Chapter 74
Vol. 8 Ch. 74
ကျားလိမှာ လျို့ဇီရွေ့ပို့လာသောစာအားကြည့်ကာ သက်ပြင်းချလိုက်သည်။ နောက်ဆုံးတော့ သူမမှာ ရှန်ဟိုင်းသို့ပြန်နိုင်သွားပြီပင်။ သို့သော် သုန်းဇီပွဲပြီးသည်ထိတော့ စောင့်ရပေဦးမည်။ ယီချန်ဘက်တွင်လည်း ရှန်ဟိုင်းတွင်အခြေခိုင်နေပြီဖြစ်ကာ ရှောင်စန်းအတွက်လည်း စီစဉ်ထားပြီးဖြစ်သည်ဟု သူမအားပြောခဲ့ပြီးဖြစ်၍ သူမတို့အနေဖြင့် အေးဆေးအချိန်ယူနိုင်လေသည်။
လျို့ဇီရွေ့၏စာထဲတွင်လည်း ယီချန်အားအလွန်အကျူးချီးကျူးထားသည်တို့ပါနေပုံထောက်လျှင် လျို့ဇီရွေ့မှာ ယီချန်အားအတော်လေး စိတ်တိုင်းကျနေပုံပင်။ ကျားလိမှာ ထိုလူရှုပ်လေး၏အစွမ်းအစအား အထင်သေးမိထားပုံရ၏။ ထိုအတွက်လည်း သူမအနေဖြင့် မကျေမနပ်မဖြစ်မိသည့်အပြင် ပီတိဖြစ်ရပါသည်။
အရေးကြီးဆုံးအရာမှာ ယီချန်သည် သူ့အနေဖြင့် အချိန်လုံလုံလောက်လောက်ယူထားပြီးဖြစ်သည်ဟု သူမအားပြောထားသေး၏။ ကျားလိသည် ထိုအကြောင်းအားတွေးကာ မျက်နှာပူလာရသည်။ ညနေစာစားပြီးချိန်တွင်တော့ သူမမှာ ယီချန်၏အခြေအနေနှင့် သူမတို့လည်းမကြာခင်တွင် ရှန်ဟိုင်းသို့သွားကြမည်ဖြစ်ကြောင်း အမေယီတို့ထံအသိပေးလိုက်၏။
သူမတို့မှာ ခယ့်ရှင်းကိုပါခေါ်သွားမည်ဖြစ်ပြီး ထိုကိစ္စအားကျားလိမှဖြေရှင်းခဲ့ပြီးဖြစ်သည်။ ထို့အပြင် ကျားလိမှာ ရှောင်ဟွေ့နှင့်ရှောင်စန်းတို့ကိုလည်း သူတို့ဆရာများအားထိုသတင်းကိုပြောခိုင်းထား၏။ ရှောင်စန်းမှာတော့ သူ့အတွက်စားသောက်ဆိုင်ကြီးတစ်ခုဆောက်လုပ်ပေးထားသည် ဆိုကတည်းမှအငြိမ်မနေနိုင်တော့ချေ။
သူ၏ဆရာမှာလည်း သူနှင့်ရှန်ဟိုင်းသို့အတူသွားရန် အဆင်သင့်ဖြစ်လွန်းနေပြီဟု ကျားလိတို့အား တက်ကြွစွာပြောလာ၏။ ဤရက်များတွင်း အကဲဖြတ်ကြည့်ရလျှင် ကောင်းယုံဆိုသည့်လူမှာ ဆရာတစ်ေယာက်အနေဖြင့် တပည့်အားတည့်မတ်ပေးရမည့်အစား တပည့်သွားမည့်မည်သည်လမ်းဆီမဆို ယှဉ်လျှောက်ရန်လုပ်နေသည်ဟု တွေးကာကျားလိမှာမကျေမနပ်ဖြစ်နေတော့သည်။
