သိုင်းလောကအား လှုပ်ခါစေခြင်း
Vol. 4 Ch. 366
"ချန်းပေ့ရွှမ်း နိုင်တယ်"
ချန်းဖန် ရှီဘ ပန်းခြံမှ ထွက်လာစဉ်မှာပင် ထိုသတင်းက သမုဒ္ဒရာများကို ဖြတ်သန်း၍ တရုတ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။ ထိုရလဒ်က တရုတ် သိုင်းလောက တစ်ခုလုံးအား အကြီးအကျယ် လှုပ်ရှား သွားစေခဲ့တော့သည်။
"ချန်းပေ့ရွှမ်း အနိုင်ရခဲ့တယ်။ သူက ဂျပန်ဧကရာဇ်ရဲ့ ဓားသူတော်စင်ဘွဲ့ခံ ဂျပန်ရဲ့ အစွမ်းအထက်ဆုံး ပညာရှင်ကို အနိုင်ရခဲ့တယ်…"
လူများစွာကား ချန်းပေ့ရွှမ်း၏ အနိုင်ရမှုအား ပျော်ရွှင်စွာ ပြောဆို နေကြတော့၏။ မြစ်မြောက်ပိုင်း ဝေ့မိသားစု၊ ပါးကျီဂိုဏ်း၊ ရှင်းရီဂိုဏ်း၊ ကူမိသားစု၊ လုမိသားစု … စသည်ဖြင့် တရုတ်သိုင်းလောကမှ မိသားစုများ၊ ဂိုဏ်းများစွာကား ဂုဏ်ယူမှုဖြင့် အောင်ပွဲခံ နေကြတော့၏။
လွန်ခဲ့သည့် ရာစုနှစ်များ အတွင်း တရုတ် နိုင်ငံ၏ သမိုင်းကြောင်းက အရှက်ရစရာများ ဖြင့်သာ ပြည့်နှက် နေခဲ့သည်။ ပြည်ပ ကျူးကျော်မှု၊ ပြည်တွင်း ပုန်ကန်မှုများဖြင့် လုံးပန်းခဲ့ရသည့် အပြင် စစ်ဘေးဒဏ်မှလည်း အကြိမ်ကြိမ် ပြန်လည် တည်ဆောက်ခဲ့ရ သေးသည်။
သို့သော်လည်း ဂျပန်ကမူ စက်မှုနိုင်ငံ အဖြစ် တည်ဆောက် နိုင်ခဲ့ကာ ခေတ်သစ်လူနေမှု အဆင့်အတန်းကို တည်ထောင် နိုင်ခဲ့သည်။ ထို့ကြောင့်ပင် ဂျပန်နိုင်ငံ၏ အဆင့်အတန်းက တရုတ်ထက် များစွာ အသာရသွားကာ တရုတ်အပေါ် အမြဲတမ်း အထင်သေးလာခဲ့၏။
ထို့ကြောင့်ပင် ချန်းဖန်နှင့် ဓားသူတော်စင်တို့၏ တိုက်ပွဲက ထင်မှတ် ထားသည်ထက် ပိုမို လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။ ချန်းပေ့ရွှမ်း အနိုင်ရခြင်းမှာ တရုတ်က ဂျပန်အပေါ် အနိုင်ရခြင်းနှင့် အတူတူပင်။
တာကီမီယာ ဟီရို၊ ချန်းပေ့ရွှမ်း ကဲ့သို့သော အထွတ်အထိပ်များမှာ နိုင်ငံအတွက် စစ်တပ် နည်းပညာများထက်ပင် ပိုမို အရေးပါသည်ဟု ဆိုနိုင်သည်။ တိုကျိုမျှော်စင်အား ဥပမာ ပေးရလျှင် မျှော်စင် တစ်ခုလုံးမှာ စတီးဖြင့် ပြုလုပ်ထားရာ ဗုံးထောင်၍ ဖောက်ခွဲလျှင်ပင် မပျက်စီးနိုင်ချေ။ သို့သော်လည်း ထိုမျှော်စင်ကား ချန်းပေ့ရွှမ်းနှင့် ဓားသူတော်စင်တို့၏ တိုက်ပွဲ၌ ပျက်စီးသွားခဲ့သည်။ ထိုကဲ့သို့သော အဖြစ်အပျက်က အထွတ်အထိပ်များ၏ အစွမ်းနှင့် တန်ဖိုးကို ဖော်ပြနေသည် မဟုတ်ပါလား။
