← Chapters

မိတ်ဆွေဟောင်းနှင့် တွေ့ဆုံခြင်း

Vol. 4 Ch. 368

မိတ်ဆွေဟောင်းနှင့် တွေ့ဆုံခြင်း

Vol. 4 Ch. 368

မစ်ဆု ယူတိုသည် မစ်ဆု လုပ်ငန်းစု၏ ခေါင်းဆောင် ဖြစ်ကာ ဂျပန် ဘဏ္ဍာရေး အခန်း ကဏ္ဍ၏ ကျောရိုးဟုပင် ဆိုနိုင်သည်။ သူ၏ ကြွယ်ဝမှုအား တရုတ်နိုင်ငံ အချမ်းသာဆုံး ပုဂ္ဂိုလ် ပင်လျှင် မယှဉ်နိုင်ချေ။

"ဆရာ ချန်းပေ့ရွှမ်း … ဆရာ ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ ကျွန်တော်တို့ တွေ့ပြီးပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့က နှစ်ဆယ့်တစ် ရာစုမှာ နေနေတာ ဖြစ်လို့ ပင်ကိုစွမ်းအားထက်  အင်အားကြီး ပိုကြီးတဲ့ အရာတွေ ရှိတယ် ဆိုတာ မမေ့ပါနဲ့"

မစ်ဆု ယူတိုက ချန်းဖန်အား သတိပေးပြီးသည်နှင့် ပြန်လည် ထွက်ခွာ သွားတော့၏။

မစ်ဆု ယူတို ထွက်သွားသည်နှင့် ခရမ်းက တင်းမာသော မျက်နှာထားဖြင့် မကျေမနပ် ပြောလိုက်သည်။

"သူက သူ့ကိုယ်သူ အထင်ကြီးနေတာပဲ။ ဆရာက တာကီမီယာ ဟီရိုကို သတ်ပြီး အရှေ့အာရှ တစ်ခုလုံးမှာ အစွမ်းအထက်ဆုံး ပညာရှင် ဖြစ်နေပြီ။ မစ်ဆု မိသားစုရဲ့ သခင်ကြီးတောင် ဆရာ့ကို လေးလေးစာစား ဆက်ဆံရမှာ။ မစ်ဆု မိသားစုရဲ့ လက်ကိုင်တုတ် သာသာပဲ ရှိတဲ့ မစ်ဆု ယူတိုက ဘာအားကိုးနဲ့ ဆရာ့ကို မလေးမစား ပြောရဲတာလဲ"

ချန်းဖန်ကမူ မည်သို့မျှ မပြောပဲ တိတ်ဆိတ်နေသည်။ သူက လက်ချောင်းများဖြင့် စားပွဲအား စည်းချက်ညီညီ ခေါက်ရင်း တစ်ခုခုကို စဉ်းစားနေပုံရသည်။

"မစ်ဆု ယူတိုရဲ့ သတိပေးချက်က နိုင်ငံခေါင်းဆောင်တွေဆီက လာတယ် ဆိုတာ ရှင်းနေတာပဲ။ အန္တရာယ် မဖြစ်ခင် ငါတို့ ပြန်သင့်တယ် ထင်တယ်"

ပျံလွှားနီလေးက စဉ်းစဉ်းစားစား ပြောလိုက်သည်။

သူမ စကားထဲမှ အန္တရာယ် ဆိုသည်မှာ အထွတ်အထိပ်များ အဆင့် ပညာရှင်များ မဟုတ်ပဲ နှစ်ဆယ့် တစ်ရာစု၏ ခေတ်မီနည်းစနစ်များကို ဆိုလိုကြောင်း ချန်းဖန် ကောင်းစွာ သိသည်။

"သူတို့ တကယ်ပဲ အဲဒီလိုလုပ်မယ်လို့ ထင်လား…"

ခရမ်းက ထိုစကားအား ကြားသည်နှင့် အံ့အားသင့်စွာ မေးလိုက်သည်။

အရှေ့အာရှဒေသရှိ နိုင်ငံများ ငြိမ်းချမ်းစွာ နေခဲ့သည်က ဆယ်စုနှစ် များစွာ ရှိနေပြီ ဖြစ်သည်။ ဂျပန် ကာကွယ်ရေး တပ်မတော်မှာလည်း လှုပ်ရှားမှု မရှိခဲ့သည်မှာ အတော်လေး ကြာခဲ့ပြီ ဟု ဆိုရမည်။ ထို့ကြောင့်ပင် ဂျပန်လူထုမှာ စစ်တပ်၏ တည်ရှိမှုကိုပင် မေ့လုနေပြီ ဖြစ်သည်။

