အခန်း (၃၄၉-၃၅၀)
Vol. 7 Ch. 349-350
အခန်း ၃၄၉
မကောင်းသောရည်ရွယ်ချက်များ
“နောက်ဆုံးတစ်ခေါက် ချူရိသခင့်ကိုယ်စား လုအိမ်တော်ရဲ့ပြိုင်ပွဲကနေပြန်လာတဲ့လမ်းမှာ နောက်ယောင်ခံလိုက်ခံခဲ့ရပါတယ်။ နောက်ယောင်ခံလိုက်တဲ့သူတွေကိုဖမ်းဆီးပြီး စစ်ဆေးမေးမြန်းလိုက်တဲ့အခါ သူတို့သခင်ကို ထုတ်ပြောလာခဲ့ကြတယ်။ အဲ့ဒီသူက အိမ်ရှေ့စံမိဖုရားရဲ့အစေခံ ဟုန်ရှို့ပါ။ အဲ့ဒီအချိန်တုန်းက အိမ်ရှေ့စံမိဖုရားပါမပါ သေချာမသိသေးတဲ့အတွက် သခင့်ကို မလျှောက်တင်ဖြစ်လိုက်တာပါ”
ထိုစကားကိုကြားတော့ လုံယန်အံ့ဩစွာနှင့် တစ်ချက်ကြည့်လိုက်ပြီး
“အိမ်ရှေ့မိဖုရားရဲ့အစေခံတစ်ယောက်က ဘာအကြောင်းကြောင့်ချူရိကိုနောက်ယောင်ခံလိုက်ဖို့ လူတွေစေလွှတ်မှာလဲ”
ချူကျီက
“ပြီးခဲ့တဲ့ရက်တွေတုန်းက အရှေ့နန်းဆောင်ကို အသံတိတ်စောင့်ကြည့်ခဲ့ပေမယ့် သံသသယဖြစ်စရာ ဘာတစ်ခုမှတော့ မတွေ့ခဲ့ရပါဘူး”
ထို့နောက်ခဏရပ်လိုက်ပြီးမှ မဝံ့မရဲဖြင့်
“အိမ်ရှေ့စံမိဖုရားက ဒုတိယသခင်မလေးလုကို ချူရိအန္တရာယ်ပေးမှာစိုးရိမ်လို့ ချူရိဘယ်သူဆိုတာသိရအောင် နောက်ယောက်ခံလိုက်ခိုင်းတာလဲ ဖြစ်နိုင်လောက်တာပဲမလား”
ပြိုင်ပွဲရဲ့ပထမရက်အနည်းငယ်တွင် ချူရိကသာ အနိုင်ရပြီး လူအများရဲ့အာရုံစိုက်ခြင်းအားခံခဲ့ရသော်လည်း၊ ချူရိမှာ အရှင်မင်းကြီးရဲ့ လျှို့ဝှက်တပ်သားတစ်ယောက်ဖြစ်သောကြောင့်လူမြင်ကွင်း၌ သိပ်ပေါ်လာလေ့မရှိပေ။ ထို့ကြောင့် လူတော်တော်များများက သူ့အား ဘုရင့်ရဲ့အနီးကပ်တပ်တော်ထဲက တပ်သားမှန်းမသိရှိကြ။
ထိုထင်မြင်ချက်မှာ အမှားအယွင်း တစိုးတစိမှမရှိသော်လည်း လုံယန်သည် မြန်မြန်ဆန်ဆန်ငြင်းဆိုလိုက်သည်။
“ကိုယ်တော်သိရသလောက်တော့ လုလျန့်ဝေက သူ့ရဲ့ဒီအမနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးမရှိဘူး။ အိမ်ရှေ့စံကလည်း လုလျန့်ဝေအပေါ် အမြဲတမ်းမရိုးမသားနဲ့ဆိုတော့ လုလျန့်ဝေအပေါ်ဂရုစိုက်ဖို့ ဆိုတာမဖြစ်နိုင်ဘူး”
