Chapter 77
Vol. 8 Ch. 77
"ရှောင်ကျား အားချန် အပြင်မှာ အရမ်းအေးနေတာမလို့ မင်းတို့တွေ အရမ်းညဥ့်နက်တဲ့ထိ မနေကြနဲ့နော်။ ဒီလောက်အေးနေတဲ့ကြားက အပြင်ထွက်ဖို့ စိတ်ကူးရှိနေတဲ့ မင်းတို့ကိုတော့ ငါဘာမှမပြောချင်တော့ပါဘူး။ ရှောင်စန်း ရှောင်စစ် မင်းတို့တွေအကုန်အခန်းထဲပြန်ဝင်ကြစမ်း။ ဒီလောက်အေးနေတာကို အပြင်ထွက်ဆော့ဖို့ ချောင်းမနေနဲ့နော်"
အမေယီမှာကျားလိတို့နှင့် လိုက်ချင်နေသောကလေးများကို ဆူငေါက်လိုက်ပြီး ကျားလိအားပုဝါတစ်ထည်ခြုံပေးလိုက်၏။ ယီချန်မှာတော့ ထိုမြင်ကွင်းလေးအားမြတ်နိုးစွာစောင့်ကြည့်နေသည်။ ကျားလိနှင့်သူ့ကြား ဆက်ဆံရေးမှာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမဖြေခင်တွင် ယီချန်မှကျားလိအားစေ့စပ်ကြောင်းလမ်းခဲ့၏။ သူ၏ အဆင့်မြင့်အိမ်ရာဝင်းဆောက်လုပ်ရေးသာ ပြီးစီးသည်နှင့် ယီချန်သည်ကျားလိအား လက်ထပ်ခွင့်တောင်းမည်ဖြစ်သည်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌ ယီချန်သည်ရှန်ဟိုင်းစီရင်စု၏ပထမနေရာဖြင့် အောင်မြင်ခဲ့ပြီးရှန်ဟိုင်းတက္ကသိုလ်တွင် စီးပွားရေးမေဂျာတက်ရောက်ရန် စာရင်းသွင်းထား၏။ ဤမေဂျာမှာ အနာဂတ်ကာလရှိသင်ရိုးများလောက် မစုံလင်မည်မှာသေချာသော်လည်း စီးပွားရေးလုပ်ငန်းလုပ်မည့် လူတစ်ဦးအနေဖြင့် ထိုဘွဲ့ကိုတော့ ရအောင်ယူထားရမည်ဖြစ်ရာ ယီချန်မှထိုမေဂျာအား ရွေးချယ်ခဲ့ခြင်းပင်။
ကျားလိမှာတော့ ရှန်ဟိုင်းအထွေထွေဆေးရုံကြီးတွင် ဌာနမှူးအဖြစ်ခန့်အပ်ခံရပြီး တစ်လလျှင်တစ်ကြိမ်ရှန်ဟိုင်းဆေးပညာကျောင်း၌ ဆွေးနွေးပွဲပြုလုပ်ပေးရေပမည်။ သူတို့၏ဘဝမှာ ကောင်းမွန်စွာတိုးတက်လာနေတော့သည်။ စီးပွားရေးအနေဖြင့်လည်း ဖြည်းဖြည်းချင်းဦးမော့လာပြီဖြစ်ရာ လမ်းတစ်လျှောက်ဆိုလျှင် ဈေးသည်များဖြင့် ပြည့်နှက်နေလေပြီ။ ယခုနှစ်နွေဦးပွဲတော်မှာဖြင့် ပွဲတော်အငွေ့အသက်ကိုတစ်နိုင်ငံလုံးခံစားနေရတော့သည်။
