Chapter 75
Vol. 8 Ch. 75
ရှန်ဟိုင်းဘူတာရုံတွင် ယီချန်နှင့်ဟုန်ဟွေ့မှာ လူအုပ်ကြီးကြားတွင်ရပ်ကာ ရထားပေါ်မှဆင်းလာသူများအား အသေးစိတ်ကြည့်နေကြသည်။ မကြာခင်မှာပင် ကြွပ်ဆတ်ဆတ်ကလေးသံလေးနှင့်အတူ ကောင်လေးတစ်ယောက်က ယီချန်၏ခြေထောက်အား လာပွေ့ဖက်လာ၏။ ယီချန်မှာ ထိုကောင်လေးအားကောက်ပွေ့ကာ ကောင်လေးနောက်မှလိုက်ပါလာသော လူစုကိုခေါင်းငြိမ့်နှုတ်ဆက်လိုက်သည်။ ကောင်ငယ်လေးမှာတော့ ယီချန်၏လည်ပင်းအားပွေ့ဖက်ကာ လမ်းတစ်လျှောက်၌ သူကြုံတွေ့လာရသည်တို့ကို ခရားရေလွှတ်ဖောက်သည်ချနေတော့၏။ ယီချန်သည်လည်း အပြုံးေလးဖြင့် စိတ်ရှည်လက်ရှည်နားထောင်ပေးနေသည်။
"တကော တကော ရထားကြီးကအရှည်ကြီးနော်။ ကျွန်တော်တို့တွေအဲ့ပေါ်မှာပဲ အိပ်လိုက်စားလိုက်လုပ်ခဲ့ရတာ။ ပြီးတော့ ရထားကြီးက မြန်မြန်မောင်းတော့ ကျွန်တော်ဆိုဘေးကသစ်ပင်တွေကို သေချာကြည့်လို့ကိုမရလိုက်ဘူး။ လောင်စန်းဆိုလေ ရထားပေါ်ရောက်ပြီးကတည်းက တစ်လမ်းလုံးအန်လိုက်အိပ်လိုက်နဲ့ အစားတောင်ကောင်းကောင်းမစားနိုင်ရှာဘူး ဟားဟားဟား သနားပါတယ်"
ရှောင်စစ်မှာပြောရင်းဖြင့် အားပါလာကာ အသံကျယ်လာသောကြောင့် ဖြူဖျော့နေသောအသွင်ဖြင့် ရှောင်စန်းမှာကြားသွားခဲ့ပြီး မကျေမနပ်ဖြင့်ပြန်ချေပလာသည်။
"ငါဖြင့်တစ်ရက်တည်းပဲ နေသားမကျတာပါ။ မင်းဘာလို့ဒီလောက်လေလုံးထွားနေရတာလဲ"
ရှောင်စန်း၏စကားကြောင့် ရှောင်စစ်မှာ ပြောင်စပ်စပ်မျက်နှာထားဖြင့် ပြောလာ၏။
"တစ်ရက်တည်းဆိုလည်း မင်းကငါ့လိုခုန်ပေါက်ပြီး မဆော့နိုင်ခဲ့ဘူးလေကွယ် ဘလာ....ဘလာ.....ဘလာ...."