ချူကျီသည် အခြေအနေများအား ခွဲခြားသုံးသပ်ခြင်းမျိုးနှင့် ပတ်သက်လာပါက ရိုးစင်းနုနယ်နေတုန်းပင်။
“ဟုန်ရှို့ရဲ့နောက်ကွယ်က ကြိုးကိုင်နေတဲ့လူက သူမ မဟုတ်တာရောမဖြစ်နိုင်ဘူးလား”
“ဟုန်ရှို့က အိမ့်ရှေ့စံမိဖုရားရဲ့ အနီးကပ်အစေခံဖြစ်လို့ သူမလုပ်သမျှက မိဖုရားနဲ့တစ်နည်းနည်းနဲ့တော့ ပတ်သက်နေလိမ့်မယ်။ ဘယ်သူသိနိုင်မှာလဲ၊ ချူရိနောက်ကိုလွှတ်လိုက်တဲ့သူတွေက ချူရိကိုသတ်ဖို့အခွင့်အရေးစောင့်နေတာ မဟုတ်ဘူးလို့”
ဒီတော့မှ ချူကျီတစ်ယောက်နားလည်သဘောပေါက် သွားပုံရပြီး
“ကျွန်တော်လည်း အဲ့လိုမျိုးစဉ်းစားခဲ့ဖူးတယ်၊ နောက်ယောင်ခံလိုက်သူတွေရဲ့သွားနောက်မှာ အဆိပ်တွေဖွက်ထားကြတဲ့နောက်တော့ သူတို့က အသေခံတပ်သားတွေဆိုတဲ့အချက်ကသိသာထင်ရှားတယ်။ ဒါပေမယ့် နားမလည်နိုင်တာတစ်ခုက မိဖုရားကဘာအကြောင်းကြောင့် အခုလိုမျိုးတွေလုပ်နေရလဲဆိုတာပဲ”
လုံယန်သည် လေးလေးနက်နက်တွေးတောနေရင်း ရုတ်တရက်ဆိုသလို သူ့မျက်ဝန်းတွေထဲ၌ အေးစက်စက်အကြည့်တစ်ခု ဖြတ်ပြေးသွားကာ ဖြေးညင်းစွာပြောလိုက်လေသည်။
“မြို့စားမင်းအိမ်တော်ကိုရော မင်းဘယ်လိုထင်လဲ”
ချူကျီတစ်ချက်တွေးတောလိုက်ရင်း ကောက်ချက်ချလိုက်သည်
“မြို့စားမင်းအိမ်တော်က နှစ်ပေါင်းရာနဲ့ချီပြီးတော့ မိသားစုအမွေအနှစ်ကို တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်းလာတဲ့ ကျော်ကြားတဲ့အိမ်တော်တစ်ခုဖြစ်ပြီး နန်းတော်စစ်တပ်တစ်ဝက်ကို ချုပ်ကိုင်ထားတဲ့အာဏာရှိတယ်ဆိုပေမယ့် ခေတ်အဆက်ဆက်မှာသားသမီးအရေအတွက် အနည်းအကျင်းလောက်ပဲရှိတယ်။ အခုမျိုးဆက်အတွက်ဆိုရင် အမွေဆက်ခံသူအဖြစ် လျာထားတဲ့သခင်လေးလုက သူတို့ရဲ့တစ်ဦးတည်းသောသား…”
ထိုအချက်၌ ချူကျိတစ်ယောက် တစ်ခုခုနားလည်သွားပုံရပြီး သူရဲ့တည်ကြည်ခန့်ညားတဲ့မျက်ဝန်းများမှာ ဖျတ်ခနဲလက်သွားတော့သည်။
“ဒါတွေအားလုံးက ဒုတိယသခင်မလေးလု သတို့သားစရွေးတဲ့အချိန်ဖြစ်ခဲ့တာပဲ။ မြို့စားမင်းအိမ်တော်ရဲ့သမက်ဖြစ်လာပြီး သူတို့ရဲ့အဆင့်အတန်းကို ဖြတ်လမ်းနည်းနဲ့မြှင့်တင်ချင်တဲ့သူအတွက် အိမ်တော်ရဲ့ဆက်ခံသူဖြစ်မလာနိုင်ရင်တောင် အကျိုးအမြတ်ကြီးကြီးရဖို့တော့ကြိုးစားမှာပဲ”
