← Chapters

Chapter 78

Vol. 8 Ch. 78

Chapter 78

Vol. 8 Ch. 78

ကျားလိမှာနဂိုက စိတ်အေးလက်အေး ဖြစ်နေခဲ့သော်လည်း တစ်ဖက်အမျိုးသမီး၏ စကားအားကြားမှ ထိုစုံတွဲမှာ လျို့ဇီရွေ့စာထဲရှိ ပြဿနာကောင်များ ဖြစ်သည်ကို သိလိုက်ရသည်။ သူမ၏ချစ်ရသူအား သူမမျက်စိရှေ့တွင်အနိုင်ကျင့်ရဲသည်ထိ ထိုနှစ်ယောက်အား မည်သူကသတ္တိပေးထားသည်ကို ကျားလိ သိချင်သွားမိ၏။ ယီချန်မှာဟူလီနအားစကားပြန်ပြောရန်ပြင်လိုက်စဉ် ကျားလိမှသူ့လက်အားလှမ်းဆွဲကာ သူမနောက်သို့ပို့လိုက်ပြီး ဟူလီနအားပြန်ပြောသည်ကို တွေ့လိုက်ရသည်။

"ဒီမှာ အစ်မကြီး ယီချန်ရဲ့တိုးတက်မှုဖြစ်စဉ်ကို ဝေဖန်ပိုင်းခြားခွင့်က အစ်မကြီးဆီရှိမနေဘူးနော်။ ပြီးတော့ ယီချန့်ရဲ့ပြောင်းလဲမှုတွေကို လိုက်အပြစ်ပြောနေရအောင် အစ်မကြီးက ယီချန်အမေမလို့လား။ ဒါ့အပြင်စေတနာနဲ့သတိပေးရရင် ယီချန်စစ်တပ်ကပင်စင်ယူတဲ့ကိစ္စနဲ့ပက်သက်ပြီး အစ်မကြီးရဲ့ခင်ပွန်းကောင်းကြောင်းတွေ လျှောက်ပြီးစကား‌ဖြန့်မနေနဲ့ဦး။

အစ်မကြီးကကိုယ့်အခြေအနေကို ကိုယ်မသိပေမယ့် စဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိတဲ့လူမှန်သမျှက အမှန်တရားကဘယ်လိုဆိုတာ သိထားကြပါတယ်နော်။ ပြီးတော့ အစ်မကြီးကိုကြည့်ရတာ ကျွန်မထက်အသက်ကြီးမယ့်ပုံပါပဲ။ အဲ့ဒါကိုတောင် ဘာလို့ ငယ်ချင်ယောင်ဆောင်ပြီး ဆယ့်ခြောက်နှစ်သမီးအပြုအမူတွေလုပ်ပြနေတာလဲ။ အစ်မကြီးကတော့ ကိုယ့်ကိုကိုယ် ချစ်စရာကောင်းတယ်လို့ ထင်နေမလားမသိပေမယ့် ကျွန်မအမြင်တော့ စိတ်ရောဂါခံစားနေရတဲ့လူအတိုင်းဖြစ်နေတယ်လေ။

အစ်မကြီးသာ ကိုယ့်အသက်အရွယ်အတိုင်းနေတတ်ထိုင်တတ်မယ်ဆိုရင် ခုနကလိုအားနာစရာအဖြစ်တွေဖြစ်မလာနိုင်တော့ဘူးပေါ့"

ဟူလီနမှာတော့ ယီချန်နှင့်သူ့နားရှိလူတိုင်းမှာ အဘယ်ကြောင့်တစ်ပါးသူ၏ပုံစံကို ပြန်ပြောစရာ စကားမရှိ‌ေတာ့သည်ထိ ပုတ်ခတ်ရန်ဝါသနာရှိကြသည်အား နားမလည်နိုင်တော့ချေ။ အန်းဝေမှာလည်း ယီချန်နှင့်ဆိုလျှင် မနိုင်လျှင်တောင် ခွန်းတုံ့ပြန်နိုင်သေးပေသိ ယခုလိုနုနုဖတ်ဖတ်မိန်းမငယ်လေးကိုတော့ဖြင့် မဆူပူနိုင်ပါပေ။ ထို့ပြင် ဟူလီနမှာလည်း အရှုံးဘက်ရောက်နေပြီဖြစ်ကာ ဆက်ပြောနေလျှင်လည်း ပိုဆိုးလာနိုင်သောကြောင့် သူမလက်အားဆွဲကာ အမြန်နှစ်သိမ့်လိုက်သည်။

