အခန်း (၃၂၂-၃၂၄)
Vol. 7 Ch. 322-324
Chapter 322:
ဒုတိယ လု သခင်မလေးအတွက် ဘုရင်ကြီးရဲ့ ကြီးမားလှတဲ့မေတ္တာ....
လုလျန့်ဝေရဲ့ လက်ချောင်းများသည် ဓာတ်လိုက်ခံရသကဲ့သို့ တုန်ခါသွားတော့သည်။သူမသည် လုံယန်ရဲ့ ခပ်တည်တည်မျက်နှာအား မော့ကြည့်လိုက်သည်။ လုံယန်ကတော့ ခေါင်းအားပြန်လှည့်၍ မိဖုရားကြီးဘက်သို့ ကြည့်လိုက်ပြီး
“လောလောဆယ်တော့ ဒုတိယ လု သခင်မလေးကို မင်းနဲ့ထားခဲ့မယ်။ သူ့ကိုယ်သူ ပျော်အောင်နေပါစေ”
မိဖုရားရဲ့နှလုံးသားသည် တဆတ်ဆတ်တုန်သွားပြီး ရိုသေလေးစွာဖြင့်
“စိတ်ချပါ အရှင်မင်းကြီး။ ဒုတိယ လု သခင်မလေးကို သေချာဖျော်ဖြေပေးမှာပါ”
လုံယန်သည် ကြာကြာမနေတော့ဘဲ လုလျန့်ဝေအား တစ်ချက်ကြည့်၍ ကျောက်ချန်အား ထားခဲ့ကာ တစ်ယောက်တည်း ထွက်ခွာသွားတော့သည်။
မိဖုရားသည် လုလျန့်ဝေနောက် တောက်လျှောက်လိုက်နေသည့် ကျောက်ချန်အား ကြည့်၍ စိတ်မကောင်းဖြစ်မိသွားသည်
ပထမတစ်ခေါက်တွင် လုလျန့်ဝေအတွက် နန်းတွင်းမှ မိဖုရားအား အအေးဆောင်သို့ နှင်ထုတ်ခဲ့ပြီး လုယွင်ရွှမ်းကိုလည်း လူသိရှင်ကြားအပြစ်တင်ခဲ့ပေသည်။
နေ့တစ်၀က်တောင်မရောက်သေးခင်မှာပဲ လူတိုင်းသည် ဘုရင်ရဲ့ လုလျန့်ဝေအပေါ်ထားရှိသော မေတ္တာများကို မြင်တွေ့ခဲ့ကြရသည်။သူမသည် နန်းတော်၌ အိမ်ထောင်မပြုရသေးသော်လည်း သူမ လိုချင်သည့် အရာတိုင်း ရနိုင်နေပြီဖြစ်သည်။ ထိုနေ့သာ ရောက်လာပါလျှင်....
မိဖုရားကြီးတစ်ဦးတည်းသာ ထိုကိစ္စအတွက် စိတ်မချမ်းသာဖြစ်နေခြင်း မဟုတ်ပေ။ တခြားမိဖုရားနှစ်ပါးဟာလည်း ရှုပ်ထွေးသည့်ခံစားချက်များ ရှိနေခဲ့ကြသည်။
သူမတို့ရဲ့မျက်လုံးထဲတွင်တော့ လုလျန့်ဝေသည် ခပ်တုံးတုံးကောင်မလေးတစ်ယောက်ထက် မပိုပေ။ သို့သော်လည်း သူမအပေါ် ဘုရင်ရဲ့ ချစ်မြတ်နှိုးမှုကတော့ တကယ်ကို အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ပင် ဖြစ်သည်။
“ဒုတိယ သခင်မလေး၊ ဗိုက်ဆာနေရောပေါ့။ ထိုင်ပြီးခဏအနားယူလိုက်ပါ ကျွန်တော် နန်းတွင်းသူတွေကို စားသောက်စရာတွေ ပြင်ဖို့ စေခိုင်းလိုက်ပါ့မယ်။”
ကျောက်ချန်၏တိုးတိတ်သောအသံသည် မိဖုရားသုံးပါးစလုံးအား သူတို့၏ လွင့်မျောနေသော အတွေးများထဲမှ ပြန်ထုတ်ပေးခဲ့သည်။
“ဟုတ်ပါ့၊ နေ့ခင်းတောင်ရောက်နေပြီ။ ဒုတိယ သခင်မလေး ထိုင်ပါ။ စားဖိုဆောင်က စားစရာသောက်စရာတွေ ပြင်ဆင်ပြီးပါပြီ။ အခုပဲ နန်းတွင်းသူတွေကို လာချခိုင်းလိုက်ပါ့မယ်။”
သူမက စိတ်အားထက်သန်စွာဖြင့် ဂရုတစိုက်ရှေ့သို့ ခြေလှမ်းလှမ်း၍ လုလျန့်ဝေရဲ့ လက်အားကိုင်ပြီး ထိုင်ဖို့ရာအတွက် ကူညီပေးလိုက်သည်။