ကျူးလင်ဈေးတန်းမှာလည်း ယခုဆိုလျှင် ငါးထပ်အဆောက်အဦးကြီးအဖြစ် ပြောင်းလဲသွားပြီဖြစ်ကာ ခေတ်မှီစူပါမားကတ်ကြီးတစ်ခုအသွင် ဖော်ဆောင်နေပြီဖြစ်၏။ လုပ်ငန်းရှင်အပေါင်းမှာလည်း သူတို့ကုန်ပစ္စည်းများအားရောင်းချရန်နေရာကို အခြေခိုင်ပြီးသားဈေးတန်းတစ်ခုဖြစ်သည့်ကျူးလင်ကိုသာ ရွေးချယ်ကြသည်။ ယီချန်ထင်ထားသလိုပါပင် သူသာယခင်အချိန်၌ မာနကိုလက်ကိုင်ကာစောင့်နေခဲ့ပါလျှင် အရိုးအရင်းပင်လောက်ငှအောင် ကျန်မည်မဟုတ်ချေ။
ယခုတွင်တော့သူ၏စီးပွားရေးမှာခိုင်ခိုင်မာမာဖြင့် နေရာတစ်ခုကိုယူငင်ထားပြီဖြစ်သည်။ ရှန်ဟိုင်း၌လက်ရှိနွေဦးပွဲတော်တွင် အခမ်းအနားများကျင်းပပေးသည့်အပြင် စားသောက်ရန်ဆိုင်ငယ်ပေါင်းစုံ၊ကြည့်ရှုခံစားရန် မီးပုံးဆိုင်လေးများနှင့် အခြားဆိုင်ငယ်ပေါင်းစုံဖြင့် လမ်းမကြီးတစ်လျှောက်ပြည့်နှက်နေရာ ယီချန်မှာကျားလိနှင့် လမ်းလျှောက်ရင်းချိန်းတွေ့ရန် စီစဉ်ထား၏။ နှစ်ဦးသားမှာ လူစည်ကားသောလမ်းမကြီးထက်လျှောက်နေရင်း ယီချန်သည်ကျားလိအား ဘယ်ဆိုင်ကဘာရောင်းသည် ဘယ်ဆိုင်ကဖြင့်ဘာတွေရသည်စသဖြင့် ရှင်းပြနေရင်းကျားလိမှာလည်း သူပြောနေသည်တို့ကို ခေါင်းတငြိမ့်ငြိမ့်ဖြင့်နားထောင်နေလိုက်သည်။
သူမအဖို့တော့ နွေဦးပွဲတော်အစစ်အမှန်အား ယခုမှသာကြည့်ရှုခံစားဖူးခြင်းဖြစ်ရာ အရာရာက စိတ်ဝင်စားစရာအပြည့်ဖြစ်နေတော့၏။ ယီချန်မှာ တောက်ပနေသောမျက်လုံးများဖြင့် လှည့်ပတ်ကြည့်နေသောကျားလိအားကြည့်ကာ အူယားလာရပြီး အနွေးထည်အထူကြီးများအားအကာအကွယ်ယူ၍ကျားလိ၏လက်လေးအား ဆုပ်ကိုင်လိုက်သည်။ ကျားလိလည်း ရုတ်တရက်လန့်သွားမိပေသိ လက်ကိုင်ရုံသာဖြစ်၍ ငြင်းပယ်မပစ်ပဲ သူ့လက်ချောင်းများကြား ယှက်သွယ်ကာပြန်လည်ဆုပ်ကိုင်လိုက်၏။ ထို့နောက် တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ရယ်မောလိုက်မိသည်။
ယီချန်မှာကျားလိအားမီးပုံးဆိုင်တစ်ခုဆီခေါ်သွားကာ မီးပုံးတစ်လုံးရွေးစေ၏။ ယုန်ပုံစံမီးပုံးလေးများမှာ ချစ်စရာကောင်းလှ၍ ထိုမီးပုံးလေးအားယူရန်ကိုင်လိုက်စဉ် အခြားလက်တစ်ဖက်မှ သူမကိုင်ထားသော မီးပုံးလေးအားလုယူသွားလေသည်။ ကျားလိလည်း မျက်မှောင်ကြုံ့ကာတရားခံဆီလှမ်းကြည့်လိုက်သော် စုံတွဲတစ်တွဲဖြစ်နေ၍ သူတို့အနေဖြင့်တမင်လုပ်သည်မဟုတ်ဟု ယူဆကာကျားလိလည်း ဂရုစိုက်မနေတော့ပေ။
