Chapter 73
Vol. 8 Ch. 73
ယနေ့တွင်တော့ ယီချန်မှာကျူးလင်၌ ဈေးလာကူရောင်းပေးဖြစ်၏။ လျို့ဇီရွေ့ထံ၌ သတင်းစောင့်နေတုန်းဖြစ်၍ လတ်တလော၌ သူ့တွင်အလုပ်မရှိသေးပေ။
"ရဲဘော်လေး အဒေါ့်ကိုကြက်သွန်မြိတ်နှစ်စည်း အာလူးနှစ်ကတ်တီနဲ့ ကန်စွန်းနွယ်ငါးစည်းပေးပါဦး"
ယီချန်လည်း ပြန်ဖြေရင်း ထိုအမျိုးသမီးမှာထားသည်တို့ကို ကောက်ယူကာထည့်ပေးနေစဉ် အမျိုးသမီးကြီးက စကားစမြည်ပြောလာ၏။
"ရဲဘော်လေးကိုမမြင်မိတာတောင်ကြာပြီ။ ဒီနေ့အားလို့ ဆိုင်လာကြည့်ပေးတာလား"
ယီချန်လည်း အာလူးချိန်ရင်းအပြုံးလေးဖြင့်ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ် ဒီနေ့ကျွန်တော်အလုပ်မရှိသေးလို့ ဆိုင်လာကြည့်တာပါ။ အဒေါ်အခြားဘာလိုသေးလဲ"
"တော်ပါပြီကွယ် အိမ်ကအရှုပ်ကလေးအကြိုက်ရွေးနေရတာနဲ့တင် တစ်ရက်ပြီးတစ်ရက်ခေါင်းခဲနေရတာ စားချင်စိတ်တောင်ပျောက်တယ်"
"ကလေးဆိုတာကတော့ အဲ့လိုပါပဲ။ ဒါကြောင့်ပဲ ချိုမြိန်တဲ့ဝန်ထုတ်လေးတွေလို့ ပြောကြတာမလား။ ဒါဆိုကျွန်တော်အကြံတစ်ခုပေးလိုက်မယ်။ အဒေါ် ဒီအာလူးတွေကို အိမ်ပြန်ရောက်ရင်ဘယ်လိုပြင်ဆင်ချက်ပြုတ်မလဲ"
ယီချန်၏စကားကြောင့် ထိုအမျိုးသမီးအပြင် အခြားဝယ်သူများပါ စိတ်ဝင်တစားလာနားထောင်ကြ၏။
"အာလူးကိုကြော်ပေးလိုက်တယ်လေ။ ပေါင်းတာနေနေ ဖုတ်လိုက်တာနေနေ စားကောင်းနေတာပဲ"
ယီချန်မှာခေါင်းအားအသာယမ်း၍ သူ့ဆီအာရုံစိုက်ကြည့်နေကြသော အမျိုးသမီးအုပ်ကြီးထံ ဟင်းချက်နည်းအသစ်အားမျှဝေလိုက်၏။
"ဒါဆိုကျွန်တော် အရမ်းလည်းလွယ်ကူပြီး ခံတွင်းမြိန်စေမယ့် လုပ်နည်းလေးတစ်ခုဝေမျှပေးမယ်နော်။ အဒေါ်တို့အိမ်ပြန်ရောက်ရင် ဒီလိုမျိုးအသားအပြည့်နဲ့ စားလို့ကောင်းတဲ့အာလူးကို ပြုတ်လိုက်ပြီးအခွံနွှာလိုက်။ ပြီးရင် ကျေညက်အောင်ချေ ချေထားတဲ့ထဲဆားနဲ့ပီလောပီနံမှုန့်ထည့်ပြီး မုန့်ညက်ဖြစ်တဲ့ထိနယ်လိုက်။ မုန့်ညက်ရသွားပြီဆိုရင်တော့ အဒေါ်တို့သာခေါက်ဆွဲအဖြစ်စားချင်ရင် ခေါက်ဆွဲလုပ်လိုက်ပေါ့။ ဒါပေမယ့် ကလေးတွေအတွက်လည်း အသစ်အဆန်းလေးဖြစ်သွားအောင် အလုံးလိုပုံစံေလးတွေတို့ ပုံစံဆန်းဆန်းလေးတွေထွင်ပြီးလုပ်ကြည့်လေ။
