← Chapters

Chapter 80

Vol. 8 Ch. 80

Chapter 80

Vol. 8 Ch. 80

ယနေ့သည် ထျန်းယီဗီလာဝင်း၏ အရေးကြီးသောနေ့တစ်နေ့ဖြစ်သည်။ ဤဗီလာဝင်းမှာ နာမည်အတိုင်းပင် ခမ်းနားကြီးကျယ်လှပလွန်း၍ ဆောက်လုပ်စဉ်ထဲမှ လူတိုင်း၏စိတ်ဝင်စားစောင့်ကြည့်မှုကို ခံနေရသောနေရာတစ်ခုပင်။ ဗီလာဝင်းကြီးအား ငါးနှစ်တိုင်တိုင်အချိန်ယူ၍ အသေးစိတ်ဆောက်လုပ်ထားပြီး ငွေကိုရေလိုသုံးဖြုန်းနိုင်သူများမှ မြေတစ်ကွက်စာပင်ရရ ဝယ်ယူထားချင်လျှင်ပင် မရနိုင်ချေ။

ငွေကြေးအပြင် အာဏာရှိသူများသာ ဤနေရာရှိမြေကွက်အားဝယ်ယူခွင့်ရသွားခြင်းပေ။ ထိုသို့သောလုပ်ရပ်များမှာ စီးပွားရေးသမားအချို့အားမကျေမနပ်ဖြစ်စေခဲ့သော်လည်း ဤဗီလာဝင်းနောက်ကွယ်မှ ထောက်ပံ့ပေးနေသော အင်အားစုကြောင့် ပြဿနာမရှာရဲကြချေ။ ဗီလာဝင်းကြီးထဲတွင် ဆေးရုံ၊ဈေး၊ကျောင်း၊ပန်းခြံ၊ကစားကွင်း အစရှိသဖြင့် မြို့ငယ်လေးတစ်ခုသဖွယ် စုံလင်စွာရှိထား၏။

ထူးခြားသည်မှာ ဗီလာဝင်းထဲရှိ အိမ်ရာတိုင်းမှာ ရှေးမူမပျက်တည်ဆောက်ထားခြင်းဖြစ်ပြီး စိမ်းစိုအုံ့မှိုင်းသော ဝါးတောကြီးများကြောင့်လည်း ရှုခင်းမှာလွမ်းမောဖွယ်ဖြစ်နေစေတော့သည်။ ခြံဝင်းတစ်ခုစီအား ကာရံထားသည့် ကျောက်တံတိုင်းများထက်တွင်လည်း သောကပန်း‌ေရာင်စုံများ၊စံပယ်ပင်များ၊နှင်းဆီ‌ေရာင်စုံခြုံများနှင့် သခွတ်ရောင်စုံနွယ်များမှာ လှပစွာနေရာယူထားသေး၏။

ဗီလာဝင်းထဲရှိ ရှိသမျှလမ်းများ၏ဘေးတစ်ဖက်တစ်ချက်စီတွင် တတိုင်းမွှေး၊ဇီးပန်း၊မက်မွန်၊ချယ်ရီ၊သစ်တော်ပင်တို့က အခက်အလက်များ ဖြန့်ကျက်ထားရာ နေ့လည်ခင်းနေပူပူတွင်ပင် အေးဆေးသက်သာစွာ‌လမ်းလျှောက်ထွက်နိုင်လေသည်။ ပန်းခြံတွင်ဆိုလည်း westeriaပန်းရောင်စုံများမှာ အလှစင်ကာဖန်တီးပေးထားသည့် စင်များတစ်လျှောက် သွယ်တန်း၍မြိုင်မြိုင်ဆိုင်ဆိုင်ပွင့်ဖူးနေကြသည်မှာ စိတ်ကူးယဉ်အိပ်မက်နယ်မြေထဲ လျှောက်လှမ်းနေရသလို ခံစားစေရပြီး အက်စတာ၊ကမ်မလီယာ၊ဂန္ဓမာ၊ရေနတ်သမီး၊ထပ်တရာ၊ပျိုနီ၊ဒေစီ၊နှင်းဆီ၊နေကြာ စသည့်ပန်းမျိုးစုံတို့ကိုလည်း အခင်းကြီးလိုက်စိုက်ပျိုးထားရာ ထိုပန်းခြံတွင်းခဏတာအနားယူလိုက်ရပါလျှင် ပူပင်သောကမှန်သမျှလွင့်စင်ပပျောက်သွားစေနိုင်၏။