ထို့နောက် သိုးပုံစံမီးပုံးလေးကလည်း ချစ်စရာကောင်းနေ၍ ထိုမီးပုံးလေးကိုသာ ရွေးချယ်လိုက်တော့၏။ ယီချန်မှာတော့ သူတစ်ပါး၏ရွေးချယ်မှုအား ပြောင်ပြောင်တင်းတင်းယူသွားသော ထိုအတွဲအားရန်တွေ့ရန်ပြင်နေသော်လည်း ကျားလိမှလက်အားဆွဲကာခေါင်းယမ်ပြလိုက်ရာ သူလည်းစူပုတ်ပုတ်ဖြင့်ဆိုင်ရှင်ထံငွေပေးချေရင်း ထိုအတွဲအားဥပေက္ခာပြုလိုက်ရတော့သည်။ ယီချန်တို့လည်း မီးပုံးလေးအားကိုင်ကာ ဆက်လျှောက်ကြည့်ရန်ပြင်လိုက်စဉ် ချွဲပစ်နေသောအသံတစ်သံက တားဆီးလာ၏။
"ယီချန်ကောကောလားဟင်"
ယီချန်မှာထိုအသံကြောင့် အကြောင်းပြချက်မရှိကျောရိုးတစ်လျှောက်အေးစိမ့်သွားရပြီး ကျားလိမှာပင်သူ့လက်ဖမိုးထက်ရှိ ကြက်သီးများကို ခံစားလိုက်မိ၍ ယီချန်အားမော့ကြည့်လိုက်သည်။ ယီချန်လည်း အသံပိုင်ရှင်အားလှမ်းကြည့်လိုက်ရာ ခုနကသူတို့၏မီးပုံးလေးအားဖြတ်လုသွားသောအတွဲမှမိန်းကလေးဖြစ်နေသည်။ ယီချန်မှာ အဖြူရောင်ဝမ်းဆက်ဖြင့်ယုန်ပုံစံမီးပုံးအားကိုင်ကာရပ်နေသော အမျိုးသမီးအားကြည့်ကာ မရေမရာပြန်မေးလိုက်၏။
"အဒေါ် မင်းလူမှားနေပြီထင်တယ်။ ကျွန်တော်အဒေါ့်ကိုမသိဘူး"
ယီချန်မှထိုသို့ပြောလိုက်သည်နှင့် တစ်ဖက်ရှိအမျိုးသမီးမှာမျက်ရည်များဖြင့် ငိုချတော့မယောင်ဖြစ်သွားတော့သည်။ သူ၏အဖော်မိန်းကလေးမှာ ငိုချတော့မည်ပုံဖြစ်နေ၍ တစ်ဖက်ရှိလူမှာယီချန်အားရန်တွေ့ရန်ပြင်နေစဉ် ကျားလိကအရင်ဖြတ်မေးလိုက်၏။
"ဘာလဲ ယီချန် ရှင်အဲ့အန်တီတို့လင်မယားကို မမှတ်မိလို့လား။ ရှင်ရဲ့ဈေးဆိုင်ဆီ ဈေးလာဝယ်ဖူးတဲ့လူဖြစ်နေဦးမယ်နော်"
ကျားလိမှာ အစောကငယ်ငယ်ရွယ်ရွယ်စုံတွဲဟုထင်ခဲ့သော်လည်း ယခုမီးအလင်းအောက်မှ ထိုသို့မဟုတ်မှန်းသိလိုက်ရသည်။ ယီချန်မှာတော့ ကျားလိစကားကြောင့် ငိုမဲ့မဲ့ဖြင့်မခံရပ်နိုင်ဖြစ်စွာပြန်ဖြေလာ၏။
"ရှောင်မိန်လိရေ သူတို့ကကိုယ့်ကို ကောကောတောင် လာခေါ်နေတာနော်။ ကြည့်ပါဦး ကိုယ်ကသုံးဆယ်တောင်မပြည့်သေးတာကိုလေ။ ပြီးတော့ ကိုယ်သူတို့ကိုကျူးလင်မှာ တစ်ခါမှမတွေ့ဖူးဘူး"
