အခန်း (၃၄၀-၃၄၂)
Vol. 7 Ch. 340-342
အပိုင်း ၃၄၀
ခြုံလွှာအောက်က တောက်ပနေတဲ့ အလှလေး
သူမက လုဟယ့်ထျန်းသည် ယန္တရားခလုတ်အား သူမရှေ့တွင် ဒီလိုနှိပ်လိုက်လိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။
ဒါက သူ့သမီးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာသာမက ယုံကြည်မှုကိုပါ ပြလိုက်တာပင်ဖြစ်သည်။
လုလျန့်ဝေကရဲ့ နှလုံးသားက နွေးထွေးသွားရပြီး သူ့အဖေ ဘာပေးမယ်ဆိုတာနှင့် ပတ်သက်လို့တောင် စိတ်မလှုပ်ရှားတော့ပေ။သူမသည် အနီးအနားက ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်သည်။
ထို့နောက် သူမအဖေက စာအုပ်စင်ရဲ့ လျို့ဝှက်အခန်းမှ သေတ္တာတစ်လုံးအား ယူလာသည်ကို တွေ့လိုက်ရသည်။ လုလျန့်ဝေရဲ့ အကြည့်တွေက ထိုသေတ္တာဆီ ရောက်သွားတော့သည်။ သူ့အဖေက ရွှေသေတ္တာကြီးများဝှက်ထားတာလား၊ အဲ့ဒါသူ့ကို ပေးမလို့လား...။
သူမရဲ့ ငွေတွေလိုချင်နေသည် အမူအရာအား မြင်တော့ လုဟယ့်ထျန်းက ခေါင်းယမ်းလိုက်ပြီး သေတ္တာအား သူ့အရှေ့က စားပွဲပေါ်သို့ တင်လိုက်လေသည်။
လုဟယ့်ထျန်းသည် တစ်ခုခုအား ပြန်အမှတ်ရတွေးလိုက်ပုံရပြီး စိတ်မကောင်းသည့် အရိပ်အယောင်သည် မျက်နှာထက်တွင် ပေါ်လာလေတော့သည်။
သူသည် သူ့ရဲ့ သေးသွယ်သည့် လက်ချောင်းများနှင့် သေတ္တာအား ဖွင့်လိုက်သည်။ အချိန်အကြာကြီး သူစကားမပြောခဲ့ပေ။လုလျန့်ဝေက သူ့အား ဆိတ်ငြိမ်စွာ ကြည့်လိုက်သည်။ သေတ္တာကို ကြည့်လိုက်တဲ့ အခါမှာတောင် သူ့အဖေရဲ့ မျက်လုံးထဲက ဝမ်းနည်းတဲ့ အရိပ်အယောင်မှာ ပျောက်မသွားခဲ့ပေ။
လုလျန့်ဝေရဲ့ အကြည့်က သေတ္တာပေါ်သို့ ရောက်သွားခဲ့လေသည်။ ထိုအရာသည် လေးထောင့်ပုံရှိပြီး သိပ်တော့မကြီးလှပေ။ အပြင်ဘက်ကကြည့်ပါက နည်းနည်းကြီးတဲ့ ရတနာသေတ္တာနဲ့ တူပေသည်။
သို့သော်လည်း ဟောင်းသည့် အနံ့ထွက်နေသဖြင့် အတော်ကြာနေပုံရသည်။လုဟယ့်ထျန်းက ငွေသော့လှလှလေးအား ထုတ်ပြီး သေတ္တာကို ဖွင့်လိုက်သည်။
“ ဒီထဲမှာ ပါတာတွေအကုန်လုံးက မင်းအမေ မင်းအတွက်ချန်ခဲ့တာတွေပဲ။ သူက မင်းလက်ထပ်ရင်ပေးဖို့ သူမဆုံးခင်က ပြောခဲ့တာ”
