← Chapters

နတ်ဆိုးသခင်များအား သတ်ဖြတ်ခြင်း

Vol. 4 Ch. 371

နတ်ဆိုးသခင်များအား သတ်ဖြတ်ခြင်း

Vol. 4 Ch. 371

"ဒါက … ဒါက မဖြစ်နိုင်ဘူး…"

ခရမ်းက ချန်းဖန်အား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ကာရာစုတန်ဂူကား နတ်ဆိုးသခင် တစ်ယောက် ဖြစ်သည်။ ရှေးခေတ်များ ကတည်းက ယခုထိ တည်ရှိခဲ့သော အလွန် အစွမ်းထက်သည့် နတ်ဆိုးသခင် တစ်ယောက် ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးကား ချန်းပေ့ရွှမ်း၏ ဓားချက် အောက်၌ ထက်ပိုင်းပြတ်ခဲ့ရပြီ ဖြစ်သည်။

အဆိုးဆုံးကား ထိုပုဂ္ဂိုလ်ကြီးမှာ ချန်းပေ့ရွှမ်း၏ တစ်ချက်တည်းသော ဓားချက်အား ခံနိုင်ရည် မရှိခဲ့ခြင်းပင်။ ချန်းပေ့ရွှမ်းအနေဖြင့် သူ၏ အလွန် အစွမ်းထက်သော အသံထက် မြန်သော လက်သီး၊ နေနှင့် လစက်ဝိုင်း တို့ကိုပင် မသုံးခဲ့ရသေးပေ။

လက်ခြောက်ဖက် နတ်ဆိုးသခင်၊ ကူရိုမီနှင့် ယာမာမီဇူကီတို့ကလည်း မယုံကြည်နိုင်စွာဖြင့် ချန်းဖန်အား ကြည့်မိကြသည်။ ထိုကဲ့သို့သော စွမ်းအားမျိုးက ရပ်တန့်၍ မရနိုင်သော အရာပင်။

"အား…"

ရုတ်တရက် နာကြည်းသော အော်ဟစ်သံကြီးနှင့်အတူ ကာရာစုတန်ဂူ၏ ခန္ဓာက နောက်တစ်ကြိမ် ပြန်လည် ဖွဲ့စည်းလာပြန်၏။ ထို နတ်ဆိုးသခင်များ၏ စွမ်းအားက အန္တရာယ် ပေးနိုင်သည့် အဆင့်တွင် ရှိမနေသော်လည်း သူတို့၏ ရုပ်ခန္ဓာ အကြိမ်ကြိမ် ပြန်လည် ဖွဲ့စည်းနိုင်သော အစွမ်းကမူ စိတ်ပျက်စရာ ကောင်းလွန်းသည်။ အကယ်၍ သူတို့အား သတ်လိုလျှင် ရုပ်ခန္ဓာကို မရေမတွက်နိုင်အောင် ဖျက်ဆီးရန် လိုအပ်သည်။

"သူ့ကို မြန်မြန် သတ်စမ်း… သူ့လက်ထဲက ဓားက ငါတို့ရဲ့ ဝိညာဉ်ကို ပျက်စီးအောင် လုပ်နိုင်တဲ့အစွမ်း ရှိတယ်…"

သခင်ကြီး ကူရိုမီက အလျင်စလို အော်ဟစ်လိုက်၏။ သူတို့၏ ခန္ဓာကိုယ်များက စိတ်ဝိညာဉ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ရာ တိုက်ခိုက်ရန် အလွန်ပင် ခက်ခဲသည်။ ချန်းဖန်၏ အသံထက် မြန်သော လက်သီးမှာ သူတို့၏ ခန္ဓာကိုယ်များအား အကြိမ်ကြိမ် ဖျက်ဆီးနိုင်စွမ်း ရှိသော်လည်း ထိရောက်သော တိုက်ခိုက်မှုဟု မဆိုနိုင်ချေ။ ထို့ကြောင့်ပင် ချန်းဖန်က နတ်ဘုရား စိတ်ဆန္ဒ၏ ဓားကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ထို နတ်ဘုရား စိတ်ဆန္ဒ၏ ဓားဖြင့် ကာရာစုတန်ဂူ ခန္ဓာကိုယ်အား အားပင် သုံးစရာ မလိုပဲ ချန်းဖန် ထက်ပိုင်း ပိုင်းဖြတ်နိုင်ခဲ့သည်။