ထို့နောက် သူသည် ခေတ္တရပ်လိုက်ပြီးမှမှတ်ချက်ပြုလိုက်သည်
“အိမ်ရှေ့စံမိဖုရားက ဒီလောက်ထိရည်မှန်းချက်ကြီးမယ်မှန်း ကိုယ်တော်မထင်ထားဘူး”
“အကယ်၍များ ကိစ္စတွေကဒီလိုသာဆိုရင်၊ အရာအားလုံးအတွက်အဖြေရှိသွားပြီ။ သူချူရိနောက်ကိုလူတွေလွှတ်လိုက်တယ်ဆိုတာ ချူရိကိုသတ်ပြီး သူ့လူတွေကိုပြိုင်ပွဲထဲဝင်ပြိုင်ခိုင်းဖို့ပဲ။ အချိန်တန်လို့ အနိုင်ရသူထွက်ပေါ်လာရင်၊ အဲ့ဒီသူကအိမ်တော်ရဲ့သမက်ဖြစ်လာပြီး သူရသမျှအကျိုးအမြတ်တွေကလည်း မိဖုရားနဲ့ သက်ဆိုင်သွားမှာပဲ”
ဤအချိန်မှာတော့ လုယွင်ရွှမ်းရဲ့ရည်မှန်းချက်ကြီးပုံ ကြောင့် ချူကျီထိတ်လန့်သွားရတော့သည်။
ရေခဲတမျှအေးစက်တဲ့အကြည့်က လုံယန်၏ မျက်ဝန်းထဲဖြတ်ပြေးလို့သွားလေသည်။လုယွင်ရွှမ်းက သူလိုချင်တာရဖို့အတွက်ဝေ့ဝေ့ရဲ့အနာဂတ်ခင်ပွန်းလောင်းကိုတောင် ကြိုးကိုင်ခြယ်လှယ်ဖို့ ကြံစည်ခဲ့တယ်ပေါ့လေ။
လုံယန် တစ်ခုခုကိုစဉ်းစားမိသွားပြီးရုတ်တရက်မေးလိုက်သည်
“တော်ဝင်အပန်းဖြေဆောင်ကလုပ်ကြံသူတွေနဲ့ ပတ်သက်ပြီး ဘာရှာတွေ့ထားသေးလဲ”
“လုပ်ကြံသူတွေရဲ့ခြေရာလက်ရာတွေအားလုံး ဘာတစ်ခုမှမကျန်ခဲ့ဘူး။ ကျွန်တော်အစတုန်းကမြို့တော်ထဲကစားသောက်ဆိုင်တစ်ဆိုင်ကိုသံသယရှိလို့ပိတ်ချပြီးစစ်ဆေးခဲ့ပေမယ့် သာမန်စားသောက်ဆိုင်တစ်ခုထက်မပိုပဲ လုပ်ကြံသူတွေရဲ့အရိပ်အယောင်လည်းမတွေ့ခဲ့ရဘူး”
“အဲ့ဒီနေရာကို ‘မွှေးရနံ့တွေနဲ့ယစ်မူးပျော်ပါးရာအရပ်’လို့ခေါ်လေ့ရှိကြတယ်။ မြို့တော်ထဲမှာရှိတဲ့နာမည်ရစားသောက်ဆိုင်တစ်ခုဆိုလည်းဟုတ်တယ်။ ကျွန်တော်စုံစမ်းကြည့်ရသလောက် အဲ့ဒီဆိုင်က မြို့စားမင်းချန်အိမ်တော်ရဲ့အမွေဆက်ခံသူ ချန်ရွှီဖျင် ပိုင်တာပါ”
အခန်း ၃၅၀
လုံယန်က ထျန်းကျိုးတောင်ပေါ်သွားမယ်တဲ့
“ချန်ကျူပင်း”
လုံယန်က တီးတိုးရေရွတ်လိုက်လေသည်။