ပုံဖော်တဲ့အဆင့်ပြီးရင်တော့ အဲ့ဒါလေးတွေကိုပြုတ်ပေးလိုက် ပြုတ်ပြီးသွားရင် ရေအေးစိမ်ပေးထား။ ဟင်းအနှစ်အတွက်ကတော့ အလုပ်မရှုပ်ရပါဘူး။ ဆီပူပူထဲကို ကြက်သွန်ဖြူနှုတ်နှုတ်စဉ်းရယ် ကြက်သွန်မြိတ်ရယ် ငရုတ်သီးရယ်ကို အတုံးသေးသေးတုံးပြီးထည့် နှမ်းနဲ့ငရုတ်သီးအကြမ်းမှုန့်ပါထည့်မွှေပေး ပြီးရင်တော့ ခုနကရေအေးစိမ်ပြီးဖယ်ထားတဲ့ အာလူးပေါ်လောင်းချပြီး သမအောင်နယ်လိုက်ရင် ရသွားရော။ အဲ့လိုလုပ်လိုက်ရင် အာလူးလေးတွေက အိစိအိစိနဲ့ဝါးလို့အရမ်းကောင်းတာနော်။ ပြီးရင် ဟင်းအနှစ်ကလည်းပူပူစပ်စပ်ဆိုတော့ ဘယ်လောက်စားမြိန်လိုက်သလဲ"
အမျိုးသမီးအုပ်ကြီးမှာ ယီချန်၏စကားအတိုင်းမြောပါသွားကြပြီး အိမ်ရောက်လျှင် စမ်းလုပ်ကြည့်ကြရန်စိတ်အားထက်သန်ကုန်ကြ၏။ ထို့ကြောင့် ယီချန်ရောင်းနေသော အာလူးများအားကြည့်ကာ အလုအယက်ဝယ်ယူကုန်ကြသည်။
"ငါ့ကိုအာလူးသုံးကတ်တီပေးပါ။ အိမ်ကလူအရမ်းများတော့ ပိုဝယ်သွားရမယ်"
"ငါ့ကိုနှစ်ကတ်တီပေးနော်။ အိမ်ကလူက ဒီရက်ထဲခံတွင်းပျက်နေတာဆိုတော့ မင်းပြောသလို ခေါက်ဆွဲလေးချက်ကျွေးကြည့်မလို့"
"အိမ်ကမျောက်လေးကအရမ်းဂျီးများတာလေ။ ဒီလုပ်နည်းလေးနဲ့သာဆို တော်တော် အဆင်ပြေသွားမှာပဲ"
ထိုသို့ဖြင့် အရှိန်ပြင်းပြင်းရောင်းအားတက်မှုကြောင့် ယီချန်တင်ထားသမျှအာလူးများမှာ ပြောင်သလင်းခါသွား၍ ဂိုဒေါင်ထဲဝင်ကာ ကုန်ထပ်ဖြည့်ေပးပြီးနောက် အရောင်းဝန်ထမ်းနှစ်ေယာက်အကူအညီဖြင့်ပင်လျှင် လက်မလည်ဖြစ်နေတော့သည်။ ယီချန်၏အနားရှိ ဦးလေးကျူးတို့မှာလည်း ယီချန်၏လုပ်ရပ်ကြောင့် သက်ရောက်ခံလိုက်ရကာ သူတို့ကုန်ပစ္စည်းများ၏အသုံးပြုပုံတို့ကို လေဖောရင်းရောင်းချရာ ရောင်းအားတက်ကုန်ကြတော့၏။
