နတ်ဆိုးသခင်များ စုစည်းခြင်း
Vol. 4 Ch. 369
ရထားအတွင်းရှိ လူများမှာ သူတို့ ခေါင်းထဲသို့ တိုက်ရိုက်ဝင်လာသော အသံကြောင့် ကြောက်မှုနှင့် အံ့အားသင့်ခြင်းများကို ခံစားလိုက်ကြရ၏။
"ဒါက ဘာသံကြီးလဲ…"
"ဟုတ်တယ်… ငါလည်း ကြားလိုက်တယ်။ အဲ့အသံက ငါ့ခေါင်းထဲကနေ ပြောနေသလိုပဲ"
"အဲဒါက ချန်းပေ့ရွှမ်းကို ခေါ်နေတာ မလား။ ချန်းပေ့ရွှမ်း ဆိုတာ ဘယ်သူလဲ။ ရထားပေါ်မှာ ချန်းပေ့ရွှမ်း ရှိလား"
လူများစွာ၏ အသံက အံ့ဩခြင်းများ စွက်ဖက်၍ ထွက်ပေါ်လာသည်။ ထိုအသံက အဘယ်ကြောင့် သူတို့အားလုံး၏ ခေါင်းအတွင်း ရောက်ရှိ လာရသနည်း။ ထိုအရာက ထူးခြား ဆန်းကြယ်လွန်းသည်။
ရုတ်တရက် ရထား၏ ပြတင်းပေါက် အပြင်ဘက်များ၌ အမှောင်ထု တစ်ခုက စိုးမိုးလာကာ ညအလား တဖြည်းဖြည်း မည်းမှောင် လာခဲ့တော့သည်။ လူများစွာမှာ ကြောက်ရွံ့မှုဖြင့် တစ်ယောက်အနား တစ်ယောက် တိုးကပ် လိုက်မိကြသည်။ နေ့လယ်ဘက်သာ ရှိသေးသော်လည်း အဘယ်ကြောင့် ကောင်းကင်က ညအလား မည်းမှောင် နေရသနည်း။
"ချီးပဲ… အဲဒါက သဘာဝလွန် စွမ်းအားများလား…"
"ငါတို့ တစ္ဆေ ရထားပေါ် ရောက်နေတာလား…"
"အမေ … အမေ ဘယ်မှာလဲ…"
ရထားတစ်ခုလုံးကား မိန်းမများ၏ ကြောက်လန့်တကြား ရေရွတ်သံ၊ ကလေးငယ်များ၏ ငိုသံ၊ ယောက်ျားများ၏ စိတ်လှုပ်ရှားနေသော စကားသံများဖြင့် ပြည့်နှက်နေတော့၏။
အိကျင့်ချီမှာလည်း ထိုအဖြစ်အပျက်ကြောင့် အလွန် ကြောက်ရွံ့ နေတော့သည်။ သူမက ချန်းဖန်၏ လက်ကို ကိုင်ထားသည့်တိုင် တစ်ကိုယ်လုံး မထိန်းချုပ်နိုင်အောင် တုန်ရီနေသည်။ သူမကား ချမ်းသာသော မိသားစုတွင် ကြီးပြင်းလာခဲ့ရာ ထိုကဲ့သို့ အဖြစ်အပျက်မျိုးအား မကြုံတွေ့ခဲ့ဖူးချေ။
ကြောက်ရွံ့နေသည့်တိုင် အိကျင့်ချီက ချန်းဖန် အနားသို့ ပိုမို တိုးကပ်လိုက်ရင်း လေသံဖြင့်…
"အဲဒီ အသံက နင့်ကို ဘယ်လို သိနေတာလဲ။ အဲဒါကြီးက နင့်နောက်ကို လိုက်လာတာလား။ ဒီမှာပဲ ထိုင်နေနော်။ အပြင်ကို မထွက်လိုက်နဲ့။ ဒီမှာ လူတွေ အများကြီးပဲ။ အဲဒီ သရဲက အထဲကို ဝင်လာရဲမှာ မဟုတ်ဘူး"
မိန်းကလေး၏ စိုးရိမ်တကြီး ပြောဆိုနေသံကြောင့် ချန်းဖန် သဘောကျစွာ ပြုံးလိုက်မိသည်။
