ဝူကျန်းလွင်ပြင်မှာကြွေလွင့်သွားတဲ့ကြယ်စင်
Vol. 1 Ch. 1
ချင်းချွမ်နှင့် မိုင် (၈၀၀)အဝေး ၊ ဝေ့မြစ်ကမ်းနံဘေးရှိ ဝူကျန်းလွင်ပြင်။
စစ်သည်များ၏အော်ဟစ်သံများ ၊ စစ်မြင်းဟီသံများနှင့် မီးခိုးငွေ့များတလူလူထွက်နေသော မိုင်ပေါင်းများစွာရှည်လျားသည့် စစ်စခန်းကြီးတစ်ခုကို တွေ့မြင်ရမည် ဖြစ်သည်။
လေပြင်းများက တိုက်ခတ်နေပြီး စစ်စခန်းအရှေ့ဘက်ခံတပ်တွင်လွှင့်ထူထားသည့် အနက်ရောင်နှင့်အနီရောင်ပေါင်းစပ်ထားသောနဂါးအလံက လေထဲတွင်လွင့်ပျံနေလျှက် စစ်ခန်းတစ်ခုလုံး သတ်ဖြတ်လိုသည့်အငွေ့အသက်များ လွှမ်းခြုံနေသည်။
အချိန်က နေဝင်ရီတရောဖြစ်ပြီး အနောက်မိုးကုတ်စက်ဝိုင်းဆီသို့ ဝင်လုဆဲဆဲနေမင်းကြီးနှင့်အတူ အရှေ့ဘက်ကောင်းကင်ဆီမှ ကြယ်စင်ရောင်များ မှိန်ဖျော့ဖျော့တောက်ပလာသည်ကို တွေ့မြင်ရသည်။
ထိုအချိန် စစ်စခန်းရှိ ပင်မတဲစခန်းတစ်ခုအပြင်ဘက်တွင် အလံရှည်များကိုင်ဆောင်ထားသည့် စစ်သည် (၄၉)ယောက်က (၇)ယောက်တစ်ဖွဲ့ ကာ ခုနစ်စဉ်ကြယ်ဖွဲ့စည်းပုံအတိုင်း လှည့်ပတ်ချီတက်လျှက် ရှိကြသည်။
တဲစခန်းထဲမှာတော့ အလင်းရောင်များတောက်ပနေပြီး ကြမ်းပြင်ထက်တွင် ကြီးမားသည့် မီးအိမ် (၇)ခုက ခုနစ်စဉ်ကြယ် အနေအထားအတိုင်း နေရာယူထားသည်။ ထိုမီးအိမ် (၇)အိမ်အပြင်ဘက်တွင် မီးအိမ်ငယ် (၄၉)ခုရှိနေပြီး ကောင်းကင်မှ ကြယ်စင်များပမာ ထင်မှတ်ရသည်။
ထိုမီးအိမ်များအလယ်တွင် သေးငယ်သည့် အစိမ်းရောင်ကြာပန်းအသွင် မီးအိမ်တစ်ခု ရှိနေသည်။ ထိုမီးအိမ်မှထွက်ပေါ်နေသည့်အလင်းတန်းက အလွန်တရာမှေးမှိန်နေပြီး လေထဲမှ ဖယောင်းတိုင်ပမာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။
ကြည့်ရသည်မှာ အချိန်မရွေးငြိမ်းသတ်သွားတော့မည့်ပမာပင်။
တစ်ခေါင်းလုံးဆံပင်များဖြူဖွေးနေပြီး သွယ်လျသောမျက်နှာ ၊ ပိန်သွယ်သောခန္ဓာကိုယ်ရှိသည့်အဘိုးအိုတစ်ယောက်က တာအိုဝတ်ရုံကိုဝတ်ဆင်ထားပြီး လက်ထဲတွင် ဓားရှည်တစ်လက်ကိုင်ဆောင်ထားသည်။ သူက ခုနစ်စဉ်ကြယ်သဏ္ဌန်အတိုင်းခြေလှမ်းလှမ်းရင်း မျက်လုံးများကိုမှေးမှိတ်လျှက် ယာဇ်ပူဇော်ထားရာပလ္လင်ကိုလှည့်ပတ်လမ်းလျှောက်နေ၏။
