နတ်ဘုရား စိတ်ဆန္ဒ၏ဓား
Vol. 4 Ch. 370
အမှောင်ကောင်းကင် အတားအဆီးက ထိုဒေသ တစ်ခုလုံးအား ဘောလုံးကွင်း တစ်ခုအလား ဖုံးအုပ်ထားခဲ့သည်။ ပတ်ဝန်းကျင် တစ်ခုလုံးတွင်မူ သစ္ဆေများ၏ အော်ဟစ်သံ၊ ငိုညည်းသံများဖြင့် ပွက်လောက်ရိုက် နေ၏။
ချန်းဖန်ကမူ ထိုအရာများအား မမြင် မကြားရသည့် အလား တည်ငြိမ်နေစွာ ရှိနေခဲ့၏။ သူက လက်နှစ်ဖက်အား နောက်ပစ်ရင်း မာနကြီးစွာဖြင့် ရထား အမိုးပေါ်တွင် ရပ်နေဆဲ ဖြစ်၏။ သူ၏ ဘေးတွင်မူ ပျံလွှားနီလေးကား တဆတ်ဆတ် တုန်သည် အထိ ကြောက်ရွံ့ နေခဲ့သည်။
သူမသည် တရုတ် အထူးဌာန၏ အထူးစစ်သည်တော် တစ်ယောက် ဖြစ်သည်။ သို့သော်လည်း တရုတ်နိုင်ငံမှာ အများအားဖြင့် ငြိမ်းချမ်းနေရာ သူမ အနေဖြင့် ကြမ်းတမ်း ခက်ခဲသော တိုက်ပွဲများအား မကြုံခဲ့ဖူးချေ။ သူမ မဆိုထားနှင့်။ ရဲ့နန်ထင်း၊ အဇူရာ နဂါးတို့ ကဲ့သို့သော ပုဂ္ဂိုလ်များပင်လျှင် ယခုကဲ့သို့ နတ်ဆိုး သခင်လေးယောက်နှင့် ထိပ်တိုက် ရင်ဆိုင်ရပါက တုန်လှုပ် ချောက်ချားမိသည် ဖြစ်သည်။
"ဒီနတ်ဆိုး သခင် ခြောက်ယောက်က ခါတိုင်းဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ငြိမ်းချမ်းရေး ယူမထားကြပါဘူး။ အခုကျမှ ဘာလို့ သွေးစည်း သွားကြတာလဲ…"
ပျံလွှားနီလေးက တွေးနေမိသည်။
ထိုစဉ်မှာပင် သခင်ကြီး ကူရိုမီက ပျံလွှားနီလေး၏ သံသယစိတ်ကို သတိထားမိဟန်ဖြင့်…
"ချန်းပေ့ရွှမ်း… မင်းဘာလုပ်မယ် ဆိုတာ ငါတို့ မသိဘူးလို့ ထင်နေတာလား။ မင်းက ရှီကိုးကူးကို ရောက်တာနဲ့ ငါ့ကို သတ်မယ်။ နောက်ပြီး အခြားလူတွေကို လိုက်သတ်ဖို့ ကြံနေတယ် ဆိုတာ ငါတို့ ကောင်းကောင်း သိတယ်။ ဒါကြောင့်ပဲ ငါတို့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ကြတာ"
ချန်းဖန်က အနည်းငယ် မျက်မှောင်ကြုတ် ရလိုက်သည်။ ထိုနတ်ဆိုးသခင်များ အားလုံးမှာ နှစ်ရာချီ အသက်ရှင်ခဲ့သော လူများဖြစ်သော်လည်း ချန်းဖန်၏ စိတ်ကူးများကို ခန့်မှန်းနိုင်ခြင်းက အံ့အားသင့်စရာပင်။
"ငါတို့ အစီအစဉ်ကို သူတို့ ဘယ်လို သိသွားတာလဲ"