ရှောင်ဟွေ့မှာတော့ စကားဝင်ပြောမလာပါသော်လည်း သူ၏မျက်လုံးလေးများမှာ မျှော်လင့်ချက်တို့ဖြင့် တလက်လက်တောက်ပနေ၏။ အမေယီမှာ သူမ၏လယ်များအတွက်စိုးရိမ်နေသော်လည်း ကျားလိမှာကျန်းမိသားစုအား အကူအညီတောင်းထားပြီးဖြစ်ရာ ယီမိသားစုတစ်ခုလုံးသည် ရှန်ဟိုင်းသို့သွားရမည့်အချိန်ကို စိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေကြတော့သည်။
ကျားလိမှသုန်းဇီပွဲပြီးသည်နှင့် ယီမိသားစုအားခေါ်ကာ ရှန်ဟိုင်းသို့သွားမည်ဆိုသော သတင်းပျံ့နှံ့သွားသော် ကျိရွာထုတ်လုပ်ရေးအဖွဲ့တစ်ခုလုံးမှာ ယီအိမ်အားမနာလိုအားကျဖြစ်ကုန်ကြသော်လည်း သူတို့တွင်တစ်ခုခုလုပ်ရန် အခွင့်အရေးရော ကံတရားပါရှိမနေ၍ ယီမိသားစု၏ကံကောင်းမှုကိုသာ ယိုးမယ်ဖွဲ့လိုက်ကြတော့၏။ ကျားလိေကျးေဇူးေကြာင့် ထုတ်လုပ်ရေးအဖွဲ့မှာ ယီချန်စစ်တပ်မှထွက်လာသည်မသိထားကြပေ။
သူတို့သိပါက ဘာတွေဖြစ်လာနိုင်မည်ကို မသိထားရာ အမေယီလည်းလွှတ်ထားလိုက်တော့သည်။ ဤရက်များတွင် ပညာတတ်လူငယ်ခေါင်းဆောင် လီချောင်ကကျားလိအား ရေလာမြောင်းပေးလုပ်လာသော်လည်း ရွာခေါင်းဆောင်ကျိ၏အချိန်မှီပိတ်ဆို့မှုကြောင့် ကိစ္စများမှာရှုပ်ရှုပ်ယှက်ယှက်မဖြစ်သွားခဲ့ပေ။ ကျိဝေမှာ လီချောင်အားထိုကိစ္စနှင့် ပက်သက်ပြီးရက်အတော်ကြာဆူပူနေတော့၏။
သူတို့မှာ ကျားလိရှိရာေနရာနားတွင် အီးတောင်မပေါက်ရဲဖြစ်နေစဉ် ဤသကောင့်သားမှာ လက်ရဲဇက်ရဲကမြင်းကြောထချင်နေသေးရာ တစ်ခုခုဖြစ်ခဲ့ပါက လာထိမည်မှာ သူ့ထိုင်ခုံနေရာလေးဖြစ်၍ ကျိဝေမှာ ဆူပူရုံဖြင့်မကျေနပ်နိုင်ပဲ လီချောင်အားမြေဩဇာတွင်းဆီပင် ပို့ပစ်လိုက်သည်။ နှစ်ဆယ့်တစ်ရက်နေ့တွင် ရှောင်စန်းမှာ သုန်းဇီလုပ်စားရန် ပါဝင်ပစ္စည်းများသယ်လာခဲ့၏။
ကျားလိသည်အရင်ရက်က သူမနှင့်ရင်းနှီးသူများအဖို့ ကောက်ညှင်းထုပ်ဝေမျှပေးချင်သည်ဆိုသောကြောင့် အမေယီနှင့်ရှောင်စန်းက အကောင်အထည်ဖော်ပေးခြင်းပေ။ ရှောင်စန်းကြွားဝါပြောပုံအရ လက်ရှိသူတို့မှာမှောင်ခိုဈေးတွင် ကောက်ညှင်းထုပ်များအား ရောင်းချပြီးဖြစ်၍ အတော်ငွေရွှင်နေသည်ဟူ၍....