မိဖုရားကြီးက သူမအားကြင်ကြင်နာနာပြုံးပြ၍ သူမရဲ့ခေါင်းအား ဘုရင်ကြီး ပွတ်သပ်ပေးသကဲ့သို့ ပွတ်သပ်ပေးချင်ခဲ့သည်။
သို့သော်လည်း သူမရဲ့လက်အားမြှောက်လိုက်သည့်အခါတွင်တော့ ကျောက်ချန်ရဲ့ ချောင်းဆိုးသံတိုးတိုးလေးအား ကြားလိုက်ရသည်။
“မင်းသမီးက အဆင်သင့်ဖြစ်နေပြီမို့ နန်းတွင်းသူတွေကို တတ်နိုင်သမျှအမြန်ဆုံး စားသောက်ဖွယ်ရာတွေ ပြင်ဆင်ဖို့ အမိန့်ပေးလိုက်ပါ”
မိဖုရားကြီးသည်လည်း ရှက်ရွံ့စွာနှင့် သူမရဲ့လက်အား ပြန်ချလိုက်သည်။ ဒီမိန်းမစိုးရဲ့ ချောင်းဆိုးခြင်းက တစ်ခုခုကို သွယ်ဝိုက်ပြီး သတိပေးနေတယ်ဆိုတာကို သူမဘယ်လိုလုပ် နားမလည်နိုင်ရမှာလဲ? မိဖုရားသည် လုလျန့်ဝေအား တဖန်ပြန်ပြုံးပြလိုက်ပြီး အနောက်လှည့်၍ နန်းတွင်းသူများကို အစားအသောက်တွေ လာဆက်သရန် အမိန့်ပေးလိုက်သည်။
အခြားမိဖုရားမှာတော့ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးလုပ်တတ်သည့် မိဖုရားကြီးအား ကဲ့ရဲ့သော အကြည့်နှင့် ကြည့်နေခဲ့သည်။အခု သူမက လုလျန့်ဝေ ဘယ်လောက်ထိတောင် ဦးစားပေးခံရလဲဆိုတာကို သိသွားပြီဆိုတော့ စိတ်ပြောင်းသွားပြီး သူမရဲ့ယုံကြည်မှုကို ရချင်နေပြန်ပြီလား?
အလွန်အကျူးမဖြစ်စေရန် သူမသည် မိဖုရားကြီးအား ဘေးသို့တွန်းပို့လိုက်ကာ လုလျန့်ဝေ၏ ညာဘက်၌ အမြန်နေရာယူထိုင်လိုက်သည်။ သူမသည် သန့်ရှင်းသည့် တူတစ်စုံအား ကောက်ကိုင်၍ မုန့်တစ်ခြမ်းအားယူကာ လုလျန့်ဝေရဲ့ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
“ဒုတိယ လု မင်းသမီး ဒီosmathusကိတ်မုန့်က အရသာရှိတယ်။ မြည်းစမ်းကြည့်ပါလား”
ကျောက်ချန်က သူမအား တစ်ချက်ကြည့်လိုက်သည်။ သူမသည် ကိတ်မုန့်ကိုတော့ အဆိပ်မခတ်ထားရဲလောက်ဟု တွေးလိုက်မိသဖြင့် ဘာမှမပြောဘဲ နှုတ်ဆိတ်နေတော့သည်။
လုလျန့်ဝေသည် မိဖုရားရဲ့ မျက်နှာထက်ရှိ စိတ်အားထက်သန်မှုအား ပုံမှန်မဟုတ်သည့် အပြုအမူများနှင့် မတုံ့ပြန်ခဲ့ပေ။ သူမသည် မိဖုရားအား ယဉ်ကျေးစွာ ကျေးဇူးတင်ပြီး ထည့်ပေးထားသည့် ကိတ်မုန့်အား တစ်ကိုက် စားကြည့်လိုက်သည်။
“ဟုတ်တယ်နော်၊ ဒီမုန့်က တော်တော်ကိုအရသာရှိတာပဲ။ မိဖုရားလည်း သုံးဆောင်ပါဦး”
မိဖုရားကလည်း ကျေကျေနပ်နပ်ခေါင်းညိတ်ပြသည်။
နှစ်ယောက်သား ဘေးချင်းကပ်လျက်ထိုင်၍ စကားစမြည်ပြောရင်း စားသောက်ဖွယ်ရာများ သုံးဆောင်နေခဲ့ကြသည်။တတိယမိဖုရားသည် မျက်မှောင်ကြုံ့သွားလေသည်။ဘယ်လောက်တောင် မျက်နှာများလိုက်တဲ့ မိဖုရားလဲ!