"စိတ်မပူပါနဲ့… အဲဒါက မှင်စာ ဝိညာဉ်လေး သာသာပါ…"
ချန်းဖန်၏ ယုံကြည်မှု ရှိသော လေသံကြောင့် အိကျင့်ချီ၏ စိုးရိမ်မှုများက အတော်အတန် လျော့ကျသွားသည်။
သို့သော်လည်း ရမ်ဟိုက ချန်းဖန်အား မာန်ဖီနေသော ခွေးတစ်ကောင် အလား ကြည့်ကာ လက်ညှိုးထိုးရင်း…
"သူက ချန်းပေ့ရွှမ်းပဲ … မကောင်းဆိုးဝါးက သူ့နောက်ကို လိုက်နေတာ…"
သူ့အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်နှင့် လူများစွာက ချန်းဖန် ရှိရာသို့ ကပျာကယာ ကြည့်ကြသည်။ သူတို့၏ မျက်လုံးများက အံ့အားသင့်မှု၊ မယုံကြည်မှု တို့ဖြင့် ပြည့်နှက် နေတော့၏။
အခြား ခရီးသည်များ၏ အကြည့်များအား မြင်သည်နှင့် အိကျင့်ချီ၏ မျက်နှာတစ်ခုလုံးက စိုးရိမ် ပူပန်မှုများဖြင့် ပြည့်လာသည်။ သူမက ရမ်ဟိုအား ဒေါသတကြီး လှမ်းကြည့်လိုက်သည်။ ရမ်ဟို၏ မျက်နှာတွင် ရှက်ရွံ့မှု အချို့ ပေါ်လာသော်လည်း ခဏအတွင်းပင် ပြန်လည် ပျောက်ကွယ်သွား၏။ ယခုအချိန်၌ သူ၏ အသက် ဆက်လက် ရှင်သန်ရန် အရာအားလုံးကို သူစွန့်လွှတ်ရဲသည်။
ထိုစဉ်မှာပင် ရုတ်တရက် ကျယ်လောင်သော အော်ဟစ်သံနှင့် အတူ ပြတင်းပေါက်များ အပြင်ဘက်၌ အနက်ရောင် အရိပ်ကြီး တစ်ခု ပေါ်လာခဲ့၏။ ထိုအရိပ်၏ မျက်လုံးများက သတ္တုရေကန်ကြီး နှစ်ခုအလား ခရီးသည်များကို စူးနစ်စွာ ကြည့်နေခဲ့၏။
ခရီးသည်များကား စိတ်လှုပ်ရှားမှုကြောင့် သတိလစ် မတတ် ဖြစ်နေကြတော့သည်။ သူတို့ အများစုမှာ သာမန်လူများသာ ဖြစ်ရာ ထိုကဲ့သို့သော ကြောက်မက်ဖွယ် မြင်ကွင်းမျိုးအား မမြင်တွေ့ဖူးကြချေ"
ချန်းဖန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ပျံလွှားနီလေးက အနည်းငယ် စဉ်းစားလိုက်ရင်း…
"အဲဒီ အသံကို ဝိညာဉ် စွမ်းအင်ကနေ တစ်ဆင့် ပို့နိုင်တယ် ဆိုတော့ တန်ခိုးရှင် အဆင့် တစ်ယောက် ဒါမှမဟုတ် အခြား နတ်ဆိုးသခင် တစ်ယောက် ဖြစ်မယ် ထင်တယ်။ နတ်ဆိုးသခင် ဘယ်နှယောက်များ အပြင်မှာ ရောက်နေလဲ မသိဘူး"
"ထွက်ကြည့် လိုက်ကြရအောင်လေ…"
ချန်းဖန်က ပြောရင်း ထိုင်နေရာမှ ထလိုက်သည်။
