အရှေ့အာရှ၏ အစွမ်းအထက်ဆုံး
Vol. 4 Ch. 367
တရုတ်နိုင်ငံတွင်းရှိ လှုပ်လှုပ်ရွရွ ဖြစ်နေမှုများနှင့် ဆန့်ကျင်စွာပင် ဂျပန်သိုင်းပညာ အဖွဲ့အစည်းမှာမူ တိတ်ဆိတ်နေခဲ့၏။
ဟော့ကိုင်းဒိုး၊ အိုဆာကာ၊ နာဂိုရာ၊ ရှီကိုးကူး စသည့် ဒေသပေါင်းစုံမှ သိုင်းပညာရှင်များကား ဖြစ်ပျက်ခဲ့သည်များအား မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။ ဂျပန်ပြည်အား နှစ်ပေါင်းများစွာ လွှမ်းမိုးခဲ့သော ဓားသူတော်စင် တိုက်ပွဲ တစ်ခု၌ ကျဆုံးသွားခဲ့ခြင်း … ထိုအရာက မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။
ဓားတော်စင် ဟူသော နာမည်က ဂျပန်ပြည်၏ ထိပ်ဆုံးတွင် ရှိသော အမည်နာမ ဖြစ်၏။
အမှောင် သတ်မှတ်ချက်တွင် ပါဝင်သော အီရီကာ ပင်လျှင် တာကီမီယာ ဟီရိုအား လေးစားရန်သာ တတ်နိုင်သည်။ ထို ပုဂ္ဂိုလ်ကြီးကား ဂျပန်ပြည်၏ နောက်ဆုံးသော ဓားသူတော်စင် ဖြစ်သည်။ သူ့ကဲ့သို့ နောက်တစ်ယောက် ပေါ်လာရန် မဖြစ်နိုင်တော့ချေ။
မည်သို့ပင် ဆိုစေ ဂျပန်ပြည်၏ အထင်ကရ ပုဂ္ဂိုလ်ကြီးကား အသတ်ခံလိုက်ရပြီ ဖြစ်သည်။ အဆိုးဆုံးကား ဂျပန်ပြည်၏ အထင်ကရဖြစ်သော တိုကျိုတာဝါ ပျက်စီးခဲ့ရခြင်းပင်။ ဂျပန် သိုင်းပညာရှင်များကား အစာအိမ်ထဲမှ လာသော နာကျင် စူးနင့်မှုအား ခံစားနေရတော့၏။
"ချန်းပေ့ရွှမ်း သေကို သေရမယ်ကွာ…"
"ဂျပန် သိုင်းလောကမှာ အရည်အချင်း ရှိတဲ့သူတွေ အများကြီးပဲ။ ငါတို့ ချန်ပေ့ရွှမ်းကို လွယ်လွယ် အရှုံးမပေးနိုင်ဘူး"
"ကျုပ်တို့တွေ အီရီကာကို ခွင့်တောင်းပြီး အဲဒီ ချန်းပေ့ရွှမ်းကို သေတဲ့အထိ တိုက်ခိုက်ကြမယ်။ ကျုပ်တို့ အရှက်ကွဲရတာတွေ အတွက် လက်စားချေမှ ဖြစ်မယ်"
သွေးဆူနေသော လူငယ် သိုင်းပညာရှင် များစွာက ဒေါသတကြီး တိုင်ပင် ဆွေးနွေးကြသည်။ ချန်းပေ့ရွှမ်း၏ အနိုင်ရမှုက သူတို့၏ ဂုဏ်သိက္ခာများကို ရိုက်ချိုးခဲ့ခြင်း ဖြစ်သည်။ ထိုအရာအား ငြိမ်ခံနေစရာ အကြောင်း မရှိချေ။
သို့သော်လည်း အတွေ့အကြုံရင့် သိုင်းပညာရှင်ကြီးများကမူ ခေါင်းကိုသာ တွင်တွင် ခါယမ်းကြသည်။ တိုက်ပွဲက နှစ်ဦးနှစ်ဖက် သဘောတူညီမှုဖြင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူတို့ကသာ စည်းမျဉ်းများအား ဖောက်ဖျက်ပြီး ချန်းပေ့ရွှမ်းကို တိုက်ခိုက်ပါက နောင်တစ်ချိန်၌ ဂျပန် သိုင်းလောကကို ယုံကြည်သူ ရှိတော့မည် မဟုတ်ချေ။ ထို့ကဲ့သို့သော အကျိုးဆက်က ဓားသူတော်စင်ကို ဆုံးရှုံးရခြင်းထက် ပိုမို ကြီးမားပေသည်။
