← Chapters

Chapter 79

Vol. 8 Ch. 79

Chapter 79

Vol. 8 Ch. 79

ယီချန်မှာ ကျားလိ၏ မသိမသာ သဝန်တိုနေသော အမူအယာလေးကြောင့် အူယားသွားရကာ အနားရှိလမ်းကြားငယ်လေးတစ်ခုထဲဆွဲခေါ်၍ သူမလေးကို နံရံအားမှီစေကာ သူ့လက်တစ်ဖက်က သူမခေါင်းထက်ရှိ နံရံပေါ်တင်၍ ကျန်တစ်ဖက်အား ဘောင်းဘီအိတ်ထဲထည့်ထားပြီး အရိုင်းဆန်သောဟန်ပန်ဖြင့် ပြောလိုက်သည်။

"မင်းရဲ့အားအင်တွေကို အဲ့လိုမဖြစ်စလောက်အရာလေးတွေအတွက် ထုတ်မသုံးစေချင်လို့ပေါ့။ ပြီးတော့ ကိုယ်မင်းကိုတားရတာကလည်း သူတို့ပါးစပ်ထဲကအပုတ်နံ့တွေ မင်းဆီရောက်လာမှာစိုးလို့ပါ။ ဒါကြောင့် သဝန်တိုပြီးစိတ်မဆိုးပါနဲ့တော့နော်"

ကျားလိမှာ ယီချန်၏စကားကြောင့် ကျေနပ်သွားရသော်လည်း ပြန်ခံပြောလိုက်သေး၏။

"ဘာလဲ ကျွန်မကရှင့်ကိုသဝန်တိုနေပါတယ်လို့ ဘယ်လိုများတွေးလိုက်ရတာလဲ"

ယီချန်မှာတော့ အလိုလိုက်ထားသည့် လေသံဖြင့်လိုက်လျောပေးသည်။

"ဟုတ်ပါတယ် ဟုတ်ပါတယ် ကိုယ်မှားတာပါ။ ပြောရရင် ကိုယ့်အကြောင်းကို မင်းမှသေချာမသိထားရင် အခြားဘယ်သူကများ သေချာသိပါတယ်ဆိုပြီး ပြောရဲမှာလဲ။ ရှောင်မိန်လိရေ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုမယုံနိုင်တောင် မင်းကိုယ်မင်းတော့ ယုံကြည်နေရမယ်လေ။ မင်းရဲ့ညှို့အားပြင်းတဲ့ ဆွဲဆောင်မှုပင်လယ်ထဲကနေလွတ်ပြီး အခြားကန်လေးတစ်ခုဆီ ကူးသွားချင်ဦးမယ့် ငါး‌ရူးတစ်ကောင်ရှိနေမယ်လို့ ထင်လို့လား ဟမ်!"

ကျားလိမှာ ယီချန်အားမျက်စောင်းထိုးလိုက်ပြီး ရန်တွေ့လိုက်၏။

"ဘာလဲ ရှင်ဘယ်အချိန်ကစပြီး မောက်ရှုရို(တော်ကီကြွယ်တဲ့‌‌ေကာင်‌ေလး) ဖြစ်သွားရတာလဲ။ ရှင်ဒီလောက်အပြောကောင်းမှန်း မသိခဲ့ဘူး"

"မင်းသေချာမသိတာလား မသိချင်ယောင်ဆောင်နေတာလား။ ကိုယ်က မင်းဆီ ကြွေဆင်းသွားမိကတည်းက စကားတွေတတ်လာတာလေ.....ရှောင်မိန်လိရေ~~~"

ကျားလိမှာ ယီချန်၏ မြှူဆွယ်နေသလို အသံနိမ့်နိမ့်ကြောင့် ခေါင်းမော့ကြည့်လိုက်ရာ ယီချန်က ကိုယ်ဟန်တစ်ချက်မပျက်ပဲ ခေါင်းကိုသာငုံ့ကိုင်းကာ သူမ၏နှုတ်ခမ်းတို့ကို နမ်းရှိုက်လိုက်သည်။ ထိုစဉ် သူမတို့အား ကောင်းချီးပေးအပ်လာသလို ကောင်းကင်ယံထက်တွင် တောက်ပသောရောင်စုံ မီးရှူးမီးပန်းတို့က ပေါက်ကွဲကာ လမ်းကြားလေးထဲရှိ ကြင်သူနှစ်ဦးအပေါ် အလင်းရောင်ဖျဖျပေးစွမ်းလာလေ၏။