ဆံပင်များဖြူဖွေးနေသောအဘိုးအိုသည် မကျန်းမာဟန်ရှိသော်လည်း တစ်ချက်တစ်ချက် သူမျက်လုံးဖွင့်ကြည့်လိုက်တိုင်း ထွန်းညှိထားသောမီးအိမ်များထက်ပင် ထက်ရှတောက်ပသော မျက်ဝန်းများကိုတွေ့မြင်ရမည် ဖြစ်သည်။
ထိုအဘိုးအိုက အလွန်တရာသူရဲကောင်းဆန်သူတစ်ယောက်ဟု ဆိုနိုင်သည်။
တာအိုဝတ်စုံဝတ်ဆင်ထားသော ထိုအဘိုးအိုက သမိုင်းတစ်လျှောက် အလွန်တရာနာမည်ကျော်ကြားသူ ဖြစ်သည်။
သူက ကြောက်စရာကောင်းလောက်အောင် ဉာဏ်ပညာကြီးမားပြီး နှစ်ပေါင်းတစ်ထောင်မက ဂုဏ်သတင်းကျော်ကြားထင်ရှားခဲ့သူတစ်ယောက်ဖြစ်သည်။
သူ၏ဉာဏ်ပညာကြီးမှုနှင်သစ္စာတရားကို တစ်တိုင်းပြည်လုံးက အသိအမှတ်ပြုခဲ့ရပြီး အားလုံးက အမြဲထာဝရလေးစားနေကြမည်သာပင်။
သူက အခြားသူမဟုတ် ၊ ရှူဟန့်တိုင်းပြည်အတွက် အသက်သေသေသည်အထိ ဦးဆွေးဆံမြေ့ သစ္စာရှိစွာတာဝန်ထမ်းဆောင်ခဲ့သော အမတ်ချုပ်ကြီး ‘ကျူးကဲခုန်မင်’ ပင် ဖြစ်သည်။
ကျူးကဲခုန်မင်က ရှူဟန့်တိုင်းပြည်ကိုကူညီပြီး ဟန့်ပြည်ထောင်ပြန်လည်တည်ထောင်ရေးအတွက် ဘဝကိုမြှုပ်နှံထားခဲ့ပြီး အင်အားကြီးမားသည့် ချောင်ဝေ့တိုင်းပြည်ကို သိမ်းပိုက်အာဏာထူထောင်ရန် ကြိုးပမ်းခဲ့သည်။ ချီစန်းတောင်ကိုဖြတ်ကျော်ပြီး အလယ်ပိုင်းလွင်ပြင်ဒေသအား သိမ်းပိုက်ရန် (၆)ကြိမ်တိတိ စစ်ချီခဲ့သည်။
ကံမကောင်းစွာပင် ကျူးကဲခုန်မင်သည် မြေခွေးတစ်ကောင်ပမာဉာဏ်များသော ချောင်ဝေ့စစ်သေနာပတိ စီးမာယိနှင့် ရင်ဆိုင်ခဲ့ရသည်။
ထို့ကြောင့် (၆)ကြိမ်တိုင်တိုင်စစ်ချီခဲ့သည့်တိုင် ကျူးကဲခုန်မင်မှာ နယ်မြေသိမ်းပိုက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။
တစ်နေ့ကတော့ ကျူကဲခုန်မင်က စီးမာယိကို ဟူလူတောင်ကြားတွင် မီးဖြင့်ခြုံခိုတိုက်ခိုက်ခဲ့ပြီး တစ်ပွဲတည်းဖြင့် အနိုင်ယူခဲ့သည်။ သို့သော် မိုးသည်းထန်စွာရွာသွန်းလာသဖြင့် စီးမာယိ အသက်အန္တရယ်မရှိဘဲ လွတ်မြောက်သွားခဲ့၏။
နဂိုကပင် ကျန်းမာရေးမကောင်းသော ကျူးကဲခုန်မင်မှာ ဒေါသနှင့် ပူဆွေးမှုများကိုခံစားရပြီး အိပ်ယာထဲဘုန်းဘုန်းလဲတော့သည်။
ထိုည ကျူးကဲလျန့် ကောင်းကင်သို့ကြည့်ပြီး နက္ခတ်ဖတ်လိုက်တော့ သူ၏ကိုယ်ပိုင်ကြယ်က အရောင်မှေးမှိန်နေသည်ကို တွေ့လိုက်ရပြီး သူ လောကတွင် သိပ်ကြာကြာနေရတော့မည်မဟုတ်ကြောင်း နားလည်လိုက်သည်။
