သတိထားမိနေသည့်အပြင် ဈေးကြီးပေးရသည့် ဆေးလိပ်ကိုပါ ပေးလာသည့်အတွက် ကျေနပ်သွားရပြီး ဆက်ပြောရန်အမူအယာပြလာ၏။

"ဒီလိုပါ ကျွန်တော်ကဆိုက်တွဲအစီးရေများများလိုချင်နေတာလေ။ ဒါပေမယ့် လက်ထဲလက်မှတ်ကလုံလုံလောက်လောက်ရှိမနေလို့ ဆရာများအကြံပြုချင်တာရှိမလားလို့ပါ။ ဒီကိစ္စအတွက်နဲ့အခြားဈေးတွေဆီ ပတ်သွားနေမယ့်အစား ဆရာ့ဆီလာတာကပိုအကျိုးရှိမယ်ထင်လို့လေ"

ယီချန်မှဆိုက်တွဲများများလိုချင်သည်ဟု ပြောလာရာထိုလူသည် မျက်ခုံးပင့်လိုက်မိပြီး သူတော့အကောင်ကြီးကိုမိလိုက်ပြီမှန်းသတိထားမိကာ လေသံကပိုဖော်ရွေလာတော့သည်။

"မင်းကဘယ်လောက်များများလိုချင်တာလဲ။ လက်မှတ်မပါပဲ ရောင်းရမှာဆိုတော့ အဆင့်ဆင့်ပေးဆောင်ရမှာတွေက ပိုများမယ်။ အဲ့တော့ ငါးစီးအထက်ကလွဲရင် လက်မခံနိုင်ဘူး"

ယီချန်လည်း ငွေဖြင့်ကိစ္စပြတ်နိုင်ကြောင်းသိလိုက်ရာ ဝမ်းသာသွားရ၏။

"ကျွန်တော်ကဆယ်စီးလိုချင်တာပါ။ ဆရာကူညီပေးနိုင်မလား"

ယီချန်မှဆယ်စီးလိုချင်သည်ဟု ပြောလာရာထိုဝန်ထမ်းမှာ ပျာပျာသလဲဖြစ်သွားရပြီး ဆိုင်သိမ်းနေသည့် ဝန်ထမ်းအားတစ်ချက်ကြည့်ကာ လေသံတိုးတိုးဖြင့် ယီချန်အားမေးလိုက်၏။

"ဆယ်စီးလား မင်းသေချာတယ်နော်"

"ဆရာ့ဘက်က အာမခံနိုင်ရင် ကျွန်တော်စရံငွေချပေးခဲ့လို့ရပါတယ်"

ထိုလူမှာ ယီချန်၏အလေးအနက်ပြောနေပုံကြောင့် ယုံကြည်သွားရကာဈေးအားထုတ်ပြောလာသည်။

"တစ်စီးကို ယွမ်ရှစ်ရာ။ စရံကိုယွမ်သုံးထောင်ပေးခဲ့ရမယ်"

"တစ်စီးကိုယွမ်‌ေလးရာ့ငါးဆယ်။ စရံငွေတစ်ဝက်ပေးခဲ့မယ် ရတယ်မလား"

ထိုလူမှာ ယီချန်ကတစ်ဝက်နီးပါးလောက်ဆစ်ချလိုက်၍ သွေးအန်မတတ်ဖြစ်သွားရသည်။ သူ့အနေဖြင့် ဤမျှဈေးဆစ်တတ်သူကို တစ်ခါမှမတွေ့ဘူးပါချေ။

"မင်းပေးတဲ့ဈေးက လက်မှတ်နဲ့ရောင်းတဲ့ဈေးနဲ့ သိပ်မကွာတော့ဘူးကွ။ ငါ့အတွက်ကျ ဘာကျန်တော့မှာလဲ။ ယွမ်ခုနစ်ရာတော့ပေးခဲ့။ ငါကဒီဘီးတွေကို ရဖို့အတွက်အဆင့်ဆင့်လိုက်ရှင်းရဦးမှာ။ ပြီးရင် စစ်တဲ့ဆေးတဲ့အချိန်မိသွားရင်လည်း ငါကပြဿနာတက်ဦးမယ်။ မင်းကအဲ့ဒါတွေပူစရာမလိုတာကို ဘာလို့အရမ်းဈေးဆစ်နေရတာလဲ"