လူများစွာမှာ ချန်းဖန်အား မျက်လုံးများကို အစွမ်းကုန် ပြူး၍ ကြည့်နေကြတော့၏။ ထိုကောင်လေးက မည်သည့်အရာကို လုပ်ရန် ကြံနေသနည်း။ သူ့တွင် ရထား အပြင်ဘက်မှ မကောင်းဆိုးဝါးအား ကြောက်ရွံ့သည့်စိတ် မရှိသည်လား။
အိကျင့်ချီက ချန်းဖန်အား မသွားစေချင်သည့် အရိပ်အယောင်များဖြင့် သူ၏ လက်ကို အတင်းဆွဲထားသည်။ သို့သော်လည်း ချန်းဖန်က အစ်ကိုတစ်ယောက်က ညီမအား ချစ်ခင်စွာ ပြုံးသည့် အပြုံးမျိုးဖြင့် ညင်သာစွာ ပြုံးပြလိုက်ရင်း…
"မကြောက်နဲ့ … အဲဒီ နတ်ဆိုးလေးတွေကို မင်းအတွက် ဖမ်းပေးမယ်"
သူ၏ စကားကို အိကျင့်ချီက ငိုမဲ့မဲ့ အပြုံးမျိုးဖြင့် တုံ့ပြန်သည်။ သူမ ကြည့်နေစဉ်မှာပင် ချန်းဖန်က ရထား မျက်နှာကြက်ကိုအား အဇူရာ အလင်းအသွင်ဖြင့် ထိုးဖောက်ကာ ထွက်ခွာ သွားတော့သည်။ ပျံလွှားနီလေးကလည်း အနီရောင် မီးတောက်အသွင် ပြောင်းကာ ချန်းဖန်၏ နောက်မှ လိုက်သွားတော့၏။
လူတိုင်းကား ထိုမြင်ကွင်းအား ကြည့်ရင်း ဆွံ့အ နေကြတော့သည်။
"သူတို့ … သူတို့က တန်ခိုးရှင် တွေလား…"
တစ်စုံတစ်ယောက်က အထစ်ထစ် အငေါ့ငေါ့ ရေရွတ်လိုက်သည်။ အိကျင့်ချီမှာမူ မည်သည့်အရာကိုမျှ တွေးတောနိုင်စွမ်း မရှိတော့ချေ။ စိတ်တစ်ခုလုံးကား ဗလာဟင်းလင်း ဖြစ်နေတော့သည်။
သို့သော်လည်း ခဏအတွင်းမှာပင် ချန်းဖန်နှင့် ပတ်သက်သော မှတ်ဉာဏ်များက သူမ၏ ခေါင်းထဲသို့ အစီအရီ ဝင်ရောက်လာခဲ့၏။ သူမတို့ စုဆမ်နို ဘုရားကျောင်းတွင် တွေ့ဆုံခဲ့စဉ်က ချန်းဖန်က သူမအား ထွက်သွားရန် သတိပေးခဲ့သည်။ သိပ်မကြာခင် ရက်ပိုင်း အတွင်းမှာပင် စုဆမ်နို ဘုရားကျောင်း ပျက်စီးကြောင်း သတင်း ကြားလိုက်ရသည်။ နောက်တစ်ကြိမ် တိုကျို မျှော်စင်တွင် တွေ့ဆုံစဉ်တွင်လည်း အလားတူပင်။
အကြောင်းအရာများအား ဆက်စပ်မိသည်နှင့် ထိုအရာများက ချန်းဖန်နှင့် ပတ်သက်နေကြောင်း သူမ တွေးမိလာခဲ့သည်။
"သူက ဘယ်သူလဲ … သူ့မှာ ဘာလို့ ဒီလို စွမ်းအင်တွေ ရှိနေရတာလဲ"
အိကျင့်ချီက တီးတိုးရေရွတ် လိုက်မိတော့၏။