ပျံလွှားနီလေးက စိုးရိမ်ကြီး ပြောသည်။ ထို့နောက် သူမက တစ်ခုခုအား စဉ်းစားမိဟန်ဖြင့် ချန်းဖန်အား ကြည့်ရင်း …
"ဖြစ်နိုင်တာက…"
သူမ၏ စကား မဆုံးခင်မှာပင် ချန်းဖန်၏ နှုတ်မှ နာမည်တစ်ခု ထွက်ပေါ်လာသည်။
"ခရမ်း…"
ချန်းဖန်တို့ ခရီးစဉ် အကြောင်းကို သိသူက သုံးယောက်သာ ရှိသည်။ သူတို့ သုံးယောက်တွင် ပျံလွှားနီလေးက တရုတ်လူမျိုး ဖြစ်ရာ ဂျပန်များအား ကူညီစရာ အကြောင်း မရှိချေ။ ထို့ကြောင့် ဖြစ်နိုင်သည်က တစ်ခုသာ ရှိတော့၏။
"ဟုတ်တယ် မလား … ခရမ်း…"
ချန်းဖန်က အမှောင်ထောင့်ကြား တစ်နေရာသို့ စူးစိုက်ကြည့်ရင်း မေးလိုက်သည်။
ခဏအတွင်းမှာပင် ချန်းဖန် စူးစိုက်ကြည့်နေသော နေရာမှ လှပသော ကိုယ်ဟန် ရှိသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။ သူမကား ခရမ်းပင်။
"သခင်ကြီး ချန်းပေ့ရွှမ်း…"
ခရမ်းက ချန်းဖန်အား နှုတ်ဆက်လိုက်သည်။ သူမအား တွေ့သည်နှင့် ပျံလွှားနီလေး၏ မျက်နှာက ဒေါသဖြင့် နီရဲလာကာ ချန်းဖန် အနားသို့ ကပ်လိုက်ရင်း…
"ချန်းပေ့ရွှမ်း … အဲဒီ ဂျပန်မနဲ့ ဝေးဝေးနေဖို့ နင့်ကိုငါ မပြောဘူးလား။ သူက ဖီဂျီနင်ဂျာ ကလန်ရဲ့ ခေါင်းဆောင်။ ဖီဂျီ နင်ဂျာတွေက ဘယ်လို လူမျိုးတွေလဲ ဆိုတာ နင်သိတယ် မလား။ ဒါတောင် နင်က သူ့မျက်နှာကို ကြည့်ပြီး ကြွေနေသေးတယ်"
ချန်းဖန်က သူမအား ပြန်မပြောပဲ ခရမ်းအား လှမ်းကြည့် လိုက်သည်။ ခရမ်းက ခေါင်းကို ငုံ့ရင်း…
"ဆရာ… ဆရာက ဘယ်လောက်ပဲ အစွမ်းထက်ထက် ဒီနေရာမှာ အမြဲနေမှာ မဟုတ်ဘူး။ ကိစ္စတွေ ပြီးသွားရင် တရုတ်ကို ပြန်သွားမှာပဲ။ ဒါပေမဲ့ ကျွန်မကတော့ ဒီနေရာမှာပဲ နေရမှာ။ ဆရာ ပြန်သွားတာနဲ့ သူတို့က ကျွန်မကို ဘာလုပ်မလဲ။ ကျွန်မရဲ့ ကလန်ကိုရော ဘာလုပ်ကြမလဲ။ နောက်ပြီး နင်ဂျာတွေက အသန်မာဆုံးလူတွေရဲ့ နောက်ကိုပဲ လိုက်တယ်။ အဲဒီ တစ်ယောက်က ရှင်မဟုတ်ဘူး…"
ချန်းဖန်က ခေါင်းညိတ်ရင်း သူမအား မေးလိုက်သည်။
"ငါ နားလည်ပါတယ်။ ဒါပေမဲ့ မင်း ခန္ဓာကိုယ်ထဲက ငါ့ရဲ့ အစီအရင်ကို ဘယ်သူက ဖယ်ရှား ပေးလိုက်တာလဲ…"