ကျားလိမှာယီချန်၏မေကျမနပ်စကားကြောင့် ရယ်လိုက်မိကာတစ်ဖက်ရှိစုံတွဲအားတောင်းပန်လိုက်၏။
"အားနာလိုက်တာ ဦးလေးနဲ့အန်တီတို့ရယ်။ ယီချန်က မမှတ်မိလို့အပြစ်မမြင်လိုက်ပါနဲ့။ သူကအမြဲအလုပ်ရှုပ်နေတာဆိုတော့ အန်တီတို့ကိုသတိမထားမိလိုက်တာနေပါမယ်"
တစ်ဖက်ရှိအမျိုးသမီးမှာ ကျားလိအားခုမှမြင်သွားခဲ့သည်။ သူမအေနဖြင့် မကျေနပ်နိုင်သော်လည်း ထိုမိန်းမမှာသူမထက် အသာအရည်ပိုကောင်းသည့်အပြင် ပို၍လှပသည်ကိုတော့ ဝန်ခံရပေမည်။ ထို့ကြောင့်ပင် သူမမှာ ကျားလိအားပို၍မျက်မုန်းကျိုးသွားခဲ့ရကာ လေသံမာမာဖြင့်မေးလိုက်၏။
"နင်ကဘယ်သူလဲ ပြီးတော့ ယီချန်ကောကောနဲ့ဘာလို့အတူရှိနေတာလဲ"
ကျားလိမှာတော့ သူမအားမြင်မြင်ချင်းရန်တွေ့ကာ မတည်မငြိမ်ဖြစ်နေသော အမျိုးသမီးကိုတစ်လှည့် မျက်နှာပျက်နေသည့်သူမဘေးရှိ အမျိုးသားကိုတစ်လှည့်ကြည့်ကာ နားလည်သွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချကာပြောလိုက်၏။
"အခုဆို ကျွန်မတို့နိုင်ငံရဲ့ ဆေးပညာကတိုးတက်စပြုနေပါပြီ။ အဓိက,ကတော့ အရင်ကတာဝန်မခံနိုင်ခဲ့တဲ့ စိတ်ရောဂါတွေနဲ့ပက်သက်ပြီးတော့ပေါ့။ ဆေးရုံကောင်းကောင်းမှာ သိတတ်နားလည်တဲ့ ဆရာဝန်နဲ့သာ ဆွေးနွေးတိုင်ပင်ကြည့်မယ်ဆိုရင် လက်ရှိအခြေအနေထက်ပိုကောင်းလာနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ်ကြိုးစားကြည့်လို့လည်းအရှုံးမရှိတာမလို့ တစ်ချက်သွားကြည့်လိုက်ကြပေါ့။ ကျွန်မအနေနဲ့ ညွှန်းပေးရမယ်ဆိုရင်တော့ ရှန်ဟိုင်းဆေးရုံကြီးကိုသွားကြည့်ပါနော်။ ခေတ်သစ်ဆေးပညာဖော်ဆောင်တဲ့အထဲ ရှန်ဟိုင်းဆေးရုံကြီးကလည်း ပါဝင်ထားတာမလို့ ရှင်တို့တွေအတွက်အဆင်ပြေမှာပါ"
ကျားလိမှာတစ်ဖက်ရှိစုံတွဲမှ သူမစကားပြောပြီးသည်နှင့် ဒေါသတကြီးအမူအယာဖြင့် သူမအားထရိုက်တော့မည့်ပုံပေါက်လာသဖြင့် နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်မိသည်။ ယီချန်မှာမူ ကျားလိမှစိတ်ရောဂါအကြောင်းပြောပြလာချိန်တွင်တော့ စိတ်ထဲအတွေးတစ်ချက်ပေါ်လာကာ တစ်ဖက်ရှိစုံတွဲအားသေချာစိုက်ကြည့်၍ အမျိုးသမီးဖြစ်သူ၏လင်းလက်တောက်ပနေသော မဟာနဖူးကိုတွေ့လိုက်ပြီး မည်သူတွေမှန်းမှတ်မိသွားတော့၏။