"နန ဒေါသထွက်မနေပါနဲ့တော့။ မင်းကခုဆိုဆေးတက္ကသိုလ်တက်ရတော့မယ့်အပြင် ဘွဲ့ရရင်လည်းခိုင်မာတဲ့အလုပ်တစ်ခုနဲ့ တောက်ပတဲ့အနာဂတ်ကို ရတော့မှာလေ။ အဲ့တော့ ‌ယီချန်ကခေါင်းမာနေတောင် ဝင်ပြောမနေပါနဲ့တော့။ ပြောလည်းနားမလည်နိုင်တဲ့လူကို သူ့အဆင့်ရောက်တဲ့ထိ ကိုယ့်ကိုကိုယ်နှိမ့်ချခံမနေပဲ လျစ်လျူရှူထားလိုက်တော့နော်"

ဟူလီနမှာလည်း အန်းဝေ၏စကားကြောင့် စိတ်ငြိမ်သွားတော့၏။ မှန်ပေသည် သူမမှာ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်နေပြီဖြစ်၍ သူမ၏အနာဂတ်သည် ယီချန်တို့လိုလူစားမျိုးနှင့် ရထားတစ်လမ်း သံတစ်လမ်းဖြစ်သွားပြီပင်။ သူတို့နှင့် ပြန်လည်ဆုံစည်းခွင့်ရှိခဲ့လျှင်တောင် သူမမှာသူတို့အားအထက်မှနေ ငုံ့ကြည့်ရပေတော့မည်။ ထို့ကြောင့် အန်းဝေစကားအားနားထောင်ကာ စကားဆက်မပြောတော့ချေ။ သို့သော် သူမမျက်စိရှေ့ရှိလှပသော အမျိုးသမီးအားကြည့်ကာ မနာလိုဝန်တိုစိတ်တို့ ဖြစ်လာရပြန်သည်။

ဤမိန်းမ၏ပုံစံအား ကြည့်ရလျှင်ချမ်းသာ‌ေသာ‌ေနာက်ခံဖြင့် မြို့သူတစ်ဦးဖြစ်ပုံရကာ ယီချန်၏ရုပ်ရည်ဖြင့် ဖမ်းစားခံထားရပုံပင်။ ယီချန်၏ဆီပုလင်းများ(မိသားစု)အားပြန်တွေးမိကာ သူဌေးသမီးလေးအား စာနာမိပေသိ ကျေနပ်အားရမှုတို့က ပိုလေသည်။ သူမဘာသာ မည်မျှပင်ချောနေလှနေပါစေ သူမမှာအနာဂတ်ပိတ်နေသည့်လူနှင့် လက်ထက်ရပြီး သူ့မိသားစုအား ကျွန်တစ်ယောက်လို ပြုစု‌ခစားပေးရပေတော့မည်။ ထိုအတွေးတို့ဖြင့် ဟူလီနမှာ သူမကိုယ်သူမ ကျားလိထက်မြင့်မြတ်သည်ဟု ထင်မှတ်လိုက်တော့၏။

"မင်းက ယီချန်ကောကောရဲ့ချစ်သူလား"

ယီချန်မှာ ကျားလိအားဤအရှုပ်အထွေးများနှင့် မပက်သက်စေချင်သော်လည်း ကျားလိမှာတက်ကြွစွာပင် ပြန်ဖြေလိုက်သည်။

"ဟုတ်ပါတယ် ကျွန်မနာမည်က ကျားလိပါ။ ယီချန်နဲ့က စေ့စပ်ထားပြီးပါပြီ"

ဟူလီနမှာတော့ သူမ၏လိုရာဆွဲတွေးထားသည်တို့ကိုသာ ယုံကြည်နေပြီး ကျားလိအားအထက်စီးမှပြောလာ၏။

"အဲ့တော့ မင်းကယီချန်ကောကောရဲ့ ဇနီးလောင်းပေါ့လေ။ ဒါနဲ့ မင်းကဘာအလုပ် လုပ်တာလဲ။ ကြည့်ရသလောက်တော့ တက္ကသိုလ်တက်ခွင့်ရမယ့် အရွယ်ဆိုတော့ ဝင်ခွင့်ဝင်ဖြေသေးလား"

"မဟုတ်ပါဘူး ကျွန်မက...."

"ရပြီ မပြောနဲ့တော့"

ဟူလီနမှာ တစ်ဖက်လူမှအငြင်းစကားပြောသည်နှင့် ဆက်ပြောချင်စိတ်မရှိတော့ပေ။ ထိုသူဌေးမမှာ မြို့သူချောလေးဖြစ်ပေသိ သူမထက်နိမ့်ကျနေသူဖြစ်ရာ မနာလိုဖြစ်မနေတော့ချေ။ ဟူလီနမှာ သူမဖခင်၏တိုက်တွန်းစကားအားနားထောင်ကာ အန်းဝေနှင့်ချိန်းတွေ့ရန်သဘောတူလိုက်မိသည်ကို ကျေးဇူးတင်မိသွား၏။ အန်းဝေမှာလည်း လက်ရှိတွင်ရာထူးမှခွင့်ယူ၍ စစ်တက္ကသိုလ်တက်နေရာ အနာဂတ်ခိုင်ခိုင်မာမာရှိနေလေပြီ။