လုဟယ့်ထျန်း ထိုသို့ပြောတဲ့အခါ သူ့အသံက မြင့်မနေပေ။ သူ့ရဲ့ ထောင့်ကျကျ မျက်နှာကလည်း နည်းနည်းပျော့ပျောင်းနေလေသည်။လုလျန့်ဝေ အရမ်းတော့ အံ့ဩမသွားခဲ့။ သူ့အဖေဆီက ဒီလိုလေးလေးနက်နက် အမူအရာမျိုးမြင်ကတည်းက လင်းသခင်မပိုင်တဲ့ဟာ ဖြစ်မယ်ဟု သူမ ခန့်မှန်းပြီးသားပင်။
လုဟယ့်ထျန်းက သူမအား သေတ္တာပေးလိုက်ပြီး အထဲမှာ ပါတာတွေကို ညွှန်ပြလိုက်သည်။
“အဲ့မှာ ရွှေရယ် ကျောက်စိမ်းရယ်နဲ့ လုပ်ထားတဲ့ ဆံပင်အဆင်တန်ဆာ နှစ်စုံပါတယ်။ မင်းအမေဘက်က အဘိုးက အဘွားအတွက် သူကိုယ်တိုင်လုပ်ခဲ့တာလို့ ပြောတယ်။ ဒီလိုမျိုး နောက်ထပ်ရှာတွေ့မှာမဟုတ်ဘူး”
လုလျန့်ဝေက သေတ္တာထဲမှ ဆံပင်တန်ဆာနှစ်စုံကိုကြည့်လိုက်ပြီး အံ့အားသင့်မှုတွေနှင့် သူမ မျက်လုံးမှာ အရောင်တောက်ပလာတော့သည်။ဒီနှစ်စုံကိုသာ အပြင်ကို ထုတ်လိုက်မယ်ဆိုရင် လုံးဝအကျော်အမော်ဖြစ်သွားတော့မှာပဲ။
လုလျန့်ဝေက ရတနာအား သေတ္တာထဲမှ ထုတ်၍ မထိပဲ မနေနိုင်တော့ပေ။ရွှေသည် တောက်ပစွာဝင်းလက်နေပြီး ကျောက်စိမ်းမှာတော့ ညင်သာ အေးမြစွာနှင့် တလက်လက်ထနေပေသည်။ လက်ရာပုံစံမှာ ထူးခြားပြီး အနုစိတ်လွန်းလှသည်။
သရဖူမှာ ရွှေနဲ့ချည်း ပြုလုပ်ထားပြီး အလယ်၌ ပုလဲကြီးတစ်လုံး တွဲလောင်းဆွဲထားသည့် ဖီးနစ်ငှက်နှစ်ကောင်ပုံစံမျိုးဖြစ်လေသည်။ ပုလဲအား ပင့်ကိုင်ထားသည့် ဖီးနစ်ငှက်တွေရဲ့ ရှုပ်ထွေးတဲ့ပုံရိပ်မျိုးပင်။ ဘေးနှစ်ဖက်၌ ပုတီးစေ့ကြိုးလေးတွေအများကြီး ကျနေသေးသည်။ တကယ့်ကို အနုစိတ်ပြီး အံ့မခန်းပါပင်။
ဒီခေတ်လက်မှုပညာရှင်တွေသာ ဒီလို သိမ်မွေ့ပြီး လက်ရာမြောက်တဲ့ သရဖူမျိုး ပြုလုပ်နိုင်ရင် အတော် အံ့အားသင့်စရာကောင်းနေမှာပဲ။ဒီသရဖူနဲ့ ယှဉ်လိုက်တော့ တခြားဆံပင်တန်ဆာတွေကတောင် တအားထူးခြားမနေတော့ဘူး။
လုလျန့်ဝေက ထိုသရဖူအား ပထမဆုံးအကြည့်မှာတင် ကြွေသွားခဲ့ရသည်။သူမသည် ကောက်ယူပြီး စူးစမ်းကြည့်ပြီးနောက် လက်ကပင်မချချင်တော့ပေ။