***
"ငါပြောသားပဲ … ချန်းပေ့ရွှမ်း နိုင်မှာ ငါသိနေတယ်လို့…"
"ဟ ဟ … ငါ့အတွေးနဲ့ ထပ်တူပါလား … ဟိုဂျပန်ကောင် အသက် ဘယ်လောက်ပဲ ကြီးကြီး သူလုပ်နိုင်တာ ဘာမှမရှိဘူး…"
လူငယ် သိုင်းသမား များစွာမှာ ရှင်းရီဂိုဏ်း၌ စုစည်းရင်း တိုက်ပွဲ အကြောင်း အလုအယက် ပြောဆိုနေကြသည်။ လူငယ်များ ပြောဆို နေစဉ်မှာပင် လက်တစ်ဖက်သာ ရှိသော အသက်လတ် လူကြီး တစ်ယောက် အခန်းထဲသို့ ဝင်လာကာ စကားသံ အကျယ်ဆုံး လူငယ်ကို ဝှေ့ကြည့် လိုက်သည်။
လူငယ်များစွာမှာ ထို လက်တစ်ဖက်ပြတ် လူကြီးအား တွေ့သည်နှင့် ပါးစပ်များကို ထိတ်လန့်စွာ ပိတ်လိုက်ကြမိသည်။ သို့သော်လည်း လက်တစ်ဖက်ပြတ် လူကြီးက သူတို့အား ပြုံး၍ ခေါင်းညိတ်ပြကာ ပြန်လည် ထွက်ခွာ သွားတော့၏။
လက်တစ်ဖက်ပြတ် လူကြီး ပြန်လည် ထွက်ခွာ သွားသည်နှင့် အချို့က စကားသံ ကျယ်သော လူငယ်အား ကြည့်ရင်း…
"တိုးတိုး ပြောပါကွ… အကြီးအကဲစွန်းက ချန်းပေ့ရွှမ်းနဲ့ ရန်သူ ဖြစ်ဖူးတယ်။ ဒါတောင် မင်းက သူ့ရှေ့မှာ ချန်းပေ့ရွှမ်း အကြောင်း ကျယ်လောင် ကျယ်လောင်နဲ့။ ဘာလဲ… အသက်ရှင်ရတာ ပျင်းနေတာလား…"
စကားသံ ကျယ်သော လူငယ်က ဘာမှ ပြန်မပြောပဲ ခေါင်းကိုသာ ကြောက်ရွံ့စွာ ငုံ့လိုက်တော့သည်။
လက်တစ်ဖက်ပြတ် လူကြီးကား ရှင်းရီဂိုဏ်း၏ အထွတ်အထိပ် တစ်ပိုင်းအဆင့် အကြီးအကဲ စွန်းဝူတိပင်။ လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်က ချန်းပေ့ရွှမ်းအား တိုက်ခိုက်ရန် လူ့အချို့နှင့် ပူးပေါင်းကာ ချီတက်ခဲ့သော်လည်း ထုံရှန်း၏ လက်အောက်၌ လက်မောင်းတစ်ဖက် ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် ချန်းပေ့ရွှမ်းအား သူ မုန်းတီးမည်မှာ သံသယ ရှိစရာ မလိုချေ။
"ဒါပေမဲ့ အကြီးအကဲစွန်း ပြုံးသွားတာ ငါမြင်လိုက်တယ်။ သူ ငါပြောနေတာကို မကြားလောက်ပါဘူး…"
လူငယ်က ခေါင်းအား အနည်းငယ် မော့ရင်း မသေမချာ ပြန်ပြောလိုက် တော့သည်။
***
ဆေးနတ်ဘုရား တောင်ကြားဂိုဏ်းတွင် …