ထို့အပြင် ချန်းပေ့ရွှမ်းကား လွယ်ကူစွာ သတ်၍ရမည့်သူ မဟုတ်ချေ။
အကယ်၍ ချန်းပေ့ရွှမ်းအား သတ်လိုလျှင် စစ်တပ် တစ်ခု လိုအပ်ပေလိမ့်မည်။ ထို့အပြင် အထွတ်အထိပ် ပညာရှင်များစွာ၏ အသက်များကိုပါ ရင်းနှီးရပေဦးမည်။ ထိုကဲ့သို့သော အရင်းအနှီးက ဆုံးရှုံးမှု များလွန်းသည်။
တာကီမီယာ ဟီရို၊ ကူရိုကာဝါရှို၊ ချီဇူရူ မာစာဟီရို၊ ဂျန်ကာဇာ တာကီဒါနှင့် ကီတ နီဝါကာဝါတို့အား သူတို့ ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။ ထိုအရာက လုံလောက်ပေပြီ။ ယခုထက် ပို၍ အဆုံးရှုံး မခံနိုင်ပေ။
တရုတ် ပညာရှင်များမှာမူ ချန်းပေ့ရွှမ်းအား အရက်စက်ဆုံးလူ ဟုပင် သမုတ်မိနေကြသည်။ ချန်းပေ့ရွှမ်း ရောက်သွားသည့် နေရာတိုင်း အမြဲတမ်း သွေးချောင်းစီးရသည်။ ယခု ဂျပန်သို့ ရောက်နေသည့် ဆယ်ရက်မျှသော အချိန်အတွင်းမှာပင် အထွတ်အထိပ် ပညာရှင်များစွာကို သတ်ဖြတ်ခဲ့သည်။ ကူရိုကာဝါရှိုဆိုလျှင် မေးခွန်း သူ့အား တစ်ခုမေးမိရုံဖြင့် သတ်ဖြတ် ခံခဲ့ရသည်။
ချန်းပေ့ရွှမ်း၏ ရက်စက် ကြမ်းကြုတ်မှုကား ပြိုင်ဘက်ကင်းပင်။
မြေအောက်လောက အဖွဲ့အစည်း များစွာသည်လည်း ချန်းပေ့ရွှမ်းအား "မထိရ" စာရင်းတွင် ထည့်လိုက်ကြသည်။ ထိုလူကား အဆိုး၊ အကောင်း ကန့်သတ်ချက်များ မရှိသည့် အရူးပင်။ သူ၏ လုပ်ရပ်များအား ခန့်မှန်းနိုင်စွမ်း မရှိချေ။ အကယ်၍ သူ့အား ရန်စမိပါက မည်သည့် တန်ကြေးများအား ပေးဆပ်ရမည်ကို မသိနိုင်ပေ။
***
ထိုအချိန်၌ ချန်းဖန်မှာမူ တိုကျို၊ ဂျင်ဇာ အရပ်၏ ကော်ဖီဆိုင် တစ်ခု၌ အေးဆေးစွာ ရှိနေခဲ့၏။
ဂျင်ဇာဒေသမှာ တိုကျို မြို့လယ်နေရာ၌ တည်ရှိပြီး ကမ္ဘာ့ အကျော်ကြားဆုံး ဈေးဝယ်စင်တာ တစ်ခုအဖြစ် ကျော်ကြားသည်။ ထိုဒေသ၏ လမ်းတိုင်း လိုလိုမှာ ဈေးဆိုင် ကြီးငယ်များဖြင့် ပြည့်နေတတ်ပြီး ကမ္ဘာတွင် ရှိသမျှသော အထည်အလိပ်၊ အစားအစာ မျိုးစုံကို ရနိုင်သည်။
