← Chapters

Chapter 76

Vol. 8 Ch. 76

Chapter 76

Vol. 8 Ch. 76

ပိုင်ရွှယ်မှာ ထိုစကားအားကြားသော် အေးစက်သွားရပြီး ယွဲ့ယွဲ့ဆိုသောမိန်းမအား ပါးရိုက်ချပစ်ချင်သော်လည်း တုတ်တုတ်မျှမလှုပ်ရဲပါပေ။ ယွဲ့ယွဲ့မှာတော့ ဘာတွေဖြစ်သွားမှန်းနားမလည်သော်လည်း ကောင်းသောအရာမဟုတ်ဟု ခံစားနေရ၏။ ကျားလိမှာ ပိုင်ရွှယ်နှင့်ယွဲ့ယွဲ့အားကြည့်ပြီး ဂရုမစိုက်သလိုပြန်ပြောလိုက်သည်။

"ထားလိုက်ပါတော့ ဝံပုလွေကကျေးဇူးကန်း‌ေနပေမယ့် တစ်ဖက်ကဖြူစင်နေတော့ ဒီတစ်ခေါက်မှာလွှတ်ပေးထားလိုက်ဦးမယ်။ ကျွန်မလည်း ပြန်ရောက်ရောက်ချင်း ပြဿနာမရှာချင်သေးဘူး"

ထိုသို့ဖြင့် ကျားလိတို့အကုန်လုံးအိမ်ထဲဝင်သွားသည်ကို စောင့်ကြည့်နေပြီးနောက် ပိုင်ရွှယ်သည် ယွဲ့ယွဲ့အားမဲ့ပြုံးပြုံးပြ၍ ပြောလိုက်သည်။

"အဲ့တော့ အိမ်ကအဖေကလွဲရင် အခုမှတွေ့တဲ့လူတောင် နင်ကမျက်လုံးဖြူဝံပုလွေမမှန်းသိကြတယ်ပေါ့လေ ဟားဟား ဒီတစ်ခါနင်ဘယ်လိုလွတ်အောင်လုပ်မလဲ ငါစောင့်ကြည့်နေဦးမယ်"

ယွဲ့ယွဲ့မှာတော့ ယုံကြည်ချက်အပြည့်ဖြင့်ကျောခိုင်းထွက်သွားသော ပိုင်ရွှယ်အားကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ တစ်ကယ်တော့ သူမမှာလည်း သာမန်လူတစ်ဦးပေမို့ ရာထူးအာဏာအကြောင်း နားမလည်သလို ရှင်းပြပေးမည့်လူလည်းရှိမနေ၍ ဘာတွေဖြစ်သွားသည်ကို မသိသော်လည်း ဦးလေးပိုင်ပြန်လာလျှင် သူမဒုက္ခရောက်နိုင်ကြောင်းကိုတော့ ရိပ်မိ၍ဘယ်လိုလွတ်မြောက်အောင် လုပ်ရမည်ကိုတွေးတောနေတော့၏။

တစ်ဖက်ရှိကျားလိတို့မှာတော့ ထိုကိစ္စအားခေါင်းထဲပင်ထည့်မထားကြတော့ပဲ စီစဉ်ထားသည့် အခန်းများတွင်အနားယူလိုက်ကြသည်။ အစကအ‌ေမယီမှာ သူမသားဖြစ်သူ၏ တစ်ဖက်မိန်းက‌ေလးအ‌ေပါ် ပြစ်ပြစ်နှစ်နှစ်ပြောချလိုက်သည့်စကားများကြောင့် ဆူပူလိုက်ချင်သော်လည်း ဂနာမငြိမ်ဖြစ်နေသည့် ထိုမိန်းက‌ေလး၏မျက်ဝန်းများအား ပြန်တွေးမိကာ ဘာမှပြောမနေတော့ချေ။ ညစာစားပြီးချိန်တွင်‌ေတာ့ ကျားလိလည်း ခေါင်းလျှော်ရေချိုးကာ ဆံပင်ခြောက်အောင်စောင့်နေစဉ် တံခါးခေါက်သံကြားလိုက်ရ၏။