ထိုအချိန်၌ ချန်းဖန်ကမူ ရထား ခေါင်မိုးပေါ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ယခုအချိန်၌ ရထားက အမှောင်ထုကြောင့် အရှိန်နှေးကို နှေး၍ ဖြည်းညင်းစွာသာ မောင်းနှင်နေခဲ့သည်။ ချန်းဖန်က ခေါင်းအား အပေါ်သို့ မော့ကြည့်ရာ အမှောင်မြူနှင်းထု တစ်ခုက နေအလင်းအား ပိတ်ဆိုးထားသည်ကို တွေ့လိုက်ရ၏။ ထိုအမှောင်မြူနှင်းများ အကြားတွင်မူ မရွေမတွက်နိုင်သော မကောင်းဆိုးဝါးနှင့် ဝိညာဉ်များက လူးလွန့် ကူးခပ်နေကြ၏။ သူတို့၏ မျက်လုံးများက နီရဲနေကာ အဆုံးမရှိသည့် တွင်းနက်ကြီးများ အလားပင် ထင်ရသည်။
ထိုဝိညာဉ်များက ရှေးကျကာ အိုမင်းနေသည့် အငွေ့အသက်များ ထွက်ပေါ်နေသည်။ သူတို့အားလုံးကား သေဆုံးခြင်းနှင့် ရှင်သန်ခြင်းကြားမှ စည်းမျဉ်းကို လွန်ခဲ့သည့် နှစ်ရာချီကပင် ချိုးဖောက်ခဲ့ပုံ ရသည်။ သူတို့ထဲမှ အချို့ဆိုလျှင် အိုဟောင်းနေသော အီဒိုခေတ်မှ ဝတ်စုံများကိုပင် ဝတ်ဆင် ထားကြသည်။
"ဘာတွေ ဖြစ်နေတာလဲ…"
ပျံလွှားနီလေးက ချန်းဖန် နံဘေးတွင် ပေါ်လာရင်း မေးလိုက်၏။ သူမ၏ အသံက အလေးအနက် ထားဟန် တည်ငြိမ်နေ၏။
"အမှောင်မြူနှင်းက ဒီနေရာရဲ့ ပတ်လည် ကီလိုမီတာ ထောင်ချီပြီး ဖြန့်ကြက်ထားတယ်။ ဒါက ဓမ္မအစီအရင် တစ်ခုနဲ့ ဖန်တီးထားတာ ဖြစ်လိမ့်မယ်။ အဲဒီ မကောင်းဆိုးဝါးတွေက ဓမ္မ အစီအရင်ရဲ့ အကာအကွယ် မပါဘဲ ကိုယ်ထင်ပြရဲမှာ မဟုတ်ဘူး"
ချန်းဖန်က လက်နှစ်ဖက်အား နောက်ပစ်ရင်း ပြောလိုက်၏။
ပျံလွှားနီလေးက အနည်းငယ် စဉ်းစားရင်း…
"ဒါက အိုင်းမဟာ ဘုရားကျောင်းရဲ့ အမှောင်ကောင်းကင် အတားအဆီးပဲ။ ဒီအစီအရင်ကို အိုင်းမဟာ ဘုရားကျောင်းရဲ့ မဟာ ကနူးရှီက အနောက်တိုင်း အာခီမီ ပညာကို သုံးပြီး ဖန်တီးထားခဲ့တာ။ အဲဒါကို သရဲမွေးမြူတဲ့ နေရာမှာ သုံးနိုင်တဲ့အပြင် နတ်ဆိုးသခင်တွေ အတွက် ကြားနယ်အနေနဲ့ အသုံးပြုနိုင်တယ်"
သူမ၏ စကားအဆုံးမှာပင် ခေါင်းသုံးလုံး လက်ခြောက်ဖက် ပါသော နတ်ဆိုးသခင် တစ်ကောင်က အမှောင်ထုကြားမှ တိုးထွက် ဖြစ်ပေါ်လာတော့သည်။ သူ၏ လက်ခြောက်ဖက် စလုံး၌ မတူညီသော ဓမ္မ အစီအရင်များကို ဆွဲကိုင်ထားရဲ့ ဒဏ္ဍာရီထဲမှ ဗုဒ္ဓ၏ ကာကွယ်သူ ဓမ္မပါလ အလားပင် ထင်ရသည်။
"အဲဒါက ငရဲဧကရာဇ် ဘုရားကျောင်းရဲ့ လက်ခြောက်ဖက် နတ်ဆိုးသခင်ပဲ…"
ပျံလွှားနီလေးက နတ်ဆိုးအား ညွှန်ပြရင်း ပြောလိုက်သည်။
"ချန်းပေ့ရွှမ်း … ငါ မင်းအကြောင်းတွေ အများကြီး ကြားထားတယ်"