အမေယီမှာ ရှောင်စစ်တို့အားဆူလိုက်ပြီး ရန်ဆက်မဖြစ်တော့ရန် တားလိုက်သည်။ သူမသည်လည်း ခရီးပန်းနေပြီဖြစ်ရာ အနားယူချင်နေလေပြီပင်။ ယီချန်မှာ အမေယီနှင့်ယှဉ်တွဲလျှောက်လာသော ကျားလိအားတွေ့ရာ အကြည့်များကစူးရှလာပြီးသူမကိုဝါးမြိုတော့မတတ်ပေ။ အမေယီမှာသားဖြစ်သူ၏ ရဲတင်းလွန်းေသာ အကြည့်ကြောင့်ကျားလိအနေခက်မည်စိုး၍ ချောင်းဟန့်လိုက်သည်။ ယီချန်မှာ နူးညံ့သောအသံဖြင့် ပြောလာ၏။
"အမေတို့ ပင်ပန်းခဲ့ရပြီ"
အမေယီမှာတော့ သူမသားမှာသူမထံစကားပြောနေပေသိ အကြည့်များမှာကျားလိထံတွင်သာ ကပ်တွယ်နေသည်ကိုသတိပြုမိသည်။ ထိုနံစော်နေသောကောင်လေးမှာ ထိုစကားအားမည်သူ့ထံပြောချင်နေမှန်း သူကိုယ်တိုင်သာသိပါလိမ့်မည်။ ကျားလိလည်း ယီချန်အားကြည့်ကာ အသာပြုံးလိုက်မိ၏။ ဤအရှုပ်လေးမှာ လပိုင်းအတွင်းမှာပင် ပို၍ယုံကြည်ချက်များ ပြည့်ဝ၍ထက်မြက်ပြတ်သားပုံေပါ်လာသည်။ ဟုန်ဟွေ့မှာ ယီချန်၏ဘေးမှနေ၍ ကျားလိနှင့်ယီချန်ကြားရှိ အပြန်အလှန်ဆက်သွယ်မှုကိုကြည့်ကာ တစ်ခုခုအားသဘောပေါက်သွားပုံရ၏။
"မမလေးကျား ရှန်ဟိုင်းဆီပြန်ရောက်လာတဲ့အတွက်ဂုဏ်ပြုပါတယ်ေနာ်။ အတွင်းရေးမှူးလျို့က မနက်ဖြန်မှသူနဲ့လာတွေ့ပါလို့ ပြောပါတယ်။ ဒီနေ့တော့ ကောင်းကောင်းနားလိုက်ပါဦးတဲ့"
ကျားလိလည်းခေါင်းငြိမ့်ပြကာ ယီချန်ဘက်လှည့်၍ ကောင်းယုံနှင့်ကျွမ်းဟူတို့အား မိတ်ဆက်ပေးလိုက်သည်။ ဟုတ်ပါ၏။ ကျွမ်းဟူမှာနောက်ဆုံးတော့ ဆုံးဖြတ်ချက်ချနိုင်သွားလေသည်။ ကျားလိတို့အုပ်စု ရှန့်ရှီးဘူတာရုံဆီရောက်သည်နှင့် သူကအထုတ်အပိုးများနှင့်စောင့်နေသည်ကို တွေ့လိုက်ရ၏။ ရှောင်ဟွေ့တစ်ယောက် ကျွမ်းဟူအား ဘူတာရုံတွင်တွေ့လိုက်စဉ်က မည်မျှဝမ်းသာသွားရသည်ကို မဖော်ပြတတ်တော့ချေ။
ယီချန်မှာ အစိမ်းနုရောင်ချန်ရှန်းဝတ်စုံဖြင့် ဝါးပင်တစ်ပင်လို တည်ကြည်အေးချမ်းနေသော ကျွမ်းဟူအားကြည့်ကာ ထိုလူသည်ရှောင်အာ့နှင့်ဆက်ဆံရေးရှိနေသောလူမှန်းသိလိုက်ရသည်။ စာအုပ်ထဲတွင် ဤလူ၏အဆုံးသတ်ကိုထည့်ရေးမထားသော်လည်း ရှောင်ဟွေ့မှာတော့ဇာတ်သိမ်းမကောင်းခဲ့သည်ကို သတိရကာ ကျွမ်းဟူကိုကြည့်သောအကြည့်တို့မှာမဖော်ရွေတော့ချေ။ ဤစာအုပ်ထဲရှိ အကြောင်းအရာများမှာ သူ၏အနာဂတ်ကာလနှင့် အလုံးစုံထပ်တူညီနေသည်မဟုတ်သော်လည်း လိင်တူနှစ်သက်သူများအား အပြင်းအထန်ရှုံ့ချနေဆဲဖြစ်သည်မှာတော့ တည်ရှိနေဆဲဖြစ်ရာ သူသည်ရှောင်ဟွေ့နှင့်ကျွမ်းဟူတို့ မည်သို့စခန်းသွားကြမည်မှန်းမသိပါပေ။ သို့သော် သူသည်ရှောင်ဟွေ့ကိုနာကျင်စေမည့်အရာများဖြစ်မလာစေရန် ကြိုတင်ပြင်ဆင်ထားရပေမည်။