ထို့အတူ အိမ်ဝင်းများကြားတစ်လျှောက်တွင်လည်း လိမ္မော်၊ပန်းသီးစသည့်အသီးပင်များလည်း ရှိနေသေးသည်။ ဗီလာဝင်းထဲတွင် လယ်စိုက်ဝါသနာရှင်များအတွက် လယ်မြေကွက်နေရာများပင်အငှားချထားသေး၏။ ထိုလယ်မြေပေါ်တွင် ကိုယ်ကြိုက်ရာစိုက်ပျိုးနိုင်ပြီး ကိုယ့်တွင်လယ်မြေပြုစုရန်အချိန်မရှိပါလျှင် လယ်အလုပ်သမားများအား ငှားနိုင်ပါသည်။ အဓိကမှာတော့ ဗီလာဝင်းရှိနေထိုင်သူများသာ ပိုင်ဆိုင်ခွင့်ရှိသော အရည်အသွေးမြင့်မျိုးစေ့များပင်။

ထိုမျိုးစေ့များအားဝယ်ယူရန်ခက်ခဲလှပေသိ ဗီလာဝင်းတွင်းနေထိုင်သူများအဖို့တော့ လိုသလောက်ဝယ်ယူနိုင်ပေသည်။ ပြောရလျှင် ဤထျန်းယီဗီလာဝင်းကြီးတစ်ခုလုံးမှာ နိဗ္ဗာန်ဘုံအလား တင်စားရလောက်အောင် စွဲမက်ဖွယ်ကောင်းလွန်းလှ၏။ ရက်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရသည့် ဝယ်ယူလိုသူများမှာ နောက်ဆုံးတွင်တော့ ထျန်းယီဗီလာဝင်းထဲ တရားဝင်ခြေချခွင့်ရခဲ့ပြီပင်။ သူတို့အတွက် ပိုဂရုစိုက်ရသောကိစ္စမှာ ဗီလာဝင်းထဲဝင်ရဖို့ထက် ယနေ့တွင်ကျင်းပမည်ဖြစ်သောမင်္ဂလာပွဲအား တက်ရောက်ခွင့်ရမရကိုပေ။

မင်္ဂလာပွဲတက်ရောက်လာသူများမှာ ရှန်ဟိုင်းမြို့တွင်း နှာတစ်ချက်ချေရုံဖြင့် သိမ့်သိမ့်တုန်သွားအောင် လုပ်နိုင်သူများသာဖြစ်ကြ၏။ မင်္ဂလာမောင်မယ်မှာတော့ အခြားသူများမဟုတ်ပေ။ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရပြီးနောက်ဆုံးတွင်တော့ ယီချန်မှာ ကျားလိအား လက်ထက်ခွင့်ရခဲ့လေပြီ။ ခြောက်နှစ်တာကာလပတ်လုံး ယီချန်မှာ အားသွန်ခွန်စိုက်ကြိုးစား၍ သူနှင့်ကျားလိအတွက် အိမ်လေးကိုအ‌ေသးစိတ်ဖန်တီးခဲ့လေသည်။ ထို့ပြင် ကျားလိအားမင်္ဂလာလက်ဆောင်အဖြစ် ထျန်းယီ၏ရှယ်ယာငါးဆယ်ရာခိုင်နှုန်းအားပေးအပ်ခဲ့၏။

ထျန်းယီဗီလာဝင်းထဲရှိ နေရာအကျယ်ဆုံးနှင့် အခမ်းနားဆုံးအိမ်ဝင်းထဲရှိ အခန်းတစ်ခုတွင်တော့ အလုပ်များနေသောလူများဖြင့် ရှုပ်ယှက်ခတ်နေတော့သည်။

"‌ပြီးပြီမလား မြန်မြန်လုပ်ကြဟေ့ မင်္ဂလာချိန်ကနီးနေပြီ"