ထိုအရာအား မြင်တော့ လုဟယ့်ထျန်းသည် သူမလက်ထဲက သရဖူကို ယူပြီး ခေါင်းပေါ်၌ ဝတ်ဆင်ပေးလိုက်တော့သည်။လုလျန့်ဝေသည် မူလက သရဖူအား သူမခေါင်းပေါ်၌ ဝတ်ဆင်လိုက်လျှင် လေးလိမ့်မည်ဟုထင်ထားခြင်းပေ။ သူမ အံ့ဩသွားရသည်မှာ သူမထင်သလိုမဟုတ်ဘဲ အလေးချိန်က အဆင်ပြေနေခြင်းပေ။ သူမသည် နှစ်ဖက်လုံးရှိ တန်းလန်းတန်းလန်းနှင့် ပုတီးစေ့ကြိုးလေးတွေအား ထိပြီး မျှော်လင့်ရင်း အပျော်မေးလိုက်သည်။
လုဟယ့်ထျန်းသည် သူ့ရှေ့မှ သူ့သမီးရဲ့ ကျက်သရေရှိမှုကြောင့် မှင်သက်သွားခဲ့ရသည်။သူသည် သူမခေါင်းပေါ်က သရဖူဆီသို့ အကြည့်ရောက်သွားပြီး သူ့မင်္ဂလာပွဲတုန်းက သတို့သမီးရဲ့ ခေါင်းပေါ်ရှိ ပဝါအား လှန်လိုက်သည့် အချိန်တုန်းက တွေ့ခဲ့ရတဲ့ တောက်ပသော အလှလေးကို ပြန်တွေးမိလာတော့သည်။
သူသည် ပြန်တွေးမိရင်း ရပ်တန့်နေသဖြင့် အချိန်တခဏကြာအောင် ဘာမှမတုံ့ပြန်တာကို လုလျန်ဝေက မြင်တော့ သူမရင်ထဲတင်းကျပ်ကျပ်ဖြစ်သွားတော့သည်။ သူမသည် ခေါင်းပေါ်က သရဖူကို အမြန်ဖယ်လိုက်ပြီး သူ့လက်တွေကို လှုပ်ရင်း ခပ်တိုးတိုးခေါ်လိုက်သည်။
“အဖေ”
Chapter 341
သူမ အမှန်တစ်ကယ် သေဆုံးသွားပြီလား။
သူအသိစိတ်ပြန်ဝင်လာချိန်မှာတော့ လုဟယ့်ထျန်းဟာ သူ့သမီးက သူ့ကို စိုးရိမ်စွာဖြင့် ကြည့်နေသည်ကို မြင်ပြီး ချက်ချင်းပင် အနည်းငယ် ရှက်ရွံ့သွားမိသည်။ သူမ၏ သရဖူကို ဖယ်ရှားထားသည်ကို မြင်လိုက်ရသဖြင့် သူကမန်းကတန်းပင် ပြောလိုက်သည်။
“ဘာလို့ သရဖူမဆောင်းထားရတာလဲ သမီးကသရဖူဆောင်းထားရင် ကြည့်ကောင်းတယ်။”
လုလျန့်ဝေက သရဖူကို သေတ္တာထဲသို့ ပြန်ထည့်လိုက်ပြီး ရွှတ်နောက်နောက်ဖြင့် ပြောလိုက်သည်။
“ဟုတ်တာပေါ့၊ ကျွန်မက ကျွန်မအမေရဲ့ သမီးပဲလေ။”
လုဟယ့်ထျန်းသည် သူမ၏ ဆံပင်ကို ပွတ်သပ်လိုက်ပြီး သူ၏ အသံတိမ်ထဲတွင် ဂုဏ်ယူမှုကို မဖုံးဖိထားနိုင်စွာဖြင့် ပြောလိုက်သည်။
“မှန်တယ်၊ မင်းဟာ မင်းအမေရဲ့ အလှအပအားလုံးကို အမွေရခဲ့တယ်။ ဒီကမ္ဘာပေါ်မှာ ဘယ်သူကမှ မင်းတို့နှစ်ယောက်ကို ယှဥ်လို့မရနိုင်ဘူး။”
လုလျန့်ဝေသည် သေတ္တာကို ပိတ်လိုက်ကာ ခဏလောက် တွေးမိပြီး မေးလိုက်သည်။
“အဖေ၊ ကျွန်မရဲ့အမေက အမှန်တစ်ကယ် သေဆုံးသွားပြီလား။”
လင်းသခင်မလို လူတစ်ယောက်ဟာ အသက်ငယ်ငယ်ဖြင့် မသေဆုံးနိုင်လောက်ဟု သူမခံစားမိသည်။