သူမမှာယီချန်၏ရုပ်ရည်အား ယခုချိန်ထိ စွဲလမ်းနေ‌ေသးသော်ငြား ရုပ်ရည်ရှိရုံဖြင့် အနာဂတ်ကောင်းမရှိနိုင်ပေ။ ထို့ပြင် သူမမှာသူမအားအလိုလိုက်အကြိုက်ဆောင်ပေးမည့်လူကိုသာ လက်ထက်လိုပြီး သူမအားမှီခိုမည့်လူကို ရှာလိုခြင်းမဟုတ်ချေ။ သို့သော် ယီချန့်ကိုတော့ဖြင့် သူမအားမရွေးချယ်ခဲ့သည့်အတွက် နောင်တရရန်မျှော်လင့်မိပါသည်။ ယခုလက်ရှိတွင်‌ေတာ့ သူမရှေ့ရှိလှပသော အမျိုးသမီးအားသိမ်ငယ်သော ခံစားချက်ရသွားအောင် လုပ်ချင်နေသည်ဖြစ်ရာ ဝင့်ကြွားသောလေသံဖြင့် ပြောလိုက်၏။

"မင်းအသက်အရွယ်နဲ့ဆို ပညာကိုသေချာသင်ယူရမယ့်အရွယ်လေ။ အစ်မကမင်းကိုစေတနာနဲ့ပြောပြတာမလို့ အပြစ်မမြင်နဲ့နော်။ ‌ေရှ့လာမယ့်နှစ်‌ေတွမှာ ပညာတတ်တဲ့လူတွေကသာတစ်ပန်းသာတော့မှာ။ ပြီးတော့ မင်းပုံစံကိုကြည့်ရတာအသုံးအဖြုန်းကြီးမယ့်ပုံပဲ။ ယီချန်ရဲ့အနေအထားအတိုင်းဆို မင်းမှာပိုက်ဆံဘယ်လောက်ရှိရှိ မင်းတို့အနာဂတ်ကကောင်းမှာမဟုတ်ဘူး။

မင်းနားလည်အောင်ပြောရမယ်ဆိုရင် အခုအစ်မကရှန်ဟိုင်းဆေးတက္ကသိုလ်ကျောင်းသူဖြစ်နေသလို အစ်မရဲ့ချစ်သူကလည်းစစ်တက္ကသိုလ်တက်နေတယ်။ အဲ့တော့ အစ်မတို့ရဲ့အနာဂတ်ဆိုတာ ဖြောင့်ဖြူးနေပြီလေ။ ညီမတို့ကျ အစ်မတို့ရဲ့အခြေအနေလောက်ထိ မရောက်နိုင်တောင် စားဖို့သောက်ဖို့အဆင်ပြေရင်ကို ကောင်းလှပြီမှတ်ရမှာ။ တစ်မျိုးတော့ မထင်နဲ့နော် အစ်မကယီချန့်အကြောင်း ကောင်းကောင်းသိထား‌ေတာ့ ညီမအတွက်စိတ်ပူလို့ပြောတာရယ်"

ကျားလိမှာတော့ သူမအားလာမေး၍ သေချာပြောပြရန်ပြင်နေသော်ငြား တစ်ဖက်မှတားဆီးလာကာ သူမတို့မျှော်လင့်နေရသည့် အနာဂတ်ကိုပါဖျက်လို့ဖျက်ဆီးပြောနေ၍ ဒေါသထွက်လာရသည်။ သူတို့၏ဘာမှမဟုတ်သော အနေအထားဖြင့် သူမတို့အပေါ်ဆက်တိုက်ဖိအားပေးလာရာ ပြန်ပြောထုတ်ရန်ပြင်လိုက်စဉ် ယီချန်မှသူမအားတားလိုက်ပြီး ဟူလီနတို့အားပြောလိုက်၏။

"ဪ မင်းတို့ကတက္ကသိုလ်တက်ခွင့်ရကြတယ်ပေါ့လေ။ ဂုဏ်ပြုပါတယ်ကွာ ဒါပေမယ့် မိန်းကလေးဟူရဲ့ဆုတောင်းတွေအမှန်တိုင်းဖြစ်မလာနိုင်တဲ့အတွက်တော့ တောင်းပန်ရမယ်။ ဘာလို့ဆို ငါကလည်းရှန်ဟိုင်းတက္ကသိုလ်ဆီ ဝင်ခွင့်ရထားလို့လေ။ ပြီးတော့ ငါ့ရဲ့ချစ်သူမိန်းကလေးကိုလည်း မင်းတို့အဆင့်နဲ့လာပြီးသင်ပြပေးနေစရာမလိုပါဘူး။