ကျူးကဲခုန်မင်က ‘ချီမန်’ ပညာကိုကျွမ်းကျင်သူဖြစ်လေရာ ရှူဟန့်မင်းဆက်အကျိုးအတွက် သူ၏ကြယ်စင်ကိုအသုံးပြုကာ မိုးကောင်းကင်ကံကြမ္မာကိုဆန့်ကျင်ပြီး ရာစုနှစ်တစ်ခုအထိ အသက်ဆက်လက်ရှင်သန်နိုင်မည့် နည်းလမ်းတစ်ခုအသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။
ယနေ့ညကတော့ သူ၏ကြယ်စင်အသက်ပြန်ဝင်သည့် (၇)ရက်မြောက်ညဖြစ်လေသည်။ ပင်မတဲစခန်းထဲမှ အလင်းရောင် ပျောက်ကွယ်မသွားသရွေ့ အသက်ဆက်ခြင်း အောင်မြင်သည်ဟု ယူဆနိုင်သည်။
သို့သော် မိုးကောင်းကင်၏အလိုဆန္ဒဆိုသည်က ခန့်မှန်းမရနိုင်ပေ။
ကျူးကဲလျန့်ကဲ့သို့ စွမ်းအားကြီးမားသူတစ်ယောက်သည်ပင် မိုးကောင်းကင်ကိုအံတုပြီး ကံကြမ္မာကိုပြောင်းလဲခြင်းတွင် အောင်မြင်နိုင်မည်ဟု အာမမခံနိုင်ပေ။
ညက မှောင်မိုက်သည်ထက်မှောင်မိုက်လာသည်။
ယနေ့ညက (၈)လပိုင်း ဆောင်လယ်ပွဲတော်ညဖြစ်သဖြင့် ကောင်းကင်ထက်တွင်တောက်ပနေသော နဂါးငွေ့တန်းကို လင်းလက်စွာ တွေ့မြင်နိုင်သည်။
တိုက်ခတ်နေသည့်လေပြင်းများရပ်တန့်သွားချိန် တိုက်ပွဲသံများလည်းရပ်တန့်သွားပြီး အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်သွားသည်။
ငွေရောင်သံချပ်ကာကိုဝတ်ဆင်ထားသော စစ်သူကြီးတစ်ယောက်က ခန်းဆီးလိုက်ကာကိုအသာဖွင့်ပြီး အခန်းတွင်းသို့ တိတ်ဆိတ်စွာဝင်ရောက်လာသည်။
ထိုလူငယ်စစ်သူကြီးအမည်က ကျန်းဝေဖြစ်ပြီး သူ့ကို ပေါ်ယွဲ့ဟုလည်းလူသိများကြသည်။ သူက ကျူးကဲခုန်မင်၏ ဆက်ခံသူတပည့်လည်း ဖြစ်၏။ စစ်စခန်းတွင် ကျူးကဲလျန့်နေထိုင်ရာ ပင်မတဲစခန်းအတွင်းသို့ အစစ်အဆေးအမေးအမြန်းမရှိ ဝင်ရောက်ခွင့်ရသော တစ်ဦးတည်းသော စစ်သူကြီးလည်း ဖြစ်သည်။
ပင်မတဲစခန်းအတွင်းဝင်လာသော ကျန်းဝေက တဖြည်းဖြည်းလင်းလက်လာသည့် မီးရောင်ကိုကြည့်ရင်း အလွန်ပျော်ရွှင်သွားသည်။ အချိန် (၂)နာရီကြာဖြတ်သန်းပြီးနောက် ကောင်းကင်ထက်မှကြယ်စင်နှင့် ပင်မမီးအိမ်က တဖြည်းဖြည်းတောက်ပလာသည်ဖြစ်ရာ ဤချီမန်အစီအရင်သာအောင်မြင်ပါက သူ၏ဆရာအနေဖြင့် နောက်ထပ် ရာစုနှစ်တစ်ခု ဆက်လက်ရှင်သန်နိုင်မည် ဖြစ်သည်။
သို့သော်...