လှပသော အမျိုးသမီးတွေဟာ အမြဲတမ်း ကံဆိုးလေ့ရှိသည်ဆိုသော စကားကို သူမ မယုံကြည်ခဲ့ပေ။
လုဟယ့်ထျန်းသည် မျက်မှောင်ကျုံ့လိုက်ပြီး အချိန်အတော်ကြာမှ ပြန်ဖြေလိုက်သည်။
“နောက်ကျနေပြီ။ မင်းမနက်ဖြန် ထိုက်ကျိုးတောင်ကို သွားဖို့ရှိသေးတယ်။ အဲ့ဒါကြောင့် မင်းပြန်ပြီး ပစ္စည်းတွေကို ထုပ်ပိုးသင့်တယ်။ မနက်ဖြန်ကျရင် မင်းနဲ့ မင်းရဲ့အဖွားတော်ကို အဖေလိုက်ပို့ပေးမယ်။”
လုလျန့်ဝေသည် သူပြောလက်စ အကြောင်းအရာ ပြောင်းသွားသည်ကို သတိထားမိပြီး သူမ၏ နှလုံးသားထဲမှ ခံစားချက်သည် ပို၍ ပြင်းပြလာခဲ့သည်။
သို့သော်လည်း လုဟယ့်ထျန်းသည် ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ပြောပြရန် ငြင်းဆန်နေသောကြောင့် သူမသည် အဖြေရရန်အတွက် သူ့ကို ဖိအားမပေးချင်ပေ။
“ဒီသေတ္တာက မင်းအတွက် လေးလွန်းတယ်။ ငါမင်းကို ပြန်လိုက်ပို့ပေးမယ်။”
“အဖေ၊ ကျွန်မ ဒီသေတ္တာကို အဖေသိမ်းထားဖို့အတွက် ဒီမှာပဲ ထားခဲ့ရမယ်ထင်တယ်။ ကျွန်မ လက်ထပ်ထိမ်းမြားတဲ့နေ့ကျမှ ကျွန်မကို ပေးပါ။”
ထိုစကားကို ကြားလိုက်ရတော့ လုဟယ့်ထျန်းသည် ခဏမျှ တွေးတောမိပြီး လက်ခံလိုက်သည်။
“အဲ့လိုလည်း ဖြစ်ပါတယ်။ ဒါဆို မင်းလက်ထပ်ထိမ်းမြားတဲ့နေ့ကျရင် မင်းကို ပေးပါမယ်။”
ညဘက်တွင် လုထင်ချန်းဟာ အလုပ်မှ ပြန်လာပြီး လက်ထဲတွင် ပင်လုံးကြိုင်ပန်းသေရည်အိုးနဲ့အတူ ဆည်းဆာစံအိမ်သို့ တိုက်ရိုက်သွားခဲ့သည်။
လုလျန့်ဝေသည် မနက်ဖြန်အတွက် ပစ္စည်းတွေကို ထုပ်ပိုးနေစဥ် သူရောက်လာသည်ကို မြင်လိုက်ရ၍ အံ့ဩသွားသည်။
လုထင်ချန်းသည် သူ၏ခါးမှ ဓားမြောင်ကို ဆွဲထုတ်လိုက်ပြီး ဂရုမစိုက်စွာပင် စားပွဲပေါ်သို့ ပစ်ချလိုက်သည်။
“မဟုတ်ရပါဘူး။ အခုက နောက်ကျနေပြီမို့လို့ပါ။ ပြီးတော့ အစ်ကိုကြီး ဒီကိုနောက်ဆုံးတစ်ခေါက် လာခဲ့တာလည်း အတော်ကြာပြီမို့ပါ။”
ထိုသို့ပြောလိုက်ပြီးနောက် သူမက ကျူးယွီထံသို့ သူမထုတ်ပိုးနေသည်ကို လက်ဆင့်ကမ်းပေးလိုက်ကာ အိပ်ရာပေါ်မှ ထလာခဲ့သည်။
သူမသည် ဝိုင်အိုးနှင့် စားပွဲပေါ်မှ စားစရာများကို တစ်ချက်လှမ်းကြည့်လိုက်သည်။