"ဖြစ်နိုင်တယ်… ငါတို့ ပြင်ဆင်ထားဖို့ လိုတယ်…"

ပျံလွှားနီလေးက ခရမ်း၏ မေးခွန်းကို အဖြေပေးလိုက်၏။

သူမကား တရုတ် အထူးဌာန၏ အထူးစစ်သား တစ်ယောက် ဖြစ်ရာ ကမ္ဘာပေါ်ရှိ စစ်တပ်များ အကြောင်း ကောင်းစွာ သိသည်။ ဂျပန် စစ်တပ်မှာ အရေအတွက်အားဖြင့် နည်းပါးသော်လည်း ပိုင်ဆိုင်ထားသည့် နည်းစနစ်များ၊ လက်နက်များက အလွန် အဆင့်မြင့်သည်။ အကယ်၍ ချန်းဖန်ကသာ နိုင်ငံခေါင်းဆောင်များအား မကျေမနပ် ဖြစ်စေခဲ့လျှင် သူ ဆက်လက် အသက်ရှင်ရန် လွယ်ကူတော့မည် မဟုတ်ချေ။ ချန်းဖန်မှာ အလွန် အစွမ်းထက်သော လူတစ်ယောက် ဖြစ်သော်လည်း စစ်တပ်တစ်ခုလုံး၏ တိုက်ခိုက်မှုအား ရင်ဆိုင်ရန် မဖြစ်နိုင်ချေ။

"ဂျပန် အစိုးက တုံ့ပြန်နိုင်တဲ့ အဆိုးဝါးဆုံး အခြေအနေက သူတို့ရဲ့ အထူး တပ်ဖွဲ့တစ်ခုကို ရှင့်နောက်ကို လိုက်ခိုင်းတာမျိုး ဖြစ်နိုင်ချေ ရှိတယ်။ ဂျပန် စစ်တပ်မှာ "ဟာရီကိန်း"လို့ ခေါ်တဲ့ အထူးတပ်ဖွဲ့ တစ်ခု ရှိတယ်။ အဲဒီ တပ်ဖွဲ့က လူတစ်ရာလောက်ပဲ ပါပေမဲ့ ဂျပန်ရဲ့ အရေးအပါဆုံး တပ်ဖွဲ့ပဲ။ အဖွဲ့ရဲ့ ရည်ရွယ်ချက်ကိုက အထွတ်အထိပ် ပညာရှင်တွေကို စစ်ဆေး ထိန်းသိမ်းဖို့ လုပ်ထားတာ"

ပျံလွှားနီလေးက စဉ်းစားရင်း ပြောသည်။

သို့သော်လည်း ချန်းဖန်က သူမ၏ စကားကို ဂရုစိုက်ပုံ မရချေ။ သူက ခေါင်းအား ခါယမ်းလိုက်ရင်း…

"ငါ့မှာ အခြား အရေးကြီး ကိစ္စမှ ရှိမနေတာ တရုတ်ကို မပြန်နိုင်သေးဘူး"

"ရှင့်မှာ ဘာအလုပ် ရှိသေးလို့လဲ။ တာကီမီယာ ဟီရိုက သေပြီ။ ရှင်က ဘယ်သူ့ကို စိန်ခေါ်ဦးမှာလဲ"

ပျံလွှားနီလေးက မကျေမနပ် မေးသည်။ သို့သော်လည်း သူမက တစ်ခုခုကို သတိရဟန် မျက်မှောင်ကြုတ်ကာ ဆက်ပြောလိုက်၏။

"အခြား ဘုရားကျောင်းတွေကို သွားဖို့ ရှင်တွေးနေတာလား…"