ပျံလွှားနီလေး၏ ချန်းဖန်ရှိနေသည့် စားပွဲဝိုင်းတွင်ပင် ထိုင်ကာ ကွန်ပျူအတွင်းရှိ စာဖိုင်များအား စစ်ဆေးနေသည်။
"ချန်းပေ့ရွှမ်း … သူတို့ ရှင့်ကို ဘယ်လိုခေါ်နေလဲ သိလား။ အရှေ့အာရှရဲ့ အစွမ်းအထက်ဆုံးတဲ့"
ပျံလွှားနီလေးက တအံ့တဩ ပြောရင်း ချန်းဖန်အား ကြည့်သည်။ သူမ၏ မျက်လုံးများကမူ လေးစားခြင်း၊ မယုံကြည်နိုင်ခြင်း တို့ဖြင့် တောက်ပလျက်။
"အိုး… တကယ်ကြီးလား…"
ချန်းဖန်က စိတ်မဝင်စားစွာ မေးလိုက်သည်။ သူ၏ အမူအရာကား သူ့အကြောင်း လူများ မည်သို့ ပြောကြသည်ကို စိတ်မဝင်စားပုံပင်။
ထိုကဲ့သို့ တရုတ်၏ နံပါတ်တစ်၊ အရှေ့အာရှ၏ နံပါတ်ဆိုသော ခေါင်းစဉ်များက ချန်းဖန်အတွက် မရေးမပါချေ။ သူကား စကြဝဠာ၏ ထိပ်ဆုံးတွင် ရပ်တည်ခဲ့သော ကောင်းကင်ဘုံ ဧကရာဇ် ဖြစ်သည်။ သူ၏ ရှေ့၌ မရေမတွက်နိုင်သော တန်ခိုးရှင် သက်ရှိများစွာပင် ခစားခဲ့ရသည်။
အရှေ့အာရှ၏ နံပါတ်တစ် ဆိုသော ခေါင်းစဉ်က သူ့အတွက် အဘယ်ကြောင့် အရေးပါရ ပါမည်နည်း။
"ချန်းပေ့ရွှမ်း … နင်က တကယ်ပဲ တန်ခိုးရှင် အဆင့်ကို ရောက်သွားတာလား။ ငါ တကယ် စိတ်ဝင်စားလို့။ နောက်ပြီး တာကီမီယာ ဟီရိုရော။ တိုက်ပွဲအတွင်း တန်ခိုးရှင် အဆင့်ကို ရောက်သွားတာလား"
ပျံလွှားနီလေးက သိချင်စိတ် ပြင်းပြစွာ မေးလိုက်သည်။
ခရမ်းကလည်း ချန်းဖန်အတွက် အသားကင် နွှင်ပေးနေရာမှပင် ခဏရပ်လိုက်ပြီး စိတ်ဝင်တစား နားထောင်လိုက်သည်။ ထိုမေးခွန်းမှာ ကမ္ဘာပေါ်မှ လူတိုင်း သိချင်နေကြသော အရာဖြစ်သည်။
ချန်းဖန်နှင့် ဓားသူတော်စင်တို့၏ တိုက်ပွဲအား သူတို့ အဆင့်ဖြင့် မြင်နိုင်စွမ်း မရှိခဲ့ရာ တိုက်ပွဲ အတွင်း မည်သည့် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ကြောင်း တိတိကျကျ ပြောနိုင်သူ မရှိချေ။ သို့သော်လည်း တိုကျို မျှော်စင်ကို ကျိုးပဲ့စေခဲ့ခြင်းက အထွတ်အထိပ်များ၏ စွမ်းအားထက် ပိုမို ကျော်လွန်သော အရာပင် ဖြစ်သည်။
"တန်ခိုးရှင် အဆင့် ပညာရှင်တွေက ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကို ဆင့်ခေါ်ပြီး တိုက်ခိုက်နိုင်တယ်တဲ့။ သူတို့မှာ လူတွေရဲ့ စိတ်ကို ဖတ်နိုင်တာတို့၊ သဘာဝ ဒြပ်စင်တွေကို အသုံပြုနိုင်တာတို့လို စွမ်းအားတွေလည်း ရှိတယ်တဲ့။ ဒါကြောင့် သူတို့ကို သာမန် သေမျိုးသက်ရှိတွေလို့ ခေါ်လို့ မရတော့ဘူး။ တန်ခိုးရှင်တွေလို့ပဲ သတ်မှတ် ကြတော့တယ်"