“အစ်ကိုကြီး ဒီဟာတွေကို ယစ်မူးရနံ့စံအိမ်ကနေ ထပ်ဝယ်ခဲ့တာလား။”
“ဟုတ်တယ်၊ သူတို့ရဲ့ ဟင်းလျာတွေက နည်းနည်းဈေးကြီးပေမယ့် အရသာတော့ကောင်းတယ်။”
လုထင်ချန်သည် ခွေးခြေခုံပေါ်သို့ ခပ်ကြမ်းကြမ်းပင် ထိုင်ချလိုက်သည်။
သူသည် ဝိုင်အိုးကို ကောက်ယူပြီး စောင်းကို လျင်မြန်စွာပင် ဖယ်ပစ်လိုက်သည်။ သူက ခွက်နှစ်ခွက်ကို ယူလိုက်ပြီး ဖြည့်ဖို့လုပ်နေချိန်တွင် လုလျန့်ဝေက သူ့ကို တားလိုက်သည်။
လုလျန့်ဝေသည် သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး စိတ်အေးအေးထားဖို့ အချက်ပြလိုက်သည်။ ထို့နောက် ဝိုင်အိုးထဲသို့ ကြည်လင်သော ငွေရောင်အပ်တစ်ချောင်းကို ထည့်လိုက်သည်။ အရောင်ပြောင်းမသွားသည်ကို ကြည့်၍ တခြားဟင်းလျာခွက်တွေကိုလည်း ထိုနည်းအတိုင်း လုပ်လိုက်သည်။
ငွေရောင်အပ်ချောင်းသည် မပြောင်းလဲဘဲ ပုံမှန်အတိုင်းပဲ ရှိနေသည်။
သို့သော် အချို့သော အဆိပ်များသည် အရောင်ကင်းမဲ့၍ အရသာမရှိသည့်အပြင် ငွေရောင်အပ်ချောင်းနှင့်ပင် မစစ်ဆေးနိုင်ပေ။
ခဏမျှ တွေးတောပြီးနောက်မှာတော့ လုလျန့်ဝေသည် လှည့်ထွက်သွားပြီး ဘေးကပ်ရပ်တွင်ရှိသော ဆေးဆောင်ထဲသို့ ဝင်သွားပြီးနောက် ကြွေပုလင်းတစ်ပုလင်းဖြင့် ပြန်လာခဲ့သည်။
လုထင်ချန်းဟာ သူမ၏ အပြုအမူတွေကြောင့် ဝေခွဲမရဖြစ်နေသည်။
လုလျန့်ဝေသည် သူ၏ မေးခွန်းကို ပြန်မဖြေဘဲ ကြွေပုလင်းကို သူ့ထံ ပေးလိုက်သည်။
“ဒီဆေးက အဆိပ်အတောက်မျိုးစုံကို ကုသနိုင်ပါတယ်။ အစ်ကိုကြီး ဒီဆေးကို သုံးရက်ဆက်တိုက် သောက်လိုက်ရင် အဆိပ်အတောက်မျိုးစုံကို ခုခံနိုင်လာပါလိမ့်မယ်။ ဒီဆေးထဲမှာ ကျွန်မနောက်ဆုံးတစ်ခေါက် လျှို့ဝှက်တောင်ထိပ်ကို သွားတုန်းက ရခဲ့တဲ့ အံ့ဩဖွယ်ကောင်းလောက်အောင် အဆိပ်အတောက်ဖယ်ရှားနိုင်တဲ့ ဆေးပင် ပါတယ်။ ပြီးတော့ ဒါက အရမ်းအဖိုးတန်ပြီး ရှားပါးတဲ့အတွက်ကြောင့် မဖြုန်းတီးလိုက်ပါနဲ့။”
လုထင်ချန်သည် သူမထံမှ ကြွေပုလင်းကို ယူလိုက်ပြီး စစ်ဆေးကြည့်သည်။ ထို့နောက် မျက်ခုံးပင့်ပြီး အပြုံးဖြင့်