"အတူတူ တိုက်ကြရအောင်ဟေ့ … သူ လွတ်သွားလို့ မဖြစ်ဘူး…"

ယာမာမီဇူကီက အော်လိုက်သည်နှင့် နတ်ဆိုးသခင် လေးယောက်ထံမှ ဝိညာဉ်စွမ်းအင်လှိုင်းများ တစ်ချိန်တည်း ထွက်ပေါ်လာ၏။

သူတို့ လေးယောက်က တစ်ယောက်ကို တစ်ယောက် ခေါင်းညိတ် ပြလိုက်ကြ၏။ ယခု အချိန်က သူတို့ အကြားတွင် ပြိုင်ဆိုင် နေရမည့်အချိန် မဟုတ်ချေ။ သူတို့ အားလုံးမှာ ချန်းဖန်အား တစ်ဦးချင်း ယှဉ်ပြိုင်နိုင်ခြင်း မရှိရာ ပူးပေါင်း တိုက်ခိုက်ခြင်းက အကောင်းဆုံး နည်းလမ်းပင်။

"ဘန်း…"

လက်ခြောက်ဖက် နတ်ဆိုးကာ စတင်လှုပ်ရှားကာ ချန်းဖန်ထံသို့ တိုးဝင်လာခဲ့သည်။ သူက လက်ခြောက်ဖက်လုံးတွင် ထူးဆန်းသော လက်နက်များကို စွဲကိုင်ရင်း ချန်းဖန်အား အနီးကပ် တိုက်ခိုက်ရန် ကြိုးပမ်းသည်။

လက်ခြောက်ဖက် နတ်ဆိုးသခင်မှာ ဝိညာဉ်မျှသာ ဖြစ်သော်လည်း သူကိုင်ဆောင်ထားသည့် လက်နက်များမှာမူ တကယ့် လက်နက် အစစ်များ ဖြစ်သည်။ ထိုလက်နက်များကား နတ်ဆိုးသခင် နှစ်ရာချီ၍ သန့်စင်ထားသော လက်နက်များဖြစ်ရာ မခန့်မှန်းနိုင်အောင် အစွမ်းထက် နေကြပြီ ဖြစ်သည်။

ထိုဓမ္မလက်နက်များက ချန်းဖန်အား ပစ်မှတ်ထား၍ သေလောက်သည့် တိုက်မှုရေး စွမ်းအားများကို ထုတ်ဖော်သည်။

ယာမာမီဇူကီက နှစ်ဖက်အား ဝှေ့ယမ်းလိုက်ရာ သူ၏ လက်မောင်း နှစ်ဖက်မှ နွယ်ပင်များက တရှဲရှဲမြည်၍ မီတာ ဒါဇင်ချီသည်အထိ ကြီးထွားလာခဲ့သည်။ ထို နွယ်ပင်များက ဧရာမမြွေကြီး နှစ်ကောင်အသွင်သို့ ပြောင်းလဲကာ ချန်းဖန်အား တိုက်ခိုက်ကြတော့သည်။

‌ထိုမြွေနှစ်ကောင်လုံးမှာ ယာမမီဇူကီ နှစ်ရာချီ မွေးမြူထားသော သားရဲကြီးများပင်။ သူတို့တွင် အလွန် ထူထပ်သော အကြေးခွံကြီးများ ရှိရာ ဓားများပင် တိုးမပေါက်နိုင်ချေ။ ထို့အပြင် သူတို့၏ အစွယ်များကိုလည်း ယာမာမီဇူကီက ယုတ်မာခြင်း ချီများဖြင့် နေ့စဉ်နေ့တိုင်း အားဖြည့်ပေးထားရာ ကြောက်မက်ဖွယ် အဆိပ်ရည်များဖြင့် ပြည့်နှက်နေခဲ့လေသည်။

ထိုအခိုက်မှာပင် သခင်ကြီးကူရိုမီ မျက်လုံးမှ အလင်းတန်းများ ပေါ်ထွက်လာကာ ချန်းဖန်၏ အပေါ်သို့ တည့်တည့် ကျဆင်းလာ၏။