ပျံလွှားနီလေးက တီးတိုးရေရွတ်ရင်း ဆက်ပြောလိုက်သည်။
"ရှင့်မှာ တန်ခိုးရှင်တွေ ပိုင်ဆိုင်တဲ့ စွမ်းအားတွေ အားလုံး မရှိသေးဘူး။ ဒါပေမဲ့ တန်ခိုးရှင် အဆင့်ကို မရောက်သေးပဲနဲ့ တာကီမီယာ ဟီရိုကို သတ်နိုင်မှာ မဟုတ်ပြန်ဘူး…"
သူမကား နားမလည်နိုင်အောင် ဖြစ်နေတော့သည်။
"ငါလား … ငါက တန်ခိုးရှင် အဆင့်ကို မရောက်သေးပါဘူး"
ချန်းဖန်က ပြန်ဖြေလိုက်၏။
"ဒါပေမဲ့ တာကီမီယာ ဟီရိုကတော့ တိုက်ပွဲအတွင်း အဆင့်တက် သွားတယ်။ နှမြောစရာက တန်ခိုးရှင် အဆင့်ရဲ့ စွမ်းအားတွေ အကုန်မပိုင်ဆိုင် ရသေးခင် သူသေသွားခဲ့တာပဲ"
ချန်းဖန်၏ စကားအား ကြားသည်နှင့် ပျံလွှားနီလေးနှင့် ခရမ်းတို့ အေးခဲသွားတော့သည်။
အကယ်၍ တာကီမီယာ ဟီရို တန်ခိုးရှင် အဆင့်အား ရောက်ခဲ့သည် ဆိုလျှင် သူ၏ စွမ်းအားများက မည်မျှ အထိ သန်မာလာမည်နည်း။ သူ့အား အနိုင်ယူခဲ့သည့် ချန်းပေ့ရွှမ်းသည်ရော မည်မျှ အထိ အစွမ်းထက် နေသနည်း။
သူတို့ အံ့ဩမပြေသေးခင်မှာပင် အနက်ရောင်ဝတ် လူတစ်စု ကော်ဖီဆိုင်အတွင်း ဝင်လာကာ အခြား ဧည့်သည်များအား နှင်ထုတ်နေကြသည်။ အားလုံး ရှင်းသွားသည်နှင့် သပ်သပ်ရပ်ရပ် ဝတ်စားထားသည့် အသက်လတ် လူတစ်ဦးက လုပ်ယူထားသော အပြုံးဖြင့် ဆိုင်ပေါက်ဝမှ တစ်ဆင့် ချန်းဖန်ထံ ရောက်ရှိလာသည်။
"တွေ့ရတာ ဝမ်းသာပါတယ် … ဆရာ ချန်းပေ့ရွှမ်း"
သူက ချန်းဖန်အား နှုတ်ဆက်လိုက်သည်။
"မစ်ဆု ယူတို…"
ချန်းဖန်က သူ့အား ခေါင်းညိတ်ပြရင်း တစ်ဆက်တည်း မေးလိုက်သည်။
"အနိုင်ရတဲ့ ဆုကြေး လာပေးတာလား…"
"ဟုတ်ပါတယ် ခင်ဗျာ … ကျွန်တော်တို့ ဂျပန် လူမျိုးတွေက ကတိတည်ပါတယ်။ ဒီ အကောင့်ထဲမှာ အမေရိကန် ဒေါ်လာ တစ်ဆယ် ဘီလျံ ရှိပါတယ်"
မစ်ဆု ယူတိုက ပြောရင်း ဘဏ်ကတ် တစ်ခုကို ကမ်းပေးလိုက်သည်။ ထို့နောက် သူက ခဏမျှ စဉ်းစားရင်း ဆက်ပြောလိုက်သည်။
"နောက်ပြီး ဆရာ့အတွက် သေချာတဲ့ သတင်းစကား တစ်ခု ကျွန်တော့်မှာ ရှိပါတယ်။ ဂျပန်က ဆရာ့ကို မကြိုဆိုဘူး။ ခုချက်ချင်း ထွက်သွားပေးပါတဲ့။ မဟုတ်ရင်…"
ချန်းဖန်က မျက်လုံးများအား ကျဉ်းမြောင်းလိုက်ရင်း…
"မဟုတ်ရင် ဘာဖြစ်လဲ…"
***