သူမဟာ မိဖုရားနှင့် မိဖုရားကြီးရဲ့ အပြုအမူများအား မနှစ်သက်ပေ။ သူမသည် လုလျန့်ဝေအား ကြည့်၍ ရှေ့မတိုးသွားဘဲ ထိုင်ခုံ၌ တစ်ယောက်တည်း ထိုင်နေလိုက်သည်။
မိဖုရားကြီးက နန်းတွင်းသူများအား အမိန့်ပေးပြီးသည့်နောက် လုလျန့်ဝေဆီသို့ လှည့်ကြည့်လိုက်သည်။ ထိုနေရာ၌ ဒုတိယမိဖုရားသည် လုလျန်ဝေနှင့် စကားပြောနေသည်အား တွေ့လိုက်ရသဖြင့် သူမ စိတ်မကောင်းဖြစ်သွားတော့သည်။
ဒုတိယမိဖုရားသည် မာနထောင်လွှားနေသည့် အချောင်သမားတစ်ယောက်ပင် ဖြစ်သည်။ လုလျန့်ဝေအား အရမ်းမုန်းတီး၍ မနေ့ညကပင် နန်းဆောင်ထဲ၌ ပါးရိုက်ချင်နေခဲ့သူမှာလည်း ဒုတိယမိဖုရားပင်ဖြစ်သည်။ဒုတိယမိဖုရားမှာ အတော်ကိုမေ့တတ်လှပေသည်။ ထို့ကြောင့်လည်း သူမ၏စိတ်က မကြာခဏပြောင်းနေခြင်း ဖြစ်လောက်မည်ပင်။
တတိယမိဖုရားတစ်ယောက်တည်းသာ ဘယ်သူမှမရှိသည့် နေရာလွတ်တွင် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။
မကြာမီ၌ စားသောက်ဖွယ်ရာများ ရောက်လာပြီး နန်းတွင်းသူများသည် အထူးဟင်းလျာများကို စားပွဲထက်တွင် တစ်ပန်းကန်ပြီး တစ်ပန်းကန် လာချပေးကြလေသည်။
Chapter 323:
ဒုတိယ လု သခင်မလေးက မကျေမနပ်ဖြစ်နေခဲ့တယ်…..
ယနေ့သည် ရာသီဥတုသာယာလှသည်။ အပြင်တွင် နေရောင်သည် ထွန်လင်းတောက်ပနေပြီး လေပြေလေးများက အဖြူရောင်လိုက်ကာလေးတွေအား ရေစပ်နားမှတစ်ဆင့်ဖြတ်၍ တိုက်ခတ်သွားသည်။
“မိဖုရား မှန်မှန်ကန်ကန် တာဝန်ထမ်းဆောင်ပါ၊ သူမက အမြဲတမ်း ဘ၀င်မြင့်ပြီး လူတိုင်းလိုလိုကို နှိမ့်ချတတ်တဲ့ အကျင့်ရှိတယ်။ ခုနကတောင်မှပဲ ဒုတိယ လု သခင်မလေးကို ဒုက္ခပေးဖို့ ကြိုးစားခဲ့သေးတယ်။ ဘုရင်က မြန်မြန်တုံပြန်ခဲ့လို့သာပေါ့၊ မဟုတ်ရင်တော့ နောက်ဆက်တွဲပြဿနာတွေက မတွေးရဲစရာပဲ။”
ဘုရင်မင်းမြတ်သည် သူမအား အအေးဆောင်သို့ နှင်ထုတ်လိုက်ခြင်းဖြင့် ပေါ့တန်သည့်အပြစ်ကိုသာပေးကာ ခွင့်လွတ်ပေးခဲ့သည်။
“သူမကို သေဒဏ်ပေးလိုက်သင့်တာ”
ဒုတိယမိဖုရားက ဒေါသတကြီးနှင့် ပြောလိုက်သည်။
လုလျန့်ဝေကတော့ ဘာမှ၀င်ပြောမနေဘဲ စားလက်စကိုသာ ကျက်သရေရှိရှိ စားနေခဲ့သည်။
“စားရင်းသောက်ရင်းနဲ့ ဒီလိုယုတ်ညံ့တဲ့ အရာတွေ မပြောကြရအောင်လား ၊ ဒုတိယ လု သခင်မလေးကငယ်သေးတယ်လေ။ သူ့ကိုကြောက်သွားအောင် မလုပ်ပါနဲ့တော့”
ဒုတိယမိဖုရားသည် လုလျန့်ဝေအား အနည်းငယ် ရှက်ရွံ့စွာ ကြည့်လိုက်သည်။