"လိလိ အိပ်ပြီလား ကိုယ်ပါ"

ကျားလိလည်းယီချန်မှန်းသိလိုက်၍ ဝင်ခဲ့ရန်ပြောလိုက်သည်။ ယီချန်သည် ကျားလိထိုင်နေသည့် ခုံ၏ဘေးတွင်ပြုံးစစဖြင့်ဝင်ထိုင်လာရာ ကျားလိကစနောက်ချင်စိတ်ပေါက်လာ၏။

"အိုး.....ပန်းနဲ့လိပ်ပြာ‌ေတွ ဝန်းရံနေတဲ့ ယီကောကဘယ်ကဘယ်လို ဒီရောက်လာရတာလဲ"

ယီချန်မှာ ‌မနက်မှကိစ္စကိုကျားလိမှာစိတ်ဆိုးနေသည်ထင်၍ အမြန်ဖြောင့်ချက်ပေးလိုက်သည်။

"လိလိ မင်းကိုယ့်ကိုယုံရမယ်နော်။ ကိုယ်အဲ့အမျိုးသမီးနဲ့ တစ်ကြိမ်ပဲတွေ့ဖူးတာရယ်။ မင်းအပြစ်တင်ချင်ရင်လည်း ရုပ်ချောလွန်းနေတဲ့ ကိုယ့်ရုပ်ရည်ကိုသာ အပြစ်ဖို့လိုက်ပါ"

ကျားလိမှာ ယီချန်၏ကိုယ်ရည်သွေးနေသောစကားကြောင့် တည်မထားနိုင်တော့ပဲ ရယ်မောလိုက်မိ၏။

"ဟုတ်ပါပြီ ကိုယ့်ကိုကိုယ်မြှောက်ပင့်နေတာ မရှက်ဘူးလား"

"အိုးဟိုးး အမှန်တရားကိုပြောနေတာလေ ဘယ်က‌ေနဘယ်လိုမြှောက်ပင့်တယ်ဖြစ်ရမှာလဲ။ အရေးမပါတဲ့အရာတွေကို စဉ်းစားမနေနဲ့တော့လေ။ အခုကိုယ်တို့ကိစ္စကပိုအရေးကြီးတာကို"

ကျားလိလည်း ယီချန်၏အလောတကြီးပြုမူနေဟန်ကြောင့် သူမပါရင်မောလာရသည်။

"ဘာတွေလောနေတာလဲ။ အချိန်‌လေးဘာလေးလည်းကြည့်ဦး အိပ်ရာဝင်ရတော့မယ့်အချိန်တောင်ရောက်နေပြီကို"

"မသိဘူး မသိဘူး။ မင်းလည်း ဆံပင်ခြောက်အောင်စောင့်နေတာမလား။ အဲ့အချိန်လေးမှာ ကိုယ်ပြောတာကို နားထောင်ပေးနော်"

ကျားလိလည်း ဤလူရှုပ်လေးအားမနိုင်တော့ရာ လိုက်လျောရုံသာတတ်နိုင်တော့သည်။

"ကောင်းပြီလေ ဒါဆိုလည်း မြန်မြန်ပြောတော့"

ယီချန်မှာ ကျားလိအား တည်ကြည်လေးနက်သောအသွင်ဖြင့်ကြည့်ကာ လည်ချောင်းရှင်း၍ပြောလာ၏။

"တွေ့ရတာဝမ်းသာပါတယ် လိလိ ကိုယ့်နာမည်က ယီချန်ပါ။ အရပ်အမြင့်က ခြောက်ပေနဲ့ငါးလက်မရှိပြီး တစ်ရာ့ကိုးဆယ်ပေါင်ရှိပါတယ်။ အေးအေးဆေးဆေးနဲ့ နားလည်မှုပေးနိုင်တဲ့ အမေနဲ့ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ ညီသုံးယောက်လည်းရှိပါတယ်။ ပိုင်ဆိုင်မှုအနေနဲ့ကတော့ လက်ရှိမှာရှန်ဟိုင်းမြို့စွန်နားက ဈေးတန်းတစ်ခုပိုင်ထားပြီး မကြာခင်မြေကွက်တွေအများကြီး တိုးချဲ့ဝယ်ယူဖို့ရှိပါတယ်။