"ရှင် ရူးနေတာလား။ စုဆမ်နို ဘုရားကျောင်းကို ဖျက်ဆီးရုံနဲ့တင် ဒီလောက်အထိ ဂျပန်ပြည်မှာ မကျေမနပ်တွေ ဖြစ်နေတာ။ ဘုရားကျောင်းတွေ အားလုံးကိုသာ ဖျက်ဆီးပစ်မယ် ဆိုရင် ရှင် ဘာဖြစ်သွားမယ် ထင်လဲ"

ပျံလွှားနီလေးက ခြေဆောင့်ရင်း ဒေါသတကြီး ပြောဆိုလိုက်သည်။

သို့သော်လည်း ချန်းဖန်က ပေါ့ပေါးပါးပါးပင် အံ့အားသင့်ဟန်ဖြင့် ပြုံးရင်း မေးလိုက်၏။

"အိုး … ငါ့အစီအစဉ်ကို နင်ဘယ်လို သိနေတာလဲ"

ပျံလွှားနီလေးက သူ့အား စိတ်ဆိုးစွာ ကြည့်ရင်း နှာခေါင်းရှုံ့လိုက်သည်။

"ဟမ့် … ရှင့်ကိုယ်ရှင် ဘုရားကျောင်းတွေထက် ပိုအစွမ်းထက်တယ် ဆိုပြီး ဘဝင်မြင့်နေတာ မလား။ အဲဒီ ဘုရားကျောင်းတွေက နှစ်ရာချီပြီး တည်တံ့ခဲ့တယ် ဆိုတာ ရှင့်စိတ်ထဲ ထည့်ထား"

ပျံလွှားနီလေးက သတိပေးနေသော်လည်း ချန်းဖန်၏ အမူအရာက အလေးအနက် မရှိပေ။ သူ့အတွက် ဘုရားကျောင်း ခြောက်ခုမှာ လတ်ဆတ်သော အသားငါးများသာ ဖြစ်သည်။

ထိုစဉ်မှာပင် ခရမ်းက စာဖိုင်အချို့အား လှန်လှောရင်း ချန်းဖန်အား လှမ်းပြောလိုက်သည်။

"ဆရာ… တိုကျိုက မိသားစုကြီးတွေရဲ့ ခေါင်းဆောင်တွေနဲ့ တရုတ် သိုင်းပညာရှင်တွေက ဆရာ့ကို တွေ့ချင်နေကြတယ်"

ချန်းဖန်က တာကီမီယာ ဟီရိုကို သတ်ခဲ့ရာ ယခုဆိုလျှင် ဂျပန်၏ ကြယ်တစ်ပွင့် အလား ဖြစ်နေပြီ ဖြစ်သည်။ ဂျပန်၏ အဆင့်မြင့် ခေါင်းဆောင်များ၊ သိုင်းပညာရှင်များက ချန်းဖန်ကို မကျေနပ်ကြသည့်တိုင် သူနှင့် မဟာမိတ် ဖွဲ့လိုသော ဂျပန်လူမျိုးများစွာ ရှိနေသေးသည်။

"ဟုတ်လား … ဘယ်သူတွေလဲ…"

ချန်းဖန်က မေးလိုက်၏။

"မစ်ဆုဘီရှီရဲ့၊ ရှာ့ (ငါးမန်း)၊ ဆိုနီတို့ရဲ့ ခေါင်းဆောင်တွေနဲ့ အခြား လုပ်ငန်းစုကြီးတွေရဲ့ ပိုင်ရှင်တွေပါ…"

ခရမ်းက နာမည်များကို ခပ်ကျယ်ကျယ်လေး ဖတ်ပြလိုက်သည်။ ချန်းဖန်က ကုလားထိုင်ကို မှီရင်း ထိုနာမည်များကို ပျင်းရိစွာ နားထောင် နေခဲ့သည်။

ခရမ်းက ဂျပန်လူမျိုး ဧည့်သည် စာရင်းကို ဖတ်ပြီးနောက် တရုတ်လူမျိုး စာရင်းကို ထပ်မံ ဖတ်ပြသည်။ ရုတ်တရက် ရင်းနှီးသော နာမည်တစ်ခုအား ချန်းဖန် ကြားလိုက်ရ၏။

"ခဏ… မင်း ခုနက ချီတုန်ရှန်းလို့ ပြောလိုက်တာလား"