ယီချန်၏အပြောအတိုင်းပင် ဟူလီန၏ တက္ကသိုလ်ဘဝမှာ ဆွေးနွေးပွဲမကျင်းပခင်အချိန်ထိ စိတ်လှုပ်ရှားပျော်ရွှင်စရာတို့ဖြင့် ပြည့်နှက်နေသည်။ ဆွေးနွေးပွဲကျင်းပရာအခန်းထဲသို့ ဟူလီနနှင့်သူ၏သူငယ်ချင်းကောင်း ယွဲ့ယွဲ့တို့မှာ လက်တွဲ၍ဝင်လာကြ၏။ ပေကျင်းဆေးတက္ကသိုလ်တွင် သူမတို့နှစ်ဦးမှာ နတ်သမီးလေးများအလား နုနယ်သိမ်မွေ့သည့် စရိုက်ကြောင့် ယောင်္ကျားလေးထကြီးကြား နာမည်ကြီးလေသည်။

သူမတို့နှစ်ဦးခုံပေါ်ထိုင်ကာ တီးတိုးပြောနေကြစဉ် ဆွေးနွေးပွဲအားဦးဆောင်မည့် ပါရဂူကြီးကစင်ပေါ်တက်လာကာ မိတ်ဆက်လာ၏။ အခြားသူများမှာ ပါရဂူကြီး၏ ငယ်ရွယ်လှပလွန်းသော ရုပ်ရည်ကြောင့်အံ့ဩသွားကြသလို သူမတို့နှစ်ယောက်မှာလည်း လိပ်ပြာလွင့်မတတ်ထိတ်လန့်သွားကြသည်။ စင်ပေါ်တွင် ရပ်နေသူမှာအခြားသူမဟုတ်ပေ။ ကျားလိသာပင်ဖြစ်၏။ သူမသည်လည်း စင်အောက်ရှိထိုအမျိုးသမီးနှစ်ဦးအားတွေ့လိုက်ရပြီး ခေတ္တမျှကြောင်အမ်းသွားရသော်လည်း ဂရုမစိုက်ဟန်ဖြင့်သာ ပြုံးပြလိုက်သည်။

သူမမှာဤအတိုင်းပြုံးပြလိုက်သော်ငြား ထိုအမျိုးသမီးနှစ်ဦးအဖို့တော့ အလှောင်ခံနေရသလို ခံစားလိုက်မိ၏။ အထူးသဖြင့် ဟူလီနပါပင်။ ဆွေးနွေးပွဲတစ်လျှောက်လုံးသူမတို့နှစ်ယောက်မှာ အကြောင်းအရာပေါ် အာရုံရှိမနေခဲ့ကြပေ။ အချိန်ပြည့်၍ အတန်းဆင်းသည်နှင့် သူမတို့မှာ ကျားလိရှေ့တွင် ပိတ်ရပ်လာကြ၏။ ကျားလိမှာ နဂိုကသူမတို့အားလျစ်လျူရှုရန်စီစဉ်ထားပေသိ သူမတို့အားကြည့်ရသည်မှာ လွယ်လွယ်လက်လျှော့မည့်ပုံမရရာ သူမသည်လည်းတည်သီးပျော့(အနိုင်ကျင့်ချင်သလို ကျင့်နိုင်ပြီးခံနေရတဲ့လူ)မဟုတ်မှန်း ပြရပေမည်။