သို့နှင့်ယီချန်နှင့်ထိုလူတို့မှာအပြန်အလှန်ဈေးဆစ်လိုက်ရာ နောက်ဆုံးယွမ်ခြောက်ရာနှင့် စရံငွေတစ်ဝက်ပေးရန်အချက်ဖြင့်သာ အဆုံးသတ်သွားသည်။ ယီချန်လည်း တစ်ဝက်စာစရံငွေပေးကာ သုံးရက်ကြာပြီးမနက်ငါးနာရီ၌လာယူမည်ဟု ပြောခဲ့၏။ ဤရက်များထဲ ယီချန်သည်မန်နေဂျာတစ်ယောက်နှင့် သူ့ဆိုင်အတွက် အရောင်းဝန်ထမ်းနှစ်ဦးအားထပ်ခန့်ခဲ့သည်။

ထို့ပြင် ဆိုက်တွဲဖြင့် သယ်ယူပို့ဆောင်ရန် လူနှစ်ဆယ်အား နေ့တစ်ဝက်စီအလုပ်ဆင်းစေ၏။ ယခုဆိုလျှင် ယီချန်သည် ကုန်ဖြည့်သည်နှင့် အနည်းငယ်ကြီးကြပ်ပေးရသည်မှအပ အလုပ်ရှိမနေတော့ပေ။ ထို့ကြောင့် ယီချန်သည် ဆိုင်ခန်းငါးဆယ်အား ထပ်မံအငှားချရန်စီစဉ်လိုက်၏။ ယီချန်ဆိုင်ခန်းငါးဆယ်အား ထပ်မံအငှားချမည်ဖြစ်ကြောင်း ကြေငြာလိုက်သည်နှင့် လူများထပ်မံစုဝေးလာပြန်သည်။

ဤတစ်ကြိမ်တွင်တော့ ယီချန်မှာ ငှားရမ်းခအားယွမ်နှစ်ရာအဖြစ်သတ်မှတ်လိုက်ကာ နောက်တစ်ကြိမ်အငှားချလျှင် ဈေးထပ်တက်မည်ဖြစ်ကြောင်း အသိပေးထား၏။ လက်ရှိကျူးလင်အနေအထားအရ ယွမ်နှစ်ရာဆိုလျှင်တောင် ငှားချင်သူများစွာရှိနေရာ ဆိုင်ခန်းငါးဆယ်မှာ တခဏလေးနှင့် ငှားနိုင်သွားသည်။ ထို့ပြင် ယခုဆိုလျှင် ကျူးလင်၏ပို့ဆောင်ရေးအဖွဲ့ရှိနေပြီဖြစ်ရာ အချို့အိမ်ရှင်မများဆိုလျှင် အိမ်ရှိကလေးများမှတစ်ဆင့် ဈေးသို့သွားပြီး အမှာတင်‌ေစကာ ပို့ဆောင်ရေးအဖွဲ့က အိမ်တိုင်ရာ‌ေရာက် လာပို့ပေးလေ၏။

ယခုအချိန်တွင်တော့ ကျူးလင်ဈေး၏ဂုဏ်သတင်းမှာ ရှန်ဟိုင်းမြို့တင်မက အနီးအနားရှိစီရင်စုဆီပါ ကျော်ကြားနေပြီပင်။ ယီချန်သည် မကြာသေးခင်ရက်အတွင်းက လျို့ဇီရွေ့အား ဈေးအနီးရှိမြေကွက်အား ဝယ်ယူခွင့်ရရန် အကူအညီတောင်းထား၏။ ထိုနေရာတွင် ရှောင်စန်းအဖို့ စားသောက်ဆိုင် ဆောက်ပေးမည်ဖြစ်သည်။

All Chapters