“မင်းနည်းနည်းများ အစိုးရိမ်လွန်နေတာ မဟုတ်ဘူးလား။ ဘယ်သူက ငါ့ကိုအဆိပ်ခတ်ရဲမှာလဲ။”
လုယွင်ရွှမ်းဟာ သူမအစ်ကိုရဲ့ ယစ်မူးရနံ့စံအိမ်မှဝိုင်ကို ကြိုက်နှစ်သက်တတ်သည်ကို မသိဘူးဆိုသည်မှာ အာမခံချက်မရှိနိုင်ပေ။ သူမသည် သူ့ကို ထိခိုက်စေလိုလျှင် အစားအသောက်နဲ့ ဝိုင်တွေမှာ အဆိပ်ခတ်ခြင်းက သူမအတွက် အလွန်ပင် လွယ်ကူလွန်းလှပါသည်။
Chapter 342: ဘယ်လိုတောင် လိုက်ဖက်လိုက်သလဲ။
မူလဇာတ်လမ်းတွင် လုထင်ချန်းဟာ သူပုန်ထမှုကို စတင်ခဲ့ပြီး ၎င်းကို တွန်းလှန်ခံခဲ့ရပြီးနောက်တွင်တော့ မြားဒဏ်ရာကြောင့် သေဆုံးခဲ့ရသည်။ သို့သော်လည်း ယခုတွင်မူ ဇာတ်လမ်းသည် မူလလမ်းကြောင်းနဲ့ မတူညီစွာ ကွဲထွက်သွားသည်နှင့် လုယွင်ရွှမ်းဟာ ရူးမိုက်သော လုပ်ရပ်တစ်ခုခုကို မလုပ်တော့မည်ဟု အာမခံရန် မဖြစ်နိုင်ပေ။
ထိုကဲ့သို့ ဆိုးရွားသောအရာတွေ ဖြစ်မလာစေရန်အတွက် သူမနက်နက်နဲနဲ တွေးတောနေမိသည်။
သူမသည် သူမ၏ မိသားစုကို ကာကွယ်စောင့်ရှောက်မည်ဟု ကတိပြုထားသည့်အတွက် မလိုလားအပ်သော အရာတွေကို ထိုအတိုင်း ဖြစ်ခွင့်မပြုနိုင်ပေ။
မဖြစ်ပေ။ သေးငယ်သော မတော်တဆမှုပင် မဖြစ်ပါပေ။
စိတ်ထဲမှ ထိုအတွေးနှင့်အတူ လုလျန့်ဝေသည် လေးနက်စွာဖြင့် ပြောလိုက်သည်။
“အစ်ကိုကြီးက ကျွန်မအတွက် တစ်ဦးတည်းသော အစ်ကိုတစ်ယောက်ပါ။ အစ်ကိုကြီးကို ဘာမှမဖြစ်စေချင်ပါဘူး။”
လုထင်ချန်းဟာ သူမ၏ အလွန်ပင် အလေးအနက်ဖြစ်နေပုံကြောင့် စနောက်ချင်ခဲ့ပေမယ့် ထိုစကားကို ကြားလိုက်ရသောအခါတွင်မူ သူ့နှလုံးသားသည် နွေးထွေးသွားသည်။
သူသည် ပြောလက်စအကြောင်းအရာကို ပြောင်း၍ ပြောလိုက်သည်။
လုလျန့်ဝေသည် သူ့ကို အောင်မြင်စွာ စည်းရုံးနိုင်ခဲ့သည့်အတွက် တိတ်တဆိတ် စိတ်သက်သာရာရသွားသည်။
“ကျွန်မဆီမှာ ဒီအံ့ဖွယ်အဆိပ်အတောက်ပျောက်ဆေးပင် သုံးပင်ရှိပေမယ့် ထိုအပင်တွေကနေ ဆေးလုံးသုံးဗူးပဲ ထုတ်နိုင်ပါသေးတယ်။ အစ်ကိုကြီးကို တစ်ဗူးပေးပြီးတော့ အဖေနဲ့အဖွားတော်ကို တစ်ဗူးစီပေးဖို့ စဥ်းစားထားပါတယ်။”
“ဒါဆို မင်းအတွက် ဘာမှမကျန်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်မလား။”