ကာရာစုတန်ဂူမှာလည်း အနည်းငယ် ဒဏ်ရာရနေသည့်တိုင် ချန်းဖန်ထံ ပြေးဝင်လာကာ အပေါ်မှ တိုက်ခိုက်ရန် ကြိုးစားသည်။

ခဏအတွင်းမှာပင် နတ်ဆိုးသခင် လေးယောက်၏ ကြောက်မက်ဖွယ် ‌တိုက်ခိုက်မှုမျိုးက ချန်းဖန် ကိုယ်ပေါ်သို့ ကျဆင်းလာနေပြီ ဖြစ်သည်။

ချန်းဖန်က ကြမ်းပြင်အား တစ်ချက် ဆောင့်နင်းရင်း အော်ဟစ်လိုက်သည်။

"ဓား … လာခဲ့စမ်း…"

ရုတ်တရက်ပင် သုံးဆယ် စင်တီမီတာခန့် ရှည်သော ငွေရောင်ဓားအလင်း တစ်ခု ပေါ်ထွက်လာကာ ခဏအတွင်း တစ်မီတာခန့်အထိ ကြီးထွားလာသည်။ ထိုအလင်းက မကောင်းဆိုးဝါးများကို ဖျက်ဆီးနိုင်သည့် ကြယ်တစ်စင်းအလား လင်းလက် တောက်ပလာသည်။ ထို့နောက် ဓားအလင်းက လေဟာနယ်အား ချိုးဖျက်လျက် လက်ခြောက်ဖက် နတ်ဆိုးထံသို့ တိုးဝင်သွားတော့သည်။

လက်ခြောက်ဖက် နတ်ဆိုးက တိုက်ခိုက်မှုများအား ခဏမျှရပ်ကာ လက်ထဲမှ ဒိုင်းကာဖြင့် ဓားအလင်းကို ခုခံလိုက်သည်။ သို့သော်လည်း ဓားအလင်း အတွက်မူ ထိုဒိုင်းကာမှာ ရေပြင် တစ်ခုအလား ဖောက်ထွင်းရန် လွယ်ကူလွန်းသည်။

ဓားအလင်းက ဒိုင်းကာအား အလွယ်တကူ ထိုးဖောက်ကာ လက်ခြောက်ဖက် နတ်ဆိုး၏ ပခုံးအား ပိုင်းဖြတ်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် နတ်ဆိုး၏ ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်ကာ ပျက်စီးသွားတော့၏။

"ရား…"

လက်ခြောက်ဖက် နတ်ဆိုး ကျဆုံးသွားသည်ကို မြင်သည်နှင့် အခြား နတ်ဆိုး သုံးယောက်က ဒေါသတကြီး အော်ဟစ်ရင်း တိုက်ခိုက်မှုများအား အရှိန်မြှင့်လိုက်ကြသည်။ ကာရာစုတန်ဂူက ရွှေရောင်လက်နက် တစ်ခုအား ထုတ်ရင်း အရိုင်းဆန်စွာ တိုက်ခိုက်လိုက်၏။ သူ၏ ရွှေရောင် လက်နက်ကား နှစ်ရာချီ သန့်စင်ထားသည့် စိန်စတီးဖြင့် ပြုလုပ်ထားသည်။ ထိုလက်နက်၏ အလေးချိန်ပင်လျှင် တစ်တန်ခန့်အထိ လေးရာ ဓမ္မစွမ်းအား မပါဝင်ပဲ အလေးချိန် သက်သက်ဖြင့်ပင် အလွန် အစွမ်းထက်သော လက်နက် တစ်ခု ဖြစ်နေပြီ ဖြစ်သည်။

သို့သော်လည်း ချန်းဖန်က ဂရုစိုက်ပုံ မရချေ။ သူက လက်တစ်ဖက်အား ပျင်းရိစွာဖြင့် ဝှေ့ယမ်းလိုက်သည်။

"ဘုန်း…"