ချန်းဖန်က မျက်လုံးများအား ကျဉ်းမြောင်းရင်း မေးလိုက်သည်။ ချီတုန်ရှန်းကား ချီဝမ်စန်း၏ အဖေပင် ဖြစ်သည်။ သူက အဘယ်ကြောင့် ဂျပန်သို့ ရောက်နေကာ မိမိအား တွေ့ချင်နေရ သနည်း။

"ဟုတ်ပါတယ် … တုန်ရှန်း လုပ်ငန်းစုရဲ့ ပိုင်ရှင် ချီတုန်ရှန်းပါ။ သူက ဂျပန်မှာ တရုတ်သိုင်းပညာ သင်တန်း ဖွင့်လှစ်ခဲ့တဲ့ လင်းတိုင်ရဲ့ မိတ်ဆွေပါ။ အခုလည်း လင်းတိုင်က ချီတုန်ရှန်း ကိုယ်စား တွေ့ဆုံခွင့်တောင် ပေးထားတာပါ"

ခရမ်းက ဖြေလိုက်သည်။

"ငါ သူ့ကို သိတယ်။ သူက တိုကျိုမှာ နေတဲ့ တရုတ် အထွတ်အထိပ် ပညာရှင် တစ်ယောက်ပဲ။ သူက တရုတ် အရှေ့တောင်ပိုင်း လင်းမိသားစုနဲ့ ပတ်သက်မှု ရှိတယ်"

ပျံလွှားနီလေးက ဝင်ပြောလိုက်သည်။

"ဆရာ… သူတို့ကို တွေ့မှာလား…"

ခရမ်းက ညင်သာစွာဖြင့် မေးလိုက်သည်။

"ဟင့်အင်း…"

ချန်းဖန်က သက်ပြင်း တစ်ချက်ချရင်း ခေါင်းခါလိုက်သည်။ ချီတုန်ရှန်းက သူ့အား အဘယ်ကြောင့် တွေ့ချင်နေသည်ကို သူမသိသလို ဂရုလည်း မစိုက်ပေ။ ချန်းဖန် ချီမိသားစုကို ကူညီရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ ချီဝမ်စန်းကြောင့်သာ ဖြစ်သည်။

"ဧည့်သည်တွေ မရောက်လာခင် ငါတို့ တိုကျိုကနေ ထွက်ကြရအောင်"

ချန်းဖန်က သက်ပြင်း တစ်ချက်ချရင်း ပြောလိုက်သည်နှင့် ပျံလွှားနီလေးတို့က ခေါင်းညိတ် လိုက်ကြ၏။

"ခရမ်း… လက်မှတ် ဖြတ်ထားလိုက်။ ခူးရှူးကျွန်းကို ငါတို့ ချက်ချင်း ပြန်ကြမယ်။ နောက်ပြီး ဘုရားကျောင်းတွေကို ခပ်မြန်မြန် သွားရမယ်။ ဂျပန် အစိုးရ သတိမထားမိခင် ဘုရားကျောင်း တစ်ခု၊ နှစ်ခုလောက်ကို ငါတို့ ရောက်အောင် လုပ်ကြရအောင်"

ချန်းဖန်က ပြောလိုက်ရင်း ထိုင်ရာမှ ခပ်မြန်မြန်ပင် ထလိုက်သည်။

ခရမ်းနှင့် ပျံလွှားနီလေးတို့မှာလည်း ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်ရန် ထွက်ခွာ သွားတော့သည်။

ပျံလွှားနီလေးနှင့် ချန်းဖန်တို့မှာ ထိုခရီးစဉ်အတွက် လေယာဉ်အစား ရထားဖြင့်သာ သွားရန် ရွေးချယ်လိုက်ကြသည်။ အကယ်၍ လေယာဉ်ဖြင့် သွားပါက စစ်ဆေးရေးများနှင့် အလွန် အလုပ်ရှုပ်သည်။ ခရမ်းမှာမူ ချန်းဖန်တို့ထက် စော၍ ပြန်သွားနှင့်ပြီ ဖြစ်သည်။

ယခုအချိန်ကား နှစ်သစ်ကူးရက်နှင့် နီးကပ်နေပြီ ဖြစ်ရာ ဂျပန်လူမျိုး အများစုမှာ မိသားစုဖြင့်သာ အိမ်တွင်းအောင်း နေကြသည်။ ထို့ကြောင့်ပင် ရထားတစ်စီးလုံးကား ထိုင်ခုံ အလွတ်များနှင့်သာ ပြည့်နေတော့သည်။ ရထားပေါ်တွင် တရုတ်နှင့် ကိုရီးယားမှ ခရီးသွား များသာ ရှိနေကြသည်။