သူသည် ထိုလူနဲ့ပတ်သက်၍ ထင်မြင်ယူဆချက်နည်းနည်း လောက်သာရှိသည်။ မြို့စားမင်းချန်အိမ်တော်သည် မြင့်မြတ်တဲ့ရှန်မင်းဆက်အား ဘဏ္ဍာရေးဆိုင်ရာအရ အထောက်အပံ့အများကြီးကို ပေးခဲ့သည့်အတွက် နန်းတော်က ကျင်းပသည့်ဂုဏ်ပြုစားပွဲတိုင်းရဲ့ ဧည့်သည်စာရင်းထဲတွင် အမြဲပါလေ့ရှိခဲ့သည်။
ထို့ကြောင့်သာ သူသည် ဆက်ခံသူသခင်လေးချန်အား ထိုပွဲခင်းများထဲ၌ အကြိမ်အနည်းငယ်လောက်မျှတွေ့ဖူးခဲ့ခြင်းဖြစ်သည်။
ချန်ကျူပင်းသည် ထိမ်းမြားလက်ထပ်ခြင်းအရ ဝင်ငွေဌာနကအမတ်လင်နှင့် ဆွေမျိုးတော်စပ်ကြသည်ဆိုသည်အား သူမှတ်မိသေးသည်။ အမှန်တော့ဒီလထဲတွင် သူတို့နှစ်ယောက်ထိမ်းမြားလက်ထပ်ရန် စီစဉ်ထားခဲ့ကြသော်လည်း လင်အိမ်တော်ရဲ့သမီးကညာဟာ ရုတ်တရက်ကွယ်လွန်သွားခဲ့ရသည်။
ထိုအချိန်မှာ လုံယန်တစ်စုံတစ်ခုကို တွေးမိသွားပေသည်။ဝေ့ဝေ့ တော်ဝင်အပန်းဖြေဆောင်ကိုသွားဖို့ ရုတ်တရက်ကြီးအကြံပြုလာတာက လင်အိမ်တော်ရဲ့သခင်မလေးကြောင့်မဟုတ်လား။
မိန်းကလေးလင်က ငြိမ်းငြိမ်းချမ်းချမ်းမြှုပ်နှံခံရသင့်သည်ဆိုသော်လည်း ဝေ့ဝေ့ကသူ့အား ဂူထဲကနေပြန်တူးထုတ်ခဲ့သည်။
ဒီလိုဆိုရင် မိန်းကလေးလင်ရဲ့သေဆုံးခြင်းကအတုအယောင်သက်သက်ပဲပေါ့။ ဒါပေမယ့် ဝေ့ဝေ့ကဘာလို့ သူမကိုကူညီပေးရတာလဲ။
သူတို့နှစ်ယောက်ကြားထဲမှာ ဘာလျှို့ဝှက်ချက်တွေရှိနေတာလဲ။
အဓိကအကျဆုံးအချက်က လက်ထပ်တော့မယ့်အချိန်မှာမှ မိန်းကလေးလင်ကဘာလို့သေဆုံးချင်ယောင်ဆောင်ခဲ့တာလဲ။
ထိုအချိန်တုန်းက သူသည် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ရန် ကျောက်ချန်အား စေလွှတ်ခဲ့သေးသည်ပင်။ သူတို့ရဲ့တစ်ဦးတည်းသောသမီးလေးဆုံးပါးသွားမှု့ ကြောင့် အမတ်လင်နဲ့သူ့ဇနီးမှာ ယူကျုံးမရဖြစ်နေကြောင်းကိုတောင် ကျောက်ချန်က ပြန်လျှောက်တင်လာသေးသည်။
သို့သော်လည်း ထိုအချိန်တုန်းက မိန်းကလေးလင် တကယ်သေဆုံးခဲ့သည်လား ဆိုသည့်အချက်မှာ လစ်ဟနေခဲ့သည်။
သူမက ချန်ကျူပင်းကို လက်မထပ်ချင်လို့များသေဆုံးချင်ယောင်ဆောင်ခဲ့တာလား။