ထိုအချိန်တွင် စခန်းအပြင်ဘက်တွင် ရုတ်တရက် တိုက်ပွဲသံများထွက်ပေါ်လာပြီး လျင်မြန်သော ခြေသံများထွက်ပေါ်လာသည်။
ကျူးကဲခုန်မင်၏မျက်နှာအမူအရာက မပြောင်းလဲဘဲ ယာဇ်ပလ္လင်ကိုလှည့်ပတ်ရင်း ဆက်လက်လမ်းလျှောက်နေသည်။ သို့သော် ကျန်းဝေ၏မျက်နှာထားကတော့တင်းမာသွားပြီး ရှေ့သို့တိုးကာ ပင်မတဲစခန်းတံခါးဝကို ပိတ်ဆို့လိုက်သည်။
သို့သော် သူလှုပ်ရှားလိုက်လျှင် လေဟပ်သွားပြီး မီးအိမ်များငြိမ်းသွားမည်ကို စိုးရိမ်သဖြင့် ကျန်းဝေ အရမ်းကာရော မလှုပ်ရှားရဲပေ။
ထို့ကြောင့် သူက ခပ်နှေးနှေးပင် လှုပ်ရှားလိုက်ရ၏။
ထိုအချိန် ခန်းဆီးလိုက်ကာ ရုတ်တရက်ပွင့်သွားပြီး သံမဏိချပ်ဝတ် ဝတ်ဆင်ထားသော ထွားကျိုင်းသန်မာသူတစ်ယောက် ပေါ်လာပြီး လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း စကားဆိုလာသည်။
“အမတ်ချုပ်ကြီး... ချောင်ဝေ့စစ်တပ်က တိုက်ခိုက်လာပါတယ်”
ကျန်းဝေ မှင်တက်သွားသည်။
ဝင်ရောက်လာသူက ခန်းဆီးလိုက်ကာကိုပင့်မလိုက်သည့်အတွက် ပင်မအလင်းမီးအိမ် ငြိမ်းသတ်သွားသည်။
ကျန်းဝေ၏မျက်နှာဖြူဖျော့သွားပြီး လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သဖြင့် လက်မှသွေးကြောများပင် ထောင်ထလာသည်။
သူက ဒေါသတကြီးဖြင့် ဝင်ရောက်လာသူကိုသတ်ဖြတ်ပစ်ရန် ဓားကိုဆွဲထုတ်လိုက်လေသည်။
ထိုအချိန် ကျူးကဲခုန်မင်က တိုးတိတ်စွာသက်ပြင်းချလိုက်ပြီး သူ့လက်ထဲမှဓားကို အသာပြန်ချလိုက်သည်။
သူက...
“သေခြင်းရှင်ခြင်းဆိုတာ ကံတရားပါပဲ ၊ ဒီ ချီမန်အစီအရင်ကလည်း မိုးကောင်းကင်ရဲ့ဆန္ဒကိုဆန့်ကျင်တဲ့နည်းလမ်းဆိုတော့ အခု ပျက်ပြယ်သွားတယ်ဆိုတာလည်း မိုးကောင်းကင်ရဲ့ဆန္ဒအတိုင်းပဲဖြစ်မှာပါ ၊ ကိစ္စမရှိပါဘူး ဝန်ချန်”
ပင်မတဲစခန်းအတွင်းဝင်ရောက်လာသည့် သံချပ်ကာဝတ်စစ်သူကြီးက အခြားသူမဟုတ် ၊ ဝေ့ယန်ဟုခေါ်ဆိုသည့် ဝေ့ဝန်ချန်ပင် ဖြစ်သည်။ ရှူဟန့်စစ်တပ်အားကိုးအားထားပြုရသော ဝါရင့်စစ်သူကြီးပင်။
ထိုခဏတွင် သူနားလည်လိုက်သည်မှာ ကြီးမားသည့်အန္တရယ်တစ်ခု ဖြစ်ပွားစေလိုက်သည်ဆိုသော အချက်ပင်။
သူက ချက်ချင်းပင် ကြမ်းပြင်ထက်ဒူးထောက်ပြီး တောင်းပန်လိုက်သည်။
ဘေးနားတွင်ရှိနေသည့်ကျန်းဝေမှာလည်း သူ့ဓားကိုလွှင့်ပစ်လိုက်ပြီး မြေပြင်ထက်ဒူးထောက်ချကာ မချိစွာဖြင့် ငိုကြွေးတော့သည်။
ကျူးကဲခုန်မင်က တည်ငြိမ်စွာဖြင့်ပင် ဝေ့ယန်ကိုလှည့်ကြည့်ပြီး အမိန့်ပေးလိုက်သည်။
“စိတ်မပူပါနဲ့ ဝန်ချန် ၊ ချောင်ဝေ့စစ်တပ် ကျုပ်တို့စစ်စခန်းကိုတိုက်ခိုက်တာ ကျုပ်တို့စစ်အင်အားကို စမ်းသပ်တာပဲ ၊ မင်းရဲ့ တပ်ရင်းကိုဦးဆောင်ပြီး ချောင်ဝေ့စစ်သည်တွေပြန်ဆုတ်သွားအောင် တိုက်ခိုက်လိုက်ပါ”
ဝေ့ယန်က ချက်ချင်းပင် ကျူးကဲလျန့်ကို ဂါရဝပြုလိုက်ပြီး သူ၏စစ်သည်များကိုဦးဆောင်ကာ စစ်စခန်းအပြင်သို့ ထွက်ခွာသွားသည်။ မကြာခင် တိုက်ခိုက်သံများ တဖြည်းဖြည်းပျောက်ကွယ်သွားတော့၏။
ကျူးကဲခုန်မင်က ကြမ်းပြင်ထက်ဒူးထောက်နေဆဲဖြစ်သော ကျန်းဝေကိုကြည့်လိုက်ပြီး အသာထူမပေးလိုက်သည်။
သူက သက်ပြင်းချရင်း...