“မိဖုရားခေါင်ကြီးရဲ့ အပြုအမူက ကျွန်မအတွက်တော့ လုံး၀သည်းခံနိုင်စရာအကြာင်းမရှိဘူး။ သူမက ဒုတိယ လု သခင်မလေးကိုတောင် အန္တရာယ်ပေးလုနီးပါးပဲ”
လုလျန့်ဝေက ယခုထိစကား၀င်မပြောသေး။ ဤသည်မှာ သူမသည် မိဖုရားခေါင်ကြီးအား ကိုယ်ချင်းစာမိခြင်းကြောင့်တော့မဟုတ်ပေ။ နိမ့်ကျနေသည့်သူတစ်ယောက်အား ကန်ထုတ်ဖို့ မလိုအပ်ဟု သူမခံစားနေရရုံသာဖြစ်သည်။
လုလျန့်ဝေသည် သူမအပေါ်တစ်ချိန်လုံးရောက်နေသည့် သူမရဲ့ဆန့်ကျင်ဘက်မှ အကြည့်အား သတိမူမိသွားပြီး ထိုနေရာသို့ လှမ်းကြည့်လိုက်သည်။ ကျီလင်းဟွေ့သည် သူမအား အကြည့်မှမလွှဲဘဲ ပြန်ပြုံးပြလာပြီး ခေါင်းညိမ့်လိုက်သည်။
လုလျန့်ဝေသည် ကျီလင်းဟွေ့က သူမအားမနှစ်သက်သည်ကို သတိထားမိသော်လည်း ထိုကိစ္စအား သူမ စိတ်ထဲမထည့်နေချေ။လုံယန်ကြောင့် သူမအား သဘောကျလာဖို့ရန်မှာ မဖြစ်နိုင်ပါ။
မည်သို့ပင်ဆိုစေ ကျီလင်းဟွေ့ သည် အနည်းငယ်ထူးဆန်းလှသည်။ သူမသည် မိဖုရားနှင့် ဒုတိယမိဖုရားတို့ကဲ့သို့ လုလျန့်ဝေအား အချိုမသပ်သလို သူမရဲ့ လုလျန့်ဝေအပေါ် မနှစ်သက်မှုကိုလည်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မပြသခဲ့ပေ။ သူမသည် လုလျန့်ဝေကိုသာ စောင့်ကြည့်နေပြီး သူမတည်ရှိမှုအား မှေးမှိန်စေသည်။
လုလျန့်ဝေ သေချာစဉ်းစားကြည့်လိုက်သော် ကျီလင်းဟွေ့နှင့် ကျီလင်းရှုသည် လုံး၀ဆန့်ကျင်ဘက်ဖြစ်နေသည့် စိတ်နေစိတ်ထားတွေရှိနေသည်အား သိလိုက်ရသည်။ ကျီလင်းဟွေ့မှာပို၍ တည်တည်ငြိမ်ငြိမ်ရှိပြီး သူမထိုနေရာ၌ ငြိမ်သက်စွာ ထိုင်နေပုံမှာ နန်းမျိုးနန်းနွယ်တစ်ယောက်၏ ပြီးပြည့်စုံသော ပုံရိပ်အား ပြသနေပေသည်။ သို့သော်လည်း သူမ၏ဖုံးကွယ်ထားသည့် မျက်လုံးတစ်စုံမှ ၀မ်းနည်းမှုအား မည်သူမဆို အကြည့်တစ်ချက်ဖြင့် မြင်နိုင်ပေသည်။
လုလျန့်ဝေက စားသောက်နေသည်အား ခဏရပ်၍ သူမရဲ့ တူတွေကို ချထားလိုက်သည်။ သူမတူတွေအား ချလိုက်သည်ကိုမြင်လိုက်ရသဖြင့် မိဖုရားကြီးက နန်းတွင်းသူတွေကို စားပွဲပေါ်မှ ပန်းကန်များအား ဖယ်ရှားကာ လက်ဖက်ရည်နှင့် အဆာပြေမုန့်များ ထပ်မံဧည့်ခံရန် အမိန့်ပေးလိုက်သည်။
ထို့နောက် သူမသည် ယုံကြည်ရသည့် နန်းတွင်းသူတစ်ယောက်ဆီမှ လှပသောသေတ္တာတစ်လုံးအားယူကာ လုလျန့်ဝေရဲ့ လက်ကိုကိုင်၍ ချစ်ခင်စွာပြောလိုက်သည်။
“ဒုတိယ လု သခင်မလေး၊ ငါမင်းကိုမြင်မြင်ချင်းမှာပဲ ငါတို့ကတခဏအတွင်း သူငယ်ချင်းတွေဖြစ်သွားကြမယ်ဆိုတာ ငါသိလိုက်တယ်။ ဒါကတော့ မင်းအတွက် ငါပြင်ထားတဲ့ လက်ဆောင်လေးပါ။ သဘောကျမယ်လို့ မျှော်လင့်ပါတယ်။”