“ကျွန်မ ဆေးပညာကို လေ့ကျင့်နေတယ်ဆိုတာ အစ်ကိုကြီးမေ့နေတာလား။ အမှန်တော့ အဆိပ်အတောက်တွေကို ကုသခြင်းနဲ့ ခွဲခြားစိတ်ဖြာခြင်းကို ကျွန်မ အနည်းငယ်သိပါတယ်။ စိတ်မပူပါနဲ့။ ကျွန်မမှာ အဆိပ်အတောက်ပျောက်ဆေးမရှိဘူးဆိုရင်တောင် ကျွန်မ အလွယ်တကူ အဆိပ်ခတ်ခံရမှာ မဟုတ်ပါဘူး။”
သူမခဏမျှ စကားရပ်လိုက်ပြီး ထပ်လောင်းပြောလာသည်။
“အမေချန်ထားခဲ့တဲ့ ဆေးစာအုပ်တွေက တစ်ကယ်ကိုပဲ အလွန်အသုံးဝင်ပါတယ်။ ကျွန်မက အမေရဲ့ ပါရမီကို အမွေရခဲ့တယ်လို့ ကျွန်မထင်တယ်။ နောင်တစ်ချိန်မှာ ကျွန်မက ထူးချွန်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတာ ဘယ်သူသိမှာလဲ။”
ထိုစကားကို ကြားလိုက်ရသောအခါတွင်မူ လုထင်ချန်း၏ နှလုံးသားထဲမှ ပူပန်မှုတို့သည် ပျောက်ကွယ်သွားသည်။
“မှန်တယ်။ အမေဟာ အသက်ရှိစဥ်တုန်းက ထူးချွန်တဲ့ ကျွမ်းကျင်မှုတွေရှိခဲ့တာကြောင့် ကျော်ကြားတဲ့ ပါရမီရှင်ဆရာဝန်တစ်ယောက် ဖြစ်ခဲ့တယ်။ အချိန်တိုအတွင်းမှာ ဆေးပညာကို ကျွမ်းကျင်စွာ တတ်မြောက်နိုင်တာကို ကြည့်ရုံနဲ့ ညီမလေးက အမေ့ရဲ့ ဆေးပညာပါရမီကို အမှန်တစ်ကယ် အမွေဆက်ခံထားပုံပဲ။”
လုလျန့်ဝေသည် သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ့မျက်နှာပေါ်တွင် သံသယမရှိတော့သည်ကို တွေ့လိုက်ရ၍ စိတ်သက်သာရာရသွားသည်။
“ကျွန်မက ဆေးပညာကို ကြိုက်နှစ်သက်နေပါပြီ။ အမေချန်ထားခဲ့တဲ့ စာအုပ်တွေကို ကျွန်မဖတ်ရမယ်။ ပြီးရင်တော့ ကျွန်မက ပိုပြီး ကျွမ်းကျင်လာမှာပါ။ ဒါကြောင့် စိတ်မပူပါနဲ့။ ဒီအဆိပ်အတောက်ပျောက်ဆေးကို သောက်လိုက်ပါ။ တွန့်ဆုတ်နေဖို့ မလိုပါဘူး။ အနာဂတ်မှာ အစ်ကိုကြီးရဲ့ ညီမလေးက ပါရမီရှင်ဆရာဝန်ဖြစ်လာပြီးတော့ အဆိပ်အတောက်တွေကို ကုသခြင်းနဲ့ ခွဲခြားစိတ်ဖြာခြင်းဟာ အလွယ်လေးဖြစ်လာမှာပါ။”
လုထင်ချန်းသည် လက်ထဲမှ ကြွေပုလင်းကို ပွတ်သပ်လိုက်ကာ ထိုအဆိပ်အတောက်ပျောက်ဆေးသည် ပိုပြီးတောင် အဖိုးတန်လာသည်ဟု ခံစားမိသည်။
ထိုအရာက ဆေးရဲ့တန်ဖိုးကြောင့်မဟုတ်ဘဲ သူ့ညီမလေးရဲ့ သူ့အပေါ်ဂရုစိုက်မှုက အဖိုးတန်နေခြင်းဖြစ်သည်။