ကျင်းရီသည် အရှေ့အရပ်သို့ တည့်တည့်ရပ်ရင်း မိုးကုပ်စက်ဝိုင်း အဆုံး ဂျပန်ပြည် ရှိရာသို့ ငေးကြည့်နေမိသည်။ သူမ၏ စိတ်ကူးတွင်မူ လက်နှစ်ဖက် နောက်ပစ်ကာ မတ်တတ်ရပ်နေသော ချန်းဖန်၏ ပုံရိပ်က စိုးမိုးနေခဲ့၏။ သူမ၏ မျက်နှာကမူ ရှုပ်ထွေးနေသော ခံစားချက်များကို ပုံဖော်နေသည့်အလား အနည်းငယ် မှိုင်းညို့၍ နေသည်။ ဘေးတွင်ရှိသော ဆေးဘုရင်က သူမအား တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ခဏအတွင်းပင် လက်လျှော့သည့် အရိပ်အယောင်များ ပေါ်နေတော့သည်။
ထိုအချိန် လုယန်ရွယ်သည် ရုံးစားပွဲ တစ်ခု၏ ရှေ့၌ ထိုင်နေခဲ့၏။ သူမက အဖြူနှင့် အနက်ရောင် စီးပွားရေး ဝတ်စုံကို ဝတ်ဆင်ထားပြီး အပြုံးတစ်ခုကမူ မျက်နှာတွင် ချိုမြိန်စွာ ပေါ်နေခဲ့သည်။ ထိုအပြုံး ဖြစ်တည် လာရခြင်း၏ အဓိက အကြောင်းရင်းကား ချန်းဖန် အနိုင်ရခဲ့သည် ဆိုသော သတင်းပင်။ သူက ပြုံးနေရင်းမှ တစ်ခုခုအား တွေးတောမိကာ စိတ်ပျက် အားလျှော့သည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။
ချန်းဖန် အနိုင်ရသည့် သတင်း ရောက်ရှိလာချိန်၌ ကျန်းအန့်ချီမှာ အစည်းအဝေး ခန်းမအတွင်း၌ ဖြစ်သည်။ ဖုန်းလက်ခံ စကားပြောပြီးချိန် ချန်းဖန်၏ အောင်မြင်မှု သတင်းအား သိရသည်နှင့် သူမကား ဣန္ဒြေမဆည်နိုင်အောင် ပျော်ရွှင်နေတော့သည်။ အကျိုးအကြောင်း မသိရသော အစည်းအဝေး ခန်းထဲမှ အခြား မန်နေဂျာများ၊ ဒါရိုက်တာများမှာမူ သူမအား နားမလည်စွာသာ ငေးမော နေကြတော့၏။
***
ထိုအတောအတွင်း စစ်တပ် အတွင်း၌လည်း သတင်းတစ်ခု ပျံ့နှံ့လာ၏။
တရုတ်မြောက်ပိုင်းတွင် တပ်စွဲနေသော လုံဖန် အဖွဲ့ခေါင်းဆောင်မှာ ကျင့်ကြံခြင်းကို အာရုံစိုက်ရန် လက်ရှိရာထူးမှ နုတ်ထွက်စာ တင်သည်။ သူ၏ တောင်းဆိုချက်အား စစ်တပ်မှ ချက်ချင်း ခွင့်ပြုခဲ့သည်။
***
ထိုအချိန် ကျောင်းကျိုး တောင်ကြား တစ်နေရာ၌ …
လှပသော မိန်းကလေး တစ်ယောက်မှာ ရေကန် နံဘေးတွင် ထိုင်ရင်း ဝေ့ဝဲနေသော မြူများအား ငေးကြည့်နေခဲ့၏။ သူမ၏ အသွင်အပြင်က ရင့်ကျက်မှုနှင့် တိတ်ဆိတ်မှုတို့ ပေါင်းစပ်နေ၏။
သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း စကျင်ကျောက်ဖြင့် ထုဆစ်ထားသည့် အလား အချိုးအစား ကျနကာ အသားအရေမှာလည်း ချောမွေ့ ကြည်လင်နေ၏။ ရှည်လျား နက်မှောင်သော ဆံပက်များမှာလည်း လေအဝှေ့၌ လူးလိမ့်နေကာ သူမ၏ လှပမှုကို ဖြည့်စွက်နေ၏။