သူမ စကားပြောနေစဥ်တွင် လုလျန့်ဝေရဲ့လက်ထဲသို့ သေတ္တာလေးအား ထည့်ပေးလိုက်သည်။ လုလျန်ဝေက လက်ဆောင်အား မငြင်းဆန်ခဲ့။
“မိဖုရားရဲ့ လက်ဆောင်တွေဟာ အလွန်ပဲထူးခြားကောင်းမွန်လှပါတယ်။ ဒီဆုအတွက်ကျေးဇူးပါ”
သူမရဲ့အသံသည် စိတ်ထဲမှ ရိုးသားစွာ လာခဲ့သော်လည်း မတ်တပ်ရပ်ပြီး အရိုအသေတော့ မပြုခဲ့ပေ။
“ဒါကို ဆုလို့ သဘောမထားပါနဲ့။ ဒါက သူငယ်ချင်းဖြစ်သွားတဲ့အနေနဲ့ ပေးတဲ့လက်ဆောင်ပါဆို။ မင်းကြိုက်တာမြင်ရတာနဲ့တင် ပျော်ပါတယ်။”
သူမစကားပြောနေသော်လည်း အနည်းငယ်တော့ စိတ်မကောင်းဖြစ်သွားခဲ့သည်။
လုလျန့်ဝေသည် ဘုရင့်မိဖုရားမဖြစ်သေးသော်လည်း ကွာခြားမှုတော့ မရှိတော့ပေ။ မည်သို့ပင်ဆိုစေ သူမသည် ဘုရင်က ရည်ရွယ်ထားသည့် ဧကရီတစ်ပါးပင်ဖြစ်သည်။ တရား၀င် လက်မထပ်ရသေးသော်လည်း ကိစ္စမရှိပေ။ မိန်းကလေးသည် သဘာဝအတိုင်း မိဖုရားအား ဂါ၀ရပြုစရာမလိုဟု ယူဆထားပေသည်။
လုလျန့်ဝေသည် မိဖုရားရဲ့မျက်လုံးထဲမှ မကျေနပ်ချက်များအား မမြင်ချင်ယောင်ဆောင်နေလိုက်သည်
လုံယန်က သူမအား မည်သူ့ကိုမှ ဂရုစိုက်နေစရာမလိုဟု ဆိုထားပေသည်။ သူမသည် ဘုရင်ကိုပင် ဂါ၀ရပြုတာ ရှားလှသည်။ ထို့ကြောင့် မိဖုရားနှင့် ရင်ဆိုင်ရသည့်အခါတွင် သူမရဲ့ စံနှုန်းများအား ချိုးဖောက်ဖို့ရန် ပို၍ပင် အကြောင်းမရှိပေ။
မည်သို့ပင်ဖြစ်စေ သူမသည် အနာဂတ်တွင် လုံယန်၏ မိဖုရားဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့် သူ့ရဲ့ မိဖုရားများသည် သူမ မရှင်သန်နိုင်ဖို့အတွက် နည်းမျိုးစုံနှင့် နှောက်ယှက်ကြလိမ့်မည်ပင်။ သူမသည် ထိုသို့တွေးနေခဲ့သော်လည်း စိတ်ထဲမှာတော့ မကျေမနပ်ဖြစ်နေဆဲပင်။ လုံယန်ရဲ့ မိဖုရားဖြစ်ဖို့ သူမ မငြင်းဆန်တော့သော်လည်း ဘုရင်ရဲ့ မောင်းမဆောင်အား လက်ခံရမှာကိုတော့ သူမစိတ်ထဲအဆင်မပြေဖြစ်နေမိသည်။
ထိုအကြောင်းအားတွေးရင်း မိဖုရားပေးထားသည့် သေတ္တာအားဖွင့်လိုက်သောအခါ အတွင်း၌ တောက်ပနေသည် ပန်းရောင်လက်ကောက်တစ်စုံအား မြင်လိုက်ရသည်။ ထိုအရာသည် အဖိုးတန်ကြောင်း သူမပြောနိုင်ပေသည်။ ထို့နောက် သေတ္တာအား သူမနောက်မှာရှိသည့် ကျုးယွီထံ လွှဲပေးလိုက်သည်။
“မိဖုရားရဲ့ လက်ဆောင်ကို ဂရုတစိုက် သိမ်းထားပါ”
Chapter 324:
သူမလည်း အရှုံးရှိရမယ်....