ခရမ်း ချန်းဖန်ထံ အညံ့ခံစဉ်က သူမ၏ ခန္ဓာကိုယ် အတွင်း၌ ရွှေရောင် မီးတောက် အစီအရင် တစ်ခုကို ချန်းဖန် စိုက်ပျိုးထားခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင်မူ ထိုရွှေရောင် မီးတောက်က ရှိပုံ မရတော့ချေ။
"အိုင်းမဟာ ဘုရားကျောင်းရဲ့ သခင်ကြီးက ဖယ်ရှားပေးခဲ့တာ။ နောက်ပြီး သခင်ကြီးကပဲ အခြား ဘုရားကျောင်းက နတ်ဆိုးလေးယောက်ကို ဖိတ်ခေါ်ဖို့ အတွက် အမှောင်ကောင်းကင် အတားအဆီးကို ခင်းကျင်း ထားခဲ့တာလေ"
ခရမ်းက ပြုံးရင်း ဆက်ပြောလိုက်သည်။
"ရှင် ဒီနတ်ဆိုး သခင်လေးယောက် လက်ထဲက လွတ်အောင် ပြေးနိုင်ရင်တောင် သခင်ကြီးက ရှင့်ကို မိအောင်ဖမ်းပြီး သတ်လိမ့်မယ်"
"ဟမ့်…"
ချန်းဖန်က နှာခေါင်းတစ်ချက် ရှုံ့ရင်း သူမအား ကြည့်လိုက်၏။ သူ၏ မျက်နှာတွင်မူ အပြုံးတစ်ခုက တွဲခိုလျက်။
"ခရမ်း… နင့်ကိုယ်ပေါ်က အစီအရင် ပျက်စီးသွားတာကို ငါမသိဘူး ထင်နေတာလား…"
သူ၏ စကားက နတ်ဆိုးသခင်များ အပါအဝင် ခရမ်းနှင့် ပျံလွှားနီလေး တို့အား စိတ်ဝင်စား သွားစေသည်။
"နင့်ကိုယ်ပေါ်က ရွှေရောင် မီးတောက် အစီအရင် ဖျက်ဆီး ခံလိုက်ရတာက အစ အားလုံး ငါသိတယ်။ နင်က ငါ့ကို သစ္စာဖောက်ခဲ့တယ် ဆိုပေမဲ့လည်း နင့်ကို မပြစ်မတင်ပါဘူး။ အခုဆို နတ်ဆိုးသခင် လေးယောက်ကို ငါ့ဆီ ခေါ်လာပေးတဲ့ အတွက် ကျေးဇူးတောင် တင်ရဦးမယ်။ ဒီ မကောင်းဆိုးဝါး လေးကောင်က နယ်မြေ အားသာချက်နဲ့ ငါ့ကို အနိုင်ယူနိုင်မယ် ထင်နေတာက ရယ်စရာပဲ"
ချန်းဖန်၏ စကားအဆုံး၌ ခရမ်း၏ မျက်နှာ တစ်ခုလုံးကား တဖြည်းဖြည်း မည်းမှောင် လာခဲ့တော့သည်။ သူမ၏ မျက်နှာတွင် ရှိသော အပြုံးမှာလည်း အေးခဲ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ချန်းဖန် အနေဖြင့် သူမ သစ္စာ ဖောက်သည့် အကြောင်းအား သိရှိနေလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့် မထားခဲ့ချေ။ သူမ လုပ်ခဲ့သမျှ အရာအားလုံးမှာ ချန်းဖန် ဆင်ထားခဲ့သည့် ထောင်ချောက်၏ တစ်စိတ် တစ်ပိုင်းသာ ဖြစ်နေခဲ့သည်။
"သူ့စကားကို မနားထောင်နဲ့။ သူ ညာနေတာ…"