ယနေ့တွင်လည်းတွေ့သမျှသိမ်းဝယ်သွားကြသည့် အမျိုးသမီးများအား တွေ့ရသောနေ့လေးတစ်နေ့ပါပင်။ ယီချန်မှာ အထုတ်အပိုးများဖြင့် မနိုင်မနင်းဖြစ်နေကြသော အမျိုးသမီးများအားကြည့်ကာ ပို့ဆောင်ရေးဝန်ထမ်းများအားခေါ်၍ သယ်ခိုင်းစေသည်။ မနိုင်မနင်းဖြစ်ေနကြေသာ အမျိုးသမီးများမှာ ငွေကြေးတတ်နိုင်သူများသာဖြစ်နေသည်မလို့ သုံးဘီးဆိုက်တွဲခကိုထည့်မတွက်ကြချေ။ သူမတို့အဖို့ သက်တောင့်သက်သာဖြစ်မည့်အချက်ကိုသာ ရွေးချယ်ကြလေသည်။
ယီချန်၏အပြောကောင်းမှုတို့ကြောင့် ဈေးတွင်လူပိုကျကာ ဈေးထဲရှိဈေးသည်အချို့ဆိုလျှင် ညနေသုံးနာရီမတိုင်ခင်မှာပင် ပစ္စည်းပြတ်သွားကြ၍ စောစောဆိုင်သိမ်းသွားကြ၏။ သူတို့အဖို့ ဈေးအတွင်းယီချန်ရှိသည့်နေ့သည်အပျော်ရွှင်ရဆုံးပါပင်။ နေ့ရက်များမှာ မထူးဆန်းစွာပင် တစ်ရက်ပြီးတစ်ရက်ကုန်လွန်သွားခဲ့၏။ ရှောင်စန်းအတွက် မြေကွက်တစ်ခုကိုလည်း လျို့ဇီရွေ့အကူအညီဖြင့် တစ်လအလွန်က ဝယ်ယူခဲ့သည်။
ထိုမြေကွက်မှာ သူ၏ဈေးအနီးတွင်ပင် ဖြစ်၍ဆောက်လုပ်ရေးလုပ်ငန်းခွင်ထံ အနီးကပ်စောင့်ကြည့်နိုင်၏။ ယီချန်သည် မြေကွက်အားအုတ်တံတိုင်းမြင့်မြင့်ပတ်၍ ကာရံစေကာ အုတ်တံတိုင်းအတွင်း ဆိုင်ရှေ့ဝင်ပေါက်နေရာနှင့် ဆိုင်အနောက်ကုန်ပစ္စည်းသယ်ယူရာလမ်းနေရာမှအပ ရေကန်ကြီးတစ်ခုအဖြစ် တူးဖော်စေကာ စားသောက်ဆိုင်အား ဝန်းရံစေသည်။ ေရကန်နှင့် အုတ်တံတိုင်းကြားတွင်လည်း မိုးမခပင်ကြီးများအား စိုက်ပျိုးထားစေ၏။ ထိုအပင်များအား နယ်မြေထဲအရင်စိုက်ကာ အပင်ကြီးဖြစ်လာပါမှ အပင်လိုက်ေရွှ့စိုက်ခဲ့ခြင်းပင်။
မိုးမခပင်များမှာ နယ်မြေထဲမှရေမြေသဘာဝဖြင့် ကြီးပြင်းလာသောကြောင့် သာမန်မိုးမခပင်များထက် အခက်အလက်များက ပိုမိုဖွံ့ဖြိုးကာ သန်မာစိမ်းစိုနေပေသိ စားသောက်ဆိုင်တွင် အလုပ်ဝင်နေသည့်ဆောက်လုပ်ရေးသမားများမှာတော့ ဤနေရာမှာလယ်မြေမစိုက်ပျိုးထား၍ မြေဆီပြည့်ဝနေခြင်းကြောင့်ဟုသာ ယူဆထားကြရာယီချန်လည်း ငြင်းမနေတော့ပဲ ထိုစကားအတိုင်းလိုက်ပါထောက်ခံထားသည်။ ထိုရေကန်ထဲတွင် ကိုအီငါးများမွေးကာ ကြာပန်းမျိုးစုံအား စိုက်ပျိုးအလှဆင်စေ၏။ ကန်ထဲတွင် အတန်ငယ်ကြီးမားသော လှေတစ်စီးကိုလည်း တည်ဆောက်ထားပြီး ထိုလှေပေါ်တွင် ဖျော်ဖြေရေးအစီအစဉ်များ ထည့်သွင်းရန် တွေးထားသည်။