“ပေါ်ယွဲ့ ... မင်းက ငါ့အပေါ်မှာသစ္စာရှိရှိနဲ့ အလယ်ပိုင်းလွင်ပြင်ကို သိမ်းပိုက်ဖို့ အကောင်းဆုံးကြိုးစားပေးခဲ့တယ် ၊ ဒါပေမဲ့ မိုးကောင်းကင်ကဆန္ဒမရှိရင် ဘာမှမတတ်နိုင်ပါဘူး ၊ စစ်တပ်ထဲက စစ်သူကြီးတွေကြားထဲမှာ မင်းတစ်ယောက်ပဲ ငါ့ရဲ့ပညာအမွေကိုဆက်ခံခဲ့တာပါ ၊ ငါ ဘဝတစ်လျှောက်လုံးသင်ယူခဲ့တဲ့ စစ်ရေးဗျူဟာတွေကို အပိုင်း (၂၄)ပိုင်းခွဲပြီး ရေးသားထားတယ် ၊ စစ်ပွဲလုပ်ဆောင်ချက် (၈)ခု ၊ စစ်ပွဲအမိန့် (၇)ခု ၊ စစ်ပွဲမှာ ကြောက်ရွံရမယ့်အချက် (၅)ချက် ၊ မင်း သေသေချာချာလေ့လာပြီး ဒီပညာတွေကို လက်ဆင့်ကမ်းပေးလိုက်ပါ”
သူက ဆက်ပြောသည်။
“ပြီးတော့ ထပ်ခါထပ်ခါပစ်လို့ရတဲ့ လေးပြုလုပ်နည်း ပုံကြမ်းကိုလည်း မင်းကိုပေးလိုက်မယ် ၊ ဒီလေးကို ယွမ်ရုန်လို့ခေါ်ပြီး တစ်ခါပစ်ရင် မြား (၁၀)ချောင်းပစ်လို့ရတယ် ၊ စစ်ပွဲမှာ အသုံးဝင်အောင်ပစ်ခတ်မယ်ဆိုရင် ချေင်ဝေ့စစ်တပ်ကို သေချာပေါက် တိုက်ခိုက်နိုင်မှာပဲ ၊ ပေါ်ယွဲ့ ... ဟန်ပြည်ထောင်ပြန်လည်တည်ထောင်နိုင်ဖို့ ကြီးမားတဲ့အလုပ်ကြီးကို မင်းလက်ထဲပဲ အပ်နှံခဲ့ရတော့မယ်”
ကျန်းဝေစိတ်ထဲ အလွန်အမင်း ဝမ်းနည်းကြေကွဲနေမိသည်။ သူက စစ်ရေးဗျူဟာကျမ်းများနှင့် လေးပြုလုပ်နည်းပုံကမ်းကိုလက်ခံယူလိုက်ပြီး စကားတစ်ခွန်းမဆိုနိုင်ဘဲ ရှိုက်ငိုမိသည်။
ကျူးကဲလျန့်က ကျန်းဝေပခုံးကိုလက်ဖြင့်ပုတ်လိုက်ပြီး တည်ကြည်သည့်မျက်နှာထားဖြင့်...
“ပေါ်ယွဲ့... ရှူဟန့်တိုင်းပြည်ရဲ့ သဘာဝအရံအတားတွေက သန်းနဲ့ချီတဲ့ချောင်ဝေ့စစ်သည်တွေကို နှိမ်နင်းနိုင်စွမ်းရှိတယ် ၊ ဒါပေမဲ့ ယင်ဖင်နယ်မြေတစ်ဝိုက်ကို ငါတို့တွေ သတိထားရမယ် ၊ အဲဒီနေရာက အန္တရယ်များတယ်ဆိုပေမယ့် ရန်သူ့စစ်သည်တွေ အလစ်ချောင်းတိုက်ခိုက်မှာကြောက်ရတယ် ၊ ငါ မင်းအတွက် စာ (၃)စောင်ချန်ထားခဲ့မယ် ၊ ငါကွယ်လွန်ပြီးတဲ့နောက် အဲဒီစာတွေကို တစ်ခုပြီးတစ်ခုဖွင့်ပြီး အဲဒီထဲကအတိုင်း ဆောင်ရွက်ပါ”
မျက်ရည်စက်လက်ဖြင့်ပင် ကျန်းဝေက တည်ကြည်စွာ ကျူးကဲခုန်မင်ကို ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် ခုန်မင်က လက်တစ်ဖက်ဝှေ့ယမ်းပြလိုက်ရာ ကျန်းဝေ တဲထဲမှထွက်ခွာသွားလေသည်။
ကျန်းဝေ အပြင်ထွက်သွားတော့မှ ကျူးကဲလျန့်မျက်နှာအမူအရာပြောင်းလဲသွားပြီး သွေးတစ်ပွက်အန်ထုတ်လိုက်ကာ ကြမ်းပြင်ထက်သို့လဲကျသွားသည်။