ကျားလိတို့အုပ်စုမှာ ကားနှစ်စီးဖြင့်လက်ရှိယီချန်နေထိုင်နေသော ခြံဝင်းဆီမောင်းလာလိုက်သည်။ ယီချန်တို့ကားလေးခြံရှေ့ရပ်၍ ကားပေါ်မှဆင်းလာသည်နှင့် တစ်ဖက်ခြံဝင်းဘက်မှ ဆယ့်ခြောက် ဆယ့်ခုနစ်အရွယ် မိန်းကလေးတစ်ဦးက ထွက်လာပြီးယီချန်တို့အား နှုတ်ဆက်လာ၏။
"ယီကော ပြန်ရောက်ပြီလား။ ဒီနေ့အဒေါ်နဲ့ဈေးသွားတုန်းက ရှင့်ကိုမတွေ့လို့အဒေါ့်ဆီမေးကြည့်တာ ရှင်ကမိသားစုကိုသွားကြိုတယ်လို့ ပြောတယ်လေ။ အဲ့တော့ သူတို့ကရှင့်ရဲ့မိသားစုတွေလား"
ထိုမိန်းကလေးအားကြည့်ရသည်မှာ လက်ရှိကာလရှိမိန်းကလေးများလို ဟုတ်မနေပဲသွက်သွက်လက်လက်ရှိလွန်းလှသည်။ ယီချန်မှ ပြန်မဖြေသည်ကိုပင်လျှင် အမေယီတို့ထံလျှောက်လာပြီး မိတ်ဆက်လာ၏။
"မင်္ဂလာပါေနာ် အဒေါ် ။ ကျွန်မကဟိုဘက်ခြံကပါ ယွဲ့ယွဲ့လို့ခေါ်လို့ရပါတယ်။ အဒေါ်က ယီကောရဲ့အစ်မလားဟင်။ အရမ်းလှတာပဲနော်။ အိုး!!!ချစ်စရာကောင်းလိုက်တဲ့ ပေါက်စလေးတွေလည်း ပါလာတာကိုး။ မင်္ဂလာပါနော် ကလေးတို့ အစ်မကို အစ်မယွဲ့လို့ခေါ်ရင် သကြားလုံးကျွေးမယ်နော်။ ယီကောရေ ရှင်ရဲ့မိသားစုဝင်တွေက အကုန်လူချောတွေချည်းပဲနော်"
ထို့နောက် သူမ၏အကြည့်က ချုံဆမ်းဝတ်စုံဖြင့် ကျက်သရေရှိရှိသိမ်မွေ့လှပလွန်းလှသော မိန်းမငယ်လေးထံရောက်သွားကာ ရုတ်ချည်းဆိုသလို သူမရင်ထဲခံစား၍မကောင်းတော့ပဲ ရန်လိုစိတ်ဝင်လာမိသည်။ ထိုမိန်းကလေးမှာ တောရွာမှတက်လာသူဖြစ်သော်လည်း သူမပိုင်မိသားစုထံေရာက်လာသည့် အချိန်ကထက်ပင် ပို၍အရှိန်အဝါထက်မြိနေရာ သူမအနေဖြင့် မနာလိုဖြစ်လာတော့၏။ ထို့ကြောင့် ခနဲ့သလိုလေသံဖြင့်ပြောလိုက်သည်။
"အမလေး ဒီကညီမလေးက ဘယ်နှနှစ်ရှိပြီလဲဟင်။ အစ်မက ဆယ့်ခြောက်နှစ်ပြည့်ခဲ့ပြီ။ ညီမကိုကြည့်ရတာ အစ်မနဲ့အသက်သိပ်မကွာလောက်ဘူးဆိုတော့ တို့တွေသူငယ်ချင်းလုပ်လို့ရသွားပြီပေါ့။ အစ်မမှာက ရွယ်တူသူငယ်ချင်းသိပ်မရှိလို့ ဝမ်းနည်းနေခဲ့တာ အခုညီမလေးရှိနေပြီဆိုတော့ ပျော်စရာကြီးပေါ့နော်။ ဒါနဲ့ညီမလေးက ခုမှရှန်ဟိုင်းကိုရောက်ဖူးတာမလား။