လက်ခြောက်ဖက် နတ်ဆိုးသခင်ထံမှ အသံ ဝိညာဉ်လှိုင်း တစ်ခုက သမုဒ္ဒရာ အတွင်းမှ လှိုင်းလုံးများအလား လွင့်လူး ရောက်ရှိလာခဲ့၏။ သူ၏ အကြည့်များက ချန်းဖန်ထံတွင်သာ စူးစိုက်နေခဲ့ပြီး ပျံလွှားနီလေးကိုမူ ရှိသည်ဟုပင် သဘောမထားသည့် အလား လှည့်မကြည့်ချေ။ ချန်းပေ့ရွှမ်း ကဲ့သို့သော လူမျိုးသာ သူ အာရုံစိုက်ရန် ထိုက်တန်သည်။
ရုတ်တရက် အမှောင်ထုထဲမှ အခြား အရိပ်တစ်ခု ပေါ်ထွက် လာပြန်၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက ရှုပ်ထွေးသော နွယ်ပင်များဖြင့် ရစ်သိုင်း ထုပ်ပိုးထား၏။ ထိုအရိပ်၏ အသားအရေက ပတ်ဝန်းကျင်ရှိ အမှောင်ထုထက်ပင် ပိုမို နက်မှောင်နေကာ ရွံစရာ မကောင်းဆိုးဝါး တစ်ကောင်အလားပင် ကြောက်မက်ဖွယ် ကောင်းလှ၏။
"ယာမမီဇူကီ ဘုရားကျောင်းရဲ့ သခင်ကြီး ယာမမီဇူကီ…"
ပျံလွားနီလေးက ရွံရှာဟန်ဖြင့် ချန်းဖန်အား ပြောပြလိုက်၏။
"ချန်းပေ့ရွှမ်း … မင်းကြောက်လား…"
သခင်ကြီး ယာမမီဇူကီက အော်ဂလီဆန်ချင်စရာ အသံကြီးဖြင့် မေးလိုက်သည်။
"ယာမမီဇူကီ … ချန်းပေ့ရွှမ်းက အရှေ့အာရှမှာ အစွမ်းအထက်ဆုံးလို့ ပြောနိုင်တဲ့ တန်ခိုးရှင် အဆင့် တစ်ယောက်ပဲ။ သူက မင်းကို မကြောက်တာ သေချာတယ်…"
အခြား အသံတစ်ခုက သခင်ကြီး ယာမမီဇူကီ၏ နောက်မှ ပေါ်ထွက်လာပြန်သည်။
ခဏအတွင်းမှာပင် ငှက်ဦးထုပ် စောင်းထားပြီး ပုံပျက်ပန်းပျက် အတောင်ပံများ ရှိသည့် လူကြီး တစ်ယောက် ပေါ်လာခဲ့၏။ သူ၏ ပုံစံက ဒဏ္ဍာရီ ပုံပြင်များထဲမှ ကျီးခွေး ကာရာစုတန်ဂူနှင့်ပင် တူနေခဲ့၏။
"ကာရာစုတန်ဂူ ဘုရားကျောင်းရဲ့ သခင်ကြီး ကာရာစု တန်ဂူ…"
ပျံလွှားနီလေး၏ မျက်နှာကား ဖြူရော်နေခဲ့ပြီ ဖြစ်၏။ ယခုကဲ့သို့ နတ်ဆိုးသခင် သုံးကောင် တစ်ပြိုင်နက် ပေါ်ထွက်လာမည်ဟု သူမ မထင်ထားမိခဲ့ချေ။ ချန်းဖန် အနေဖြင့် နတ်ဆိုးသခင် တစ်ကောင်ချင်းစီကို ကောင်းစွာ ကိုင်တွယ်နိုင်လိမ့်မည် ဟု သူမ ယုံကြည်ချက် ရှိသော်လည်း ယခု အခြေအနေကမူ အလွန် ဆိုးရွားနေပြီ ဖြစ်သည်။
"ခရက်… ခရက်… ခရက်…"