ချီမန်အစီအရင်ပညာက မိုးကောင်းကင်၏ဆန္ဒကိုဆန့်ကျင်ပြီး ကံကြမ္မာကိုပြောင်းလဲသည့် နည်းလမ်းဖြစ်လေရာ အစီအရင်ပျက်ဆီးသွားသည့်အခါ မိုးနှင့်မြေမှ အသက်ဓာတ်စွမ်းအားများက ကျူးကဲလျန့်ကို တန်ပြန်တိုက်ခိုက်သဖြင့် ထိုသို့ဖြစ်ရခြင်းပင်။
စောစောက ကျူးကဲလျန့် ဒဏ်ရာကိုဖိနှိပ်ထားရသည့်အကြောင်းရင်းမှာ-
ပထမအချက်အနေဖြင့် စစ်သည်များစိတ်ပိုင်းဆိုင်ရာထိခိုက်မည်ကို မဖြစ်စေချင်သောကြောင့် ဖြစ်၏။
ဒုတိယအချက်ကတော့ သူ့အခြေအနေကို ကျန်းဝေ မသိစေချင်သောကြောင့် ဖြစ်သည်။
ယခုတော့ တဲစခန်းထဲတွင် မည်သူမှမရှိတော့သည်ဖြစ်ရာ စိတ်လွှတ်လိုက်သဖြင့် ဒဏ်ရာကိုထိန်းထားနိုင်ခြင်း မရှိတော့ပေ။
ကြမ်းပြင်ထက်လဲကျနေသည့် ကျူးကဲခုန်မင်က ဝမ်းနည်းစွာပြုံးရင်း ရေရွတ်လိုက်သည်။
“အရှင်... ခုန်မင်လည်း အရှင်နဲ့တွေ့ရဖို့ ဟွမ်ချွမ်မြစ်ကိုဖြတ်ပြီးလာခဲ့ပါတော့မယ်... ၊ တစ်ဘဝလုံးကြိုးစားခဲ့ပေမယ့် ကျွန်တော်မျိုးတို့ရဲ့အိပ်မက်တွေ တကယ်ဖြစ်မလာခဲ့ဘူး ၊ ရှူဟန့်ရဲ့နဂါးအလံဟာ အလယ်ပိုင်းလွင်ပြင်ဒေသမှာ ဘယ်တော့မှမလွှင့်ထူနိုင်မှာကို စိုးရွံ့မိပါတယ်”
***
နောက်ထပ် (၁၀)ရက်အကြာ...
အေဒီ ၂၃၄ ၊ (၈)လပိုင်း (၂၈)ရက်မှာတော့ ပညာရှိသုခမိန် အမတ်ချုပ်ကြီး ကျူးကဲခုန်မင်ဟာ ဝူကျန်းလွင်ပြင်စစ်စခန်းမှာ နေမကောင်းဖြစ်ပြီး ကွယ်လွန်သွားခဲ့လေသည်။
ရှူဟန့်ပြည်ထောင်စစ်သည်တစ်သိန်းက နာကျင်စွာဖြင့်အသံတိုးတိတ်နေခဲ့ကြပြီး အလံများကိုသိမ်းဆည်းကာ တပ်ပြန်ဆုတ်ခဲ့ကြလေသည်။
တိုင်းပြည်၏ ကြီးမားသောထောက်တိုင်ကြီးတစ်ခုဖြစ်သော ကျူးကဲလျန့် ပြိုလဲခဲ့ပြီ မဟုတ်ပါလား။
ကျန်းဝေက ပူဆွေးတမ်းနည်းမှုကို မျိုသိပ်ပြီး ကျူးကဲခုန်မင်ချန်ထားသည့် စာအိတ်များကို တစ်ခုပြီးတစ်ခုဖွင့်ဖတ်ကာ အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ခဲ့သည်။
ရှူဟန့်စစ်တပ်ပြန်လည်ဆုတ်ခွာသွားသည့်အခါ စီးမာယိကတော့အလွန်တရာ ပျော်ရွှင်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော ရှူဟန့်စစ်တပ်ပြန်ဆုတ်သွားခြင်းမှာ ကျူးကဲလျန့်သေပြီဆိုသော အဓိပ္ပါယ်ပင် မဟုတ်ပါလား။
ထို့ကြောင့် စီးမာယိက ဆုတ်ခွာသွားသော ရှူဟန့်စစ်တပ်နောက်သို့ စစ်ကြောင်း (၃)ကြောင်းဖြင့် လိုက်လံတိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။