"ဪ ဘယ်သူများလဲလို့ တစ်နေ့ကတွေ့ခဲ့တဲ့ အစ်မပါလား။ ညီမမေ့နေတာကြည့်ပါဦး အဲ့နေ့ကအစ်မဒီကျောင်းမှာတက်နေတယ်လို့ ပြောခဲ့သေးတာနော်။ အစ်မကိုကြည့်ရတာ သင်ယူတဲ့နေရာမှာ အရမ်းကိုတက်ကြွမယ့်ပုံမလို့ ညီမအနေနဲ့ သင်ပြသွားတဲ့အချိန်မှာ အမှားအယွင်းရှိခဲ့ရင် ကြိုပြီးတောင်းပန်ပါတယ်နော်။ ညီမက ဆယ့်ကိုးနှစ်နဲ့တင် ပါရဂူဘွဲ့ရခဲ့တာဆိုတော့ အစ်မလိုအသက်အရွယ်နဲ့ ကျောင်းသူတစ်ယောက်ရဲ့ နားလည်နိုင်စွမ်းကို သိမထားလို့လေ။ ပြီး‌ေတာ့ ဒီဘက်ကအစ်မလည်း ညီမရဲ့သူငယ်ချင်းမဖြစ်နိုင်ပေမယ့် ဆရာတပည့်လာဖြစ်‌ေန‌ေတာ့ ကံစပ်တယ်ပြောရမယ်။ အဲ့‌ေတာ့‌ေနာက်ပိုင်း အစ်မတို့နားမလည်တာတစ်ခုခုရှိခဲ့ရင် ညီမဆီလာမေးပါနော်"

ဟူလီနနှင့်ယွဲ့ယွဲ့မှာ ကျားလိမှသူမတို့အားလှောင်ပြောင်နေမှန်းသိ၍ ကျားလိအားမကျေမနပ်ဖြင့် ကြည့်လိုက်သည်။ သူမတို့အ‌ေနဖြင့် ကျားလိအားရန်စကားပြောချင်ကြသော်လည်း သူမတို့ထက်အရင်ကျားလိကလက်ဦးသွားရာ ပြန်ပြောရမည့်စကားများပင် ပျောက်ရှသွားတော့၏။ သို့‌ေသာ် ဤနေရာတွင် သူမတို့သုံးဦးသာရှိနေ၍ မည်သည့်အမူအယာကိုမှ စောင့်ထိန်းစရာမလိုရာ ကျားလိအား‌ပြန်၍ချေပလာသည်။

"ငါ့တို့ကိုလာပြီးလှောင်မနေနဲ့။ နင့်ဘာသာနင် ဆရာဝန်မကလို့ဘာနေနေ နင့်အဆင့်ကဒုံရင်းက ဒုံရင်းဖြစ်နေမှာပဲ။ ပြီးတော့ ယီချန်ဆိုတဲ့လူကရော နင့်ကိုတစ်ကယ်ချစ်‌တယ်လို့ ထင်နေတာလား။ ဟာသပဲ...သူဆိုတဲ့လူက‌ေလအကျိုးသာမရှိရင် လှည့်ကြည့်လာမယ်ထင်လား။ နင်ကသာ တုံးအလို့သူ့တစ်မိသားစုလုံးကို ကျွန်လိုပြုစုနေရတာလေ။ အဲ့လိုဆိုမှ ငါကနင့်ကိုမလေးစားတောင် နင့်မှာဘာမှပြောပိုင်ခွင့်မရှိဘူး။ မကျေနပ်ဘူးလား မကျေနပ်လည်းအောင့်အီးနေလိုက်။

ငါ့ကို လာပြီးလှောင်ပြောင်ရဲလောက်အောင် နင့်ဆီအဲ့သတ္တိ‌ေတွ ဘယ်သူကပေးလာတာလဲ။ ယီချန်လား....ဪ ငါ့နှယ်!သူ့ဘာသာသူတောင် ခွေးတစ်ကောင်လို စစ်တပ်ထဲကကန်ထုတ်ခံလိုက်ရတာကို သူကဘယ်လိုလုပ်ပြီးနင့်ကိုသတ္တိပေးနိုင်မှာလဲနော်။ ထားလိုက်ပါတော့....ငါနင့်ကိုတစ်ခုပဲသတိပေးလိုက်မယ်။ ရှေ့လျှောက် နင့်အချိုးတွေမပြင်လို့ကတော့ နင့်ရဲ့လက်ရှိရာထူးတွေဆိုတာကို မေ့ထားလိုက်တော့တာ ပိုကောင်းမယ်နော်"