ဘယ်လိုလဲ မြင်ခဲ့ရသမျှက ညီမနေခဲ့ရတဲ့ထုတ်လုပ်ရေးအဖွဲ့နဲ့တခြားစီမလား။ ညီမအနေနဲ့ သိမ်ငယ်သလိုခံစားနေရလည်း အရမ်းေလျှာက်တွေးမနေပါနဲ့။ အစ်မကမြို့မှာနေပေမယ့် တောကတက်လာတဲ့ညီမကို မနှိမ့်ချပါဘူး။ တို့တွေလာတဲ့နေရာကမတူပေမယ့် ခင်လို့ရပါတယ်"
ကျားလိမှာလည်း မူလကဤမိန်းကလေးအားဂရုမစိုက်ခဲ့မိသော်လည်း တစ်ဖက်ကသူမအား စတွေ့ချိန်မှာတင် ဖိနှိပ်လာမည်ဟု ထင်မထားခဲ့ချေ။ ထို့ကြောင့် မျက်မှောင်ကြုတ်ကာပြန်ပြောရန်ပြင်လိုက်စဉ် အေးစက်ထက်ရှသောအသံတစ်သံက အရင်ဖြတ်ပြောလာသည်။
"ယွဲ့မိန်းကလေးအနေနဲ့ သူငယ်ချင်းရှားနေရင်တောင် လိလိအတွက်ကသူငယ်ချင်းလိုမနေလို့ အားနာပါတယ်။ ပြီးတော့ ယွဲ့မိန်းကလေးကမြို့မှာနေလို့ သာလွန်တယ်လို့တွေးနေရင်တောင် ကျွန်တော်သိသလောက်ဆို အခုနေ,နေတဲ့ဝင်းထဲမှာ ယွဲ့မိန်းကလေးနဲ့ သွေးချင်းနီးတဲ့သူတစ်ယောက်မှရှိမနေဘူးဆို။ ကျွန်တော့်ရဲ့လိလိက တစ်ကယ်တုံးအတဲ့မိန်းကလေးဆိုတော့ ဘယ်လိုလုပ်ရင်အချောင်နေရတယ်ဆိုတာ နားမလည်သလို သူတစ်ပါးမိသားစုအိမ်ထဲ ပြောင်ပြောင်တင်းတင်းဝင်မနေတတ်ဘူးလေ။ အဲ့တော့ ယွဲ့မိန်းကလေးပြောသလို လိလိနဲ့မင်းက လာတဲ့နေရာတစ်ကယ်မတူတာပါ"
ယီချန်၏စကားကြောင့် ယွဲ့ယွဲ့၏မျက်နှာဖြူဖျော့သွားရသည်။ သို့သော်ယီချန်က ထိုနေရာတွင်ပင် ရပ်မသွားဘဲဆက်ပြောလာ၏။
"ပြီးတော့ ကျွန်တော့်ရဲ့လိလိက အရမ်းတန်ဖိုးထားခံရပြီး ကြီးပြင်းလာသူမလို့ အမြဲနုပျိုတောက်ပနေတာလေ။ တစ်ကယ်တော့ လိလိက ဆယ့်ကိုးနှစ်ပြည့်နေပါပြီ။ အဲ့တော့ ယွဲ့မိန်းကလေးက လိလိထက်ပိုပြီးအသက်ကြီးတဲ့ပုံပေါ်နေလို့ အစ်မလို့ထုတ်ခေါ်ရမှာရှက်စရာပေမယ့် ကိုယ့်ထက်ကြီးသူကိုရိုသေသမှုတော့ပြရမှာပေါ့ မဟုတ်ဘူးလား"
ယီချန်၏စကားဆုံးသည်နှင့် နေရာတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားလေ၏။ ထိုစဉ် ယွဲ့ယွဲ့ထွက်လာသော ခြံဝန်းထဲမှကောင်မလေးတစ်ယောက် ထပ်ထွက်လာရာ ယွဲ့ယွဲ့နှင့်ယီချန်တို့အုပ်စုအား တွေ့လိုက်၍ မျက်မှောင်ကြုတ်ကာလျှောက်လာပြီး အနားရောက်သည်နှင့် ယွဲ့ယွဲ့အားပြောလိုက်သည်။
"ယွဲ့ယွဲ့ နင်ပြဿနာလျှောက်မရှာပဲ အိမ်မှာငြိမ်ငြိမ်နေတာကောင်းမယ်လို့ ငါပြောထားတယ်နော်။ အိမ်ပြင်ထွက်ပြီး နင့်ရဲ့မကောင်းတဲ့စရိုက်တွေ ထုတ်မပြချင်စမ်းနဲ့"