စားသောက်ဆိုင်အတွက်လည်း အဆောင်သုံးခုအဖြစ်ပိုင်းခြားစေကာ ပင်မအဆောင်၏ ဘေးတစ်ဖက်တွင် စိမ်းစိုသောကျောက်စိမ်းဝါးတောကြီးတစ်ခုအဖြစ် ဖန်တီးထား၏။ အထဲတွင် ခပ်ခွာခွာမဏ္ဍပ်ငယ်ေလးများ တည်ဆောက်စေကာ ပရိဘောဂများနှင့် ပန်းကန်ခွက်ယောက်များအား ဝါးကိုအသုံးပြု၍ ပြုလုပ်စေပြီး ထိုအဆောင်တွင်းရှိေနသူတို့အဖို့ စိတ်အေးချမ်းတည်ငြိမ်စေသည့် ရသာကိုခံစားမိစေသည်။ ကျန်တစ်ဖက်သည်တော့ ပန်းမာလာများဖြင့် အလှဆင်စေ၏။ ပင်လုံးကြိုင်၊ချယ်ရီ၊ဇီးပန်း၊သစ်တော်ပန်း၊တတိုင်းမွှေး၊မက်မွန်တို့အပြင် ပုံဖော်ထားသည့် သစ်သားအလှတိုင်များပေါ် နွယ်တက်ကာပေါက်ရောက်နေသော ပျားရည်စုပ်ပန်းရောင်စုံနှင့်စံပယ်ပန်းများအား ဝေဝေဆာဆာစိုက်ပျိုးထားသည်။
ထိုသို့ ပန်းရနံ့တို့ဖြင့် ဝေဆာသင်းပျံ့နေေသာေနရာဖြစ်၍ အနံ့ပြင်းသည့်ဟင်းအမျိုးအစားများ မထားရှိစေပဲ လူငယ်အကြိုက်ပေါ့ပေါ့ပါးပါး သားရေစာများနှင့် အေဖျာ်ယမကာများရောင်းချစေမည်။ သို့မှသာ စိတ်ကူးယဉ်ဆန်သော လေထုအားထိန်းသိမ်းထားနိုင်ပေမည်ပင်။ အလယ်ပင်မဆောင်သည်တော့ ဂင်ဂိုပင်များနှင့် မေပယ်ပင်များက နေရာယူကာရိုးရိုးရှင်းရှင်းအထက်တန်းကျသည့် လေထုကိုဖန်တီးထား၏။ ထို့ကြောင့်ဤနေရာအတွက် သီးသန့်ခန်းများဖွဲ့စည်းကာ စီးပွားရေးသမားများနှင့် ငွေကြေးသုံးစွဲသူများအား ပစ်မှတ်ထား,ထားလေသည်။
စားသောက်ဆိုင်ထဲရှိသမျှ အပင်များအားလုံးမှာ နယ်မြေထဲမှကြီးပြင်းလာသောအပင်များဖြစ်၍ အမြင်အာရုံဖမ်းစားနိုင်မှုမှာ ထိပ်တန်းပင်။ စားေသာက်ဆိုင်နေရာတစ်ခုလုံးတွင်လည်း အချောသပ်ထားသော ဘိလပ်မြေလမ်းများမှအပ ကျန်သည့်နေရာတို့တွင်စိမ်းစိုသောမြက်ခင်းပြင်များအဖြစ် ဖန်တီးထား၍ မြင်သမျှမှာ စိမ်းစိုအေးချမ်းကာ သပ်ရပ်ကြည်လင်နေတော့သည်။ ယခုတွင် ဆိုင်မှာအချောသပ်နေသည့်လုပ်ငန်းစဉ်ထဲရောက်နေပြီဖြစ်ရာ ဆယ့်နှစ်လပိုင်းကုန်လျှင် အပြီးသပ်ပြီဖြစ်၍ ရှောင်စန်းတို့ရောက်သည်နှင့် အရာအားလုံးအသင့်ဖြစ်ပြီပင်။ ယီချန်မှာ ဤရက်များအတွင်း လျို့ဇီရွေ့နှင့်အဆက်အသွယ်မပြတ်ရှိနေခဲ့ပြီး သူ၏လုပ်ဆောင်ချက်တိုင်းအား လျို့ဇီရွေ့ကို အထင်ကြီးနေစေရန် ပံ့ပိုးနေတော့သည်။