"နေပါဦး သတို့သမီးကိုအရင်ဗိုက်ဖြည့်ပါစေ မဟုတ်ရင် တစ်နေကုန်ဗိုက်ဆာနေပါ့မယ်"

"ပဝါစကဘယ်ရောက်သွားပြန်တာလဲ ရှာကြပါဦး"

"ရှောင်စစ် ရှောင်ရှင်း မင်းတို့တွေလျှောက်ပြေးမနေကြနဲ့ ဧည့်သည်တွေကိုဝင်တိုက်ကုန်တော့မယ်"

"ရှောင်ကျား ခါးပတ်ကတင်းနေလား လျှော့ဦးမလား"

"ဆံထိုးကစောင်းနေတယ် တည့်လိုက်ဦး"

"သတို့သားက ဒီနေရာကိုဘာလို့ရောက်လာတာလဲ။ သတို့သမီးခေါင်းပေါ်ပဝါအမြန်အုပ်လိုက်ဟေ့"

ယီချန်မှာကျားလိအား လာကြည့်စဉ်ဆူညံပွက်လောရိုက်နေသည့် အသံများကြောင့် မရယ်မိပဲမနေနိုင်တော့ပေ။ ကျားလိအား ပြင်ဆင်ပေးနေသည့် သူတို့မင်္ဂလာခန်းရှေ့အရောက်တွင် ရှောင်ကျိန့်နှင့် သူ၏ညီငယ်များက တားလာ၍ စာအိတ်နီတို့အား ဝေပေးလိုက်၏။ ထိုစဉ် မင်္ဂလာခန်းတံခါးကပွင့်လာပြီး ထွက်လာကြသောအမျိုးသမီးအုပ်စုမှာ ရွှေရောင်နဂါးပုံချည်ထိုးထားသည့် နီရဲရဲသတို့သားဝတ်ရုံရှည်ဖြင့် ခန့်ညားချောမောနေသော ယီချန့်အားကြည့်ကာ ချီးကျူးကုန်ကြသည်။

"ရှောင်ယီကတော့ အရင်ကထက်တောင်ပိုကြည့်ကောင်းလာပြန်ပြီ"

"ဟူး ကလေးစုတ်လေးကတော့ မျက်စိရှေ့တင်အရွယ်ရောက်လာပြီး ခုတော့ဇနီးတောင်ရသွားပြီပဲ"

"ရှောင်ယီ မင်းရှောင်ကျားကို လာတွေ့တာမလား မြန်မြန်ကြည့်ပြီး ပွဲထဲပြန်တော့။ ရှောင်ကျားကို ဟွားတန်ဆွဲမပေးရသေးဘူး"

ယီချန်မှာ မရီးလီတို့အုပ်စုအား ပြင်ဆင်ထားသည့်စာအိတ်နီများ ဝေပေးရင်းခေါင်းငြိမ့်ပြလိုက်သည်။ ယခုဆိုလျှင် မရီးလီတို့မှာ ထျန်းယီဗီလာ၏ လယ်ကွက်တာဝန်ခံများဖြစ်နေပြီဖြစ်ကာ ရှောင်ကျိန့်မှာလည်း အနားယူထားသည့် စစ်သားဟောင်းများအား ခေါ်ယူပြီးပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတစ်ခုတည်ထောင်ထား၏။ ယီချန်သည် အပြုံးလေးဖြင့် ပျော်ရွှင်နေကြသောလူအုပ်ကြီးအား ဖြတ်ကာကျားလိဆီလျှောက်လာလိုက်သည်။

အခန်းထဲရှိ လူများမှာလည်း နားလည်မှုဖြင့်ထွက်သွားပေးကြရာ သူတို့နှစ်ယောက်သာကျန်နေတော့၏။ ယီချန်မှာ ကျားလိအားလောဘတကြီး စိုက်ကြည့်နေမိသော်လည်း ပဝါနီနီကသူမ‌ေခါင်းထက်ဖုံးအုပ်ထား၍ သူမကိုယ်ထက်တွင် လှပစွာတည်ရှိနေသော အနီရောင်သတို့သမီးဝတ်ရုံလေးကိုသာ မြင်နေရသည်။ သို့သော် ထိုသည်ကပင် ယီချန်၏စိတ်လှုပ်ရှားမှုအားမတားဆီးနိုင်ပါပေ။