ဒါ့အပြင် မင်းတို့ရဲ့အကျင့်စာရိတ္တနဲ့ကတော့ အနာဂတ်ဖြောင့်ဖြူးနေပါမယ်လို့ အာမခံပြောနေလို့မဖြစ်ဘူးလေ။ မင်းတို့ရဲ့အနာဂတ်အ‌ေကြာင်းကို ငါမသိပေမယ့် မိန်းကလေးဟူရေ မင်းရဲ့တက္ကသိုလ်ကျောင်းသူဘဝကြီးကတော့ အရမ်းကိုစိတ်လှုပ်ရှားပျော်ရွှင်နေရမယ်ဆိုတာကိုတော့ ငါအာမခံနိုင်တယ်နော်။ ပြီးတော့ လိလိကအသုံးအဖြုန်းကြီးလည်းဘာဖြစ်လဲ မင်းတို့အိမ်ကပိုက်ဆံတွေကိုသုံးနေလို့လား။

ငါကဖြင့်သူမအတွက် လုံလောက်အောင်မထောက်ပံ့နိုင်သေးဘူးလို့ ထင်နေတာကို မင်းကဘာသဘောနဲ့ဆရာမကြီးဝင်လုပ်နေရတာလဲ။ ဪ!ဧကန္တ မင်းလိုမျိုး ဝိညာဉ်တစ်ကောင်ပုံစံအတိုင်း အဖြူ‌ေရာင်ဂါဝန်ကြီးတဖားဖားနဲ့ အမြဲတမ်းနေ,နေမှ လုံလောက်တာလား ဟာသပဲနော်။ သွားကြစို့ လိလိ ဒီနေ့ကနှစ်သစ်ကူးရက်ကြီးပါဆို ဒီလိုပုံစံတွေနဲ့ လာတွေ့နေရတယ်။

ဪ ဒါနဲ့လောင်အန်းရေ မင်းအိမ်ပြန်ရောက်ရင်လေ ဆင်းရဲနွမ်းပါးတစ္ဆေတွေကို နှင်ထုတ်လိုက်ဦးကြားလား။ တော်ကြာ တစ်နှစ်ပတ်လုံး ‌အဝတ်အစားတောက်တောက်ပြောင်ပြောင်မဝတ်နိုင် မစားနိုင်ဖြစ်နေပါဦးမယ် ဟ...ဟာ...ဟား"

ဟူလီနမှာယီချန်၏စကားကြောင့် ဆွေ့ဆွေ့ခုန်သွားရတော့၏။ အန်းဝေမှာတော့ ကျားလိမှသူမကိုယ်သူမ မိတ်ဆက်လာစဉ်ထဲက ထိုမျိုးရိုးအမည်ကို ရင်းနှီးနေပြီး မည်သည့်နေရာတွင်ကြားခဲ့ရမှန်း မမှတ်မိတော့သော်လည်း ရန်ဆက်စ၍မဖြစ်ဟု အလိုလိုခံစားနေရရာ ခွန်းတုံ့ပြန်ရန်ပြင်နေသည့် ဟူလီနအားတားလိုက်၏။ ဟူလီနမှာ သူမအားတားနေသည့် အန်းဝေကိုဆူငေါက်လိုက်ချင်သော်လည်း အန်းဝေမှလေးနက်နေသည့်မျက်နှာထားဖြင့် သူမအားပြန်ကြည့်လာသောကြောင့် အောင့်အီးထားလိုက်ရတော့သည်။

တစ်ဖက်တွင်တော့ ကျားလိမှာလည်း သူမအားယီချန်မှတားဆီးလိုက်သည့်အပေါ် မကျေမနပ်ဖြစ်နေသေးသည်။ ထို့ကြောင့် ယီချန့်အား မကျေမနပ်ဖြင့်ကြည့်ကာ ရန်တွေ့နေ‌ေတာ့၏။

"သူတို့တွေက စစ်တပ်ထဲမှာ ရှင့်ကိုအနိုင်ကျင့်ချင်ကြတဲ့ အုပ်စုမလား။ အဲ့ဒါကိုတောင် ရှင်ကပြေပြေလည်လည် စကားပြောချင်စိတ်ရှိနေသေးတယ်နော်။ ဒါ့အပြင် ကျွန်မကပြန်ပြောဖို့ လုပ်နေတာကိုလည်း တားလိုက်သေးတယ်။ ရှင့်စိတ်ထဲ ဘယ်လိုတွေတွေးနေတယ်ဆိုတာ နားကိုမလည်တော့ဘူး။ တစ်ကယ်ဆို သူတို့တွေကို ကိုင်တွယ်ဖို့က ကျွန်မအတွက်ဆို လက်တစ်ဖက်တောင်မြှောက်နေစရာ မလိုဘူးလေ"

All Chapters