မျှော်လင့်မထားသည်မှာ ချောင်ဝေ့စစ်တပ်က ရှူဟန့်စစ်တပ်ကိုလိုက်မီတော့မည့်အချိန်တွင် ရှုဟန့်စစ်သည်များက နှစ်ပိုင်းခွဲလိုက်ပြီး စစ်သူကြီး(၁၀)ယောက်ခန့်က လေးဘီးတပ်ကုလားထိုင်တစ်ခုကိုတွန်းကာ ချောင်ဝေ့စစ်တပ်ဆီသို့ ဝင်ရောက်လာသည်ကို တွေ့ရသည်။
လေးဘီးတပ်ကုလားထိုင်ထက်တွင် လူတစ်ယောက်ရှိနေပြီး ထိုသူက ငှက်မွှေးယပ်တောင်နှင့် ပိုးသားဦးထုပ်ကိုဆောင်းထားသည့် ကျူးကဲခုန်မင်ပင် ဖြစ်လေသည်။
စီးမာယိ တုန်လှုပ်သွားပြီး အော်ဟစ်လိုက်သည်။
“ကျူးကဲလျန့် မသေသေးဘူး ၊ ငါ သူ့ထောင်ချောက်ထဲ ထပ်ကျပြန်ပြီ”
ကြောက်ရွံ့ထိတ်လန့်စွာဖြင့် စီးမာယိ အလျှင်အမြန် ပြန်လှည့်ပြေးလေတော့သည်။
စီးမာယိထွက်ပြေးသွားသည်နှင့် ချောင်ဝေ့စစ်တပ်တစ်ခုလုံးစိတ်ဓာတ်ပျက်ပြားပြီး မတိုက်ခိုက်တော့ဘဲ ကစဉ့်ကလျားထွက်ပြေးတော့သည်။ (၁၀)မိုင်ခန့်ရောက်တော့မှ စစ်သည်များပြန်လည်စုစည်းပြီး စစ်စခန်းသို့ ပြန်ကြရသည်။
တကယ်တော့ ကျူးကဲခုန်မင်က အမှန်ပင် သေဆုံးပြီးဖြစ်သော်လည်း သူချန်ထားခဲ့သောလှည့်ကွက်များဖြင့် ရန်သူသံသယဝင်သွားစေရန် အစီအစဉ် ချန်ထားခဲ့ခြင်းသာပင်။
ကျန်းဝေက သူ့အစီအစဉ်အတိုင်းလုပ်ဆောင်ပြီး ခုန်မင်အဖြစ် လူတစ်ယောက်ကိုဟန်ဆောင်စေခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူက စစ်အလံကိုဝှေ့ယမ်းလိုက်ပြီး ထောင်ပေါင်းများစွာသော ချောင်ဝေ့စစ်တပ်များကို ကြောက်လန့်တခြား ဆုတ်ခွာသွားစေသည်။
သို့မှသာ ရှူပြည်ထောင်စစ်သည်တစ်သိန်းဘေးကင်းစွာ ဆုတ်ခွာသွားနိုင်မည် မဟုတ်ပါလား။
ထိုတိုက်ပွဲပြီးသည်နှင့် လူအများကြားတွင် ဆိုရိုးတစ်ခုထွက်ပေါ်လာသည်။
“သေနေတဲ့ကျူးကဲက အသက်ရှင်နေတဲ့စီးမာကိုခြောက်လွှတ်လိုက်တယ်” ဟူ၏။
ကျူးကဲခုန်မင်၏ ဉာဏ်ပညာက ယင်နှင့်ယန်ကို မှန်ကန်စွာဆုံးဖြတ်နိုင်ပြီး သေခြင်းရှင်ခြင်းကိုလည်း စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိသည်။ သူက နာမည်ဂုဏ်သတင်းနှင့်ထိုက်တန်စွာ ကြောက်စရာကောင်းလောက်အောင် ဉာဏ်ပညာထက်မြက်သူတစ်ယောက် ဖြစ်သည်ပင်။
ရက်အနည်းငယ်အကြာမှာတော့ ရှူပြည်ထောင်စစ်တပ်က ပျဉ်ခင်းလမ်းများတည်ဆောက်ထားသည့် နေရာသို့ ဆုတ်ခွာသွားနိုင်ပြီး ဝေ့ယန်ဦးဆောင်သော ပုန်ကန်သူများကို တိုက်ခိုက်ကာ ပျဉ်ခင်းလမ်းကို မီးရှို့ပစ်လိုက်ပြီး လမ်းကြောင်းတစ်ခုလုံးကို ဖြတ်တောက်ပစ်လိုက်သည်။