ကျူးလင်ဈေးထဲရှိ ဈေးသည်များအပြင် ပုံမှန်ဖောက်သည်များကပါ ဤရက်များအတွင်း ယီချန်တစ်ယောက် ပုံမှန်ထက်ပြုံးပျော်နေတတ်သည်ကို သတိထားမိနေ၏။ ထို့ကြောင့် သိချင်စိတ်မထိန်းနိုင်တော့သော ဝယ်သူအမျိုးသမီးကြီးတစ်ဦးက ယီချန့်ထံဈေးဝယ်ရင်း အစ်အောက်ကြည့်တော့သည်။
"ရှောင်ယီရေ ဒီရက်ထဲဘာတွေများပျော်စရာရှိနေတာပါလိမ့်။ အရင်ကထက် ပိုပြီးပြုံးနေသလိုပဲ"
ပုံမှန်ဝယ်ယူသူများမှာ ယီချန်နှင့်ရင်းနှီးနေပြီဖြစ်၍ သူ့နာမည်ကိုသိနေပြီဖြစ်ရာ ဈေးလာဝယ်တိုင်း ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံတတ်ကြသည်။ ယီချန်လည်း ထိုဝယ်သူစကားကြောင့် ရယ်လိုက်မိကာ ပြန်ဖြေလိုက်၏။
"ကျွန်တော့်မိသားစုက နောက်လလောက်ထဲဒီကို ပြောင်းလာကြတော့မှာလေ။ ဒါကြောင့် ကျွန်တော်ပျော်နေတာပါ"
ဝယ်သူများမှာ ယီချန်စကားကြောင့် ရယ်မောရင်းစနောက်လာတော့သည်။
"ကြည့်ရတာတော့ မိသားစုတင်မကလောက်ဘူးထင်တယ်နော်။ မင်းရဲ့အပြုံးတွေထဲ မက်မွန်ပွင့်တွေရောပါနေတယ်"
"ဟုတ်ပါ့ မင်းမိသားစုကအရင်ထဲကဒီနေရာမှာနေတာမဟုတ်ဘူးလား"
"ငါတို့တော့ မကြာခင်မင်္ဂလာသကြားလုံးစားရတော့မယ် ထင်တယ်နော်။ အိုးး အဝတ်အစားအသစ်တွေပြင်ထားရဦးမလားဟဲ့"
ယီချန်မှာ ထိုစကားများကြောင့် ရှက်ရွံ့သွားမိကာ နီရဲနေသောမျက်နှာဖြင့်ရှင်းပြလာသည်။
"ကျွန်တော့်မိသားစုက ဒီနေရာက မဟုတ်ပါဘူး။ ရှန့်ရှီးစီရင်စုကပါ။ သူတို့က ဟိုမှာ ကိစ္စတွေဖြတ်ပြီးရင် ဒီကိုပြောင်းလာကြမှာလေ။ မင်္ဂလာသကြားလုံးကတော့ ကျွန်တော်တစ်ယောက်တည်း ဆန္ဒနဲ့ကျွေးလို့မှမရတာကို။ ကျွန်တော်ကြိုးစားရဦးမှာပါ"
ယီချန်၏စကားကြောင့် ဈေးထဲရှိလူများလည်း ရယ်မောမိလိုက်ကြကာ ယီချန်၏ ရှက်ရွံ့နေသော ပုံစံကိုလည်း စနောက်နေကြတော့သည်။