တစ်ဖက်ရှိယွဲ့ယွဲ့မှာတော့ သူမတို့ကြားယီချန်က ပါဝင်ပက်သက်လာမည်ကို တွေးမထားမိပေ။ ဟူလီန၏အမြင်အရ ယီချန်မှာအဖြစ်မရှိသည့် လူဆိုသော်လည်း တစ်ကယ့်အဖြစ်မှန်ကို သူမသိထားလေသည်။ သို့သော် သူမသည်လည်းဝင်ဖြန်ဖြေချင်စိတ်ရှိမနေပေ။ သူမရှေ့ရှိ မိန်းမအတွက်နှင့် ယီချန်မှာသူမအားပြောဆိုခဲ့၏။ ဟူလီန၏အဖေမှာ ရာထူးကြီးထဲကဖြစ်ရာ ယီချန်တို့အား မှတ်လောက်အောင် ပညာပေးခံရလည်း မဆိုးဟုသူမထင်၍ပင်။

ကျားလိမှာတော့ ဟူလီန၏နှုတ်ခမ်းမှ ယီချန်အားစော်ကားမော်ကား ပြောလာသည်ကြောင့် ဒေါသထွက်သွားရကာ အားကုန်သုံး၍ ဟူလီန၏မျက်နှာအားဖြတ်ရိုက်ချလိုက်သည်။ ထို့နောက် နာကျင်နေသော လက်အားခါကာပါးနပ်စွာပြုံး၍ပြန်ဖြေလိုက်၏။

"ဘယ်လိုလုပ်ရပါ့မလဲနော်။ ကျွန်မကလည်း ခြိမ်းခြောက်လာတာတွေကိုကြောက်နေတတ်တဲ့လူမဟုတ်လို့လေ။ ဒါနဲ့ ရှင့်မိဘတွေကရှင့်ကိုသေချာသင်ပြမထားခဲ့ဘူးပဲ။ ကိုယ်ကဘယ်အမြင့်ထိ လှမ်းကိုက်‌နိုင်တယ်ဆိုတာကို ရှင့်မိဘတွေက သင်မပေးခဲ့တော့လည်း ကျွန်မကပဲသင်ပြပေးရတာပေါ့"

ကျားလိမှာ ထိုစကားအားပြောပြီး သူမရိုက်ချက်ကြောင့် ကြောင်အမ်းနေသေးသော ဟူလီနနှင့်ယွဲ့ယွဲ့အား လေးလေးနက်နက်ကြည့်ကာ ထွက်သွားတော့၏။ ထိုအခါမှ ဟူလီနလည်းသတိပြန်ဝင်လာခဲ့ပေသိ ကျားလိမှာထွက်သွားပြီးဖြစ်ရာ ကျိန်ဆဲရုံသာတတ်နိုင်တော့သည်။

"ကောင်းပြီလေ နင်ကဒီလောက်ယုံကြည်ချက်ရှိနေမှတော့ အမြင့်ကပြုတ်ကျရင် ဘယ်လောက်အထိနာရလဲဆိုတာ သိအောင်လုပ်ပေးရမှာပေါ့"

ယွဲ့ယွဲ့မှာတော့ ဒေါသတကြီးဖြစ်နေသော ဟူလီနအားကြည့်ကာ ခေါင်းငုံ့၍ပြုံးလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ ထိုမိန်းမရော ယီချန်ပါဒုက္ခရောက်တော့မည့်ပုံပင်။ သို့သော် ဘဝကြီးမှာ သူမတို့စိတ်တိုင်းကျဖြစ်မလာသည်ကခက်လေ၏။ ကျားလိနှင့် စကားများပြီးနေ့မကူးခင်တွင်ပင် ဟူယွမ်ချွမ်မှ ကျောင်းဝင်းထဲဒေါသတကြီးဝင်ချလာကာ ဟူလီနအားအဆောင်မှဆင်းလာခိုင်းပြီး သူမဘာမှမပြောနိုင်သေးခင် ပါးအား,အသားကုန်ရိုက်ချလိုက်သည်။