ဆက်လက်ငြင်းဆိုမနေတော့ဘဲ ပုလင်းကို ဖွင့်ကာ ဆေးလုံးကို သောက်လိုက်သည်။
ထိုသည်ကို မြင်တော့ လုလျန့်ဝေသည် သူ့အရှေ့မှ ဝိုင်အိုးကို သူမဘက်သို့ ဆွဲယူလိုက်သည်။
“အဆိပ်အတောက်ပျောက်ဆေးကို သောက်ပြီး တစ်နာရီအတွင်းမှာ ဝိုင်သောက်လို့မရဘူးဆိုတာ အစ်ကိုကြီးကို ကျွန်မပြောပြဖို့ မေ့သွားတယ်။”
လုထင်ချန်းဟာ ချက်ချင်းပင် သူ့၏ စိတ်ခံစားချက်များ ပျောက်ကွယ်သွားသည်။
ရုတ်တရက် သူ့ညီမ၏ လှည့်စားခြင်းကို ခံလိုက်ရသလို ခံစားလိုက်ရသည်။
ဝေဝေက အမှန်တစ်ကယ်ပင် သူ့ကို ကြိုတင်သတိပေးဖို့ မေ့သွားခဲ့လေသလား။
သူသည် အနည်းငယ် စိတ်မကျေမနပ်ဖြစ်သွားခဲ့ပေမယ့် သူ့ညီမ၏ အပြစ်ကင်းစင်သော မျက်နှာကို မြင်လိုက်ရသောအခါတွင်တော့ သူမအပေါ် အပြစ်တင်ဆူပူရန် သူမလုပ်နိုင်ပေ။ သူလုပ်နိုင်သည်ကတော့ ဝိုင်ကိုကြည့်ပြီး သက်ပြင်းချလိုက်တာပင်ဖြစ်သည်။
“ဘာလို့ ပန်းလက်ဖက်ရည်တစ်ခွက် မသောက်တာလဲ။ ကျွန်မ ကျူးယွီကို အနည်းငယ် လုပ်ခိုင်းလိုက်ပါမယ်။”
သူ၏ မျက်နှာပေါ်မှ စိတ်မကျေမနပ်ဖြစ်နေမှုကို မသိချင်ယောင်ဆောင်လိုက်ရင်း လုလျန့်ဝေသည် လှည့်ပြီး ကျူးယွီကို တက်ကြွစွာပင် အမိန့်ပေးလိုက်သည်။
ကျူးယွီသည် လက်ထဲမှ ပစ္စည်းများကို ချက်ချင်း ချထားလိုက်ပြီး ပန်းလက်ဖက်ရည်လုပ်ရန်အတွက် ပြုံးရွှင်ရွှင်ဖြင့် ထွက်လာသည်။
လက်ရှိမှာတော့ မင်းသားလေးနှင့် သခင်မလေးတို့သည် တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးမှုရှိလာကြပြီဖြစ်သည်။
“ဒီဟင်းလျာတွေက အတော်ကို အရသာရှိတယ်။ ကျွန်မတို့ ဒါတွေကို ပန်းလက်ဖက်ရည်နဲ့အတူ စားလို့ရတယ်။”
လုလျန့်ဝေသည် လုထင်ချန်းထံသို့ တူတစ်စုံ ကမ်းပေးလိုက်သည်။ ထို့နောက် သူမအတွက် တစ်စုံယူလိုက်ပြီး မြေပဲကို ကောက်ယူကာ စတင်စားသောက်ကြသည်။
လုထင်ချန်း၏ နဖူးပေါ်မှ အကြောများသည် ထောင်ကြွလာခဲ့သည်။ ပန်းလက်ဖက်ရည်နှင့် အမြည်းဟင်းလျာ။
ဘယ်လိုတောင် လိုက်ဖက်လိုက်သလဲ!
“မင်းဒီနေ့ နန်းတော်ထဲကို သွားခဲ့တယ်လို့ ကြားတယ်။ ဘယ်လိုလဲ။ မကောင်းတာတစ်ခုခုများ ဖြစ်ခဲ့သေးသလား။”