ယီချန်သည် ကျားလိရှေ့တွင်ရပ်ကာ ပြင်ဆင်ထားသည့် အနီရောင်စုတ်တံအား ကောက်ယူရန်ပြင်လိုက်စဉ် ကျားလိကသူ့လက်အားတားလိုက်၏။

"ရှင်ဘာ‌ေတွလုပ်မလို့လဲ။ ပေကုန်လိမ့်မယ်"

ယီချန်သည် သူ့လက်ပေါ်ရှိ ကျားလိ၏လက်လေးအား ဆွဲယူဆုပ်ကိုင်ကာ ပြောလိုက်သည်။

"ကိုယ့်ရဲ့ဇနီးလေးအတွက် ဟွားတန်ဆွဲပေးမလို့လေ။ ကိုယ့်မှာဒီရက်အတွက် ပြင်ဆင်ထားရတာ ကြာလှပြီ"

ယီချန်၏စကားကြောင့် ကျားလိမှာမသေချာဟန်ဖြင့် ပြောလာ၏။

"ရှင်သေချာလို့လား။ ကျွန်မကိုရုပ်ဆိုးအောင်လုပ်မိရင်တော့ ရှင်နဲ့ကျွန်မတွေ့ပြီပဲ"

ယီချန်မှာ သဘောတကျရယ်ရင်း ကျားလိခေါင်းထက်ရှိ ပဝါစလေးအားပင့်တင်လိုက်ရာ အသက်ရှူမှားရလောက်သည်ထိ လှပလွန်းသည့်မျက်နှာလေးမှာ လှစ်ဟပေါ်လွင်လာတော့သည်။ ယီချန်မှာ ပြင်းပြင်းထန်ထန်နမ်းရှုံ့ပစ်ချင်စိတ်တို့အား ထိန်းချုပ်၍ စုတ်တံအားကောက်ကိုင်ကာ သူမလေး၏မျက်ခုံးကြားတွင် ကြာပန်းပုံလေးအား အသာအယာဆွဲပေးလိုက်၏။

ကျားလိမှာလည်း မှန်ထက်ရှိပုံရိပ်ထင်‌ေန‌ေသာ ကြာပန်းနီလေးအားကြည့်ကာ ယီချန့်အားချီးကျူးလိုဟန်ဖြင့် ကြည့်လိုက်သည်။ ယီချန်သည် ကျားလိ၏အကြည့်ကြောင့် အသာရယ်လိုက်ရင်း ပဝါစကိုပြန်အုပ်ပေးလိုက်ကာ သူမလက်လေးအားဆွဲ၍ လူအများ၏သြဘာသံများကြား မင်္ဂလာပွဲကျင်းပမည့်‌ေနရာဆီ လျှောက်လှမ်းလာလိုက်၏။ မရီးလီတို့အုပ်စုမှာလည်း ယီချန်မှကျားလိအတွက် ဟွားတန်ဆွဲပေးလိုက်သည် ဆိုသည့်အချက်ကို စနောက်ရယ်မောနေကြသည်။