"တစ်ဆိတ်လောက်ရှင့်…"

ရုတ်တရက် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်နှင့် ချန်းဖန်က မျက်လုံး ဖွင့်ကြည့်လိုက်သည်။

သူ့အား စကားပြောလိုက်သူက အိကျင့်ချီပင်။ အိကျင့်ချီ၏ မျက်လုံးများက ချန်းဖန်အား တွေ့သည်နှင့် တလက်လက် တောက်ပနေတော့၏။

"ငါတို့ ပြန်တွေ့ကြပြန်ပြီ…"

ချန်းဖန်က နှုတ်ဆက်လိုက်သည်။

"အင်း … ဟုတ်တယ် … ငါ ခူးရှူးကို ပြန်မလို့။ နင်ရော ဖူကူအိုကာအနေ တရုတ်ကို ပြန်မှာလား"

သူမက ချန်းဖန်အား မေးရင်း ပျံလွှားနီလေးကို အကဲခတ်နေမိသည်။ ချန်းဖန်နှင့် တွေ့ဆုံသည့် အချိန်တိုင်း လှပသော ကောင်မလေး တစ်ယောက်က သူ့ဘေးတွင် အမြဲ ပါလာနေသည်။ အိကျင့်ချီကား စိတ်ထဲမှ မနာလို၊ သဝန်တိုပင် ဖြစ်နေမိတော့၏။

ရန်ဟိုကမူ ချန်းဖန်အား စိတ်ရှုပ်စွာ ကြည့်နေမိသည်။ မစ်ဆု ယူတိုကဲသို့သော လူမျိုးကပင် စိတ်ရှည်စွာ စောင့်ဆိုင်းရသော ထိုအကောင်၏ နောက်ခံက အဘယ်သို့သော အရာ ဖြစ်နေသနည်း။

"ဟိုနေ့ညက နင် သတိပေးတာကို ကျေးဇူးတင်ပါတယ်။ အဲဒီညက တိုကျို မျှော်စင် ပြိုကျတယ်တဲ့။ နိုင်ငံခြားသား တွေကြောင့်လို့တော့ ကြားတယ်"

အိကျင့်ချီက ချန်းဖန်၏ ဘေးတွင် ဝင်ထိုင်ရင်း ပြောလိုက်သည်။

ချန်းဖန်ကမူ ပြန်မပြောပဲ ပြုံးရုံသာ ပြုံးလိုက်၏။

မကြာခင် ရထားစတင် ထွက်ခွာသည်နှင့် ခရီးသည် အချို့က အိကျင့်ချီထံ လာရောက်ကာ နှုတ်ဆက်ကြသည်။ ထိုမိန်းကလေးကား လူမှု ဆက်ဆံရေး အတော်ကောင်းပုံ ရသည်။ နေရာ တကာ၌ သူမကား မိတ်ဆွေရှားပုံ မရချေ။

လူအချို့က ချန်းဖန်အား ကြည့်ကာ သူမ၏ ကောင်လေးဟု ထင်နေကြသည်။ သူတို့က မေးလျှင်ပင် အိကျင့်ချီက တိတ်ဆိတ်မှုဖြင့်သာ တုံ့ပြန်သည်။

ရထားက ရှီကိုးကူးသို့ ရောက်သည်နှင့် ချန်းဖန်၏ မျက်နှာက တစ်ခုခုအား သတိထားမိဟန် လေးနက် သွားတော့သည်။ ခဏအတွင်းမှာပင် ငရဲတံခါးဝကို ဖြတ်သန်းမိသည့်အလား ရထားပေါ်မှ မီးများအားလုံး ပိတ်သွားတော့၏။

ထိုခဏတွင်ပင် စူးရှကာ ဩသော အသံတစ်ခုက လူတိုင်း၏ စိတ်အတွင်း ဝင်ရောက်လာတော့၏။

"ချန်းပေ့ရွှမ်း… ထွက်လာပြီး အသေခံစမ်း"

***

All Chapters