မိုးကြိုးပေါက်ကွဲသံ တစ်ခုနှင့်အတူ ချန်းဖန်၏ လက်သီးက အသံထက်မြန်သော အမြန်နှုန်းကို သယ်ဆောင်လျက် ကာရာစုတန်ဂူထံ ပြေးဝင်သွားတော့သည်။ ကာရာစုတန်ဂူ၏ ခန္ဓာကိုယ် ပျက်စီးသွားစဉ်မှာပင် ကူရိုမီနှင့် ယာမာမီဇူကီတို့၏ တိုက်ခိုက်မှုများက ချန်းဖန်ထံ ရောက်ရှိ လာပြန်တော့သည်။

အစိမ်းရောင် မြွေကြီး နှစ်ကောင်က သွေးလွှမ်းနေသော ပါးစပ်များအား ဟကာ ချန်းဖန်ထံ တိုးဝင်လာ သကဲ့သို့ သခင်ကြီး ကူရိုမီ၏ အလင်းတန်းများကလည်း ချန်းဖန် အနားသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ချန်းဖန်အနေဖြင့် ယာမာမီဇူကီ၏ မြွေကြီး နှစ်ယောက်အား မကြောက်သော်လည်း ကူရိုမီ၏ အလင်းတန်းများကမူ သူ၏ အဇူရာ သက်ရှည် ခန္ဓာကိုယ်ကိုပင် ထိခိုက်နေသော စွမ်းအားများ ပါဝင်နေ၏။ ထို့ကြောင့်ပင် အလင်းတန်းများနှင့် ချန်းဖန် ထိပ်တိုက် ရင်မဆိုင်ချင်ပေ။

ချန်ဖန်က လက်တစ်ဖက်အား စက်ဝိုင်း ပုံသဏ္ဌာန် ရေးဆွဲလိုက်သည်နှင့် ချီအမြုတေများက တဖြည်းဖြည်း စုဝေး‌လာကာ မျက်နှာပြင် တစ်ခုအလား ဖြစ်ပေါ်လာသည်။ ထိုစက်ဝိုင်း မျက်နှာပြင်ကား အလင်းရောင် အစက်အပြောက်များဖြင့် တလက်လက် တောက်ပနေရာ နဂါးငွေ့တန်း ဂလက်ဆီအလားပင် ထင်ရသည်။ ကူရိုမီ၏ အလင်းတန်းများ တိုးဝင်လာသည်နှင့် စက်ဝိုင်းက တားဆီးလိုက်သည်။ အလင်းတန်းများကား စက်ဝိုင်း မျက်နှာပြင်ကို ထိုးဖောက်နိုင်စွမ်း မရှိဘဲ ပျောက်ကွယ် သွားတော့သည်။

"လျှို့ဝှက်အလင်း နည်းစနစ်…"

ထိုနည်းစနစ်မှာ ကျင့်ကြံသူများက ကောင်းကင်တွင် လင်းလက်နေသော ကြယ်များအား ကြည့်ရင်း ဖန်တီးထားခြင်း ဖြစ်ပြီး ခံစစ်အတွက် အလွန် အသုံးဝင်သည်။

အလင်းတန်း ပျက်စီးသွားကြောင်း မြင်သည်နှင့် ကူရိုမီက အလန့်တကြား နောက်ဆုတ်ရန် ကြိုးစားသည်။ သို့သော်လည်း သူ နောက်မဆုတ်ရသေးခင်မှာပင် ချန်းဖန်က သူ့ရှေ့ရှိ လေခုအား ဆုပ်ကိုင်ဟန် ပြုလိုက်သည်။

ရုတ်တရက် ကူရိုမီ၏ အထက်တွင် သုံးမီတာခန့် ကြီးမားသော လက်ဝါးကြီး တစ်ခု ဖြစ်ပေါ်လာကာ ရိုက်ချလိုက်၏။

"ချင်န လက်ဝါး…"

သခင်ကြီး ကူရိုမီက စိတ်ဝိညာဉ်ကို ခန္ဓာမှခွဲထုတ်၍ ချင်နလက်ဝါးမှ ရှောင်ထွက်ရန်သာ တတ်နိုင်တော့သည်။ ချင်န လက်ဝါးက ကူရိုမီ ခိုလှုံရာ ခန္ဓာအား ချက်ချင်းပင် ဖျက်ဆီး ပစ်လိုက်တော့သည်။