“ဟုတ်ကဲ့ပါ သခင်မလေး”
ကျုးယွီက အသေအချာ ဂရုတစိုက်နှင့် ချထားလိုက်သည်။
ဤသည်အားမြင်လိုက်ရသည့် ပထမမိဖုရား (သဲ့ဖေး) မှာ သူမရဲ့ရင်ထဲ အောင့်သက်သက်ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။ သူမတွင် ပုတီးလက်ကောက်များစွာရှိသော်လည်း သူမပေးလိုက်သည့် လက်ကောက်မှာမူ တန်ဖိုးအလွန်မြင့်ပြီး သူမအရမ်းနှစ်သက်သည့် ပစ္စည်းလေးပင်ဖြစ်သည်။ သို့သော်လည်း သူမသည် အနာဂတ်တွင် ဧကရီဖြစ်လာမည့်သူတစ်ယောက်အား သာမန်ပစ္စည်းတစ်ခုကို ပေးလိုက်၍မဖြစ်ပေ။ ထို့ကြောင့် သူမရဲ့ လက်ဆောင်သည် အလွန်တန်ဖိုးရှိသည့်အရာပင် ဖြစ်ရပေလိမ့်မည်။
သို့သော်လည်း လုလျန့်ဝေက သူမပေးသည့်လက်ဆောင်အား သူမရဲ့ အစေခံဆီသို့ ဂရုမစိုက်စွာနှင့် ပေးလိုက်သည့်မြင်ကွင်းကြောင့် သူမ ပိုပြီးတောင် ၀မ်းနည်းမိသွားတော့သည်။
သူမသည် လုလျန့်ဝေက မြို့စားမင်းပထမအိမ်ထောင်ရဲ့ သမီးဖြစ်ပြီး မြို့စားမင်းနှင့် မြို့စားဟောင်းသခင်မကြီးရဲ့ အချစ်တွေကို အပြည့်အ၀လက်ခံရရှိခဲ့သည်အား သိတာကြာခဲ့ပြီဖြစ်သည်။ သူမသည် များသောအားဖြင့် ပြင်ပြင်ဆင်ဆင် ၀တ်ဆင်လေ့ရှိသော်လည်း အဖိုးတန်လက်ကောက်တွေကိုမူ သိပ်စိတ်မ၀င်စားခဲ့ပေ။
ပထမမိဖုရား(သဲ့ဖေး)သည် နာကြည်းစွာနှင့် သူမရဲ့လက်ကိုင်ပုဝါကိုသာ ဆုပ်ကိုင်ထားလိုက်သည်။
ပထမမိဖုရား(သဲ့ဖေး)က လက်ဆောင်ပေးအပ်ပြီးဖြစ်သဖြင့် ဒုတိယမိဖုရား (ရှုဖေး) ကလည်း နောက်ကျန်မနေစေချင်သောကြောင့် သူမရဲ့ ကိုယ်လုပ်တော်ချိုင်ယွီအား ကြည့်ကာအချက်ပြလိုက်သည်။ ချိုင်ယွီလည်း ချက်ချင်းသဘောပေါက်သွားပြီး သေတ္တာရှည်လေးတစ်ခုအား သူမလက်ထဲ ထည့်ပေးလိုက်သည်။
အမှန်တော့ (ရှုဖေး) သည် လက်ဆောင်နှစ်ခု ပြင်ထားခဲ့ခြင်းပေ။ ပထမတစ်ခုသည် ပိုကောင်းပြီး ကျန်တစ်ခုမှာတော့ အနည်းငယ်အရည်အသွေးညံ့ပေသည်။သဲ့ဖေး ပေးလိုက်သည့် လက်ကောက်တစ်စုံမှာ တစ်သန်းတွင် တစ်ခုသာရှိသော အရာမျိုးဖြစ်သည်။ သို့သော် လုလျန့်ဝေတုံ့ပြန်ခဲ့သည့် အမူအရာအရ ထိုကဲ့သို့ပစ္စည်းမျိုးကိုတောင် သူမအရမ်းကြိုက်ပုံမပေါ်ပေ။ ထိုဖြစ်ရပ်ကြောင့် သူမသည်လည်း သဘာဝအတိုင်း အရည်အသွေးညံ့တဲ့ လက်ဆောင်အား ပေးလိုက်မှာတော့မဟုတ်။