ကိုယ့်အနာဂတ်မှာ စီးပွားရေးကိုပဲဇောက်ချလုပ်ဖို့စဉ်းစားထားတဲ့အပြင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာဝင်ဖြေပြီးကျောင်းဆက်တက်ဖို့ စီစဉ်ထားပါတယ်။ အရင်က‌ေတာ့ ကိုယ်ကခံစားချက်အတိုင်း စီးမျောသွားမှာမလို့ အနာဂတ်လက်တွဲဖော်နဲ့ပက်သက်ပြီး ဘာမှသတ်မှတ်ထားတာသိပ်မရှိခဲ့ဘူး။ ကိုယ့်အတွက် ဘယ်လိုမျိုးအရေးပါ,ပါတယ်ဆိုပြီး ပြောရလောက်တဲ့သူရှိမလာနိုင်ဘူးလို့ထင်ခဲ့ပေမယ့် မင်းနဲ့တွေ့ဆုံချိန်ကစပြီး အဲ့အတွေးတွေကမှားနေမှန်းသိခဲ့ရတယ်။ ဒီတော့ လိလိမင်းကိုယ်နဲ့အတူ ရှေ့ဆက်မယ့်အနာဂတ်မှာ အဖော်ပြုပေးနိုင်မလား"

ကျားလိမှာ ယီချန်၏အဖြောင့်ဆန်ဆန်ဖွင့်ဟဝန်ခံမှုတို့ကြောင့် အနည်းငယ်စိတ်ပျက်သွားမိ၏။ မနက်အစောက သူ့ပုံစံအားခန့်မှန်းကြည့်လျှင် ဤလူရှုပ်လေးမှာ နှုတ်ရေးတော်မည့်လူဖြစ်မည်မှန်း ခန့်မှန်းမိခဲ့သော်လည်း သူမအားဝန်ခံလာချိန်မှာတော့ ဘာမှကွေ့ကောက်ဖွဲ့နွှဲ့ပြမလာ၍ မ‌ေကျမနပ်ဖြစ်ကာ သူ့လေသံအတိုင်းပြန်ဖြေလိုက်သည်။

"မင်္ဂလာပါ ယီချန် ကျွန်မကကျားလိပါ။ ကောင်းမွန်လှပခြင်းလို့အဓိပ္ပာယ်ရပါတယ်။ ကျွန်မအသက်ကဆယ့်ကိုးနှစ် အရပ်အမြင့်က ငါးပေခြောက်လက်မနဲ့ ပေါင်တစ်ရာရှိပါတယ်။ ငယ်ငယ်ကတည်းက နိုင်ငံရပ်ခြားမှာ ကြီးပြင်းခဲ့ပြီး ပညာရေးအနေနဲ့ ဆေးပညာပါရဂူဘွဲ့ကို ရထားပါပြီ။ ပိုင်ဆိုင်မှုအနေနဲ့ ရှန်ဟိုင်းမှာ ဗီလာကြီးနှစ်လုံးပိုင်ဆိုင်ထားပါတယ်။ ကျွန်မကနည်းနည်းနားအေးပါးအေးနေတတ်တာမလို့ ကျွန်မရဲ့အနာဂတ်လက်တွဲဖော်က ကျွန်မတို့ဆက်ဆံရေးကိုအသက်ဝင်အောင် လုပ်ပေးနိုင်တဲ့လူဖြစ်ရင်ကောင်းမှာပေါ့။ ဒါကြောင့် အနှစ်ချုပ်လိုက်ရရင် ရှင်ကသတ်မှတ်ချက်မပြည့်မှီသေးပါဘူး"