လင်အိမ်တော်နဲ့မြို့စားမင်းချန်အိမ်တော်က မိသားစုချင်းခင်မင်ရင်းနှီးကြတဲ့အပြင် သူတို့နှစ်ယောက်ကလည်း ငယ်ငယ်လေးထဲက အတူတူကြီးပြင်းလာခဲ့ကြတာဆိုတော့ မိန်းကလေးလင်က ချန်ရွှီဖျင်ကိုကြောက်လို့တော့မဖြစ်နိုင်ဘူး။
ဒါဆိုဒါတွေအားလုံးရဲ့နောက်မှာ ဖုံးကွယ်ထားတာတစ်ခုခုရှိနေတာလား။
ဝေ့ဝေ့ ဒီအကြောင်းတွေအား သိနေမည်ဆိုသည်ကို သူကောင်းကောင်းကြီးသိပေသည်။ဒါပေမယ့် ဒါတွေနဲ့ပတ်သက်ပြီး သူမ ဘယ်တုန်းကမှ အစဖော်ပြောလာခြင်းမရှိတာက သူ့ကိုမယုံလို့များလား။
ထိုအတွေးက လုံယန်အား အနည်းငယ် မပျော်မရွှင်ဖြစ်သွားစေလေသည်။
“လုယွင်ရွှမ်းနဲ့ချန်ကျူပင်းတို့ဘက်ကို မျက်ခြေမပျက် စောင့်ကြည့်ထား။ တကယ်လို့သံသယဖြစ်စရာတစ်ခုခုရှိရင်စုံစမ်းစစ်ဆေးထားလိုက်။”
ထိုနှစ်ယောက်မှာ အပေါ်ယံကြည့်လျှင် ပတ်သက်မှု့မရှိဘူးထင်ရသော်လည်း သူတို့ကြားထဲ၌နီးကပ်သည့်ဆက်နွယ်မှုတစ်ခုခုရှိသည်ဟု သူခံစားမိနေပေသည်။
လူငယ်လေးထွက်သွားတာကိုကြည့်ရင်း လုံယန်ကအတွေးရေယာဉ်ကြောကိုပြန်ဆက်လိုက်ကာ အထိမ်းအမှတ်ကျောက်စာတိုင်ကို ဆက်ထွင်းနေလိုက်သည်။ လာမည့်ရက်အနည်းငယ်အတွင်းတွင် တိုင်းပြည်ရေးရာလုပ်ငန်းဆောင်တာများအား သူ မြန်မြန်လေးအပြီးသတ်လိုက်ချင်ပြီဖြစ်သည်။
ထျန်းကျိုးတောင်က သာယာလှပတဲ့နေရာတစ်ခုဖြစ်တဲ့အပြင် နန်းမြို့တော်နဲ့အဝေးကြီးမဟုတ်ပေမယ့်လည်း သူသည် ထိုနေရာသို့ အကြိမ်အနည်းငယ်လောက်ပဲ ရောက်ဖူးလေသည်။
ဟုန်ရှို့တစ်ယောက်ကျောက်ချန်အား ပြန်လည်ပို့ဆောင်ပြီးသည့်နောက်၊ ကျောက်ချန်မှာ အရှင်မင်းကြီးရဲ့အမိန့်တော်အရ အားအင်ဖြည့်တင်းပေးနိုင်တဲ့ဆေးဝါးတစ်ချို့ ပို့ဆောင်သွားကြောင်းအသိပေးဖို့ရန် သူမ လုယွင်ရွှမ်းဆီအပြေးပြန်လာခဲ့လိုက်သည်။
လုယွင်ရွှမ်းရဲ့ခန္ဓာကိုယ်မှာ မူလကတည်းက ထိခိုက်လွယ်သည့်အပြင် ကိုယ်ဝန်ပျက်ကျမှုသည် သူမရဲ့ကျန်းမာရေးအား ပိုမိုထိခိုက်စေခဲ့သဖြင့် အိပ်ယာထဲမှာပဲနွမ်းလျစွာ လဲလျောင်းလျက်ရှိသည်။
ဟုန်ရှို့ရဲ့စကားတွေကိုကြားတော့ သူမကကျေးဇူးတင်သည့်ဟန်ပန်မျိုးမရှိသည့်အပြင် ခပ်ထေ့ထေ့လှောင်လိုက်ရင်း