*ပျက်စီးနေတဲ့ ဒီတရာတပည့်နှစ်ယောက်ကတော့*
သို့သော်ရှောင်ဟွေ့မှာတော့ မျက်စိမျက်နှာပျက်ကာပြန်လာခဲ့၏။ အမေယီတို့မှ အကျိုးအကြောင်းမေးသော်လည်း အဆင်ပြေသည်ဟုသာဖြေရင်း စကားလွှဲနေ၍ အမေယီတို့လည်းသူ့အား လွှတ်ထားလိုက်တော့သည်။ ကျားလိက သီးသန့်ခေါ်မေးပါမှ ကျွမ်းဟူသည်သူနှင့် ရှန်ဟိုင်းသို့လိုက်ရန်ငြင်းပယ်ခဲ့၍ဟု ပြောလာ၏။
ကျားလိသိရသလောက်တော့ သူတို့တွဲနေပြီဖြစ်သလို ကျွမ်းဟူမှဤကဲ့သို့ပြောလာသည်မှာ သူတို့ကြားဆက်ဆံရေးကိုအလေးအနက်မထားသောကြောင့်လားဟုပင် အတွေးလွန်သွားမိသည်။ ကျွမ်းဟူမှာ လိင်တူချစ်သည်ကိုပင် ရဲရဲဝံ့ဝံ့ဝန်ခံရဲသည့်သတ္တိရှိနေပါလျက် မည်သည်ကိုကြောက်ရွံ့နေရပါသနည်း။ သူ၏မိဘများကြောင့်ဆိုရအောင်ကလည်း သူတို့မှာရှန်ဟိုင်းသို့သွားမည်သာဖြစ်ပြီး ထပ်တွေ့ရန်ခက်ခဲသည့်နေရာဆီသွားမည်လည်း မဟုတ်ရာ စိတ်ထင့်နေစရာလည်းမရှိပေ။
ထို့ပြင် သူသည်လည်းယောင်္ကျားတစ်ယောက်သာဖြစ်ရာ အရဲစွန့်လိုစိတ်ရှိရပေမည်။ ထိုစဉ် ကျားလိစိတ်ထဲ ကျွမ်းဟူကြောက်ရွံ့နေမည်မှာ ယီမိသားစု၏သူ့အပေါ်သဘောထားနှင့် ရှောင်ဟွေ့အပေါ်ဆက်ဆံပုံပြောင်းသွားမည်ကိုလားဟု တွေးမိသွား၏။ သူ့မိသားစုလည်း သူ၏ဖြစ်တည်မှုကြောင့် ပစ်ပယ်သလိုဆက်ဆံခဲ့ကြသည်မဟုတ်ပါလား။
ကျားလိမှာ ထိုသို့အတွေးပေါက်သွားပါမှ စိတ်သက်သာရာရသွားရသည်။ သို့သော် ဤအကြောင်းများအားသူသည်ရှောင်ဟွေ့ထံ ပွင့်ပွင့်လင်းလင်းပြောသင့်ပေသည်။ သူသည်ပင်လျှင် မပြောခဲ့သောကြောင့် ကျားလိလည်း ရှောင်ဟွေ့ထံအသိပေးလိုစိတ်မရှိရာ အရိုးရှင်းဆုံးစကားများဖြင့် နှစ်သိမ့်ေပးလိုက်၏။
"ရှောင်ဟွေ့ မင်းအသက်ကဆယ့်ခြောက်နှစ်ပြည့်တော့မယ်။ ဒီလိုကိစ္စမျိုးဆိုတာ မင်းရဲ့လာမယ့်နေ့ရက်တွေမှာ ကြုံတွေ့ရမယ့်အရေးကိစ္စတွေနဲ့ယှဉ်ရင် အသေးအဖွဲလေးတွေပါပဲ။ အဲ့တော့ မင်းအေနနဲ့ ကိစ္စတိုင်းကို အချိန်ယူပြီးေခါင်းေအးေအးနဲ့သေချာစဉ်းစားချင့်ချိန်ကြည့်ပေါ့။ သူ့အနေနဲ့ ဘာအကြောင်းပြချက်ကြောင့် ပြောခဲ့တယ်ဆိုတာကို သူပြောထွက်လာတဲ့အထိ မင်းကသူ့ကိုယုံကြည်စိတ်ဝင်အောင်လုပ်ပေးကြည့်လေ။