ကျူးကဲခုန်မင်ကွယ်လွန်ပြီးနောက် ရှူပြည်ထောင်စစ်တပ်တွင် ဝေ့ယန်ကို မည်သူမှ မထိန်းနိုင်တော့ပေ။
ထိုသူက မာနကြီးပြီး နဂိုကပင် ပုန်ကန်ရန်အခွင့်အရေးကိုစောင့်နေသူဖြစ်ကာ စစ်တပ်၏အာဏာကို သိမ်းပိုက်ချင်သူ ဖြစ်သည်။
သို့သော် ကျူးကဲခုန်မင်တွင် အရည်အချင်းများစွာရှိလေရာ ဝေ့ယန်ပုန်ကန်မည်ကို ကြိုတင်သိရှိခဲ့ပြီး စစ်သူကြီးမာတိုက်ကို တန်ပြန်တိုက်ခိုက်ရန် စေခိုင်းခဲ့သည်။
မာတိုက်က ဝေ့ယန်ထံလက်နက်ချသလိုဟန်ဆောင်ပြီး ဝေ့ယန်ကို ရုတ်တရက်ဓားဖြင့်ထိုးသတ်လိုက်ကာ ရှူပြည်ထောင်စစ်တပ်၏ အတွင်းပိုင်းပုန်ကန်မှုကို ချေမှုန်းနိုင်ခဲ့သည်။
ကျူးကဲခုန်မင်သေဆုံးပြီးနောက်ပိုင်းကာလသည် သုံးပြည်ထောင်ခေတ် နှောင်းပိုင်းကာလဟုဆိုနိုင်သည်။
ကျန်းဝေသည် ဆရာဖြစ်သူချန်ထားခဲ့သော အကြံပြုချက် (၃)ခုကို ဆုပ်ကိုင်ထားပြီး ဆရာဖြစ်သူကိုလည်း တုနှိုင်းမယှဉ်သာအောင် လေးစားသည်ထက်လေးစားလာခဲ့သည်။
သို့သော် ကံမကောင်းစွာပင် ရှူဟန့်မင်းဆက်အား ဆက်ခံသူက အရည်အချင်းမရှိသဖြင့် အေဒီ ၂၆၃ တွင် ချောင်ဝေ့တိုင်းပြည်သို့ လက်နက်ချခဲ့ရပြီး ရှူဟန့်မင်းဆက်သည်လည်း မင်းဆက်နှစ်ဆက်သာလျှင် အဓွန့်ရှည်ခဲ့ရသည်။
လက်နက်ချပြီးနောက်ပိုင်းမှာပင် ကျန်းဝေသည် ရှူဟန့်တိုင်းပြည်အပေါ် သစ္စာစောင့်သိဆဲဖြစ်ပြီး တိုင်းပြည်ပြန်လည်တည်ထောင်ရန်အတွက် ချောင်ဝေ့စစ်သူကြီး ကျုန်းဟွေကို သဘောထားကွဲလွဲစေရန် သွေးထိုးလှုံ့ဆော်သည့် အစီအစဉ်ကို အသုံးပြုခဲ့သည်။
သို့သော် အဆုံးသတ်မှာတော့ ကျန်းဝေ ရှုံးနိမ့်ခဲ့ပြီး အသက်သေဆုံးခဲ့ရသည်။
သူသည်လည်း သူ၏ဆရာ ကျူးကဲခုန်မင်ကဲ့သို့ပင် သစ္စာတရားကြီးမားခြင်းအပေါ် ခေတ်အဆက်ဆက် နာမည်ကောင်းကျန်ရစ်ခဲ့သည်ပင်။
သမိုင်းဆိုသည်က ဘယ်တော့မှနောက်ပြန်မလှည့်ဘဲ ရှေ့သို့သာစီးဆင်းနေသည့် မြစ်တစ်စင်းပမာပင်။
သုံးပြည်ထောင်ခေတ်ကာလသည် အချိန်ကြာလာသည်နှင့်အမျှ အတိတ်တွင်ကျန်ရစ်ခဲ့ပြီး အရာရာသည် သမိုင်းထဲတွင်သာ ကျန်ရစ်ခဲ့သည်သာ။
သို့သော် အံ့မခန်းပါရမီရှင် ကျူးကဲခုန်မင် ကွယ်လွန်သွားပြီးသည့်နောက် သူ၏သစ္စာရှိသောဝိညာဉ်က သေဆုံးသွားခြင်းမရှိဘဲ (၉)ရက်တိတိ ပျံသန်းနေပြီး အဆုံးသတ်မှာတော့ မှောင်မိုက်သည့်သည့် ဗလာနယ်အက်ကွဲကြောင်းတစ်ခုအတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်ကို မည်သူမှ မသိရှိခဲ့ကြပေ။