သခင်ကြီး ကူရိုမီက ချန်းဖန်အား ကြည့်ရင်း နှာခေါင်းရှုံ့လိုက်သည်။
"ချန်းပေ့ရွှမ်း … မင်း ဘာပဲပြောပြော ဒီနေ့သေရမှာပဲ။ မင်းက တန်ခိုးရှင် အဆင့်ဆိုရင်တောင် ငါတို့လက်က မလွတ်နိုင်ဘူး"
သူက ပြောရင်း ရှေ့သို့ ခြေတစ်လှမ်း လှမ်းကာ အော်ဟစ်လိုက်၏။
"အခု လုပ်တော့…"
ရုတ်တရက် ဝိညာဉ် စွမ်းအင်လှိုင်းလေးခုက အမှောင်ကောင်းကင်အား ဖြတ်သန်း၍ ထွက်ပေါ်လာကာ ချန်းဖန်ထံ တိုးဝင်လာတော့သည်။ ထို ဝိညာဉ်စွမ်းအင် တစ်ခုချင်းစီက တာကီမီယာ ဟီရို၏ ဝိညာဉ်စွမ်းအင်ထက်ပင် ပိုမို အစွမ်းထက်သည်။
ဝိညာဉ်စွမ်းအင်လှိုင်း လေးခုက ပျံလွှားနီလေး၏ ခန္ဓာကိုယ်အား ပွတ်တိုက် သွားသည်နှင့် သူမ၏ နှာခေါင်း၊ ပါးစပ်တို့မှ သွေးများ လျှံကျ လာတော့သည်။ သူမကား အဆင့်လွန် အရှင်သခင် တစ်ယောက် ဖြစ်သော်လည်း ထိုဝိညာဉ် စွမ်းအင်လှိုင်းများအား မည်သို့မျှ တောင့်ခံနိုင်စွမ်း မရှိချေ။ ဝိညာဉ်စွမ်းအင်လှိုင်းက သူမအား ဦးတည်၍ တိုက်ခိုက်ခြင်း မဟုတ်သောကြောင့်သာ သူမ သက်သာနေခြင်း ဖြစ်၏။
ဝိညာဉ်စွမ်းအင်လှိုင်းများက ချန်းဖန်အား အထပ်ထပ် ဆင့်ကာ ရိုက်ခတ်ကြသည်။ သို့သော်လည်း ချန်းဖန်က အနည်းငယ် ပြုံးလိုက်ရင်း လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ လေထဲ၌ သင်္ကေတတစ်ခု ရေးဆွဲလိုက်၏။
"ဝိညာဉ်သန့်စင်ခြင်း နည်းစနစ် … ဖွဲ့စည်းစမ်း…"
ရုတ်တရက် ချန်းဖန်၏ မျက်လုံးမီ နတ်ဘုရား အလင်းတစ်ခု ပေါ်ထွက်လာကာ လေထဲမှ သင်္ကေတနှင့် ပူးပေါင်းသည်။ မျက်စိ တစ်မှိတ် အတွင်းမှာပင် ထိုအရာက ငွေရောင် အလင်းအသွင်မှ တစ်ဆင့် သုံးမီတာခန့် ရှည်လျားသော ဓားတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ဓားက ပြီးပြည့်စုံစွာ ဖွဲ့စည်းပြီးသည်နှင့် ဉာဏ်ပညာနှင့် ပြည့်စုံသည့် အငွေ့အသက်များ ထွက်ပေါ် ပျံ့နှံ့လာ၏။ ထိုဓား၏ အရှိန်အဝါများက ရထားကို ကျော်လွန်ကာ အမှောင်ထုအား ထိုးဖောက်တော့မည့်ဟန် တောက်ပ လာခဲ့တော့သည်။
"နတ်ဘုရား စိတ်ဆန္ဒအား ရုပ်သွင် ဖွဲ့စည်းခြင်း…"