မင်းအနေနဲ့ဆက်ဆံရေးတစ်ခုရှိလာပြီဆိုရင် မင်းကိုယ်မင်းယုံကြည်စိတ်ရှိရမယ့်အပြင် တစ်ဖက်လူကိုလည်း မင်းအနေနဲ့ရှေ့ဆက်လို့မဖြစ်ေတာ့ဘူးလို့ နှလုံးသားကနေခံစားမိတဲ့အချိန်ထိ ယုံကြည်ေပးထားရမယ်။ ရှောင်ဟွေ့ ပျော်ရွှင်စိတ်ကျေနပ်မှုဆိုတာ ဘယ်သူ့ဆီကနေမှ ဖြစ်တည်လာတာမဟုတ်ဘူး။ မင်းလိုချင်တဲ့ ပျော်ရွှင်မှုဆိုတာ မင်းကိုယ်တိုင်ဆီကပဲ အရင်းခံနေတာ။ အဲ့တော့ ကိုယ့်ကိုကိုယ်ဘောင်ခတ်မထားပဲ အတွေးဖြန့်ကြည့်ဖို့ကို စဉ်းစားလိုက်ဦး"
ထိုနေ့ညတွင် ရှောင်ဟွေ့နှင့်ကျားလိမှာ စကားများထပ်ပြောဖြစ်ခဲ့ပြီး မနက်အစောပိုင်းတွင်တော့ ရှောင်ဟွေ့မှာ မြို့ထဲထွက်သွားခဲ့၏။ ရှောင်စန်းတို့မှာတော့ သုန်းဇီလုပ်ရန် ပြင်ဆင်နေကြရာ ရှောင်ဟွေ့အားဂရုမထားနိုင်ခဲ့ကြပေ။ အမေယီမှာ ညလယ်ပိုင်းကတည်းမှ ဝက်ဗိုက်သားအားထူထူလှီးကာ ငံပြာရည်အကြည် အနောက်၊ခရုဆီ၊ငါးမျိုးစပ်အမှုန့်၊ကြက်စွပ်ပြုတ်ရည်တို့ဖြင့်နှပ်ထားပြီးဖြစ်သည်။
ရှောင်စန်းမှာ ကောက်ညှင်းဆန်ကိုရေဆေး၍စစ်ကာ တစ်ညလုံးရေစိမ်ထားသည့် ပဲနီလေးထည့်၊ဆား၊ငါးမျိုးစပ်အမှုန့်၊ပဲငံပြာရည် အကြည် နောက်၊မြေပဲဆီတို့ထည့်ကာ သမအောင်မွှေထားပြီး ရှောင်စစ်နှင့်ခယ့်ရှင်းမှာ လမုန့်ပွဲမှကျန်သေးသော ဘဲဥဆားစိမ်များမှ အနှစ်များအားသပ်သပ်ခွဲထုတ်နေကြ၏။ ထို့ပြင် အမေယီမှာ အခွံခွာထားသော မတ်ပဲနှင့်ခက်ခက်ခဲခဲရထားသည့် အခြောက်ခံထားသောကမာတို့ကိုထုတ်လာသည်။