ယီချန်မှာ ဤခေတ်အခြေအနေ၏ကြင်ဖက်တွေ့ရာတွင် ပြောကြသည့်စကားများကို ပြောခဲ့သော်လည်း တစ်ဖက်ရှိမိန်းကလေးမှာ နိုင်ငံခြား၌ကြီးပြင်းလာခဲ့ရသည်ကို မေ့လျော့သွားခဲ့ရသည်။ ဤသို့ဆိုလျှင် သူ၏စိတ်တိုင်းကျ ထုတ်ဖော်ပြလိုက်လျှင်တောင် သူမကသူ့အားထူးဆန်းသည်ဟု မထင်နိုင်တော့ပေ။ ထိုသို့ဆုံးဖြတ်ချက်နှင့်အတူ ယီချန်သည်ချက်ချင်းအမူအယာပြောင်းသွားကာ စားပွဲထက်ရှိပန်းအိုးထဲမှ နှင်းဆီပန်းနီနီလေးတစ်ပွင့်ကို ထုတ်ယူကာကိုင်ထားရင်းပြောလိုက်သည်။

"ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ခုချိန်ထိမင်းရှေ့မှာစကားပြောချိန်တိုင်း စိတ်လှုပ်ရှားမိနေတုန်းပဲ။ ဒါ‌ေပမယ့် မင်းရဲ့မျက်ဝန်းတွေထဲ ရောင်ပြန်ဟပ်နေတဲ့ ကိုယ့်ပုံရိပ်ကတော့ အပြုံးပျက်မသွားခဲ့ဘူးလေ။ မင်းကကိုယ့်နှလုံးသားထဲ မသိလိုက်ခင်မှာနေရာတစ်ခုယူခဲ့တာဆိုပေမယ့် ကိုယ့်ဘက်ကမင်းကို အများကြီးသဘောကျမိနေပြီမလို့ ကိုယ်မင်းကို သဘောကျမိတဲ့စိတ်ကို နည်းနည်းလေးတောင် ဖုံးကွယ်ထားဖို့ ဟန်မဆောင်နိုင်တော့တဲ့ထိဖြစ်‌ေနပြီမလို့ လက်နက်ချပြီးနေရာအပြည့်ပေးခဲ့ရ‌ေတာ့တာလေ။

ကိုယ့်ရဲ့စက္ကန့်တိုင်းမှာ ဘယ်လိုအနှောင့်အယှက်မှရှိမလာခဲ့ပဲ မင်းဘေးနားပဲကပ်တွယ်နေချင်စိတ်က တစ်နေ့မှာနှစ်ဆယ့်လေးနာရီအပြည့်ရှိနေခဲ့တယ်။ ပြီးတော့ အရေးကြီးဆုံးအနေနဲ့ မင်းသိအောင်ပြောပြရမှာက ကိုယ်ဆိုတာမင်းကိုစတွေ့မိတဲ့ပထမဆုံးဆုံတွေ့မှုလေးမှာတင် ရုန်းမထွက်နိုင်လောက်တဲ့ မင်းရဲ့အပြုံးလေးတစ်ချက်ကြောင့် ကြွေဆင်းသွားခဲ့ရတာလေ။

ကိုယ်ဖြစ်ချင်တဲ့ ကိုယ်လုပ်နေတဲ့အရာမှန်သမျှကိုလည်း မင်းဆီပြောပြချင်နေမိသလို စကားလုံးနဲ့သတ်မှတ်လို့မရတဲ့ အကြည့်တွေကိုလည်း မင်းဆီပဲအပ်နှင်းဖူးတာပါ။ ကိုယ့်အတွေးတွေထဲထိ ရစ်ဝဲနေတဲ့မင်းပုံရိပ်လေးက အသက်ရှူမှားရလောက်တဲ့ထိ တောက်ပလွန်းနေမှတော့ အခြားသူကိုကိုယ်လိုက်ရှာနေစရာမလိုတော့ဘူးလေ။ ကိုယ့်အနာဂတ်ကို ကိုယ်ရှာတွေ့ပြီးပြီဖြစ်သလို ဘယ်သူလဲဆိုတဲ့အဖြေကိုလည်း မင်းခန့်မှန်းနိုင်ပြီးသားလို့ ကိုယ်ယူဆတယ်။