နေ့ခင်းကကျားလိရိုက်သွားသော ပါးပေါ်ယောင်္ကျားသားတစ်ယောက်၏ အားကုန်ရိုက်ချက်အား ထပ်မံလက်ခံလိုက်ရ၍ ဟူလီနမှာထုံထိုင်းသွားသလို ခံစားနေရ၏။ သူမနှုတ်ခမ်းထောင့်မှသွေးတို့အားသုတ်ကာ ဖခင်ဖြစ်သူထံအံ့ဩတကြီးကြည့်လိုက်သည်။ ဤသည်မှာ သူမသက်တမ်းတစ်လျှောက် ဖခင်ထံမှပထမဆုံးအရိုက်ခံဖူးခြင်းပင်။ ဝိုင်းကြည့်နေသော လူအုပ်ကြီးကြောင့် ဟူလီနမှာရှက်ရွံ့မှုဖြင့် စောဒကမတက်နိုင်ခင် ဟူယွမ်ချွမ်မှာဆက်လက်ကြိမ်းမောင်းရင်း နောက်နေ့တွင် ကျားလိနှင့်ယီချန်အား တောင်းပန်ရန်သွားရမည်ဟု ပြောလာသည်။

ဟူလီနမှာငြင်းဆန်ချင်သော်လည်း သူမဖခင်ပြောပြလာသော အ‌ေကြာင်းအရာများအား နားထောင်ကာကျောများပင် အေးစိမ့်သွားရ၏။ ဟူလီနတွင် ပြန်ပြောစရာစကားမရှိတော့ပေ။

"အဲ့တော့ သူတို့ဆီသွားမတောင်းပန်ရင် အဖေ့အလုပ်ကပျောက်ကွယ်သွားတော့မှာပေါ့။ ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အဖေက နိုင်ငံအတွက်တစ်လျှောက်လုံး ပေးဆပ်ခဲ့တာလေ"

ဟူယွမ်ချွမ်မှာတော့ တုံးအလှသည့်သမီးဖြစ်သူအားကြည့်ကာ အလိုလိုက်ခဲ့မိသည်ကိုပင် နောင်တရသွားခဲ့သည်။ သူသည်နိုင်ငံအတွက် ပေးဆပ်သည်ဆိုသော်ငြား ထိုရာထူးဖြင့် ကိုယ်ကျိုးကိစ္စများစွာလုပ်ကိုင်ခဲ့သည်လေ။ ထိုကိစ္စများကြောင့် သူသည်နှုတ်မထွက်ခဲ့တောင် ရာထူးနေရာမှာ‌မသေချာတော့ပေ။ သူမတို့သားအဖအား ဝန်းရံစပ်စုနေကြသည့်လူအုပ်ကြီးမှာ အချင်းချင်းတီးတိုးပြောနေကြစဉ် ကျောင်းသားရေးရာဌာန၏ဆွဲခေါ်ခံလာရသည့် ယွဲ့ယွဲ့ကို တွေ့လိုက်ကြပြန်သည်။

ယွဲ့ယွဲ့မှာ အခြားသူ၏အောင်လက်မှတ်အားဖြတ်လုခဲ့သည်ဟူ၍ပင်။ ထိုလုပ်ရပ်ကြောင့် သူမ၏မွေးစားဖခင်ပင် အလုပ်ပြုတ်သွားခဲ့သည်ဟု အကြောင်းစုံသိလာသူတို့ကပြောလာ၏။ ယနေ့သည်တော့ ရှန်ဟိုင်း‌ေဆးတက္ကသိုလ်ကြီး ပွက်လောရိုက်သွားသည့် နေ့တစ်နေ့ပင်။ ယောင်္ကျားထုကြီး၏ရင်ထဲမှ နတ်သမီးလေးများမှာ မြင်ရသလောက်မရိုးရှင်းမှန်း သိကုန်ကြတော့သည်။

‌သူမအား အလိုလိုက်ပေးနေကျလူမှ ရက်ရက်စက်စက်‌ေပြာဆိုလာပြီး စွန့်ပစ်ခံလိုက်ရ၍ မျှော်လင့်ချက်ပျက်သုဉ်းသွားသော ယွဲ့ယွဲ့မှာ ဖိုသီဖပ်သီဖြင့် ပျာယာခတ်နေသည့်ပုံဖြင့် ဟူလီနနှင့် အကြည့်ချင်းဆုံသွားခဲ့၏။ မျက်လုံးများမှတစ်ဆင့် သူမတို့ ပြောချင်‌ေနသည်တို့ကို မြင်နေရလေသည်။ သူမတို့ရှုံးခဲ့လေ၏..... နိုင်မည်ဟု ထင်ခဲ့သည်ကြောင့်လည်း ပို၍ အထိနာသည်ထိ ရှုံးခဲ့ခြင်းပင်။

All Chapters