ထိုစဉ်မှာပင် ခြေသံ အချို့နှင့်အတူ ရှည်လျား ပိန်ပါးသော ပုံရိပ်တစ်ခု ရထားအမိုး အခြားတစ်ဖက် အမှောင်ထဲမှ ထွက်ပေါ်လာခဲ့၏။ ပျံလွှားနီလေးက လှည့်ကြည့်လိုက်ရာ လူသားအသွင် ပုဂ္ဂိုလ် တစ်ယောက်အား မြင်ရသည်။
"သခင်ကြီး ကူရိုမီ … ရှင် ဒီကို ဘယ်လို ရောက်လာတာလဲ"
သူမက အံ့အားတကြီး မေးလိုက်သည်။ သခင်ကြီး ကူရိုမီမှာ အဆင့်လွန် အရှင်သခင် တစ်ယောက်သာ ဖြစ်သည်။ ချန်းဖန် မဆိုထားနှင့်။ သူမပင်လျှင် သူ့အား အနိုင်ယူနိုင်သည်။
"သူက သေမျိုး တစ်ယောက် မဟုတ်ဘူး။ နတ်ဆိုးသခင် ကူရိုမီပဲ…"
ချန်းဖန်က ပြုံးရင်း ပြောလိုက်၏။ ပျံလွှားနီလေး၏ အံ့အားသင့်သော အကြည့်များ အောက်တွင်ပင် သခင်ကြီး ကူရိုမီ၏ မျက်လုံးများက တဖြည်းဖြည်း နီရဲလာကာ မကောင်းဆိုးဝါး အလား ပြောင်းလဲ လာတော့၏။
ပျံလွှားနီလေးက ထိုမြင်ကွင်းအား ကြည့်ရင်း သက်ပြင်းတစ်ချက် ရှိုက်မိသည်။ လက်ခြောက်ဖက် နတ်ဆိုး၊ သခင်ကြီး ကာရာစုတန်ဂူ၊ သခင်ကြီး ယာမမီဇူကီနှင့် သခင်ကြီး ကူရိုမီ… ဂျပန်၏ အစွမ်းအထက်ဆုံးသော နတ်ဆိုးခြောက်ယောက်မှ လေးယောက်ကား ချန်းဖန်ကို သတ်ရန် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ အိုင်းမဟာ ဘုရားကျောင်း၏ နတ်ဆိုးသခင် ပေါ်မလာသေးသော်လည်း အမှောင်ကောင်းကင် အတားအဆီး ပေါ်ထွက်နေခြင်းက ထိုနတ်ဆိုးသခင် တည်ရှိနေမှုအား အလွယ်ပင် သိရှိနိုင်သည်။
"ချန်းပေ့ရွှမ်း… မင်း အံ့အားသင့်သွားလား…"
သခင်ကြီး ကူရိုမီက ကျယ်လောင်စွာ ရယ်မောရင်း မေးလိုက်၏။ သူ၏ ရယ်မောသံ၏ နောက်၌ များစွာသော ရယ်မောသံများက ပဲ့တင်သံများ အလား အထပ်ထပ် လိုက်လံ ထွက်ပေါ် လာနေခဲ့သည်။
ပျံလွှားနီလေး၏ မျက်နှာက အသက်မဲ့စွာ ဖြူရော်လာနေသည်။ သူက ချန်းဖန်၏ လက်မောင်းအား ရေနစ်သူ တစ်ယောက် အလား တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူမ၏ စိတ်တွင်မူ ယနေ့ မုချ သေရတော့မည်ဟု တွေးနေမိတော့၏။
ချန်းဖန်ကမူ တည်ငြိမ်စွာပင် ရှိနေသေး၏။ သူက လက်နှစ်ဖက်ကို နောက်ပစ် ထားရင်းကပင်…
"အရမ်းကောင်းတယ် … မင်းတို့က ငါ့ကို ခရီးတွေ အများကြီး မသွားရအောင် ကူညီပေးလိုက်တာပဲ။ မင်းတို့ အားလုံးကို သတ်ပြီး ငါ့ရဲ့ ဓမ္မ ရတနာကို အားဖြည့်ရမယ်"
***