"ချန်းပေ့ရွှမ်း … မင်း ပြန်ပြီး ပေးဆပ်ရမယ်ကွ"

ကူရိုမီက ကောင်းကင်သို့ ပျံတက်ရင်း သူ၏ အစစ်အမှန် ပုံသဏ္ဌာန်အား ပြောင်းလဲလိုက်သည်။ သူကား လက်သည်းရှည်များနှင့် ခွာများ ပါရှိသည့် အရုပ်ဆိုးဆိုး မကောင်းဆိုးဝါး ပုံသဏ္ဌာန် ရှိသည်။ အထူးသဖြင့် သူ၏ မျက်လုံးများက အခြား ဂျပန် အွန်နီများနှင့် မတူညီပဲ အနောက်တိုင်း နတ်ဆိုးများနှင့် တူညီနေသည်။

"မင်း ငါ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်တယ်။ မင်းကို သတ်မယ်။ မင်းရဲ့ ဝိညာဉ်ကို မီးနဲ့ လောင်မြိုက်စေပြီး အဆုံးမဲ့ နာကျင်မှုတွေ ခံစားစေရမယ်"

မကောင်းဆိုးဝါးက နာကြည်းစွာ အော်ဟစ်လိုက်သည်။

"သနားစရာပဲ…"

ချန်းဖန်က လက်တစ်ဖက်အား ဝှေ့ယမ်းရင်း နတ်ဘုရား စိတ်ဆန္ဒ၏ ဓားအား ဆင့်ခေါ်လိုက်သည်။ သူက ဓားအား လက်နှစ်ဖက်ဖြင့် ကိုင်ရင်း လွှဲခုတ်လိုက်၏။ ဓား၏ ခုတ်ချက်အောက်တွင် ငွေရောင် အလင်းလှိုင်းများ ဖြစ်ပေါ်လာကာ အမှောင်ကောင်းကင်သို့ တိုးဝင်သွားသည်။

"ရား…"

ကူရိုမီက ထိုဓားအလင်းလှိုင်းများအား ခုခံရန် ကြိုးစားသော်လည်း မအောင်မြင်ချေ။ ဓားလှိုင်းများက ဆင့်ကာ ဆင့်ကာ ရောက်ရှိလာပြီး ကူရိုမီ၏ ခန္ဓာကိုယ်အား နှစ်ပိုင်း ပိုင်းဖြတ် လိုက်တော့သည်။

ချန်းဖန်၏ ဓားလှိုင်းက ကူရိုမီအား သတ်ဖြတ်ပြီးသည်နှင့် ယာမာမီဇူကီထံ ဦးတည် တိုက်ခိုက်တော့သည်။ တစ်ချက်တည်းနှင့်ပင် ယာမာမီဇူကီ သေဆုံးသွား၏။ မြွေကြီးများမှာလည်း ဓားအလင်းများနှင့် ထိပ်တိုက်တွေ့သည်နှင့် ပျက်စီးရသည်။

"တတိယမြောက် ဓားချက်…"

ထိုအချိန်မှာပင် ကာရာစုတန်ဂူ၏ ခန္ဓာကိုယ် ပြန်လည် ဖွဲ့စည်း လာသော်လည်း ချန်းဖန်၏ ဓားက ပိုင်းဖြတ်သွားပြန်သည်။ ကာရာစု တန်ဂူ၏ ခန္ဓာက နောက်တစ်ကြိမ် ပျက်စီးရပြန်သည်။

"စတုတ္ထမြောက် ဓားချက်…"

ချန်းဖန်၏ ဓားချက်က ပြန်လည် ဖွဲ့စည်းဆဲ ရှိသော လက်ခြောက်ဖက် နတ်ဆိုးသခင်၏ ခန္ဓာကိုယ်ထံ တိုးဝင်သွားကာ ထက်ပိုင်းဖြတ်လိုက် ပြန်သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် နတ်ဆိုးသခင် လေးယောက်ကား ချန်းဖန်၏ လက်၌ အလူးအလဲ ခံနေခဲ့ရပြီ ဖြစ်တော့၏။

***

All Chapters