နတ်ဘုရား စိတ်ဆန္ဒ၏ ဓားပေါ်ထွက် လာသည်နှင့် နတ်ဆိုးသခင် လေးယောက်ကား အလွန် အံ့အားသင့် သွားကြတော့သည်။ ပျံလွှားနီလေးနှင့် ခရမ်းတို့မှာမူ မည်သည့် အရာများ ဖြစ်ပျက် နေကြောင်းကို နားမလည်နိုင်ကြချေ။
နတ်ဆိုးသခင်များမှာ အလွန် အစွမ်းထက်သော ဝိညာဉ်များ ဖြစ်ရာ ချန်းဖန်၏ တိုက်ခိုက်မှုများကို တောင့်ခံနိုင်စွမ်း ရှိကြသည်။ သို့သော်လည်း ချန်းဖန်၏ နတ်ဘုရား စိတ်ဆန္ဓဖြင့် ဖွဲ့စည်းထားသော လက်နက်ကမူ သူတို့၏ ဝိညာဉ်များအား လွယ်ကူစွာ ဖျက်ဆီး ပစ်နိုင်စွမ်း ရှိသည်။
"သေစမ်း… အားလုံး အတူ တိုက်ကြရအောင်…"
ကူရိုမီက ထိုမြင်ကွင်းအား မြင်သည်နှင့် တလောတကြီး အော်ဟစ်ကာ သူ၏ ဝိညာဉ်စွမ်းအားကို ဖြန့်ကြက်လိုက်သည်။ သူ၏ ဝိညာဉ်စွမ်းအားများက ပင့်ကူအိမ်ကဲ့သို့ ကွန်ရက် တစ်ခုအသွင် ဖြစ်ပေါ်လာကာ ချန်းဖန်အား အုပ်မိုးသည်။ ထိုကွန်ရက်မှာ သန့်စင်သော ဝိညာဉ်စွမ်းအားဖြင့် ဖန်တီးထားခြင်း ဖြစ်ရာ စတီးထက်ပင် ပိုမို အစွမ်းထက်သည်။
ကွန်ရက်က သူတို့ အပေါ် အုပ်မိုးကျလာသည်ကို ကြည့်ရင်း ပျံလွှားနီလေး၏ မျက်နှာ တစ်ခုလုံးကား ဖြူရော် လာတော့၏။ သူမက ခန္ဓာကိုယ်မှ မီးစွမ်းအားကို အစွမ်းကုန် ဖော်ထုတ်ကာ ကြိုးစားသည်။ သို့သော်လည်း သူမ၏ စိတ်တွင်မူ ထိုဝိညာဉ်စွမ်းအားကို မည်သို့မျှ မယှဉ်နိုင်ကြောင်း နားလည် နေခဲ့သည်။
ထိုစဉ်မှာပင် ချန်းဖန်က ငွေရောင်ဓားရှည်အား လက်ဖြင့်ညွှန်ကာ အမိန့်ပေးလိုက်၏။
"သွားစမ်း…"
ဓားရှည်က လေထဲသို့ ပျံဝဲကာ ကွန်ရက်ကို ဖျက်ဆီးသည်။ ခဏအတွင်းမှာပင် ကွန်ရက်၏ တစ်ဝက်ခန့်က အပိုင်းပိုင်းပြတ် ကုန်တော့သည်။
နတ်ဆိုးသခင်က ထိုမြင်ကွင်းအား မြင်သည်နှင့် သူ၏ ဝိညာဉ် စွမ်းအားကို နှစ်ဆ တိုးမြှင့်ကာ ကွန်ရက်ကို အားဖြည့်သည်။
"သတ်စမ်း…"
ချန်းဖန်က လက်ညှိုးညွှန်လိုက်သည်နှင့် ငွေရောင်ဓားက အလင်း၏ အရှိန်မျိုးဖြင့် သခင်ကြီး ကာရာစုတန်ဂူထံ ပြေးဝင် သွားတော့၏။
သခင်ကြီး ကာရာစုတန်ဂူ သတိမထားမိခင်တွင်ပင် ဓားက သူ၏ ခန္ဓာကိုယ်အား နှစ်ပိုင်း ပိုင်းဖြတ် လိုက်တော့သည်။
***