ယခုတွင် သုန်းဇီစလုပ်ရန် အသင့်ဖြစ်နေလေပြီ။ တောင်ပေါ်မှရလာသော ဝါးရွက်များအားရေသေချာဆေးကာ နှစ်ရွက်ပူးထပ်၍ အလယ်တွင်ကတော့ပုံဖြစ်ရန် ခေါက်ကာနယ်ထားသော ကောက်ညှင်းဆန်အရောတစ်ဇွန်း၊မတ်ပဲတစ်ဇွန်း၊ဘဲဥဆားစိမ်အနှစ်တစ်လုံး၊နှပ်ထားသော ဝက်ဗိုက်သားတစ်တုံး၊အခြောက်ခံထားသည့် ကမာတစ်ဇွန်းထည့်ကာ နောက်ဆုံးကောက်ညှင်းဆန်အရောတစ်ဇွန်းဖြင့် ပိတ်ကာဝါးရွက်အားအပေါ်မှအုပ်၍ ဘေးနှစ်ဖက်ကိုကာ,ကာအပေါ်တွင် ခေါက်ချိုးလိုက်ပြီး နှီးဖြင့်ကျစ်နေအောင် ပိတ်ချည်လိုက်သည်။
ထို့နောက် သုန်းဇီများမြှပ်သည်ထိရေထည့်ကာ မီးပြင်းပြင်းဖြင့်ပြုတ်ထားလိုက်၏။ ပြတ်သားသော မျက်နှာထားဖြင့်ရှောင်ဟွေ့ပြန်လာသည်နှင့် သုန်းဇီလည်းအဆင်သင့်ဖြစ်လေပြီ။ ကျားလိမှာတော့ ရှောင်စန်းသည်အလွန်အသုံးဝင်သည်ဟုပင် ထင်နေမိ၏။ သူ့လက်နှစ်ဖက်မှထွက်လာသမျှ ဟင်းပွဲတိုင်းမှာ လူကိုမရပ်မနားစားချင်စိတ်ပေါက်စေသည်။ အချို အငန် အဆိမ့်ဖြင့် ဝါးလို့ကောင်းသောသုန်းဇီမှာလည်း ကျားလိအားအကြိုက်တွေ့သွားစေပြန်၏။ ယီမိသားစုမှာ နေ့လည်စာမပြင်တော့ပဲ သုန်းဇီကိုသာစား၍ ဗိုက်ဖြည့်လိုက်ကြသည်။
စားသောက်ပြီးဗိုက်ပြည့်သွားချိန်မှာတော့ ကျားလိမှာ ရှောင်ဟွေ့အားဆွဲခေါ်၍ အခြေအနေမေးမြန်းကြည့်ရာ မချိုမချဉ်မျက်နှာထားဖြင့် ကံကြမ္မာဆီကိုသာ ပုံအပ်ထားတော့မည်ဟုပြောလာလေသည်။
"ကျားလိကျဲ ကျွန်တော်ကငယ်သေးလို့ အလေးအနက်မရှိဘူးလို့ ထင်နိုင်ပေမယ့် ကျွန်တော့်အတွက်တော့ အစပြုလိုက်ပြီဖြစ်တဲ့ကိစ္စတစ်ခုကို ဆုံးရှုံးမှုတွေအကြောင်း တွေးပြီး ရပ်တန့်လိုက်မှာထက် အဆုံးထိတော့ရောက်အောင် လျှောက်သွားဖို့ သတ္တိရှိပါတယ်။ ဒါပေမယ့် သူကကျွန်တော့်ကို ယုံကြည်ဖို့ရွေးချယ်မလား မရွေးချယ်ဘူးလားဆိုတာကတော့ သူ့ဆုံးဖြတ်ချက်ဖြစ်သွားပြီ။
ကျွန်တော်တို့မှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေအများကြီးရှိနေသေးတာကို ဒီလောက်မဖြစ်စလောက်ကိစ္စလေးနဲ့တင် လက်လျှော့ဖို့ဆိုတာက ကျွန်တော်တို့ဆက်ဆံရေးကို အလေးအနက်မထားတာပဲ။ ကျွန်တော်ကတော့ တတ်နိုင်သလောက် သူ့ဆီဖွင့်ဟခဲ့ပြီးပြီမလို့ နောင်တရစရာမရှိတော့ပါဘူး"