ထိုစဉ်မှာပင် အသံတစ်ခုက သူမ၏ နောက်မှ ထွက်ပေါ်လာသည်။
"အားရှို့ … နင်က အခုထိ အထွတ်အထိပ် အဆင့်ကို ရောက်သေးတာ မဟုတ်ဘူး။ ယင်နဂါး ရေကန်နားကို သိပ်မကပ်နဲ့။ အဲဒါက နင့်အတွက် သိပ်မကောင်းဘူး…"
ထိုမိန်းကလေးကား လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်က ချန်းဖန် လက်ခံခဲ့သည့် အမည်ခံ တပည့် အားရှို့ပင်။ ယခုအချိန်၌ သူမသည် ကလေးဆန်သည့် အမူအကျင့်များ မရှိတော့ပဲ ရင့်ကျက် တည်ငြိမ်သည့် မိန်းကလေး တစ်ယောက် ဖြစ်နေပြီ ဖြစ်၏။
အားရှို့က အဘိုးအို၏ သတိပေးသံအား ကြားပုံမရပဲ တစ်ခုခုအား တီးတိုး ရေရွတ်နေခဲ့သည်။
"ကျင့်ကြံခြင်း အပေါ်မှာပဲ တစ်ချိန်လုံး မြှုပ်နှံထားရင် တစ်နေ့နေ့မှာ ဆရာ့ကို မီလိမ့်မယ်လို့ ထင်ထားခဲ့တာ။ အခုဆိုရင် အတွင်းအား ကျင့်ကြံခြင်းရဲ့ ထိပ်ဆုံးအဆင့်ကို ရောက်နေခဲ့ပြီ။ ဒါပေမဲ့ ဆရာ့ကို ဘယ်လိုမှ မယှဉ်နိုင်သေးဘူး။ ဆရာ့ကိုမီဖို့ ဆိုတာက မဖြစ်နိုင်တော့ပါဘူး…"
မိန်းကလေး၏ စကားသံကို ကြားသည်နှင့် ဝူရှန့်ဟယ် သက်ပြင်းတစ်ချက် ချမိလိုက်သည်။ သို့သော်လည်း အားရှို့အား နှစ်သိမ့်ရန် သူ့တွင် စကားလုံးများ မရှိချေ။
ထိုစဉ်မှာပင် မိန်းကလေး၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်၏။
"ငါ ဘာတွေတွေးနေတာလဲ … ဆရာက ငါ့အတွက် ကြိုးစားဖို့ အကောင်းဆုံး တွန်းအားပဲ။ ငါ စိတ်လျှော့ပြီး ဆရာ့ရဲ့နောက်မှာ ရပ်နေလို့ မဖြစ်ဘူး…"
သူမ၏အသံက ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် ကြည်လင်လာသည်။ သူမ၏ မျက်နှာကလည်း အနည်းငယ် ခက်ထန်ကာ ယုံကြည်ချက် မြင့်မားသည့် ပုံစံ ပေါ်လာသည်။
"ဂိုဏ်းတူ အစ်ကိုဝူ … ချူထင်မြို့ကို သွားပြီး စာရင်းရှင်းကြစို့။ အဲဒီမြို့မှာ ကျွန်မကို ဆန့်ကျင်ဖို့ တစ်ယောက်ယောက်က စည်းရုံးနေတယ်လို့ ကြားတယ်…"
ဝူရှန့်ဟယ်က ခေါင်းညိတ်ရင်း ပြန်ပြောလိုက်၏။
"မင်း သဘောပါပဲ"
***
"ချန်းပေ့ရွှမ်းက တကယ်ပဲ တန်ခိုးရှင် အဆင့်လား…"
တစ်စုံတစ်ယောက်က စီအိုင်အေ ဆာဗာတွင် ပို့(post) တင်ကာ ဆွေးနွေးသည်။