အဲ့တော့ ချစ်ရတဲ့မိန်းမလှလေးလိရေ!ကိုယ်ကမင်းကိုချစ်မြတ်နိုးနေပါတယ်လို့ဖွင့်ဟပြောခဲ့ပြီးပြီမလို့ မင်းဘက်ကလည်း ကိုယ့်အပေါ်ရှိနေတဲ့ခံစားချက်လေးတွေကို ကျေးဇူးပြုပြီး ပြန်ပြော‌ေပးပါဦးနော်"

ကျားလိမှာ ယီချန်၏မြေဆွဲအားထက်ပြင်းထန်လွန်းသော ဆွဲညှို့စကားတို့ကြောင့် အချစ်မြစ်ကြီးထဲပြုတ်ကျသွားသလို ရင်တလှပ်လှပ်ဖြစ်နေတော့၏။ ထို့ကြောင့် ရှက်ရွံ့နေမိသော်ငြား လေသံမာမာဖြင့် ပြန်ပြောလိုက်သည်။

"ကျွန်မရဲ့အကျင့်က တစ်ကယ်ကို အေးတိအေးစက်နိုင်လွန်းတယ်နော်"

ယီချန်မှာကျားလိအားမျက်စိတစ်ဖက်မှိတ်ပြကာ သူ့လက်ထဲရှိနှင်းဆီနီနီလေးအား ကျားလိဘက်ကမ်းပေးကာ ပြန်ဖြေလာသည်။

"မင်းရဲ့ အေးတိအေးစက်နိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးကို ကိုယ်ကကျော်လွှားပစ်နိုင်တာမလို့ မင်းကလည်းကိုယ့်ရဲ့ အကြောင်းပြချက်မရှိ ဆိုးသွမ်းချင်တဲ့စိတ်လေးကို နားလည်ပေးရမယ်နော်"

ကျားလိလည်း သူမရှေ့တွင် ရှိနေသောနှင်းဆီပန်းလေးအားကြည့်ကာ မေးအားပင့်၍ မာနကြီးသောပုံစံလေးဖြင့်ပြန်ဖြေ‌လိုက်၏။

"ကောင်းပြီလေ"

ထိုသို့ဖြေကာ နှင်းဆီပန်းအား ယူရန်ပြင်လိုက်စဉ် ယီချန်ကလွှတ်ပေးမလာဘဲ ရုတ်တရက်ဆိုသလို ထိုနှင်းဆီပန်းလေးအားလက်ချောင်းများဖြင့် လှည့်ပတ်ရင်းလွှင့်ပစ်ကာ လေထဲတန့်နေသော ကျားလိ၏လက်ဖဝါးလေးအားဆွဲချလိုက်၏။ ရုတ်ချည်းဖြစ်ပေါ်သွားသော အခြေအနေကြောင့် ကျားလိလည်း ယီချန်ဆွဲရာနောက်ပါသွားကာ သူ၏ရင်ခွင်တွင်းသက်ဆင်းသွားရသည်။ ယီချန်သည် သူ၏ရင်ခွင်တွင်းရှိ ကျားလိအားကြည့်ကာ ရိသဲ့သဲ့ပြောလိုက်၏။

"ဒါဆို ကိုယ်တို့တွေချစ်သူဖြစ်တဲ့အထိမ်းအမှတ်အနေနဲ့ ကိုယ်ဆုတစ်ခုလောက်ရယူလိုက်ရင် ရမလား"

ကျားလိမှာ ယီချန်အား နားမလည်ဟန်ဖြင့် မော့ကြည့်လိုက်ရာ ယီချန်ကခေါင်းငုံ့ချလိုက်ပြီး အချိန်အတော်ကြာ သူတောင့်တခဲ့ရသော လိလိ၏ နှုတ်ခမ်းဖူးလေးအား စုပ်ယူသုံးဆောင်လိုက်တော့သည်။

----------

စာရေးသူမှာ တစ်ခွန်းလောက်ပြောစရာရှိပါတယ် : ဝေါ့

All Chapters