ယီချန်သည် ကျားလိ၏လက်လေးအားတွဲ၍ စင်မြင့်ထက်မှနေ ဆရာဖြစ်သူနှင့်တိုးတိုးတိတ်တိတ် လေသံဖြင့်ငွေရှာရန်နည်းလမ်းထုတ်နေကြသည့် ရှောင်စန်းတို့ဆရာတပည့်နှစ်ယောက်၊တစ်ဦးနှင့်တစ်ဦး နားလည်မှုဖြင့်ခရီးဆက်နေကြသည့် ပျော်ရွှင်စွာရယ်မောနေကြသောရှောင်ဟွေ့နှင့် ကျွမ်းဟူတို့အတွဲ၊စားပွဲများထက်ရှိ အစားအသောက်များအား မြည်းစမ်းရင်းပတ်ဆော့နေကြသော ရှောင်စစ်နှင့်ခယ့်ရှင်းတို့အပြင် ကလေးနှစ်ယောက်အား ဆူငေါက်နေသော်လည်း အပြုံးမပျက်သည့် အမေယီတို့အားကြည့်ရင်း မြတ်နိုးသူကိုလက်တွဲကာ အောင်မြင်သောဘဝအားလျှောက်လှမ်းနေသည့် ကိုယ်ကိုတိုင်ကိုလည်း ပြန်ကြည့်မိပြီး ‌ေနာက်ဆုံးတွင်တော့ သူတို့မှာ စာအုပ်ထဲရှိနိဂုံးနှင့်မတူပါဘဲ ကိုယ်စီပျော်ရွှင်မှုများ ပိုင်ဆိုင်လိုက်ရသည်ကို နားလည်လိုက်မိသည်။ ထိုသို့သော ပျော်ရွှင်မှုများအား ခံစားနိုင်အောင်လက်ကမ်းပေးခဲ့သည့် သူချစ်မြတ်နိုးရသော အမျိုးသမီးလေးအားကြည့်ကာ ယီချန်သည် လေးလေးနက်နက်ပြောလိုက်၏။

"ကျေးဇူးပါနော် ကိုယ့်ရဲ့ရှောင်မိန်လိ"

ကျားလိမှာ သူမ၏ဒုတိယဘဝတွင်မှ ကြုံတွေ့ခံစားခဲ့ရသည့် ရင်ခုန်စိတ်လှုပ်ရှားမှုများနှင့် တစ်သက်တာလက်တွဲသွားရမည့် အမျိုးသားလေးအားရှာတွေ့ခဲ့ရသည့်အတွက် သူမအပေါ်စိတ်မချဖြစ်ခဲ့ဖူး‌ေသာ အဘွားဖြစ်သူကို သတိရမိခဲ့သော်လည်း ဘဝဆိုသည်မှာ ရှေ့သို့ဆက်သွားနေရမည်ဖြစ်ရာ သူမသည်လည်း အတိတ်တွင်ပင်ရပ်နေရန် စိတ်ကူးမရှိချေ။ ထို့ပြင် ဤနေရာတွင်လည်း သူမအားစိတ်နှလုံးအရင်းခံဖြင့် ချစ်မြတ်နိုးပေးကြသည့် လူများလည်းရှိနေရာ သူမအဖို့နောင်တမရှိပါပေ။ ထိုသို့သော ချစ်ခြင်းမေတ္တာများအား ဖန်တီးပေးခဲ့သောအမျိုးသားလေးအားကြည့်ကာ ကျားလိသည်လည်း မြတ်မြတ်နိုးနိုးဖြင့်ပြန်ပြောလိုက်၏။

"ကျေးဇူးပါနော် အရှုပ်ထုပ်လေးချန်"

ယီချန်မှာ ကျားလိ၏အပြောကြောင့် ရယ်မိသွားသည်။ သူတို့နှစ်ဦးမှာ အချိန်တိုအတွင်း ချစ်မိခဲ့သော်လည်း ကာလရှည်ကြာမည့်ချစ်ခြင်းကို အသက်သွင်းသွားကြပေမည်။ သူတို့မှာ ထောင်သောင်းချီသော လူအများကြားမှ ဖြတ်သန်းခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး ဆုံတွေ့ခဲ့ကြ၏။ ဘဝတစ်သက်တာအတူလျှောက်လှမ်းရန် ကံတရားမှတွဲဖက်ပေးလာသည့် သူတို့နှစ်ဦးမှာ အချိန်ကာလများအား ကျော်လွန်လာခဲ့ပြီးနောက်တွင်တော့ တစ်ယောက်၏လက်ကို တစ်ယောက်က ဆုပ်ကိုင်ကာ ရှေ့ဆက်လျှောက်သွားကြတော့မည် ဖြစ်သည်။

"ကောင်းကင်နဲ့မြေကြီးကို ဂါရဝပြုပါ"

"မိဘတွေကို ဂါရဝပြုပါ"

"ဇနီးမောင်နှံအချင်းချင်းဂါရဝပြုပါ"

~~~ပြီးပါပြီ~~~

All Chapters