"သူက ဆယ်စုနှစ်နဲ့ချီပြီး ပျောက်ကွယ်နေတဲ့ တာကီမီယာ ဟီရိုကို သတ်ခဲ့တယ်။ သူ ဘယ်လောက် အစွမ်းထက် နေပြီလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"
"ချန်းပေ့ရွှမ်းက တန်ခိုးရှင်ဖြစ်ကြောင်း သက်သေခံ အထောက်အထား တစ်ခုမှ ငါတို့မှာ မရှိဘူး။ ဒါပေမဲ့ တိုက်ပွဲမှာ တိုကျို မျှော်စင်တောင် ထက်ပိုင်း ပြတ်ခဲ့တယ်။ နောက်ပြီးတော့ သူက ကူရိုကာဝါရှိုက လက်သီး တစ်ချက်နဲ့ပဲ သတ်ပစ်ခဲ့တယ်တဲ့"
ထို ပို့(post) အား မှတ်ချက်ပြုသူ မြောက်မြားစွာ ရှိသည်။
ထို့အပြင် "လေ့လာသူ" နာမည်ပိုင်ရှင် အကောင့်ကလည်း ပို့(post) တစ်ခုရေးသည်။
"တာကီမီယာ ဟီရိုက အနားယူဟန်ဆောင်ပြီး အမှောင် သတ်မှတ်ချက် ထိပ်ဆုံးမှာ ရှိတဲ့ လူတွေကို လိုက်ပြီး စိန်ခေါ်ခဲ့တယ်တဲ့။ ဇူးရပ်က ငါ့ကို ပြောဖူးတယ်။ သူနဲ့ တာကီမီယာ ဟီရိုတို့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က တိုက်ခိုက်ဖူးပြီး သရေကျခဲ့တယ်တဲ့။ တာကီမီယာ ဟီရိုက အမှောင် သတ်မှတ်ချက် ထိပ်ဆုံး သုံးယောက်နဲ့တောင် ယှဉ်နိုင်တယ် ပြောကြတယ်"
"မစ္စတာ လေ့လာသူ … ခင်ဗျား ပေါ်လာပြီပေါ့"
"မစ္စတာ လေ့လာသူက အမြဲမှန်တယ်"
"မစ္စတာ လေ့လာသူ ပြောတာ အမှန်ဆိုရင် တာကီမီယာ ဟီရိုက အမှောင် သတ်မှတ်ချက် ထိပ်ဆုံး သုံးယောက်နဲ့ ယှဉ်နိုင်နေပြီပေါ့ … ဒါဆို ချန်းပေ့ရွှမ်းရဲ့ အစွမ်းကရော … ဘယ်လောက်တောင် ဖြစ်နေပြီလဲ…"
သူ၏ ပို့(post)၌ မှတ်ချက်ပေးသူများနှင့် ပြည့်နှက်နေ၏။
"မစ္စတာ လေ့လာသူ … ချန်းပေ့ရွှမ်းက ဘယ်အဆင့် ဖြစ်နေပြီလဲ ဆိုတာ အလင်းပြပါဦး။ သူက တကယ်ပဲ တန်ခိုးရှင် အဆင့်လား…"
တစ်စုံ တစ်ယောက်ကလည်း အံ့အားသင့်သည့် အီမိုဂျေ (emoji) ဖြင့် မေးလိုက်သည်။
တစ်ခဏ အကြာ၌ လေ့လာသူက သူ့အား ပြန်ရေးလိုက်သည်။
"မဟုတ်ဘူး… သူက တန်ခိုးရှင် အဆင့်ထက် ပိုပြီး အစွမ်းထက်တယ်…"
သူ၏ အကြောင်းပြန်ချက်က ဖိုရမ်တစ်ခုလုံးတွင် ရှိနေသော လူများအား ဆွံ့အသွားစေခဲ့၏။
"ချန်းပေ့ရွှမ်းက ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံးလို့ ကျုပ် မပြောနိုင်ပေမဲ့ သူက အရှေ့အာရှရဲ့ အစွမ်းအထက်ဆုံး ဆိုတာတော့ သေချာတယ်"
ထိုအရာကား လေ့လာသူ၏ နောက်ဆုံး အကြောင်းပြန်ချက်ပင် ဖြစ်တော့၏။
***