သူမက သေတ္တာကိုယူပြီး လုလျန့်ဝေအား ရွှင်ပြစွာနှင့် ပြောလိုက်သည်။
“ကျွန်တော်မျိုးမနဲ့ ဒုတိယ လု သခင်မလေးက စကားတစ်ခါလောက်ပြောလိုက်တာနဲ့ ချက်ချင်းရင်းနှီးသွားကြတာပဲနော်၊ ပြီးတော့ ကျွန်တော်မျိုးမက ဒုတိယ လု သခင်မလေးကို စိတ်ထဲအသဲထဲကနေပြီးတော့ တကယ်သဘောကျတာပါ။ ကျွန်တော်မျိုးမပြင်ဆင်ထားတဲ့ လက်ဆောင်က သဲ့ဖေးရဲ့ဟာလောက်တော့ မကောင်းနိုင်ပေမယ့်လည်း ကျွန်တော်မျိုးမရဲ့ ရိုးသားမှုရဲ့ အမှတ်သင်္ကေသကို ဖော်ဆောင်ပါတယ်။ သခင်မလေး ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။”
သူမတို့အားလုံးသည် အတူတူထိုင်၍ စားကြသောက်ကြနှင့် ရှုခင်းအား အေးငြိမ်းစွာကြည့်နေကြသော်လည်း သူတို့စိတ်ထဲတွင်တော့ အကြံအစည်များထုတ်မနေတာ မဖြစ်နိုင်ချေ။ အကယ်၍ သူမတို့သာ လုံယန်က ကွေ့ဖေးအား အပြစ်ပေးသည့်နည်းဖြင့် ခြိမ်းခြောက်ခြင်းမခံခဲ့ရပါလျှင် လုလျန်ဝေကို ယခုကဲ့သို့ ယဉ်ယဉ်ကျေးကျေးသိမ်သိမ်မွေ့မွေ့ ဆက်ဆံနေပါ့မလား?
သူမတို့သည် မူလတွင် လုလျန့်ဝေအား သူ့နေရာသူပြန်ထားရန် ရည်ရွယ်ထားကြသော်လည်း လုံယန်၏ ၀င်ရောက်စွက်ဖက်မှုကြောင့် သူတို့ရဲ့အစီအစဉ်ကို ပြောင်းလဲခဲ့ရပေသည်။
သူမတို့က အပြင်ပိုင်းမှာ ဘယ်လောက်ပဲ ဖော်ရွေနေပါစေ၊ သူတို့စိတ်ထဲမှာတော့ လုလျန့်ဝေကို တိတ်တဆိတ်မုန်းနေကြမှာပဲဖြစ်သည်။
“မနောက်ပါနဲ့ မင်းသမီး၊ မင်းသမီးတို့နှစ်ယောက်လုံးဆီက လက်ဆောင်ရတာဟာ ကောင်းချီးတစ်ခုပါ။ ကျွန်တော်မျိုးမဘယ်လောက် ၀မ်းသာလည်းဆိုတာ ဖော်ပြလို့တောင်မရနိုင်တာ၊ ဘာလို့ မင်းသမီးပေးမယ့် လက်ဆောင်ကို မကြိုက်ရမှာလဲ”
အဲ့ ဒါကြောင့်မို့ အဓိပ္ပာယ်မရှိတာတွေပြောမနေတော့ဘဲ လက်ဆောင်ကိုသာ အခုပေးခဲ့လိုက်တော့။
ရှုဖေးလည်း ထိုစကားအားကြားလိုက်ရသဖြင့် အနည်းငယ်စိတ်သက်သာရာရသွားတော့သည်။ သူမသည် သေတ္တာအားဖွင့်လိုက်ပြီး လုလျန့်ဝေအား အတွင်းသို့ ကြည့်စေလိုက်သည်။
“ ဒီပုလဲဆံထိုးတွေက လူငယ်တွေနဲ့ ပိုလိုက်ဖက်တာလေ၊ သူတို့က သခင်မလေးရဲ့ အလှကိုပိုပြီး တောက်ပစေလိမ့်မယ်။”