သူသည်စိတ်ဖြောင့်လက်ဖြောင့်နှင့် တိုးတက်လာနေရာ သူရောက်နေသည့်ကမ္ဘာကစာအုပ်ထဲရှိကမ္ဘာဖြစ်နေမှန်းမေ့လျော့သွားခဲ့သည်။ သူ့ရှေ့ရှိ နှစ်ယောက်အားကြည့်ကာ သူတို့သည်လက်ထက်ပြီးသွားပြီလားဟု တွေးလိုက်မိ၏။ ထိုသို့ဆိုလျှင်တော့ သတင်းကောင်းပါပင်။ သူတို့သာ လက်ထပ်ဖြစ်သွားပါလျှင် အခြားသူများအဖို့ ဒုက္ခလျော့သွားလေပြီပင်။ ယီချန်မှာ မည်သူတွေမှန်း မှတ်မိသွားပြီဖြစ်၍ ကျားလိ၏နောက်ကျောလေးအားထိန်းကိုင်ကာပြောလိုက်သည်။
"ဪ ဘယ်သူတွေများလဲမှတ်တယ် မိတ်ဆွေဟောင်းတွေဖြစ်နေတာကိုး။ ဆောရီးကွာ မင်းတို့ကအရင်ကရုပ်နဲ့အရမ်းကွာခြားသွားတာကိုးကွ။ ဒါနဲ့မင်း လောင်အန်း ဒီရက်တွေထဲမစ်ရှင်ခဏခဏထွက်ရတာလား ဘာလို့မင်းကိုကြည့်ရတာအိုပြီးမည်းသည်းနေရတာလဲ"
ယီချန်၏စကားကြောင့် အန်းဝေမှာဒေါသထွက်သွားခဲ့ပြီး မည်းနေသောသူ့မျက်နှာမှာ ဆက်မည်းနေဆဲပင်.....ဘာအရောင်မှ ထပ်ပြောင်းမလာနိုင်တော့ပေ။ ဟူလီနမှာတော့ ရုတ်ချည်းသတိကပ်သွားကာ နဖူးထိပ်မှဆံပင်များအား မသိမသာသပ်ချလိုက်မိ၏။ ထို့နောက်မှ ဝမ်းနည်းနေသော ဟန်ပန်ဖြင့်ပြောလာသည်။
"ယီချန်ကောကော ကျွန်မတို့သားအဖကိုမကျေနပ်ဖြစ်နေလည်း လက်ခံနိုင်ပေမယ့် အန်းဝေကကျ ယီချန်ကောကောရဲ့သူငယ်ချင်းကောင်းလေ။ ကောကောက ဘယ်လိုလုပ်ဒီလိုပြောနိုင်ရတာလဲ။ အန်းဝေက ကောကောအတွက် ဒုက္ခခံပြီးအဆင်ပြေပြေဖြစ်အောင် လုပ်ပေးခဲ့တာတောင် ကောကောကအသိအမှတ်မပြုပဲ နှုတ်ထွက်သွားခဲ့တယ်နော်။ ကောကောက ဒီလိုကြီးလုပ်ရက်ခဲ့တော့ အန်းဝေမှာ ရာထူးတိုးသွားတာတောင် မပျော်နိုင်ခဲ့ဘူး။ ဒါပေမယ့် အခုပြန်တွေ့တဲ့အချိန်လေးမှာ ကောကောက တောင်းပန်လာမယ်မရှိဘဲ အန်းဝေကိုနှိမ့်ချနေသေးတယ်။ ကောကောက တစ်ကယ်ပြောင်းလဲသွားပြီပဲ။ ကောကောအနေနဲ့ ဒီလိုသာဆက်သွားလို့ကတော့ တိုးတက်အောင်မြင်မယ့် လမ်းပေါ်ရောက်နိုင်မှာ မဟုတ်ဘူးနော်"