ပိုင်ရွှယ်မှာ ယွဲ့ယွဲ့ဟုခေါ်သော ဤမိန်းမအားလုံးဝကြည့်မရပါပေ။ သူမအား သူမ(ပိုင်ရွှယ်)အဖေက လွန်ခဲ့သည့်နှစ်တွင် ခေါ်ယူလာခြင်းဖြစ်ပြီး သူမတို့မှာညီအစ်မမတော်သော်လည်း သူမအမေစကားအရ သူမဖခင်၏အချစ်ဦးမသေခင်ကျန်ခဲ့သော သမီးဖြစ်သည်ဟူ၍။ ထိုကိစ္စနှင့်ပက်သက်ပြီး သူမတို့မိသားစုမှာ ရန်ပွဲမပြတ်ဖြစ်ခဲ့သော်လည်း ဤမိန်းမမှာ ခေါင်းမော့ရင်ကော့ကာ အိမ်ထဲဝင်လာသေး၏။
ထို့ပြင် သူမအမေကိုလည်း မထီမဲ့မြင်ပြုတတ်သေးကာ သူမဖခင်နှင့် သူစိမ်းများရှေ့တွင်တော့ သူမအားနစ်နာစေသလိုပြုမူပြတတ်သည်။ ထိုသို့ကြောင်သူတော်စရိုက်အား သူမအလွန်မုန်းတီး၍ ဖခင်ဖြစ်သူနှင့်အချင်းများခဲ့ရသေး၏။ လက်ရှိတွင်တော့ ဤမိန်းမမှာ သူမဖခင်၏အသည်းညှာလေးဖြစ်နေသည်။ ယခုသူမအားအိမ်ထဲမတွေ့၍ ထွက်ကြည့်ရာ လက်ရှိမြင်ကွင်းအားမြင်လိုက်ရခြင်းပင်။ သူမမိခင်၏စကားအရ ဤခြံပိုင်ရှင်မှာ အမျိုးသမီးလေးတစ်ဦးဖြစ်ကာ သူမကငယ်ရွယ်သေးသော်လည်း ရှန်ဟိုင်းမြို့၌အတော်အာဏာသက်ရောက်၍ သူမအားမပြစ်မှားမိစေရန် သတိထားရမည်ဟု ပြောထားသည်။
ထို့ကြောင့် ပိုင်ရွှယ်မှာ မျက်လုံးဝေ့ကြည့်ရင်း လက်ထောက်ဟုန်ဟွေ့အားတွေ့လိုက်ရာ ထိတ်လန့်သွားတော့၏။ ထိုလက်ထောက်အား သူမဖခင်၏အလုပ်ကိစ္စနဲ့ပက်သက်ပြီး တစ်ခါတွေ့ဖူးလေသည်။ သူမဖခင်မှ နှိမ့်ချဆက်ဆံနေပုံအရ သူသည် ရာထူးကြီးထဲမှဖြစ်လောက်ပုံပင်။ ထို့နောက် ထိုလူ၏ရှေ့ရှိ အထက်တန်းဆန်ဆန်သွင်ပြင်ဖြင့် မိန်းကလေးအားကြည့်ကာ သူမခေါင်းထဲအချက်ပေးသံဆူသွားတော့၏။ ယွဲ့ယွဲ့ဆိုသော ပြဿနာမမှာ ထိုဘိုးဘေးလေးအား အရှုပ်တွေမလုပ်မိဖို့ကိုသာ မျှော်လင့်ရပေတော့မည်။
တစ်ဖက်ရှိယွဲ့ယွဲ့မှာတော့ ပိုင်ရွှယ်ကသူမအားလူကြားထဲ ငေါက်ငမ်းလာသောကြောင့် မကျေနပ်သော်လည်း ယီချန့်ရှေ့တွင် အားနည်းပုံပေါက်အောင်လုပ်ပြရရန်အချိန်ကောင်းဖြစ်၍ ခေါင်းအားညွှတ်ကိုင်းကာ တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ် အစ်မပိုင် ညီမကအိမ်ထဲတင်အလုပ်,လုပ်ရမှာကို အနားယူလိုက်မိတဲ့အပြင် အပြင်ကိုတောင်ထွက်လိုက်မိသေးတယ်။ ညီမကို စိတ်မဆိုးပါနဲ့တော့နော်"
ပိုင်ရွှယ်မှာ ယွဲ့ယွဲ့၏ ချောက်တွန်းစကားကြောင့် မကျေမနပ်ဖြစ်သွားပြီး ပြန်ပြောရန်ပြင်လိုက်စဉ် ကျားလိကဟုန်ဟွေ့အားပြောလိုက်သည့်စကားကို ကြားလိုက်ရသည်။
"အဲ့ဝင်းက ဘယ်မိသားစုကလဲ"
ဟုန်ဟွေ့မှာကျားလိအား ရိုရိုသေသေပြန်ဖြေလာ၏။
"စီမံခန့်ခွဲရေးရုံးက ပိုင်မျိုးရိုးရဲ့အိမ် ထင်ပါတယ်။ မမလေးကျား ဘယ်လိုစီစဉ်ချင်မလဲ"