သူမကိုယ်ဝန်ပျက်ကျတာနဲ့ပတ်သက်ပြီး အဲ့ဒီမိန်းမပျက်ရဲ့ခန့်မှန်းချက်ကမှန်နေခဲ့တယ်လေ။
သူမ ထိုဖြစ်ရပ်အား တွေးမိလိုက်သည်နှင့်တစ်ပြိုင်နက် အိပ်ရာဘေးနားရှိ စားပွဲပေါ်တွင် တင်ထားသည့် စွတ်ပြုတ်ပန်းကန်ကို တိုက်ချလိုက်တော့သည်။
စွပ်ပြုတ်နဲ့ ကြွေထည်အပိုင်းအစများမှာ မြေပြင်ပေါ်၌ ပြန့်ကျဲလို့သွားလေသည်။
ဟုန်ရှို့မှာ ထိတ်လန့်သွားရပြီး မည်သည့်စကားကိုမှ မဆိုဝံ့တော့ပေ။
အိမ်ရှေ့စံမိဖုရားက ဒီကိုယ်ဝန်ကိုရဖို့ ဒုက္ခသုက္ခတွေအများကြီးဖြတ်ကျော်ခဲ့ရပေမယ့် ကြိုးစားခဲ့သမျှအရာအားလုံးသဲထဲရေသွန် ဖြစ်ကုန်တော့ အခုလောက်ထိ စိတ်အခြေအနေဆိုးဝါးသွားတာက အံ့သြစရာတော့မရှိပါဘူးလေ။
ဒါပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် ဒုတိယသခင်မလေးလုအပေါ်အပြစ်ပုံချတာကြီးကတော့နည်းနည်း......။
သို့သော်လည်း ဟုန်ရှို့ဘယ်လောက်ပဲ ဘဝင်မကျနေပါစေ၊ သူမအတွေးတွေကိုတော့ထုတ်မပြရဲပေ။
လုယွင်ရွှမ်းကမလိုမုန်းတီးမှု့များ ပြည့်နှက်နေသည့်လေသံဖြင့်
“အဲ့ဒီမိန်းမပျက်လုလျန့်ဝေက အခုဆိုငါ့ကိုလှောင်ရယ်နေလောက်ပြီ။ ငါက ဘာလို့လှောင်ပြောင်ခွင့်ပေးရမှာလဲ”
လုယွင်ရွှမ်းသာကောင်းမွန်တဲ့ဘဝတစ်ခုမရနိုင်ဘူးဆိုရင် သူမကလုလျန့်ဝေကိုလည်းပျော်ရွှင်ခွင့်ပေးမှာမဟုတ်ဘူး။
လုယွင်ရွှမ်းစကားကိုကြားလိုက်ရချိန်၌ ဟုန်ရှို့ရဲ့နှလုံးသားတစ်ခုလုံး နစ်မြုပ်သွားရလေသည်။ အိမ်ရှေ့စံမိဖုရားတစ်ခုခုကြံစည်နေပြီဆိုတာ သူမသိနေသည်။
သူမတွေးတောနေတဲ့အချိန်မှာပဲ လုယွင်ရွှမ်းက သူမအတွေးတွေအတိုင်းပြောလာလေသည်။
“အဒေါ်အနားယူတာလည်းကြာနေပြီဆိုတော့ လုံလောက်သင့်နေပြီမဟုတ်လား ဝေ့ဝေ့လက်ထပ်တော့မှာဆိုတော့ အိမ်တော်တစ်ခုလုံးကလည်းအလုပ်ရှုပ်နေကြတာ။ အဒေါ်ကို နည်းနည်းလောက်အပင်ပန်းခံခိုင်းပြီး ဒီကကိစ္စလေးတွေနဲ့အပန်းဖြေစေမယ်ဆိုရင်ရော”
“ဒါပေမယ့် အဒေါ်ကျန်းကိုပြန်ခေါ်ဖို့ မြို့စားမင်းကို ကျွန်မတို့ဘယ်လိုစည်းရုံးကြမလဲ”