လုလျန့်ဝေလည်း သေတ္တာအားယူ၍ အထဲရှိ ပုလဲဆံထိုးများကို ကြည့်လိုက်သည်။ သေတ္တာထဲမှ ပုလဲဆံထိုးများသည် ကျောက်စိမ်းများ၊ ရွှေများနှင့် လက်ရာမြောက်အောင် ပြုလုပ်ထားခြင်းဖြစ်သဖြင့် သူမ အနာဂတ်ရှိပြတိုက်တွင် တွေ့ခဲ့ရသည့်အရာများထက် ပို၍ပင် လှပပြီး အဖိုးတန်လေသည်။
ထို့အပြင် ဆံထိုးများသည် သေတ္တာတစ်လုံး အပြည့်ဖြစ်သည်။ ရှုဖေးကတော့ သူမရဲ့လက်ဆောင်အား သေချာစဉ်းစားပြီး ပေးခဲ့ပုံရသည်။
လုလျန့်ဝေသည် အပြုံးများနှင့် သေတ္တာကိုပိတ်လိုက်ပြီး ကျုးယွီအား ပေးလိုက်သည်။
“မင်းသမီးရဲ့ ရိုးသားမှုကိုဖော်ပြတဲ့ လက်ဆောင်လေးကို ကျွန်မ ရရှိခဲ့ပါပြီ။ အရမ်းသဘောကျပါတယ်ရှင်”
ရှုဖေးသည် သူမချောင်းဆိုးတာ သွေးပါသွားသလို ခံစားလိုက်ရသော်လည်း သူမရဲ့ အမူအရာကတော့ မပြောင်းလဲရှိဘဲနေသည်။
“အဲ့လိုကြားရတာ ၀မ်းသာပါတယ်ရှင်၊ ကျွန်တော်မျိုးမ ပြင်ဆင်ခဲ့တဲ့လက်ဆောင်ကို မင်းသမီးတန်ဖိုးထားတာတွေ့တော့ ကျေနပ်မိပါတယ်။”
ရှုဖေးသည် သူမရဲ့ အကြည့်အား လွှဲလိုက်သည့်အချိန် တစ်ချိန်လုံး စကားတစ်ခွန်းမှမဟခဲ့သည့် ကျီလင်းဟွေ့ကို တွေ့လိုက်ကာ အကြံတစ်ခုရသွားတော့သည်။ သူမသည် လုလျန့်ဝေအပေါ်၌ ငွေသုံးပြီးသွားပြီဖြစ်သဖြင့်၊ ကျီလင်းဟွေ့လည်း အရှုံးတော့ ရှိရမယ်လေ။
“တတိယ မိဖုရားလည်း ဒုတိယ လု သခင်မလေးအတွက် လက်ဆောင်ပြင်ဆင်ထားမှာပေါ့။ သူမပေးတဲ့လက်ဆောင်တွေဟာ ကျွန်တော်မျိုးမနဲ့ သဲ့ဖေးရဲ့ဟာတွေထက် အမြဲတမ်းလိုလို ပိုကောင်းလေ့ရှိတယ်။ သခင်မလေးအတွက် လက်ဆောင်ကို မြန်မြန်ထုတ်ပြပြီး ကျွန်မတို့ကို အံ့သြသွားအောင်သာ လုပ်လိုက်ပါတော့ရှင် “
သဲ့ဖေးသည်လည်း ရှုဖေးကဲ့သို့ စဉ်းစားမိသဖြင့် အလျင်အမြန် ကြားဖြတ်၀င်ပြောလိုက်သည်။
“ဟုတ်တယ်၊ ကျွန်တော်မျိုးမတို့မြင်အောင် ထုတ်ပြလိုက်ပါတော့, တတိယ မိဖုရားရေ “
အမှန်တွင် တတိယမိဖုရားသည် လုလျန့်ဝေအတွက် လက်ဆောင်တစ်ခုမှ မပြင်ဆင်ထားခဲ့ပေ။ သူမသည် သဲ့ဖေးနှင့် ရှုဖေးတို့က သူမတို့ရဲ့ လက်ဆောင်တွေအား ပေးအပ်နေကြသည်ကို မြင်သည့်အခါ မည်သည့်အသံမှမထွက်ဘဲ မမြင်သလိုသာ ဟန်ဆောင်နေခဲ့သည်။ သို့သော် အခုချိန်၌ သူမတို့နှစ်ယောက်စလုံးက သူမအား လက်ဆောင်အကြောင်းမေးနေကြပြီဖြစ်သဖြင့် ဆက်ပြီးဟန်ဆောင်နေ၍ မရတော့ချေ။